ဆေးဆရာကြီးရဲ့ လျှို့ဝှက်ချက်
Vol. 11 Ch. 149
"ဘာလို့လဲ?!"
ယဲ့ကျွင်းလင် အံ့အားသင့်သွားသည်။ သူ့ဘက်က ဘာတောင်းဆိုချက်မှ မပြောရသေးဘဲ တိုက်ရိုက် ငြင်းပယ်ခံလိုက်ရတာလား?
"မင်း တကယ် အသက်မရှင်ချင်တော့ဘူးလား?"
"ဟုတ်တယ်၊ မရှင်ချင်ဘူး။"
"မဟုတ်ဘူး၊ မင်းအသက်ဆက်ရဦးမယ်လေ!"
"ငါ တကယ် မရှင်သန်ချင်တော့ပါဘူး!"
"သေချာလား?"
"သေချာတယ်!"
"……"
ယဲ့ကျွင်းလင် ပြောစရာစကားမဲ့သွားသည်။ အပေါက်ဝကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ဆုလာဘ်ကြီး သူ့လက်ထဲကနေ လွတ်သွားတော့မှာလား?
ဒါပေမယ့် ဒီဆုလာဘက်က ချီစွမ်းအင်၏ သဏ္ဍာန်သုံးသွယ် လေ!
ဒီလောက် မိုက်ပြီး လက်တွေ့ကျတဲ့ စွမ်းအားမျိုးကို သူ လက်လွတ်မခံချင်ဘူး!
ယဲ့ကျွင်းလင် စတင်အကြံထုတ်တော့သည်။ ထို့နောက် သူ၏ မျက်နှာသည် နွေဦးလေပြေကဲ့သို့ လန်းဆန်းပြီး ကြင်နာသော အပြုံးတစ်ခုဖြင့် ဝင်းလက်သွားလာ ပုလဲကဲ့သို့ဖြူဆွတ်ဆွတ် ရှေ့သွားရှစ်ချောင်းကို ဖော်ပြရင်း ရင်းနှီးဖော်ရွေစွာ မေးလိုက်သည်။ “ဒါဆို မင်း မသေခင် ငါ့ကို တစ်ခုကူညီပေးနိုင်မလား?”
"ဘာကိုလဲ?"
"ငါ့ရဲ့ တပည့်ဖြစ်ဖို့ သဘောတူပေးပါ"
မှိုဘုရင်: "? ? ?"
သူ၏ နှစ်ပေါင်းများစွာဖြတ်သန်းလာသော ဘဝတစ်လျှောက်လုံး ဤမျှ ရှက်ရွံ့ခြင်းကင်းမဲ့သောသူကို တစ်ခါမျှ မတွေ့ဖူးသေးပေ!
သေခါနီးသူကို တပည့်ဖြစ်ဖို့ ဘယ်သူက တောင်းဆိုလို့လဲ? တော်တော် ကိုယ်ချင်းစာစိတ်မရှိတဲ့လူပဲ!
နောက်ပြီး သူက မှိုတစ်လုံးပဲလေ!!
"ညီလေးရာ၊ ငါ့ကို ကူညီပါဦး၊ မင်း မသေခင် ငါ့ဆန္ဒကို ဖြည့်ဆည်းပေးရုံပဲလေ"
"စိတ်မပူပါနဲ့၊ မင်း ပြီးလို့ ငါ့ကိုဆက်တိုက်ခိုက်ချင်ရင်လည်း အသေမဆိုးဘဲ ငြိမ်းငြိမ်းချမ်းချမ်း တစ်ခါတည်းအသက်ထွက်သွားနိုင်အောင် ငါ အားကုန်ထုတ်ပြီး မင်းကို အရည်ထွက်လာတဲ့အထိ ထိုးကြိတ်ပေးမှာပါ~"
ယဲ့ကျွင်းလင်၏ မျက်နှာတွင် ကြင်နာနွေးထွေးသော အပြုံးတစ်ခုရှိသော်လည်း သူပြောသော စကားများက ရက်စက်ကြမ်းတမ်းလှ၏။
မှိုဘုရင်မှာ သူ့နားသူပင်မယုံနိုင်အောင် ဖြစ်သွားသည်။
ဒါ လူစကားရောဟုတ်ရဲ့လား?
ဒင်းက သားကောင်ကိုအမဲဖြတ်ဖို့ပြင်နေတဲ့ သားရဲကောင်ကြီးပဲမဟုတ်ဘူးလား?
"စိတ်မကောင်းပါဘူး၊ ကမ်းလှမ်းချက်ကို စိတ်မဝင်စားဘူး!"
မှိုဘုရင်ကြီး ဒေါသထွက်သွားပြီး ချာခနဲကျောခိုင်းလိုက်ကာ ယဲ့ကျွင်းလင်ကို ပြောင်ပြောင်တင်းတင်းပင် ဆန့်ကျင်လိုက်သည်။
မင်းဘာသာမင်း သတ်ချင်သတ်၊ ခုတ်ချင်ခုတ်၊ ကြိုက်တာလုပ်တော့!
တစ်ဖက်လူ၏ မလိုလားမှုကိုမြင်တော့ ယဲ့ကျွင်းလင်၏ မျက်လုံးထောင့်များ တုန်ခါသွားပြီး သူ့မျက်နှာမှ အပြုံးသည် တဖြည်းဖြည်း မဲ့ပြုံးအဖြစ် ပြောင်းလဲသွားကာ နတ်ဆိုးတစ်ကောင်ကဲ့သို့ တဟားဟားရယ်မောရင်း ကြိမ်းဝါးလိုက်သည်။ “ကောင်းပြီ၊ မင်းဘက်ကဒီလိုဆိုတော့လည်း ငါ မင်းကို အခုပဲဒယ်အိုးထဲပစ်ထည့်ပြီး မှိုဟင်းချို ချက်သောက်မယ်၊ ဒါမှမဟုတ် ကြက်နည်းနည်းလောက်ထပ်သတ်ပြီး ကြက်နဲ့မှိုဟင်းချို ချက်လိုက်မယ်! စိတ်မပူပါနဲ့၊ ငါ မင်းကို တစ်ကိုက်စာတောင် မကျန်အောင် အကုန်စားပေးမှာ… …”
ထိုသူက ပြောရင်းဆိုရင်း ဘယ်ကနေ အနက်ရောင် ဒယ်အိုးကြီးတစ်လုံးကို ဆွဲထုတ်လာမှန်းမသိ၊ ဇွန်းဖြင့် တဒေါင်ဒေါင်မြည်အောင် အားကုန်ရိုက်လိုက်ပြီး သွားဖြဲကာ ဆိုလာသည်။ "မြေနိုးလေး...ဒီကိုလာပြီး ငြိမ်ငြိမ်လေးထိုင်လိုက်တော့! မင်း သေချင်နေတာမဟုတ်လား? ငါ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်!"
ဒယ်အိုးကိုမြင်တော့ မှိုဘုရင်ကြီး တစ်ကိုယ်လုံး တုန်ယင်သွားပြီး ပြတ်တောင်းပြတ်တောင်းအသံဖြင့် ဆိုလာသည်။ "အ-အခွင့်အရေးလေးတော့ ပေးပါဦး"
"မင်း မသေချင်တော့ဘူးလား?"
"မသေဘူး၊ မသေချင်သေးဘူး၊ ငါ့အသက်လေးငါတော့ ကြိုးစားပြီး ကယ်တင်ချင်သေးတယ်!"
"ရတယ်လေ၊ ဒါပေမယ့် မင်း ငါ့တပည့်အရင်လုပ်ရမယ်!"
"ကောင်းပြီလေ... ..."
【တင်၊ တပည့်လက်ခံခြင်း အောင်မြင်တဲ့အတွက် ပိုင်ရှင့်ကို အတုမရှိနတ်ဘုရားစွမ်းအား ဆုချလိုက်ပါတယ်ရှင်- ပြိုင်ဘက်ကင်း ချီစွမ်းအင်၏ သဏ္ဍာန်သုံးသွယ်!】
【တင်၊ တပည့်အသစ်ရဲ့ အရည်အချင်းကို စစ်ဆေးနေပါတယ်၊ အမြင့်ဆုံး ကျင့်ကြံခြင်း ကျင့်စဥ်တစ်ခုကို ဆုချလိုက်ပါပြီ- ကောင်းကင်ဧကရာဇ်၏ သက်ရှည်ကျင့်စဉ်!】
နောက်ဆုံးတော့ ဆန္ဒပြည့်ဝသွားရသောကြောင့် ယဲ့ကျွင်းလင် အလွန်ပျော်ရွှင်မြူးထူးသွားသည်။
ထို့နောက် သူသည် ထောင့်တစ်နေရာတွင် ကပ်ပုန်းနေသော မှိုဘုရင်ကို လှမ်းကြည့်ကာ ဆိုးညစ်သောအပြုံးတစ်ခု ပေါ်လာပြီး မျက်လုံးများက ဟင်းလျာတစ်ပွဲကို ကြည့်နေသကဲ့သို့ တဖျတ်ဖျတ်တောက်ပလ၏… …
【တင်၊ နွေးထွေးစွာ သတိပေးခြင်းပါ၊ အကျိုးအမြတ်ရယူပြီး ကျေးဇူးရှင်ကိုယိုးစွပ်တဲ့လုပ်ရပ်မျိုး လုံးဝမလုပ်ရပါဘူး၊ မဟုတ်ရင် ဆုချထားတဲ့နတ်ဘုရားစွမ်းအားကို ပြန်လည်သိမ်းယူရပါလိမ့်မယ်!】
ချစ်စဖွယ် လိမ္မာရေးခြားရှိလှသော စနစ်က ယဲ့ကျွင်းလင်၏ ဆိုးညစ်သော အတွေးများကို ထွင်းဖောက်မြင်ပုံရပြီး သူ့ကို အထူးသတိပေးလာသည်။
ယဲ့ကျွင်းလင်၏ အပြုံးသည် လျင်မြန်စွာ မှေးမှိန်သွားပြီး ဖြောင့်မတ်တည်ကြည်စွာဖြင့် တုံ့ပြန်လိုက်သည်။ “စနစ်၊ ငါ့ရဲ့ မြင့်မြတ်တဲ့ အကျင့်စရိုက်နဲ့ ဒီလိုဆိုးယုတ်တဲ့လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ မင်း ထင်နေတာလား? ခုနက မင်းရဲ့ အကြောင်းမဲ့ မေးခွန်းထုတ်မှုအတွက် စိတ်ပျက်မိတယ်!”
စနစ်: "……"
ထို့နောက် ယဲ့ကျွင်းလင်သည် သနားစဖွယ် မျက်နှာငယ်ဖြင့်ရှိသော မှိုဘုရင်ကြီးကို ငုံ့ကြည့်ကာ မပျော်ရွှင်စွာ ဆိုသည်။ “ဒီနားလာ၊ အခုကစပြီး မင်းက ငါ့တပည့်ပဲ၊ ငါ့ကို ဆရာသခင် လို့ ခေါ်ရမယ်!”
မှိုဘုရင်ကြီးက အားနည်းဖျော့တော့စွာ ပြန်မေးလာသည်။ “ဆရာသခင်၊ ဆရာသခင် တကယ်ပဲ ကျွန်တော့်ကို မစားဘူးလား?”
ဤကလိမ်ကကျစ်လူသားကို မြင်ရသည့်အခါတိုင်း တစ်ခုခုမူမမှန်သကဲ့သို့ သူအမြဲခံစားနေရသည်ပင်။
ယဲ့ကျွင်းလင် မျက်နှာကို တည်လိုက်သည် “မင်းကအခု ငါ့တပည့်ဖြစ်ပြီဆိုတော့ ငါ မင်းကို ကာကွယ်ပေးမှာပါ!”
သူသည် လက်နှစ်ချောင်းကို ပူး၍ မှိုဘုရင် ၏ ဦးခေါင်းထဲသို့ အစိမ်းရောင် ကြယ်ရောင်ခြည်တစ်ခုကို ထိုးသွင်းလိုက်သည်။ “ဒါက ဆရာသခင် မင်းကိုပေးတဲ့ ကျင့်စဥ်လက်ဆောင်ပဲ၊ ကျင့်ကြံပါ!”