← Chapters

မှိုဘုရင်လည်း အသည်းနဲ့ပါ

Vol. 11 Ch. 145

မှိုဘုရင်လည်း အသည်းနဲ့ပါ

Vol. 11 Ch. 145

တစ်ဖက်တွင် တိုက်ပွဲအသေးစားလေးတစ်ခုပြီးချိန်၌။

ရှည်လျားသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်သည် အမြစ်များ ကွေးညွတ်တွန့်လိမ်နေသည်အထိ ရိုက်နှက်ခံရနေပြီး မြေပြင်ပေါ်တွင် လူတို့အသနားခံသကဲ့သို့ ဒူးထောက်‌တောင်းပန်နေရကာ အရွက်များ တရှဲရှဲမြည်နေလျက် ငိုကြွေးနေသလိုထင်ရဖွယ်ရှိလေ၏။

“အကြီးအကဲတို့ခင်ဗျာ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ထပ်မရိုက်ပါနဲ့တော့! ကျွန်တော် ဒီနားကို ဖြတ်သွားရုံပါ! ခင်ဗျားတို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး!”

"ဟုတ်သလား?"

"ကျိန်ဆိုကျိန်ရဲပါတယ်ခင်ဗျာ!"

ရန်သူထံမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိသောကြောင့် ရှေးဟောင်းသစ်ပင်ကြီး တုန်လှုပ်သွားသည်။

“အိုး၊ ဒါ ဘယ်လိုအသီးမျိုးလဲ? အရမ်းလှတာပဲ” အန်းမြောင်ယိ၏ လှပသော မျက်လုံးများ တောက်ပလာသည်။

ဖန်းသယ်ကျန့်က သေချာကြည့်ပြီး ဝမ်းသာအားရဖြင့်ပြောသည်။ “မမလေး၊ ဒါတွေက ကြယ်တာရာဇစ်မြစ်အသီးတွေပဲ! မမလေးရဲ့ ခန္ဓာအတွက် အရမ်းသင့်တော်တယ်!”

ထိုရှေးဟောင်းသစ်ပင်၏ အကိုင်းအခက်များတွင် အရောင်အဝါတောက်ပပြီး သပ်ရပ်လုံးဝန်းသော အသီးများစွာ တွဲလွဲချိတ်ဆွဲလျက်ရှိ၏။ အသွေးအရောင်မှာ ကြည်လင်တောက်ပကာ သေချာကြည့်လျှင် အခွံမျက်နှာပြင်တွင် သေးငယ်သော ကြယ်ပွင့်လေးများ ပါရှိသည်။

ကြယ်တာရာဇစ်မြစ်အသီးများ၊ ၎င်းတို့ကို စားသုံးသူများသည် ၎င်းတို့၏ ကြယ်တာရာနှင့်သက်ဆိုင်သော စွမ်းအားကို တိုးမြှင့်နိုင်သည်!

အပြင်လောကတွင် တစ်လုံးတည်းပင် မိုးထိမြင့်သောဈေးနှုန်းမျိုးကို ရနိုင်ပေသည်!

တစ်ချိန်က ဓားဆင့်ခေါ်ဂိုဏ်းသည် သခင်မလေးအတွက် အထူးသင့်လျော်သော ကြယ်တာရာဇစ်မြစ်အသီးများကို ကုန်းပြည်နယ်တစ်ခွင် နှံ့နှံ့စပ်စပ် ရှာဖွေခဲ့သော်ငြား အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရပေ။

ယခု ဤရှေးဟောင်းသစ်ပင်တွင် ထိုအသီးများ အများအပြား သီးပွင့်လျက်ရှိနေသည်!

"ကျွန်တော် အကုန်ပေးပါ့မယ်ဗျာ၊ အကုန်စားကြပါ!" ရှေးဟောင်းသစ်ပင်သည် အခြေအနေကို ကောင်းစွာနားလည်လိုက်ပြီး အကိုင်းအခက်များမှ အသီးများကို အလျင်အမြန် လှုပ်ခါချပေးလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ် နှစ်ပေါင်းငါးထောင်ခြောက်ထောင်လောက်အတွင်း နောက်ထပ်အသီးတစ်သုတ်လောက်က ထပ်မံသီးပွင့်လာမည်ဖြစ်ပြီး ထိုအချိန်ကာလမှာ သူ့အတွက် တစ်ရေးအိပ်စာမျှသာရှိ၏။

ထို့အပြင် ဤအရာများသည် ပုံမှန်အားဖြင့် အလဟဿ ကြွေကျမြေခသွားတတ်ကာ ရွှံ့နွံထဲတွင် ရိရွဲသွားတတ်ပြီး မည်သည့် ဝိညာဉ်သားရဲမှလည်း မစားသုံးတတ်ကြပေ!

“မမမလေး၊ တွေ့လား? ဒါ တကယ်ကို ကြီးမားတဲ့ အခွင့်အရေးပဲ!” ဖန်းသယ်ကျန့်က စိတ်လှုပ်ရှားစွာ ပြောသည်။

“ဦးလေးဖန်၊ ကျွန်မတို့ဒုက္ခခံခဲ့ရသမျှ အချည်းနှီးမဟုတ်ခဲ့ဘူးပဲ!” အန်းမြောင်ယိ အလွန်ပျော်ရွှင်နေသည်။ ဤအသီးများကို စားသုံးပြီး ခန္ဓာကို အထပ်ထပ်သန့်စင်နေသမျှကာလပတ်လုံး သူမ၏ ကြယ်တာရာစွမ်းအားကို အဆင့်သစ်တစ်ခုအထိ မြှင့်တင်နိုင်လိမ့်မည်။

“အကြီးအကဲများ၊ ကျွန်တော် အခု သွားလို့ရပြီလားခင်ဗျာ?” ရှေးဟောင်းသစ်ပင်က မရဲတရဲဖြင့် မေးလိုက်သည်။

ယဲ့ကျွင်းလင်က မေးစေ့ကို ပွတ်သပ်စဥ်းစားလိုက်သည်။ “မင်း ခုနက လုပ်နေတဲ့ပုံတွေက တော်တော်သံသယဖြစ်ချင်စရာကောင်းတယ်၊ ငါတို့ကို ခြေရာခံနေတာလား?”

“မင်းကို မေးနေတာ!” လီဝူကျယ်က မီးဖိုချောင်သုံးဓားကို ကိုင်ကာ ဘေးတွင် ရပ်နေပြီး ကြမ်းတမ်းသော မျက်နှာထားဖြင့် ထပ်၍တွန်းအားပေးလိုက်သည်။

ဟုန်ချန်ယဲ့က လက်ချောင်းများကို ညင်ညင်သာသာလေး လှည့်ပတ်လိုက်ရာ လက်ချောင်းထိပ်တွင် မီးတောက်ဖွားဖွား ကခုန်ပေါ်ထွက်လာပြီး သူကဆိုသည်။ “အမှန်အတိုင်း ဖြေနော်၊ မဟုတ်ရင်တော့…”

ရှေးဟောင်းသစ်ပင်သည် ပို၍ပင် ပြင်းထန်စွာ တုန်လှုပ်သွားပြီး အရွက်များ တရှဲရှဲ မြည်ကာ ကျိန်ဆိုတော့လေ၏။ “ကောင်းကင်နှင့် မြေကြီးကို သက်သေထူလို့ကျိန်ဆိုပါတယ်၊ ကျွန်တော် စပ်စုချင်စိတ်ကြောင့် လိုက်ချောင်းမိရုံပါ၊ အကြီးအကဲတို့ကို ထိခိုက်စေလိုတဲ့ဆန္ဒ မရှိရပါဘူးခင်ဗျာ"

"ကောင်းပြီ၊ သွားတော့" ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းလိုက်သည်။

“ကျွန်တော့်အသက်ကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲခင်ဗျာ!” ရှေးဟောင်းသစ်ပင်သည် အလွန်စိတ်သက်သာရာရသွားပြီး ခြေနှစ်ချောင်းကဲ့သို့ အမြစ်များဖြင့် အမောတကောပြေးထွက်ကာ စက္ကန့်ပိုင်းအတွင်း တောနက်နက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

“သခင်လေးယဲ့၊ ဘာများ သတိထားမိခဲ့လို့လဲ?” ဖန်းသယ်ကျန့်က လေးနက်စွာမေးလာသည်။

ယဲ့ကျွင်းလင်က ဖြေသည်။ “ဒီက ဆေးပင်မျိုးနွယ်စုက လက်မလျှော့ဘဲ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ အင်အားစုဆောင်းချင်နေတယ်လို့ ကျွန်တော် တစ်လျှောက်လုံးစိတ်ထင်နေမိတာ။ ခုနက အဲဒီရှေးဟောင်းသစ်ပင်က ကျွန်တော်တို့ကို တိတ်တဆိတ် ခြေရာခံပြီး အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေ ပို့ပေးနေတာဖြစ်မယ်”

"ဘာ? အဲဒါဆိုရင် ဘာလို့လွှတ်ပေးလိုက်ရတာလဲဗျာ၊ အရှင်လတ်လတ် ခုတ်သတ်ပစ်သင့်တာကို!" လီဝူကျယ်က ဒေါသတကြီး ပြောသည်။

ယဲ့ကျွင်းလင်က ပခုံးတွန့်လိုက်ပြီး မျက်နှာက လျစ်လျူရှုဟန် အပြည့်နှင့် ပြောသည်။ “လွှတ်လိုက်ပါ၊ သူတို့အင်အားစုပြီးတဲ့အချိန် တစ်ချက်တည်းနဲ့ အကုန်ရှင်းပစ်လိုက်တာ အကောင်းဆုံးပဲ”

ထိုအချိန်တွင် ပြင်းထန်သော လေစီးကြောင်းတစ်သုတ်က တဟုန်းဟုန်း တိုက်ခတ်လာပြီး မဝေးတော့သော နေရာမှ ခြေသံများ တသီတတန်းကြီး ကြားနေရသည်။ ထောင်နှင့်ချီသော စစ်သည်များ စစ်ပွဲကြီးနွှဲဖို့ အပြေးချီတက်နေကြသည့်ဟန်ပင်။

"အခြေအနေ မကောင်းဘူးဟေ့!"

မကြာခင်မှာပဲ မြင်ကွင်းရှေ့သို့ ထင်းထင်းလင်းလင်း ပေါ်ထွက်လာကြပါတော့၏။

“ဒါ၊ ဒါက ဘာလဲ?!” ဖန်းသယ်ကျန့် အလွန်အမင်း အံ့အားသင့်သွားရသည်။

“အိုး ဘုရားသခင်!” အန်းမြောင်ယိက သူမ၏ နူးညံ့သော နှုတ်ခမ်းကို လက်ဖြင့် အသာအုပ်ကာ မယုံကြည်နိုင်စွာ စိုက်ကြည့်မိနေသည်။

လီဝူကျယ်၏ မျက်ဆံနက်နက်များ တုန်လှုပ်သွားပြီး မျက်နှာအမူအရာမှာလည်း အလွန်ထူးဆန်းသွားသည်။ “ငါအရင် သွားမယ်…”

"စိတ်ဝင်စားစရာကောင်းလိုက်တာ၊ အရမ်း‌ပျော်ဖို့ကောင်းနေပြီဟေ့!" ဟုန်ချန်ယဲ့က လက်ခုပ်လက်ဝါးတီးကာ ချီးကျူးလိုက်ပြီး မျက်နှာမှာ စိတ်လှုပ်ရှားမှုအပြည့်နှင့် ရွှင်မြူးသွားလျက် တစ်ခုခု စိတ်ဝင်စားစရာကောင်းတာကို တွေ့လိုက်ရသကဲ့သို့ ဖြစ်နေသည်။

“ဆရာသခင်၊ အဲဒီ မည်းမည်းအတုံးကြီးကို ရင်းနှီးနေသလိုပဲနော်” ပုရှောင်ရှီးက ခေါင်းစောင်းကာ စပ်စုစွာ ပြောသည်။

ယဲ့ကျွင်းလင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြမှုကြောင့် အာခေါင်ခြောက်သွားသည်။ "မတွေ့တာမှ ဘယ်လောက်ကြာသေးလို့ ဒီမြည်းကတုံးက ဒီလိုဖြစ်သွားရတာလဲ?”

သူ၏ မျက်လုံးထဲတွင် ဆရာတော်ရမ်သမ်သည် ကိုယ်လုံးတီးချွတ်ခံထားရကာ ဝါးလုံးထက်တွင် မြင့်မြင့်ချိတ်ဆွဲခံထားရပြီး တစ်ကိုယ်လုံး မည်းနက်ချွဲပစ်နေသော မစင်များဖြင့် ဖုံးလွှမ်းကာ စူးရှပြီး မနှစ်မြို့ဖွယ် အနံ့များ လှိုင်လှိုင်ထွက်လျက်ရှိ၏။ သူ့ပတ်ဝန်းကျင်တွင် ပျံသန်းနေသော နွားချေးပိုးထိုးကောင်များနှင့် ယင်ကောင်များက တန်ဆာဆင်ထားသေးသည်။ မျက်နှာအမူအရာမှာ မျှော်လင့်ချက်ကင်းမဲ့နေပြီး မှေးမှိန်ဖျော့တော့သောမျက်လုံးများဖြင့် အသွင်အပြင်မှာ မြင့်မြတ်တည်တံ့သော ရဟန်းအရောင်အဝါပင် မကျန်ရှိ‌တော့ရှာပေ။

သူ့ပတ်ဝန်းကျင်တွင် ကျပ်သိပ်ပြည့်လျှံနေသော ကျင့်ကြံသူများသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ မြင်းများကဲ့သို့ ရှေ့ကို တရွေ့ရွေ့ သွားနေကြပြီး ၎င်းတို့၏ ကျောပေါ်တွင် သန့်စင်ထားသော ရှေးဟောင်းဆေးပင်တစ်မျိုးစီကို သယ်ဆောင်ထားကြရ၏။ ဆေးပင်မျိုးနွယ်စုကို သခင်တစ်ပါးကဲ့သို့ ကိုးကွယ်မှတ်ယူထားရသည့်ဟန်ပင်။

အပြင်လောကမှာသာဆိုရင်တော့ ဒီမြင်ကွင်းက သေချာပေါက်နာမည်ကြီးပြီပဲ!

ဒါပေမယ့် ဆေးဘုရင်တောင်ကြားမှာတော့ ဖြစ်နေကျကိစ္စတွေလို ဆိုရမှာပေါ့လေ။

“အားလုံးပဲ၊ မင်းတို့ ရှာနေတဲ့ လူတွေက ဒီကောင်တွေပဲ!” အစောကမှ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားသော ရှေးဟောင်းသစ်ပင်ကြီး ပြန်ပေါ်လာပြီး စိတ်လှုပ်ရှားစွာ လက်ညှိုးထိုးပြလိုက်သည်။

"ကောင်းပြီ၊ ကျန်တာမင်းနဲ့ မဆိုင်ဘူး၊ အဖွဲ့ထဲ ပြန်ဝင်"

"ဟုတ်ကဲ့!"

ဝိညာဥ်ဆေးဘုရင်က ယဲ့ကျွင်းလင်တို့အဖွဲ့ကိုစိုက်ကြည့်ပြီး စကားဆိုလာသည်။ “မင်းတို့အုပ်စု၊ အခု ဒူးထောက်ပြီး တောင်းပန်ဖို့ နောက်မကျသေးဘူး၊ မဟုတ်ရင်တော့ ဝါးလုံးပေါ်က မြည်းကတုံးရဲ့ ကံကြမ္မာကို အမွေဆက်ခံရလိမ့်မယ်!”

"မဖြစ်နိုင်ဘူး၊ အဲဒီ မြည်းကတုံးကို ဒီဆေးဘုရင်တွေ တကယ် နှိမ်နင်းလိုက်နိုင်တာလား?" လီဝူကျယ်က အံ့အားသင့်စွာ ရေရွတ်လာသည်။

သူသည် ဆရာတော်ရမ်သမ်နှင့် ထိပ်တိုက်ရင်ဆိုင်ဖူးပြီး ပြိုင်ဘက်၏ ရုပ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ကောင်းကောင်းသိထားသောကြောင့် ဤဆေးဘုရင်များ ဤသူကို နှိမ်နင်းနိုင်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။

သို့ပေမယ့် မျက်စိရှေ့ကမြင်ကွင်းက သူ့အတွေးနှင့် လုံးလုံးဆန့်ကျင်ဘက်ပင်!

အနိုင်ယူရုံတင်မက ဒီလိုပါရက်ရက်စက်စက်နှိမ်ထားနိုင်တယ်ဆိုတော့ ငါတို့အတွက်ရော အခွင့်အရေးရှိပါဦးမလား?

ပြဿနာ၏ ပြင်းထန်မှုကို သဘောပေါက်လိုက်သောအခါ ဟုန်ချန်ယဲ့၏ ရွှင်မြူးသောမျက်နှာသည်လည်း တဖြည်းဖြည်း လေးနက်လာသည်။ သူသည် ချိတ်ဆွဲခံရပြီး မစင်များဖြင့် ပစ်ပေါက်ခံရခြင်းကို လုံးဝမလိုလားပေ၊ ၎င်းသည် အသက်အန္တရာယ်မရှိသော်ငြား လူတို့၏အရှက်သိက္ခာနှင့် စိတ်နှလုံးကို ရစရာမရှိအောင် ဖျက်ဆီးခြင်းသာပေ။

ယဲ့ကျွင်းလင်က စိတ်ဝင်တစား ပြောလာသည်။ “မင်း ဘယ်သူ့အားကိုးနဲ့ ဒီလောက်အတင့်ရဲနေတာလဲသိချင်စမ်းပါဘိ”

သူသည် ဆရာတော်ရမ်သမ်၏ စွမ်းရည်များကိုလည်း မြင်ဖူးထားပြီး သူ့ခန့်မှန်းချက်အရ ထိုဆရာတော်မှာ ဆေးဘုရင်တောင်ကြားတွင် ထင်သလိုမင်းမူနိုင်ချေရှိသော်လည်း ယခုတွင်တော့ သနားစဖွယ် နှိမ်နင်းခံထားရသောကြောင့် ထိုဆေးဘုရင်များ၏နောက်တွင် ပိုမိုအားကောင်းသော သတ္တဝါတစ်ကောင် ရှိကိုရှိရမည်။

ဤစကားများ ထွက်လာသည်နှင့်တပြိုင်နက်။

ဆေးမျိုးနွယ်စုအားလုံး အလွန်ဒေါသထွက်သွားကြသည်။ ဒီလူသားကောင်က ငါတို့ကိုအထင်သေးတာပေါ့လေ။

စီးတော်မြင်းဘဝရောက်နေသော ကျင့်ကြံသူများသည်လည်း စိတ်ခံစားချက်များ ရောထွေးနေကြရသည်။ ဆရာတော်ရမ်သမ်ကို မစင်လုံးများ ပစ်ပေါက်ပြီးနောက် ကတိစကားအတိုင်း ဘေးဒုက္ခမှ လွတ်မြောက်နိုင်မည်ဟု ထင်ခဲ့သော်လည်း ဤသို့ ထပ်မံအရှက်ခွဲခံရပြန်လေပြီ။

သို့သော်လည်း အုပ်စုလိုက်ဒုက္ခခံရခြင်းဖြစ်သောကြောင့် အနည်းငယ်တော့ စိတ်သက်သာရာရမိပါ၏။

All Chapters