အခန်း (၁၄၆)
Vol. 11 Ch. 146
ယဲ့ကျွင်းလင်၏ ကလန်ကဆန်စကားများကိုကြားမိလိုက်သော် ဤဆံဖြူလူငယ်၏အဆုံးသတ်သည်ကား ဆရာတော်ရမ်သမ်ထက်ပင် ပိုဆိုးဝါးလိမ့်မည်ဟု အတွေးဖြင့် သက်ပြင်းအသာချလိုက်မိကြသည်။
ဤဆေးဘုရင်တောင်ကြားတွင် လူသားမျိုးနွယ်ကား အောက်ဆုံးအဆင့်ပင်။
ပြောင်းလဲတော်လှန်ဖို့လည်း မဖြစ်နိုင်ပေ!
သည်းခံလိုက်ရုံပဲပေါ့၊ မုန်တိုင်းပြီးရင် လေပြည်လာရိုးထုံးစံပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် အပြင်ပြန်ရောက်တာနဲ့ သူတို့စိုးမိုးနိုင်တဲ့ကမ္ဘာဆီ ပြန်ရောက်နိုင်ပြီပဲလေ။ ဘာကြောင့် ဒီဆေးပင်တွေကို ဒေါသထွက်အောင်ဆွပြီး ပိုဆိုးမယ့်အဖြစ်ကို ရွေးရမှာတဲ့လဲ?
ဒီအတွေ့အကြုံများကို နှလုံးသား၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် လျှို့ဝှက်မြှုပ်နှံထားဖို့ လူတိုင်းက မလွဲမသွေ သဘောတူကြမည်သာပင်။
ပြန်အောက်မေ့ချင်စရာ အမှတ်တရကောင်းတွေမှ မဟုတ်ပဲလေ။
ထိုအခိုက်အတန့်တွင်။
ဝါးလုံးတွင် ချိတ်ဆွဲခံထားရသော ဆရာတော်ရမ်သမ်သည် အရှက်သိက္ခာအားလုံး ရစရာမရှိအောင်ဆုံးရှုံးပျက်သုဥ်းသွားရခြင်းကြောင့် လွန်စွာခါးသက်နာကျည်းမိနေလျက်။
ယခင်က လက်စားချေရန်အတွေးနှင့် ရည်မှန်းချက်များအားလုံးမှာလည်း ခွေးစားခံလိုက်ရလေပြီ။ ယခုတော့ သူသည် ဤငရဲဘုံလိုနေရာမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာချင်လှပြီး ဤနေရာတွင် နောက်တစ်ကြိမ် ခြေချရန်လည်း မစဥ်းစားရဲတော့ပေ!
ယဲ့ကျွင်းလင် ဆေးပင်မျိုးနွယ်စုကို ထီမထင်ဟန်ဖြင့် ရင်ဆိုင်နေသည်ကို မြင်သောအခါ ဆရာတော်ရမ်သမ် မဲ့ပြုံးပြုံးလိုက်မိပြီး စိတ်ထဲမှဆိုသည်။ “ကောင်လေးရာ၊ လူပီပီသသနေရတုန်းလေး ပျော်ထားဦးပေါ့၊ သူတို့လက်ထဲကျရောက်သွားရင်တော့ အရင်ကငါဘာလို့ ဒီလောက်တုံးအခဲ့ရတာလဲဆိုတဲ့မေးခွန်းကိုပဲ ကိုယ့်ကိုယ်ကိုယ်ပြန်မေးနေရလိမ့်မယ်"
သူသည် ယဲ့ကျွင်းလင်ကို သူ ခံစားခဲ့ရသော ဆုံးရှုံးမှုများနှင့် အရှက်ကွဲအကျိုးနည်းမှုများထက် အဆရာထောင်ချီအောင် ပိုခံစားရစေချင်သည်။
သူစိတ်သက်သာရာရဖို့နည်းလမ်းက ထိုတစ်နည်းသာ ရှိတော့သည်လေ။
"ဒီကောင်တွေအုပ်စုတော့ တောင်ကြားကထွက်တဲ့အခါ ငါနဲ့တွေ့ကြသေးတာပေါ့ကွာ" ဆရာတော်ရမ်သမ်က အောက်မှာ ဒူးထောက်နေသော လူအုပ်ကြီးကို စိုက်ကြည့်ပြီး အငြှိုးအတေးများ ထက်သန်ကြီးထွားလာ၏။
သူသည် ဘေးဒုက္ခကျော်လွှားခြင်း အထွဋ်အထိပ်အဆင့်ရှိ ဂုဏ်သိက္ခာရှိသော အင်အားကြီးမားသူ၊ အရှေ့ပိုင်းစီရင်စုကို နှစ်ပေါင်းများစွာ လွှမ်းမိုးနိုင်ခဲ့သော ဒဏ္ဍာရီလာစွမ်းအားရှင်တစ်ပါးဖြစ်သော်ငြား နောက်ပေါက်ကျင့်ကြံသူတစ်သိုက်ထံမှ မစင်လုံးများဖြင့် ရူးသွပ်မတတ်ပစ်ပေါက်ခြင်းကို ခံခဲ့ရလေသည်။
ဘယ်လောက်တောင် မဆီလျော်လိုက်လေသလဲ?
ဒီကိစ္စကိုတော့ လုံးဝ ကျေအေးမပေးနိုင်ပေ။
"လူသားကောင်၊ မင်း ဒီအဖွဲ့မှာ အင်အားအကြီးဆုံးဆိုတာ ငါသိတယ်၊ ဒါပေမယ့် ဒီနေရာမှာတော့ မင်း ကြိုက်သလို လုပ်လို့ရတယ်လို့ မထင်နဲ့။ ဒီဆေးဘုရင်တောင်ကြားမှာ ငါတို့ ဆေးပင်မျိုးနွယ်စုတွေက အရှင်သခင်တွေ! ပြီးတော့ မင်းက ငါတို့ရဲ့ကစားစရာတွေ ဖြစ်ဖို့ပဲ ထိုက်တန်တယ်!"
ဝိညာဥ်ဘုရင်က စိတ်လှုပ်ရှားစွာ ပြောလာသည်။ “အားလုံးပဲ၊ ကျေးဇူးပြုပြီး ငါတို့ရဲ့ မဟာမှိုဘုရင်ကြီးကို စင်ပေါ် တက်လာဖို့ ကြိုဆိုဟစ်ကြွေးကြပါဦး!”
"မဟာမှိုဘုရင်ကြီး!"
"မဟာမှိုဘုရင်ကြီး!"
"မဟာမှိုဘုရင်ကြီး!"
ဆေးပင်မျိုးနွယ်စုဝင်အားလုံးက အသည်းပေါက်မတတ် အော်ဟစ်လာကြပြီး ၎င်းတို့၏ စိတ်ခံစားချက်များ အလွန်ပြင်းထန်နေသည်။
"နတ်ဆိုးဘုရင်ကြီး? ဒီနေရာမှာ တကယ်ပဲ အဲဒီလို ဆိုးယုတ်ပြီး အန္တရာယ်ရှိတဲ့ သတ္တဝါတစ်ကောင် ရှိနေတာလား?!" ဖန်းသယ်ကျန့် ထိတ်လန့်မှုကြောင့် အာခေါင်ခြောက်သွားရသည်။
(နတ်ဆိုးဘုရင်ကြီးဆိုတာ မှိုဘုရင်ကြီးနဲ့ အသံထွက်ဆင်နေတာ ဖြစ်နိုင်ပါတယ်)
ဟုန်ချန်ယဲ့၏ မျက်လုံးများမှာ အံ့အားသင့်မှုနှင့် သံသယအရိပ်အယောင်များ ပြည့်နှက်နေပြီး မျက်ခုံးများ ကို တွန့်ကျုံ့ထားသေးသည်။ သူ၏ အထွန်းတောက်ဆုံးကာလများတွင်ပင် မိမိကိုယ်ကို နတ်ဆိုးဘုရင်ကြီးဟု အမည်တပ်ခဲ့သည်မဟုတ်။ ဤသူသည် အဘယ်သူနည်း?
ထိုကဲ့သို့သော ခမ်းနားထည်ဝါသည့် ဘွဲ့အမည်ကို ကြားသောအခါ ယဲ့ကျွင်းလင်သည် မျက်ခုံးပင့်လိုက်ပြီး လာမည့်သူသည် အလွန်ကျွမ်းကျင်သော စွမ်းအားရှင်တစ်ဦးသာဖြစ်ရမည်ဟု ခန့်မှန်းမိလိုက်၏။
သို့သော် ကိစ္စမရှိပါ။ အကြောင်းမှာ သူ၏အဓိကစွမ်းရည်သည်ကား အားကောင်းသော ပြိုင်ဘက်များနှင့် ရင်ဆိုင်၍ ပိုမိုအားကောင်းလာခြင်း ဖြစ်သောကြောင့်ပင်။
"မင်းတို့ပြောတဲ့ အဲ့ဒီ နတ်ဆိုးဘုရင်ကြီးက ဘယ်လိုလူမျိုးလဲ ငါ တကယ် သိချင်နေပြီ"
အော်ဟစ်သံများ ဆူညံနေချိန်တွင်။
နတ်ဆိုးဘုရင်ကြီးကား ပေါ်မလာသေးပေ။
ဝိညာဥ်ဘုရင်သည် ပြောစရာစကားပင်မရှိတော့ဘဲ နောက်တစ်ကြိမ် ခုန်ထွက်ကာ ဆေးပင်တန်းကြားတွင် ပုန်းနေသော အနက်ရောင်မှိုကြီးကို အားကုန် တွန်းထုတ်လိုက်ပြီး ပြောလာသည်။ "မှိုဘုရင်ကြီး၊ ဒါ အင်အားအကြီးဆုံး လူဆိုးကောင်ပဲ။ မင်းတစ်ယောက်တည်းပဲ သူ့ကို နိုင်မှာ!"
တစ်မီတာခန့်မြင့်သော အလွန်ကြီးမားလှသည့် အနက်ရောင်မှိုကြီးကို ကြည့်ရင်း ယဲ့ကျွင်းလင်နှင့် အခြားသူများ ကြောင်အသွားရကာ ၎င်းတို့၏ စိတ်ထဲတွင် မေးခွန်းသင်္ကေတများ ပြည့်နှက်သွားလေသည်။
ဒါဆို သူတို့ နားကြားမှားခဲ့ကြတာပဲ!
မှိုဘုရင်ကြီးသည် လူပုံအလယ်၌ အာရုံစိုက်ခံရခြင်းကို လွန်စွာကျင့်သားမရလှသေးသော်ငြား အခြားနည်းလမ်းမရှိ၊ အခြေအနေက သူ့ကို တွန်းအားပေးနေသည်!
သူသည် အလင်းရောင်ထဲတွင် တည်ရှိနေရခြင်းကို အလွန်မုန်းတီးသည်။ ဤပြဿနာကို ဖြေရှင်းပြီးနောက် သူသည် ချက်ချင်းပင် အိပ်စက်ရာလျှိုမြောင်ကြီးထံ ပြန်လှည့်ပြေးကာ ဤတစ်ကြိမ် ခံစားခဲ့ရသော စိတ်ဒဏ်ရာကို ကုစားရန် နှစ်သန်းပေါင်းများစွာ တိတ်တဆိတ် အိပ်စက်ပေလိမ့်မည်။
"မင်းက ဆေးဘုရင်တောင်ကြားရဲ့ အင်အားအကြီးဆုံး သတ္တဝါလား?" ယဲ့ကျွင်းလင်က မယုံကြည်နိုင်စွာ မေးလိုက်မိသည်၊ ဒါဟာ အသားမည်းမည်း ရုပ်ဆိုးဆိုး မှိုကြီးတစ်လုံးပဲလေ။
မှိုဘုရင်ကြီးက သူ၏ သတ္တိဗျတ္တိကို စုစည်းကာ ဖြေလိုက်သည်။ "ဟုတ်၊ ဟုတ်တယ်ကွ!"
ဟုန်ချန်ယဲ့သည် တစ်စုံတစ်ခုကို မှတ်မိလိုက်ပုံရပြီး သူ၏ မျက်လုံးများတွင် အလင်းရောင်တစ်ခု ဖျတ်ခနဲလင်းလက်သွားသည်။ "ဒါက တကယ်တော့ မသေမျိုးမှိုဘုရင်ပဲ..."
"ဝမ်စွေ့ဟွာ၊ ခုနက မင်းပြောလိုက်တာ ဘာမှိုတဲ့လဲ?" ယဲ့ကျွင်းလင်က စပ်စုစွာ မေးလိုက်သည်။
ဟုန်ချန်ယဲ့သည် ပိတ်ရိုက်ပစ်ချင်မိသော ဆန္ဒကို အတင်းချိုးနှိမ်ကာ လေးနက်သောအသံဖြင့် ရှင်းပြလာသည်။ "ဒါကို မသေမျိုးမှိုဘုရင်လို့ ခေါ်တယ်။ စားသုံးသူတွေဟာ သူတို့ရဲ့ အင်အားနဲ့ သက်တမ်းကို အဆမတန်တိုးမြှင့်နိုင်ပြီး သူ့ရဲ့ အကျိုးကျေးဇူးတွေက ပြောပြရရင် အဆုံးမရှိဘူး! နတ်ဆေးပင်နဲ့ အနီးစပ်ဆုံး ရှေးဟောင်းဆေးပင်တစ်မျိုးလို့ ဆိုကြတယ်!"
"နတ်ဆေးပင်နဲ့ နီးစပ်တယ်တဲ့လား? ဒါဆို ဆိုလိုတာက..." ဖန်းသယ်ကျန့်သည် နှလုံးခုန်မြန်သွားပြီး သူ၏ မျက်လုံးများတွင် လောဘမရှိ၊ နက်ရှိုင်းသော ကြောက်ရွံ့မှုသာ ကိန်းအောင်းလာသည်။
ဒါ အဆင့်မြင့် မဟာမှိုဘုရင်ကြီးပဲ!
ဒီဆေးဘုရင်တောင်ကြားရဲ့ အင်အားအဆင့်ခွဲဝေမှုအရ ဒါဟာ ပြီးပြည့်စုံတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူပဲ!
ပွဲပြီးပြီ၊ အားလုံး ပြီးဆုံးသွားပြီ!
ဘုန်း!
ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များကို တုန်လှုပ်စေလိုက်သည်။
"အားလုံး သတိထား!" လီဝူကျယ်၏ ဦးရေပြား ထူပူသွားသည်။ အခြားတစ်ဖက်သား ထုတ်လွှတ်သော စွမ်းအင်လှိုင်းများမှာ သူခုခံနိုင်သော အနေအထားကို ကျော်လွန်လျက်ရှိလေပြီ။
အဆင့်တူတောင် မဟုတ်ဘူးဟေ့!
ဆရာတော်ရမ်သမ်ကြီးတောင် ဒီလောက် အလွယ်တကူ နှိမ်နင်းခံရတာ အံ့သြစရာ မဟုတ်တော့ဘူး!
ထိုအချိန်တွင် သူသည် သူ့ရှေ့တွင် တောင်တန်းကြီးကဲ့သို့ တည်ငြိမ်စွာ ရပ်တည်ပေးနေသော အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
နောက်တစ်စက္ကန့်တွင် နတ်ဆိုးအရှင်လေး၏ မျက်ဆံအိမ်များမှာ နောက်တစ်ဖန်ကျုံ့ဝင်သွားရပြန်ပြီး မယုံကြည်နိုင်စွာ ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်၏။ အကြောင်းရင်းမှာတော့ အသစ်အဆန်းမဟုတ်ပါပေ။
【တင်၊ ပိုင်ရှင်ဟာ ပြီးပြည့်စုံသော ရွှေအမြုတေအဆင့်ကျင့်ကြံသူရဲ့ တိုက်ခိုက်ခြင်းကို ခံနေရကြောင်း ခြေရာခံမိတဲ့အတွက် အင်အားကြီးသောပြိုင်ဘက်နှင့်ရင်ဆိုင်၍ ပိုမိုအင်အားကြီးလားခြင်း စွမ်းရည်အရ ပိုင်ရှင်ကို ဝိညာဥ်သန္ဓေအဆင့်အထိ တိုးမြှင့်ပေးလိုက်ပါပြီရှင့်!】
စနစ်၏ အချက်ပြမှု ထွက်ပေါ်လာသည်။
ယဲ့ကျွင်းလင်၏ ကျင့်ကြံဆင့် အရှိန်အဝါသည် ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်မှ ဝိညာဥ်သန္ဓေအဆင့်သို့ ရုတ်တရက် မြင့်တက်သွားသည်။
ထိုအခိုက်အတန့်တွင် သူ၏ ငွေရောင်ဆံပင်ရှည်များမှာ အရိုင်းဆန်စွာ ကခုန်လျက်ရှိပြီး မျက်လုံးများသည် လျှပ်စီးကဲ့သို့ အေးစက်သော အလင်းတန်းများကို ထုတ်လွှင့်နေကာ လေဆင်နှာမောင်းကြီးတစ်ခု ချဥ်းကပ်လာသကဲ့သို့ ပြင်းစွာသောအဟုန်ဖြင့် ပြည့်စုလျက်ရှိ၏။ သူ၏ ကြည်လင်သော အသံသည် ဆေးဘုရင်တောင်ကြား၏ ကောင်းကင်ယံတွင် ပဲ့တင်ထပ်ကာ တိမ်များကိုပင် လွင့်စင်ရှင်းလင်းသွားစေသည်။
“ဟာ ဟာ ဟား ဟား ဟား ဟား ဟား၊ ဟင်း ဟင်းး ဟင်းး ဟင်းး ဟင်း ဟင်းးး ဟားးးးး ဟားးးး ဟားးးးး ဟားးးးး ဟားးးး ဟားးးးးးးးး”
"ကောင်းလေစွ!"