← Chapters

အခန်း (၁၄၂)

Vol. 11 Ch. 142

အခန်း (၁၄၂)

Vol. 11 Ch. 142

စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှု အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် မှိုဘုရင်ကြီးသည် နောက်ဆုံးတော့ ဤမှောင်မိုက်သော လျှိုမြောင်လိုဏ်ဂူမှ ထွက်ခွာကာ နေ့အလင်းရောင်ကို ပြန်လည်မြင်တွေ့ရန် သတ္တိမွေးနိုင်ခဲ့လေသည်။

နေရောင်ခြည်ဖြင့် ထိတွေ့သောအခါ မှိုဘုရင်ကြီးသည် အလွန်စိမ်းသက်၍ အကျွမ်းတဝင်မရှိလှသော ခံစားချက်ကိုသာ ခံစားရခဲ့၏။ နှစ်ပေါင်းများစွာ အကျဉ်းကျနေခဲ့သော၊ လောကကြီးတစ်ခုလုံးနှင့် အဆက်အသွယ်ပြတ်ကာ အလွန်ကြာမြင့်စွာ အထီးကျန်ကျန်နေထိုင်ခဲ့သော အကျဉ်းသားတစ်ဦး ပြန်လည်လွတ်မြောက်လာကာ၊ စည်ကားသော လမ်းမမြင်ကွင်းအလယ်တွင် ထိန်းချုပ်မှုမရှိစွာ တုန်လှုပ်မိလိမ့်မည်မဟုတ်ပါလော။

"ဆေးဘုရင်ကြီး၊ အဲ့အထက်ကောင်းကင်မှာ အဆင်မှပြေပါရဲ့လား?" မှိုဘုရင်ကြီးသည် သူ့ခေါင်းပေါ်ရှိ ကောင်းကင်ကို မေ့မေ့လျော့လျော့ ကြည့်လျက် အတွေးများလွင့်မျောလို့နေမိ၏။

"မှိုဘုရင်ကြီး၊ မြန်မြန်လိုက်ခဲ့ပါ!"

"ဟုတ်ပြီ၊ ဟုတ်ပြီ!"

… …

တောအုပ်ထဲတွင်၊ ဆရာတော်ရမ်သမ်နှင့် အခြားသူများသည် တန်ခိုးအရှိန်အဝါကြီးစွာဖြင့် အားနှင့်မာန်နှင့် ချီတက်နေကြသည်။

နောက်မှ လိုက်ပါလာသော ကျင့်ကြံသူများသည် ဘေးဒုက္ခအပေါင်းမှ အလွန်သက်သာရာရခဲ့ကြပြီး ဆေးပင်မျိုးနွယ်၏ ဖမ်းဆီးခြင်းနှင့် နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ကြောက်ရွံ့စရာမလိုတော့ပေ။ ဆန့်ကျင်ဘက်အားဖြင့် လမ်းတစ်လျှောက်ရှိ အဖိုးတန်ဆေးပင်များသည် ၎င်းတို့အား အဝေးမှ မြင်လိုက်သည်နှင့် ကြောက်လန့်တကြား ထွက်ပြေးတတ်ကြလေသည်။ ကျားအုပ်နှင့်ထိပ်တိုက်တိုးသော သမင်ပျိုများကဲ့သို့ပင်။

"ဆရာတော်ရမ်သမ်၊ ကျွန်တော်က နေဝင်ချိန်ဂိုဏ်းရဲ့ မဟာအကြီးအကဲပါ။ နောက်ပိုင်း ဆေးဘုရင်တောင်ကြားက ထွက်ခွာသွားပြီးရင် ကျွန်တော် ဆေးပင်အနည်းငယ်လောက် ဝယ်လို့ရနိုင်မလား? ဈေးနှုန်းကို ဆရာတော်စိတ်ကျေနပ်လောက်အောင်ပေးမယ်လို့ အာမခံပါတယ်!" မီးခိုးရောင်ဝတ်ရုံနဲ့ အဘိုးကြီးတစ်ဦးက ကျောက်စိမ်းတံဆိပ်ပြားတစ်ချပ်ကိုထုတ်ပြလျက် အထောက်အထားသက်သေထူကာ ရိုရိုသေသေဖြင့် ချဉ်းကပ်လာသည်။

သူသည် တိတ်တဆိတ် အသံလွှင့်ရန် စဉ်းစားခဲ့သော်လည်း၊ လူတိုင်းသည် ချီစုဆောင်းခြင်း အဆင့်ကိုးတွင် ရှိနေကြသောကြောင့် တိတ်တဆိတ် အသံလွှင့်ခြင်းက မည်သူ့ကိုများ ဖုံးကွယ်နိုင်ပါမည်နည်း။ ပွင့်ပွင့်လင်းလင်း ပြောခြင်းက ပိုကောင်းသည်! စိတ်ရင်းစစ်မှန်ကြောင်းကိုလည်း ဖော်ပြနိုင်ပေမည်!

ဆရာတော်ရမ်သမ်က လက်အုပ်ချီကာ အဓိပ္ပာယ်ပါပါဖြင့် ပြန်ပြောသည်။ "အော်မီထော်ဖော၊ တွေ့ဆုံခြင်းဟာ ကံကြမ္မာကြောင့်ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားက ကံပါသူကိုသာ ကယ်တင်ပါလိမ့်မယ်။ ဒကာတော်သာ စိတ်ရင်းစစ်မှန်ရင် လိုချင်တဲ့ဟာမှန်သမျှ အရယူနိုင်လိမ့်မယ်လို့ ဘုန်းကြီးမှတ်ယူပါတယ်"

မီးခိုးရောင်ဝတ်ရုံနဲ့ အဘိုးကြီးက ဒီစကားကို ကြားတော့ အလွန်ဝမ်းသာသွားပြီး "ကျေးဇူးတင်ပါတယ် ဆရာတော်!" ဟု ပြန်ပြောလိုက်သည်။

ရုတ်တရတ် လူအုပ်ကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်သွားပြီး နောက်ခံကောင်းသော ကျင့်ကြံသူများသည် ဆရာတော်ရမ်သမ်ထံမှ အဖိုးတန်ဆေးပင်များကို ကြိုတင်မှာယူရန် အပြိုင်အဆိုင် ကြိုးစားကြတော့၏။

"ဆရာတော်! ကျွန်တော် လျှပ်စီးသစ်သားကို လိုချင်တယ်! ဈေးကို ကြိုက်သလောက်သာ သတ်မှတ်ပါ!"

"ကျွန်တော်က နဂါးသွေးမြက်ကို လိုချင်တယ်!"

"ဆရာတော်၊ ဆရာတော်!"

လေပေါ်ကျောင်းတော်မှ ရဟန်းကျင့်ကြံသူများသည် ဖောက်သည်များစွာရလာသည့်အတွက်အလွန်စိတ်လှုပ်ရှားနေကြပြီး အခွင့်အရေးကို အသုံးချ၍ အမြတ်ထုတ်နိုင်ရန် ကြံစည်နေကြလေပြီ။

ဆရာတော်ရမ်သမ်က သနားကြင်နာစွာ လှည့်ကြည့်ကာ သက်ပြင်းတစ်ချက်ချသည်။ "ကောင်းပြီ၊ ကောင်းပြီ၊ ဒကာတို့အားလုံးကို ကူညီကယ်တင်ခွင့်ရလို့ ဒီရဟန်းအိုကြီး ဂုဏ်ယူမိပါတယ်!"

ထိုအချိန်တွင်။

ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့သည်!

သက်ဝင်လှုပ်ရှားလျက်ရှိသော အကောင်သေးသေးလေးတစ်အုပ်က ၎င်းတို့အား ဝန်းရံထားလိုက်သည်ပင်။ ထိုသေးသေးလေးများမှာ အဖိုးတန်ဆေးပင်အုပ်စုတစ်စုဖြင်ပြီး တက်ကြွအားကောင်းသောသော စွမ်းအင်များကို ထုတ်လွှတ်နေသည်။

"ဆရာတော်ရမ်သမ်၊ ချောင်းမြောင်းတိုက်ခိုက်ခံနေရပြီ!" တစ်ယောက်ယောက်က အော်ဟစ်သတိပေးလိုက်သည်။

ဆရာတော်ရမ်သမ်သည် အစပိုင်းတွင် အံ့အားသင့်သွားသော်ငြား မထီမဲ့မြင်ဖြင့် မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။ "ကောင်းပါပေ့ကွာ၊ ရဟန်းအိုကြီးက မင်းတို့ကိုဘယ်မှာလိုက်ရှာရမလဲ တွေးမရဖြစ်နေတာကို ရှေ့တည့်တည့်ရောက်လာကြတာပဲ!"

"ဟေ့ မြည်းကတုံး၊ အပျော်မစောနဲ့ဦးနော်!" ဆေးဘုရင်များ တစ်ပါးပြီးတစ်ပါး ဒေါသတကြီး ခုန်ထွက်လာကြသည်။

ဆရာတော်ရမ်သမ်သည် မျက်လုံးကို အနည်းငယ် မှေးကျဥ်းပြီး တစ်ချက်အကဲခတ်လိုက်ရာ လောဘအရောင်အဝါတို့က သူမျက်လုံးထဲ တဖျတ်ဖျတ်လင်းလက်သွားသည်။

ဤသည်ကား ဗုဒ္ဓဘုရားပေးသနားသော အခွင့်အရေးကောင်းတစ်ခုပါပေ!

သူတို့ကို အားလုံးကိုသာ ဖမ်းဆီးလိုက်နိုင်လျှင် အကျိုးကျေးဇူးများ မည်မျှပင် များပြားလိုက်လေမည်နည်း?

"ခေါင်းမာလိုက်တဲ့ကောင်လေးတွေပါလား၊ ဒီရဟန်းအိုကြီးကပဲ ကယ်တင်ပေးရတော့မှာပေါ့" ဆရာတော်ရမ်သမ်သည် ခြေလှမ်းတစ်လှမ်းချင်းဖြင့် လျှောက်သွားလိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင်ဝင်းသော ဗုဒ္ဓရောင်ခြည်ဖြင့် တောက်ပနေကာ မြင့်မြတ်သော အငွေ့အသက်များဖြင့် ဖုံးလွှမ်းပြည့်နှက်နေသည်။

"သေလိုက်စမ်း!"

ရောက်ရှိနေသော ဆေးဘုရင်များက မတုံ့ဆိုင်းစွာ အုပ်စုဖွဲ့ တိုက်ခိုက်ကြ၏။

တက်ကြွသော ဝိညာဥ်စွမ်းအင်သည် အတားအဆီးမရှိတိုက်ခတ်လာပြီး၊ လူတို့၏ နှလုံးသားကို တုန်လှုပ်စေသည်။

ဘုန်း ~

မီးခိုးလုံးကြီးတစ်လုံး လေထဲတွင် ပြည့်နှက်သွားပြီး ရွှေရောင်ပုံရိပ်တစ်ခုသည် ခိုင်ခံ့တောင့်တင်းစွာဖြင့် ခပ်ဖြည်းဖြည်း ထွက်ပေါ်လာကာ တည်ငြိမ်သောခြေလှမ်းများမှာ နိဗ္ဗာန်ရောက်ကြောင်းတရားရှာဖွေနေသော သူတော်စင်ရဟန်းတစ်ပါးကဲ့သို့ပင်။

"ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ခုခံမှုလဲ!"

ဆေးပင်မျိုးနွယ်များ အလွန်အံ့အားသင့်သွားကြသည်။

"မှိုဘုရင်ကြီး၊ မင်း အလှည့်ရောက်ပြီ! ဒီမြည်းကတုံးကို နှိမ်နင်းလိုက်တော့!" သွေးရည်ကြည်မှိုနီက အော်ဟစ်လိုက်သည်။

"ကျေးဇူးပြု၍ မှိုဘုရင်ကြီး၊ ရှေ့ထွက်၍ လူသားတို့ကို နှိမ်နင်းတိုက်ထုတ်ပါ!"

ဆေးဘုရင်များအားလုံး တစ်ယောက်ပြီးတစ်ယောက် ကြွေးကြော်လာကြသည်။

ထိုအမည်ကို ကြားလိုက်ရသောအခါ ကျင့်ကြံသူများစွာ ကြောက်လန့်တုန်လှုပ်သွားရ၏။

နတ်ဆိုးဘုရင်ကြီးတဲ့လား? (နားကြားမှားကြတယ်ထင်ပါတယ် ချက်ချင်းအဲ့လိုပြောင်းသွားတာပဲ)

ဆေးဘုရင်တောင်ကြားမှာ နတ်ဆိုးကျင့်ကြံသူတစ်ဦးက ဘယ်လို‌လုပ်ရောက်နေတာလဲ? ! !

"ဘာ? ဒီဆေးဘုရင်တောင်ကြားထဲမှာ နတ်ဆိုးကျင့်ကြံသူတစ်ယောက် ရှိနေနိုင်သလား?" ဆရာတော်ရမ်သမ်ပင် ဇဝေဇဝါဖြစ်သွားရသည်။

ကြာမြင့်စွာ အော်ဟစ်ခေါ်ဝေါ်ခဲ့သူသည် လုံးလုံးလျားလျားကို ထွက်ပေါ်မလာခဲ့ပေ။

သွေးရည်ကြည်မှိုနီသည် အခြေအနေကိုရိပ်စားမိလာသောကြောင့် အခြားရွေးချယ်စရာမရှိတော့ဘဲ အလျင်အမြန် ပြေးသွားကာ မှိုဘုရင်ကြီးကို မရမကဆွဲထုတ်လာတော့၏။ "ခင်ဗျား အလှည့်ရောက်ပြီ၊ ကျွန်တော်တို့ကို စိတ်မပျက်စေနဲ့နော်"

မှိုဘုရင်ကြီးသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင် ဆုတ်ကန်ကန်ရှေ့ထွက်လာရသည်။ ရှေ့တွင် စုပြုံနေသော လူသားကျင့်ကြံသူများစွာကို မြင်သောအခါ ပို၍ပင် တုန်ယင်လာပြီး နောက်ပြန်လှည့်ကာ ထွက်ပြေးလုနီးပါး ဖြစ်သွားရသည်။

"ဒါက မှိုတစ်ပင်ပဲ မဟုတ်ဘူးလား? !"

လူတိုင်း အံ့အားသင့်သွားပြီးနောက် လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။ "ဒါဆို မင်းတို့ ပြောနေတဲ့ မှိုဘုရင်ကြီးဆိုတာ ဒါကြီးပဲပေါ့! ဟားဟားဟား…"

လှောင်ပြောင်ရယ်မောသံများကို ကြားလိုက်ရသောအခါ၊ မှိုဘုရင်ကြီးသည် ပို၍ပင် စိတ်မသက်မသာ ဖြစ်သွားရ၏။ သူသည် ခေါင်းကို တွင်တွင်ငုံ့ထားပြီး တုံ့ပြန်ရန် မဝံ့ရဲပေ။ မျက်နှာတစ်ပြင်လုံးသည်ကား မျောက်ဖင်ထက်ပင် ပိုလို့နီမြန်းနေလေပြီ။

"ဒါ၊ ဒါက…" ဆရာတော်ရမ်သမ်သည် မှိုဘုရင်ကြီးကို ဂရုတစိုက် အကဲခတ်နေပြီးနောက် သူ၏ မျက်နှာအမူအရာသည် သံသယမှ ရှုပ်ထွေးမှု၊ အံ့အားသင့်မှုမှတစ်ဆင့် နောက်ဆုံးတွင် ပီတိဖြာဝေသော အပြုံးကြီးကြီးသို့ ပြောင်းလဲသွားသည်။

လေပေါ်ကျောင်းတော်၏ ရှေးဟောင်းစာအုပ်စာတမ်းများတွင် မှိုနှင့်သဏ္ဍာန်တူပြီး အနက်ရောင်အပြည့်ရှိသော ရှေးဟောင်းဆေးပင်တစ်မျိုးကို မသေမျိုး မှိုဘုရင်ဟု မှတ်တမ်းတင်ထားလေသည်။

မှတ်တမ်းမှတ်ရာများအရ၊ ကျင့်ကြံသူတစ်ဦးသည် ထိုမှိုဘုရင်ကို သန့်စင်စေကာ မျိုချလိုက်ပါက သူ၏ အားအင်မှာ မကြုံစဖူးအဆင့်အထိ တိုးပွားလာမည်ဖြစ်ပြီး နှစ်သန်းပေါင်းများစွာ အသက်ရှည်နေထိုင်နိုင်ပေမည်။ ၎င်းကို ဟင်းချိုချက်ရန် အသုံးပြုပါက၊ ခန္ဓာကိုယ်ကို အချိုးညီအောင် ပြန်လည်ပုံသွင်းကာ အကြောအချဥ်များကို အားကောင်းစေနိုင်သည်။ အချိန်ကြာမြင့်စွာ သောက်သုံးပါက မသေမျိုးအဆင့်သို့ တက်လှမ်းနိုင်ချေရှိလာသည်အထိ ပါရမီတိုးပွားပေလိမ့်မည်။

ဆရာတော်ရမ်သမ်သည် စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်လာပြီး၊ သူ၏ အသက်ရှူသံသည် အလွန်လေးလံလို့လာ၏။

သူသည် ဤရှေးဟောင်းဆေးပင်ကို ရရှိနိုင်ပါက၊ မသေမျိုးအဆင့်သို့တက်ရောက်ရန် လွယ်ကူလာလိမ့်မည်!

ဤသည်ကား မယုံနိုင်အောင် ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သည်!

"ဒီရဟန်းအိုကြီးရဲ့ စိတ်ရင်းစစ်မှန်မှုက ဗုဒ္ဓဘုရားသခင်ကို လှုပ်ရှားစေခဲ့တာ ဖြစ်ရမယ်၊ ဒါကြောင့် ငါ ဒီလို ကောင်းချီးမင်္ဂလာကို ခံယူရတာ၊ ငါတို့ရဲ့ ဘုရားသခင်က သနားကြင်နာတတ်လိုက်တာ~"

All Chapters