မှိုကိုတောင် အလွတ်မပေးတော့ဘူးလားကွာ
Vol. 11 Ch. 147
ဘုန်း!
ဥက္ကာပျံကြီး ကမ္ဘာကိုဝင်တိုက်သကဲ့သို့ ပြင်းစွာသောအားဖြင့် လေလှိုင်းလုံးကြီးမှာ ယဲ့ကျွင်းလင်၏ လက်နောက်ပြန်တစ်ချက်နှင့် ဗုံးတစ်လုံးလို ကွဲထွက်သွားရ၏။
ခွပ်၊ ခွပ်!
သစ်ပင်များသည် တန်းစီပြိုလဲကျကာ မီတာရာနှင့်ချီသော ကျောက်ဆောင်များ ကွဲကြေပျက်စီးသွားပြီး ပင့်ကူအိမ်ကဲ့သို့ ပြန့်ကျဲဆက်နွယ်လျက်ရှိသော ချိုင့်ခွက်များတွင် မှိုပုံသဏ္ဍာန်အရာကြီးများ နက်ရှိုင်းစွာထင်ကျန်လျက်ရှိလေသည်။
တစ်နေရာလုံး တိတ်ဆိတ်သွားသည်မှာ အပ်ကျသံပင် ကြားနိုင်လောက်အောင်ပင်။
"မဟာမှိုဘုရင်ကြီး!!" ဆေးဘုရင်များက သူတို့ရှေ့က မြင်ကွင်းကို မယုံနိုင်စွာ အော်ဟစ်ကြသည်။
ဆေးပင်မျိုးနွယ်စုတောင်ကြားရှိ အားအကောင်းဆုံး တည်ရှိမှုကြီးသည် လူသားတစ်ဦး၏ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် လွင့်စင်သွားခဲ့သည်လား?
“ဦးလေးဖန်း၊ သခင်လေးယဲ့ရဲ့ ကျင့်ကြံဆင့်က ရွှေအမြုတေအဆင့်ကနေ ဝိညာဉ်သန္ဓေအဆင့်ကို တိုးတက်သွားပြီ…” အန်းမြောင်ယိက တီးတိုးပြောသည်။
ဖန်းသယ်ကျန့်မှာ မနာလိုအားကျစွာဖြင့် ညည်းညူရုံသာ တတ်နိုင်တော့၏။ “ဘယ်လောက်တောင် အားကောင်းတဲ့ ကျင့်စဥ်မျိုးပါလိမ့်၊ ဆေးဘုရင်တောင်ကြားရဲ့ ဖိနှိပ်မှုကိုတောင် လျစ်လျူရှုနိုင်တာ! ဘယ်လို ထူးခြားတဲ့ လျှို့ဝှက်ကျင့်စဥ်မျိုးဖြစ်မလဲ?”
ဟုန်ချန်ယဲ့သည် ပို၍ပင် အံ့အားသင့်သွားပြီး သံသယနှင့် ထိတ်လန့်မှုတို့က မျက်လုံးထဲနေရာယူလာကြသည်။ “မဆီလျော်လိုက်တာ! ဒီမြေနိုးကောင် ဘယ်လိုလုပ်လိုက်ပြန်တာလဲ?”
တစ်လျှောက်လုံး လေ့လာအကဲဖြတ်ခဲ့သမျှကြောင့် ဟုန်ချန်ယဲ့သည် ဆေးဘုရင်တောင်ကြား၏ အစီအရင်ဖွဲ့စည်းပုံကို နားလည်စပြုလာသည်။
ဤနေရာတွင် ဆေးပင်မျိုးနွယ်စုက ဘယ်လိုပဲ ကျင့်ကြံဆင့်အလိုက် အားအင်တွေခွဲခြားထားပါစေ မယှဥ်နိုင်လောက်အောင် လွန်စွာအားကောင်းနေပြီး လူသားများက ဤသို့ အတင်းအကျပ်ဖိနှိပ်ခံထားရသည့် အကြောင်းရင်းမှာ ဆေးဘုရင်ကြီး သတ်မှတ်ထားခဲ့သော 【စည်းမျဉ်းများ】ကြောင့်ဖြစ်သည်။
ဤနေရာရှိ 【စည်းမျဉ်းများ】သည် မသေမျိုးများ၏ သူမတူသော သီးသန့်နည်းလမ်းတစ်ခုဖြစ်၏။
သတ်မှတ်ထားသော အကွာအဝေးအတွင်း ဝင်ရောက်သမျှကာလပတ်လုံး ကျင့်ကြံသူသည် 【စည်းမျဉ်းများ】၏ သက်ရောက်မှုဒဏ်ကို ခံစားရမည်ဖြစ်ပြီး၊ အစီအရင်ပုံသွင်းသူနှင့် တူညီသော သို့မဟုတ် သာလွန်သော တည်ရှိမှုမျိုး မဟုတ်ပါက ဤ 【စည်းမျဉ်းများ】ကို လျစ်လျူရှုဖို့မရနိုင်သလို ဖျက်ဆီးဖို့လည်း မဖြစ်နိုင်ပေ။
ဟုန်ချန်ယဲ့သည် ဤအထူးစွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းမှုကိုလည်း နက်နက်ရှိုင်းရှိုင်း သိရှိထားသည်။ မသေမျိုးတို့၏ကျွမ်းကျင်မှုကို မသေမျိုးနတ်ဆိုးအရှင်ဟောင်းလောက် သိမြင်ထားသူ မရှိနိုင်ပေ။
ဘုံခြားစိန်ခေါ်မှုကဲ့သို့သော ကိစ္စရပ်များတွင် အထွဋ်အထိပ်သို့ တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူသည် ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံသူကို အနိုင်ယူကောင်းယူနိုင်မည် ဖြစ်သော်လည်း ဘေးဒုက္ခကျော်လွှားသူသည် စစ်မှန်သော မသေမျိုးကို အနိုင်ယူရန် လုံးဝ မဖြစ်နိုင်ပေ!
(ဘုံခြားစိန်ခေါ်မှုဆိုတာ ကိုယ့်ထက်ကျင့်ကြံဆင့်မြင့်သူကို နယ်ကျော်ပြီးစိန်ခေါ်တာပါ၊ ကျင့်ကြံဆင့်ကွာရင် အင်အားကွာတယ်ဆိုပေမယ့် ကျွမ်းကျင်မှုအလိုက် နယ်ကျော်ပြီးချလည်း အနိုင်ရနိုင်ချေရှိပါသေးတယ်၊ ဒါပေမယ့် မသေမျိုးအဆင့်ကတော့ ဘာခြွင်းချက်မှမရှိပါဘူး၊ အဆင့်မတူရင် သွားစလို့မဖြစ်ပါဘူး။ စမိရင် တန်းပျောက်ပါတယ်။ အသေပျောက်ပျောက်တာပါ)
အကြောင်းမှာ ကျင့်ကြံသူသည် မသေမျိုးတစ်ပါး သတ်မှတ်ထားသော 【စည်းမျဉ်းများ】အတွင်း ရှိနေသမျှကာလပတ်လုံး ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံသူ မည်မျှပင် ရှိနေပါစေ၊ သူတို့သည် စဥ့်တီတုံးပေါ် လည်စင်းတင်ပေးထားသောငါးများကဲ့သို့ လုပ်နိုင်တာတစ်ခုမှမရှိပေ။
ဒါဟာ မသေမျိုးတွေနဲ့ သာမန်လူတွေရဲ့ ကွာခြားချက်ပါပဲ!
မသေမျိုးတွေရဲ့မျက်လုံးထဲမှာ သေမျိုးတွေဆိုတာ ပုရွက်ဆိတ်ထက် ဘာမှမပိုပါဘူး!
ယခု ဆေးဘုရင်တောင်ကြားသည် မသေမျိုးတစ်ပါး၏ 【စည်းမျဉ်းများ】ဖြင့် ဖုံးလွှမ်းဖွဲ့စည်းထားပြီး ဤနေရာရှိ အရာအားလုံးသည် သူ၏ အလိုတော်အတိုင်း တသွေမတိမ်း လိုက်နာဖြစ်ပွားရပေမည်။
အပြင်လောကတွင် ကျင့်ကြံသူ၏ ကျင့်ကြံခြင်းမှာ မည်မျှ နက်ရှိုင်းသည်ဖြစ်စေ၊ ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့် သို့မဟုတ် အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် သို့မဟုတ် မသေမျိုးဖြစ်ရန် တစ်လှမ်းသာ လိုတော့ပါသော ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ပင်ဖြစ်ပါစေ ဆေးဘုရင်တောင်ကြားသို့ ခြေချလိုက်သည်နှင့် နဂါးဖြစ်စေ ကျားဖြစ်စေ ပိုက်ကွန်တွင်း လိမ်လိမ်မာမာသာ လှဲနေရမည်ဖြစ်ပြီး ချီစုဆောင်းခြင်းအဆင့် ကိုးဆင့် ကျင့်ကြံသူများအဖြစ် လျှော့ချခံရမည်ဖြစ်၏။
ယခုတော့ တစ်စုံတစ်ယောက်သောသူသည် ဤ 【စည်းမျဉ်းများ】ကို ချိုးဖောက်ကာ မိမိ၏ ကျင့်ကြံခြင်းကို အတင်းအကျပ် မြှင့်တင်လိုက်သည်တဲ့လေ?
ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?!
မဟုတ်မှလွဲရော...
ဟုန်ချန်ယဲ့သည် တစ်စုံတစ်ခုကို တွေးမိလိုက်သောအခါ နဖူးထက်တွင် ချွေးစေးများ စီးကျလာပြီး ရှေ့ဆုံးတွင် မားမားမတ်မတ်ရပ်တည်နေသော ခပ်သွယ်သွယ်ပုံရိပ်ကို စူးစိုက်ကြည့်ကာ မသိစိတ်ဖြင့် ခေါင်းခါ၍ ငြင်းဆိုလိုက်သည် “မဖြစ်နိုင်ဘူး! ဒီစောက်ပျင်းက အဲဒီလို တည်ရှိမှုမျိုး မဖြစ်နိုင်ဘူး!”
အကယ်၍ အမှန်တကယ် ထိုသို့ဖြစ်နေခဲ့လျှင် သူသည် ဤနတ်ဆိုးလက်မှ လွတ်မြောက်ရန်လမ်းမရှိတော့ပေ။
"ဝမ်စွေ့ဟွာ၊ မင်း အဆင်ပြေရဲ့လား?" လီဝူကျယ်က မရဲတရဲဖြင့် လှမ်းမေးသည်။
ရင်တုန်လို့မပြီးသေးသော ဟုန်ချန်ယဲ့သည် မျက်နှာတစ်ပြင်လုံးပုပ်သိုးသွားကာ “ထွက်သွားစမ်း!” ဟု ပြောလွှတ်လိုက်သည်။
"အာ" လီဝူကျယ် နည်းနည်းလန့်သွားပြီး အနေရခက်စွာ စကားပြောခြင်းကို ရပ်လိုက်သည်။
ထိုအချိန်တွင် ဝါးလုံးတွင် ချိတ်ဆွဲခံထားရသော ဆရာတော်ရမ်သမ်သည် မူလက ယဲ့ကျွင်းလင်တစ်ယောက် ပက်ပက်စက်စက် နှိမ်နင်းခံရသည်ကို မြင်တွေ့ရန် မျှော်လင့်ခဲ့သော်လည်း နောက်ဆက်တွဲရလဒ်မြင်ကွင်းကြောင့် မျက်လုံးကျွတ်ထွက်မတတ်ပြူးကျယ်သွားရပြီး ပါးစပ်မှာလည်း ဝလုံးကဲ့သို့ လုံးဝန်းသွားရကာ ပြန်မစေ့နိုင်တော့။
"အော်မီထော်ဖော၊ ဒါက ဘာတွေဖြစ်နေတာလဲ?!"
ယဲ့ကျွင်းလင်ထံမှ ယခင်က ထိုးကြိတ်ခံခဲ့ရခြင်းကြောင့် ဆရာတော်ရမ်သမ်သည် တစ်ဖက်လူ၏အခြေအနေကို ရှင်းရှင်းလင်းလင်း သိနားလည်ထားကာ ယဲ့ကျွင်းလင်၏ ထိုအင်အားဖြင့် ဒေါသထွက်နေသော မှိုဘုရင်ကြီးကို အနိုင်ယူနိုင်မည် မဟုတ်ဟု သူတွေးထင်ခဲ့သည်။
နောက်ဆုံးတွင်တော့ မှိုဘုရင်ကြီးသည် ပြီးပြည့်စုံသော ရွှေအမြုတေကျင့်ကြံဆင့်အပြင် မမြင်နိုင်သော အစီအရင်မှ ကောင်းချီးအင်အားကိုလည်း ရရှိထားသေးသောကြောင့် ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူ မည်သူ့ကိုမဆို အနိုင်ယူနိုင်ကာ ဝိညာဥ်အဆင့်တက်ခြင်း ကျင့်ကြံသူကိုပင် ဒဏ်ရာကြီးကြီးရအောင် တိုက်ခိုက်နိုင်ပေဦးမည်။
ဤအခြေအနေတွင် မှိုဘုရင်ကြီးကို အနိုင်ယူနိုင်စရာ လုံးဝမရှိပေ။
သို့သော် မထင်မှတ်ထားစွာ ယဲ့ကျွင်းလင်က မှိုဘုရင်ကြီးကို လက်ပြန်တစ်ချက်ဖြင့် ရိုက်ထုတ်လိုက်လေပြီ။
ထိုအချင်းအရာက သူ့ကို သေလုမြောပါး ကြောက်လန့်သွားစေခဲ့သည်!!
"ထူးဆန်းတယ်၊ ငါ သူ့ကို တိုက်ခိုက်တုန်းက ဘာလို့ ဒီအင်အားကို ထုတ်မသုံးခဲ့တာလဲ?"
ဆရာတော်ရမ်သမ် အံ့သြဘနန်းဖြစ်နေသည်။
အကယ်၍ ဤလက်ဝါးရိုက်ချက်သာ သူ့အပေါ် ကျရောက်ခဲ့လျှင် သူသည် ဆေးဘုရင်တောင်ကြားမှ ချက်ချင်းပြန်လည်ပို့ဆောင်ခံရလိမ့်မည်!
"ခဏလေး၊ သူ ငါ့ကို ဆက်နေခွင့်ပေးတာက ငါဒီလိုအရှက်တကွဲဖြစ်ရတာကို မြင်ချင်လို့များလား?"
ဆရာတော်ရမ်သမ်မှာ ပိုစဉ်းစားလေ ဖြစ်နိုင်ချေရှိသည်ဟု ပိုခံစားရလေဖြစ်ပြီး အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်ကို နောက်တစ်ကြိမ် မော့ကြည့်လိုက်ရာ မျက်လုံးများတွင် နက်ရှိုင်းသော မကျေနပ်မှုများဖြင့် ပြည့်နှက်နေပြီး မုန်းတီးစွာ အံတင်းတင်းကြိတ်လိုက်သည်။ “ဒါတွေအားလုံး မင်းကြောင့်ပဲ! ငါကျိန်တယ်၊ မင်း ဒီအကြွေးကို ပြန်ဆပ်ရမယ်!”
ပျက်စီးသွားသော ချိုင့်ခွက်ထဲတွင် မှိုဘုရင်ကြီးသည် မူးဝေလို့မပြီးနိုင်ဖြစ်နေပြီး ဆေးပင်များ ဝိုင်းဝန်းအော်ခေါ်မှ သတိပြန်ဝင်လာသည်။
"ငါ ရိုက်ထုတ်ခံလိုက်ရတာလား?"
မှိုဘုရင်ကြီး အလွန်အံ့အားသင့်သွားသည်၊ ထိုအခိုက်တွင် ယဲ့ကျွင်းလင်သည် ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံဆင့်ကို အသုံးပြုကာ ဆေးဘုရင်တောင်ကြား၏ 【စည်းမျဉ်းများ】ကို ချိုးဖောက်ခဲ့ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။
"မဖြစ်သင့်ဘူး၊ အဲ့အချိန်တုန်းက ဆေးဘုရင်ကြီးကိုယ်တိုင် နည်းလမ်းတွေ စည်းကမ်းတွေ ချမှတ်ခဲ့ပြီး စစ်မှန်တဲ့ မသေမျိုးအဆင့်အောက်က ဘယ်သူမှ မချိုးဖောက်နိုင်ဘူးလို့ သူ ငါ့ကို အာမခံခဲ့တယ်! အခု ဘာဖြစ်နေတာလဲ? အချိန်တွေ အရမ်းကြာသွားလို့ အစီအရင်သက်တမ်းကုန်သွားတာများလား?"