အခန်း (၁၄၈)
Vol. 11 Ch. 148
ယဲ့ကျွင်းလင်၏ ကျင့်ကြံဆင့်သည် တူတူပုန်းတမ်းဆော့နေသကဲ့သို့ ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်သို့ ပြန်လည်ကျဆင်းသွားသည်။
သို့သော် ပြင်ပလူများ၏ မျက်လုံးထဲတွင် ဤငွေရောင်ဆံပင်ရှိသော လူငယ်သည် နားမလည်နိုင်လောက်အောင် နက်နဲလှ၏။
"မှိုကြီးရေ၊ မင်းမှာ တခြား အတတ်ပညာတွေ ရှိသေးလား? မရှိရင် မင်းကိုအမြစ်ကနှုတ်ပြီး မှိုဟင်းချို ချက်စားတော့မလို့!" ယဲ့ကျွင်းလင်က ပြောင်ချော်ချော်ပြုံးပြီး ပြောလိုက်သည်။
သူသည် တစ်ဖက်လူကို ဒေါသထွက်အောင် တိုက်ခိုက်ရန် ရန်လိုသော နည်းလမ်းကို တမင်တကာ စတင်အသုံးပြုခဲ့သည်ပင်။ ထိုသို့ပြုလုပ်မှသာ စနစ်၏ လည်ပတ်ပုံကို စတင်နိုင်မည်ဖြစ်၏။
(စနစ်က ရန်သူကစတိုက်မှ အသက်ဝင်တာကြောင့်ပါ။ Seven Deadly Sins anime ထဲက Meliodas ရဲ့ Fullcounter လိုပါပဲ။ အကြီးမားဆုံးအားနည်းချက်က မိမိဘာသာ စမတိုက်နိုင်ပါဘူး။ လာတိုက်ခိုက်တဲ့စွမ်းအားထက် ပိုကြီးမားတဲ့စွမ်းအားကိုပဲ ထုတ်ပေးနိုင်တာပါ။ လာတိုက်ခိုက်သူမရှိရင် သောက်ပေါသက်သက်ဖြစ်နေမှာပါ။ )
ဘုန်း!
မှိုဘုရင်ကြီးသည် အင်အားကိုစုစည်း၍ ပစ်လွှတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ လေစီးကြောင်းသည် အရှိန်နှင့်ထိုးတက်လာပြီး လေဆင်နှာမောင်းတစ်ခု အစပျိုးနေသကဲ့သို့ ရှုပ်ထွေးသွားကာ ပြင်းထန်သော စွမ်းအင်စက်ကွင်းသည် မြေပြင်ရှိ ကျောက်တုံးများကို မြင့်တက်စေပြီး ဘုန်းခနဲ ပေါက်ကွဲသွားသည်။
သူ အလွန်ဒေါသထွက်နေသည်မှာ အသိသာကြီးပင်။
"မင်း ကြက်ဥပုပ်ကောင်၊ မင်းငါ့ကို နိုင်မယ်မထင်နဲ့!"
မှိုဘုရင်ကြီး၏ နှစ်ဖက်စလုံးတွင် နွယ်ပင်များဖြင့် စုစည်းထားသော မြစိမ်းရောင်လက်တံများ ရောက်ရှိလာပြီး ထိုးကြိတ်သောအခါတွင် လေဟာနယ်ဖောက်ခွင်းကာ မြစ်ချောင်းပင်လယ်များကို ပြောင်းပြန်လှန်နိုင်သော အင်အားရှိသည်။
【တင်၊ ပိုင်ရှင်ဟာ ပြီးပြည့်စုံသော ရွှေအမြုတေအဆင့်ကျင့်ကြံသူရဲ့ တိုက်ခိုက်ခြင်းကို ခံနေရကြောင်း ခြေရာခံသိရှိရသည့်အတွက် အင်အားကြီးသောရန်သူနှင့်တိုက်ခိုက်၍ ပိုလို့အင်အားကြီးလာခြင်း စွမ်းရည်ကို အသက်သွင်းပြီး ဝိညာဥ်သန္ဓေအဆင့်ထိ တိုးမြှင့်ပေးလိုက်ပါပြီရှင့်!】
စနစ်၏ အချက်ပြမှု ထွက်ပေါ်လာသည်။
ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် ချီစုဆောင်းခြင်းမှ ဝိညာဉ်သန္ဓေအဆင့်သို့ တစ်ဖန် မြင့်တက်သွားပြီး ပြင်းထန်သော လက်သီးမုန်တိုင်းကို မတုန်မလှုပ်ရင်ဆိုင်ကာ လက်သီးကို အေးအေးဆေးဆေးဆုပ်လျက် ပြန်လည်တိုက်ခိုက်သည်။
ဘုန်း ဘုန်း ဘုန်း~!
နှစ်ဦးနှစ်ဖက်၏ လက်သီးများ တိုက်ခတ်မိသံသည် အလွန်သိပ်သည်းမြည်ဟီးနေပြီး ပြန့်ပြူးသော လေလှိုင်းများအား အတွန့်တွန့်ထအောင် တုန်ခါသွားသည်။
မှိုဘုရင်ကြီးသည် တိုက်ခိုက်ရင်းဖြင့် ပိုပိုကြောက်လာပြီး တစ်ဖက်ရန်သူသည်【စည်းမျဉ်းများ】၏ ဖိနှိပ်မှုကို လျစ်လျူရှုကာ ကျင့်ကြံဆင့်ကို ဝိညာဉ်သန္ဓေအဆင့်သို့ မြှင့်တင်နိုင်ကြောင်း ပို၍သေချာလာသည်။
ခွပ်!
သူ စုစည်းထားသော လက်သီးသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် ဆုတ်ဖြဲခံလိုက်ရကာ မှိုဘုရင်ကြီးသည် တစ်ကိုယ်လုံး အေးစိမ့်သွားလျက် သစ်သားဒိုင်းတစ်ခုကို အမြန်ယူကာ၍ တစ်ဖက်လူ၏ ရန်လိုသော တိုက်ခိုက်မှုကို ပိတ်ဆို့ရန် ကြိုးစားလိုက်၏။
ယဲ့ကျွင်းလင်သည် မသေဆုံးနိုင်သော အရှင်သခင်ခန္ဓာ ကျင့်စဥ်ဖြင့် မိမိကိုယ်ကိုကာကွယ်ထားသောကြောင့် ရုပ်ပိုင်းဆိုင်ရာ အင်အားသည် ယှဥ်မရအောင် အလွန်အားကောင်းလှ၏။ ထိုသူသည် သစ်သားဒိုင်းကို တိုက်ရိုက် ချိုးဖျက်ကာ နောက်တစ်ကြိမ် ရိုက်ထုတ်လိုက်ပြီး မှိုဘုရင်ကြီးကို ရွှံ့နွံထဲသို့ ပစ်ချလိုက်သည်။
ဒုန်း!
ဖုန်လုံးကြီးတစ်လုံး ကောင်းကင်ယံသို့ တက်သွားသည်။
ပေပွရှုပ်ထွေးနေသော ချိုင့်ခွက်ထဲတွင် မှိုဘုရင်ကြီးသည် နှစ်ဦးကြားက အင်အားကွာခြားမှုကို ခံစားမိလာပြီး သူ၏ မှိုဘဝကိုပင် သံသယဝင်မိလာသည်။
တစ်ချိန်တည်းမှာပင် ဆေးဘုရင်ကြီးသည် အလွန်မယုံကြည်ရပေဟု သူတွေးနေမိသည်။ ထိုသူ လေကြီးမိုးကြီးဖြင့် ချမှတ်ထားခဲ့သော【စည်းမျဉ်းများ】ကို လူသားကျင့်ကြံသူတစ်ဦးက ဤသို့ချိုးဖျက်နိုင်ခဲ့ခြင်းကြောင့် သစ္စာဖောက်ခံရသလို နာကျင်ခံစားနေရသေး၏။
"မဟာမှိုဘုရင်ကြီး ရှုံးသွားပြီ! ငါတို့ ဆေးဘုရင်တောင်ကြားတော့ သွားပြီ!!" ဆေးးပင်မျိုးနွယ်စုသည် ထိတ်လန့်တကြား ပွက်လောရိုက်သွားပြီး မြင်ကွင်းသည် ရှုပ်ထွေးဆူညံလျက်ပင်။
ဝိညာဥ်ဆေးဘုရင်သည်လည်း အလွန်ကြောက်လန့်သွားရကာ “မြန်မြန်ပြေးကြ!” ဟု လောဆော်လိုက်သည်။
မဟာမှိုဘုရင်ကြီးပင် ဤသို့ အနိုင်ယူခြင်းခံရလိမ့်မည်ဟု သူ လုံးဝ မထင်ထားပေ!
လူတိုင်းနီးပါးသည် ဤသည်မှာ မျက်လှည့်တစ်ခုလေလော၊ ငွေရောင်ဆံပင်ဖြင့်လူငယ် တကယ်အနိုင်ယူခဲ့ခြင်းဖြစ်လေသလော မကွဲမပြား အာရုံထွေပြားလျက်သာရှိကြ၏။
မှိုဘုရင်ကြီးသည် အလွန်ဝမ်းနည်းကြေကွဲလျက် သူ့ဘဝ၏အဆုံးသတ်သို့ နီးကပ်လာလေပြီဟု ခံစားလိုက်ရသည်။
ထိုအချိန်တွင် သူသည် သူ၏ ရှည်လျားပြီး ငြီးငွေ့ဖွယ်ကောင်းသော ဘဝကြီးကို ပြန်လည်အောက်မေ့မိကာ စိတ်ခံစားချက်သည် သေခြင်းကို ကြောက်ရွံ့ရာမှ တဖြည်းဖြည်း ငြိမ်းချမ်းခြင်းသို့ ပြောင်းလဲကာ ပြင်းထန်စွာ တက်လိုက် ကျလိုက် ဖြစ်နေသည်။
ဘယ်လိုပဲဖြစ်ဖြစ် နေရတာလည်း အဓိပ္ပာယ်မရှိလှပါဘူး၊ သေလိုက်လည်း အေးတာပါပဲ။
"နောက်ဘဝမှာ ငါ မှို မဖြစ်ချင်တော့ဘူး"
"ငါ လူသား ဖြစ်ချင်တယ်!"
ထိုအချိန်တွင်။
ယဲ့ကျွင်းလင် အနည်းငယ် အံ့သြသွားသည်။ ထိုမှိုမည်းမည်းက အဘယ့်ကြောင့် ထမပြေးရသေးသနည်း?
ရုတ်တရက် သူ၏ စိတ်ထဲတွင် စနစ်၏ အချက်ပြမှုတစ်ခု ထွက်ပေါ်လာသည်။
【တင်၊ တပည့်လက်ခံခြင်းတာဝန် စတင်လိုက်ပြီဖြစ်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်၊ မသေမျိုးမှိုဘုရင်ကို တပည့်အဖြစ်လက်ခံပြီး ပြိုင်ဘက်ကင်း နတ်ဘုရားစွမ်းအားတစ်ခုကို အရယူလိုက်ပါ- ချီစွမ်းအင်၏ သုံးသွယ်သော သန့်စင်ခြင်းသဏ္ဌာန်!】
【ချီစွမ်းအင်၏ သဏ္ဌာန်သုံးသွယ်】: ကိုယ်ပွားနှစ်ခု ခွဲထုတ်နိုင်ပြီး ထိုကိုယ်ပွားများမှာ ပင်မကိုယ်ခန္ဓာနှင့် တူညီသော ကျင့်ကြံဆင့်နှင့် အင်အား ပိုင်ဆိုင်သည်!
ယဲ့ကျွင်းလင် အံ့အားသင့်သွားသည်။
စနစ်၊ မင်း တကယ်ကြီးပြောနေတာလား?
အခုတော့ မှိုတွေကိုတောင် အလွတ်မပေးတော့ဘူးပေါ့!
ဒါပေမယ့် ပြဿနာက ဒီတစ်ခါ ဆုချတဲ့ နတ်ဘုရားစွမ်းအားက အရမ်း ဆွဲဆောင်မှုရှိနေတယ်!
အကယ်၍ သူသည် ချီစွမ်းအင်၏သဏ္ဍာန်သုံးသွယ်ကို ကျွမ်းကျင်ပိုင်နိုင်လာလျှင် ပုံတူနှစ်ခုကို ဖန်ဆင်းနိုင်ပြီး ပင်မခန္ဓာပါပေါင်းလျှင် လူသုံးယောက်ဖြစ်ကာ ဤတိုက်ခိုက်ရေးစွမ်းအားမှာ မြေပြင်ကိုပင် မတင်ဖောက်ခွဲနိုင်ပေရော့မည်။
အတွေးများ ထိုသို့ လည်ပတ်နေစဉ်။
ယဲ့ကျွင်းလင်သည် ချိုင့်ဝှမ်းထိပ်သို့ လျှပ်တစ်ပြက် ရောက်ရှိသွားပြီး အောက်တွင် ဝမ်းနည်းနေသော မှိုဘုရင်ကြီးကို ကြည့်ကာ တမင်တကာ ချောင်းတစ်ချက်လိုက်သည်။ "မင်း ရှင်သန်ချင်လား? ငါ မင်းကို အခွင့်အရေး ပေးနိုင်တယ်!"
သူ၏ အမြင်တွင် ဤမှိုသည် သေခြင်းတရားကို လွန်စွာကြောက်ရွံ့သောကြောင့် ဤစကားကို ကြားသည်နှင့် ချက်ချင်း သဘောတူလိမ့်မည် ဟူ၍ပင်။
မှိုဘုရင်ကြီး: "အဲ့အခွင့်အရေးကို ငါ ငြင်းဆန်တယ်! သေမှာဟေ့၊ သေမှာ"
ယဲ့ကျွင်းလင်: "..."
ဖာခ့်