← Chapters

လေးစားအားကျဖွယ်ပုဂ္ဂိုလ်တစ်ဦး၏ ဘဝမှန်

Vol. 11 Ch. 151

လေးစားအားကျဖွယ်ပုဂ္ဂိုလ်တစ်ဦး၏ ဘဝမှန်

Vol. 11 Ch. 151

ရှေးသမိုင်းကြောင်းအဆက်ဆက် နာမည်ကြီးခဲ့တဲ့ ဆေးဘုရင်ကြီး ဟာ တကယ်တော့ ဆေးပင်မျိုးနွယ်စုဝင် တစ်ဦးဖြစ်နေတယ်တဲ့!

ဆိုလိုတာက သူ့ရဲ့ ဘဝဇာတ်ကြောင်းမှန်ဟာ ကျင့်ကြံအားထုတ်ရင်း မသေမျိုးအဆင့်ကိုတက်သွားတဲ့ ရှေးဟောင်းဆေးပင်တစ်ပင် ဖြစ်နေတာပါပဲ!

ဆေးပင်များအတွက် မသေမျိုးဖြစ်နိုင်ချေဟာ လူသားမျိုးနွယ်ထက် အများကြီးပိုနည်းပါးတာကြောင့် အံ့မခန်းဟုသာ သတ်မှတ်ရပေတော့မည်။

"ဆေးဘုရင်ကြီး ရဲ့ ပင်ကိုပုံစံက ဘာလဲ?" ယဲ့ကျွင်းလင် က မေးသည်။

"ကျီလင်ဆေးပင် တစ်ပင်ပါ!"

မှိုဘုရင်က ဆက်ပြောသည်။ “အဲ့ဒီအချိန်တုန်းကတည်းက သူက မသေမျိုးအဆင့်ဆေးပင်ဖြစ်နေပြီ၊ ပြီးတော့ အင်မတန်ရှားပါးတဲ့ ဆေးပင်အမျိုးအစားလည်းဖြစ်တယ်။”

"ကျီလင်ဆေးပင်!"

ဟုန်ချန်ယဲ့၏ မျက်ဆံများ ကျုံ့ဝင်သွားပြီး သူ့နှလုံးသား ပြင်းထန်စွာ တုန်လှုပ်သွားသည်။

ဒဏ္ဍာရီအရ ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ ကံကောင်းခြင်းများကို ဆုပ်ကိုင်ထားသော မသေမျိုးဆေးပင်တစ်ပင်ဖြစ်ပြီး ရှေးဟောင်းသားရဲသတ္တဝါ ကျီလင်နှင့် အရင်းအမြစ်ဆင်တူသည်။ ၎င်းကို ပြုပြင်သန့်စင်ပြီး စားသုံးသည့် ကျင့်ကြံသူသည် ချက်ချင်း ပြန်လည်နုပျိုသန်စွမ်းလာနိုင်ပြီး ရှားပါး၍ အံ့ဖွယ်ကောင်းသော ကျင့်စဥ်အမျိုးမျိုးဖြင့် သေလုမြောပါးအခြေအနေမှ ပြန်လည်ထူထောင်လာနိုင်ပေသည်။ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားသည်လည်း အတုမရှိအင်အားကြီးလာကာ မသေမျိုးဘုံသို့တက်ရာလမ်းကြောင်းသည် အခက်အခဲကင်းစင်ချောမွေ့သွားပေမည်!

"ဒါဆို ဆေးဘုရင်ကြီးက မသေမျိုးဖြစ်ပြီးတဲ့နောက် တမင်တကာ ထောင်ချောက်ဆင်ပြီး နောက်ပိုင်းရောက်လာမယ့် လူသားကျင့်ကြံသူတွေကို ထိခိုက်အောင်လုပ်ခဲ့တာလား?" ယဲ့ကျွင်းလင်က အေးစက်စက်လေသံဖြင့် ထပ်မေးသည်။

နှစ်ပေါင်း တစ်သိန်းလျှင် တစ်ကြိမ်သာ ဆေးဘုရင်တောင်ကြားကို ဖွင့်လှစ်ပြီး၊ ရေတွက်မရနိုင်သော နောင်မျိုးဆက် ကျင့်ကြံသူအပေါင်းကို ဆွဲဆောင်ကာ၊ လုံလောက်သော နာမည်ကောင်းကို ရယူရင်း လူတိုင်းကို တစ်ချိန်လုံး လှည့်စားအကွက်ဆင်နေခဲ့သည်။

ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်သလဲ၊ လုပ်ချင်တာလုပ်ပြီး တော်တော်လေးမြူးထူးနေမှာပဲ!

အကြောင်းရင်းမရှိ သားကောင်ဖြစ်ခဲ့ရသော လူတစ်စုမှာ စိတ်ဓာတ်ကျအားငယ်မိကုန်ကြ၏။

အခြေအနေ တင်းမာလာခြင်းကို သတိထားမိသော မှိုဘုရင်မှာ ခေါင်းကိုတတ်နိုင်သမျှငုံ့ရင်း အားနည်းစွာ ခုခံပြောဆိုသည်၊ “ဆေးဘုရင်ကြီးက တကယ်တော့ အတင်းအကျပ် တွန်းအားပေးခံခဲ့ရတာပါ။ အဲ့ဒီတုန်းက အင်အားစုအတော်များများက ဆေးဘုရင်တောင်ကြားနဲ့ ဆေးပင်တွေ သယံဇာတတွေကို သွားရည်ကျနေကြတာ။ ဆေးဘုရင်ကြီးက မသေမျိုးဘုံကို တက်ရောက်ဖို့ စိတ်အားထက်သန်နေပြီး ဘေးကင်းရေးအတွက် အပြင်ပန်းမှာတော့ လိုက်လျောမှုတွေ ပြုလုပ်ပေးခဲ့တယ်။ ဆေးဘုရင်တောင်ကြားကို နှစ်ပေါင်းတစ်သိန်းမှာ တစ်ကြိမ် ဖွင့်မယ်လို့ ကြေညာခဲ့ရတာပေါ့။”

“ဒါပေမယ့် အတွင်းဘက်မှာကျတော့ အရာရာကို တိတ်တဆိတ် ပြောင်းလဲပစ်ခဲ့တယ်၊ ပြင်ပလူတွေရဲ့ ကျင့်ကြံဆင့်ကို ဖိနှိပ်ရုံတင်မကဘဲ ဆေးပင်မျိုးနွယ်စုဝင်တွေရဲ့ စွမ်းအားကိုလည်း မြှင့်တင်ခဲ့တယ်၊ ပြီးတော့ ဆေးပင်တွေရဲ့ ကျင့်ကြံဆင့်ကို အရည်အသွေးအလိုက် ခွဲခြားဖို့ စည်းမျဉ်းတွေ ချမှတ်ခဲ့တယ်။ ဥပမာ၊ ကျွန်တော့်ရဲ့ အရည်အသွေးဆိုရင် မဟာဆေးဘုရင်ဖြစ်ပြီး ပြီးပြည့်စုံတဲ့ ရွှေအမြုတေကျင့်ကြံဆင့်နဲ့ ညီမျှပါတယ်။ အဲဒီထက် ကျော်လွန်ပြီး တိုးတက်ဖို့တော့ မဖြစ်နိုင်ပါဘူး။”

“ဒီလို ငြီးငွေ့စရာကောင်းပြီး တစ်သမတ်တည်းဖြစ်တဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ရဲ့ အဖော်အများစုက ဆေးဘုရင်တောင်ကြား ဖွင့်လှစ်မယ့်အချိန်ကိုပဲ မျှော်လင့်လာကြတော့တယ်။ ဘာလို့လဲဆိုတော့ သူတို့အတွက် အပျင်းပြေဖို့နဲ့ ‌ပျော်ပျော်ကြီးကစားနိုင်ဖို့က လူသားကျင့်ကြံသူတွေကို အသုံးချဖို့ကလွဲပြီး တစ်ခြားမရှိလို့ပါ…”

ကြားသိလိုက်ရသော ကျင့်ကြံသူအပေါင်းမှာတော့ ရွှံ့နွံထဲကိုမှ တည့်တည့်ခုန်ဆင်းမိသည့် မိမိကိုယ်ကို အပြစ်တင်လို့မဆုံးနိုင်တော့ပေ။

အနိုင်ကျင့်ခံရမယ့်နေရာကို ကိုယ့်သဘောနဲ့ကိုယ် ပျော်ပျော်ကြီး ပြေးဝင်လာရတယ်လို့ကွာ!

"အင်း၊ ငါ နားလည်ပြီ" ယဲ့ကျွင်းလင် ၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး ဒီလိုပြုမူပုံကို သူ ဆုံးဖြတ်လို့ မရဘူး။

ဆေးပင်မျိုးနွယ်စုဆိုတာ အမြဲတစေ အားနည်းပျော့ညံ့ပြီး အနိုင်ကျင့်ခံရတတ်တာကြောင့် ဆေးဘုရင်ကြီးက သူ့မျိုးနွယ်စုကို ကာကွယ်ပေးချင်ခဲ့ပုံပင်။ ပြင်ပအင်အားစုတို့၏ အတင်းအကျပ်ဖိအားပေးမှုကြား တောင်ကြားဖွင့်လှစ်ဖို့ကို မတားဆီးနိုင်ခဲ့သော်လည်း သူ့နည်းသူ့ဟန်ဖြင့် လူသားတို့၏လောဘတရားအတွက် လှည့်ကွက်နည်းနည်းသုံး၍ ပညာပေးချင်ခဲ့ဟန်တူ၏။

ဆေးပင်တွေ၏ အရည်အသွေးအလိုက် ကျင့်ကြံဆင့်ခွဲခြားခြင်းကတော့ အတွင်းပိုင်းဖွဲ့စည်းပုံ တည်ငြိမ်သေသပ်ပြီး ပုန်ကန်မှုတွေမရှိလာစေဖို့ ဖြစ်ဟန်တူသည်။

အတော်လေး ပါးနပ်ပြီး ပညာရှိတယ်လို့ ဆိုနိုင်ပါတယ်။

"အင်း၊ ငါကတော့ ဆေးဘုရင်ကြီးကို အ‌ရှေ့ပိုင်းစီရင်စုရဲ့ လူသားပညာရှိကြီးကို အမြဲအထင်ကြီးလာခဲ့တာ။ ဘာလို့လဲဆိုတော့ ဆေးဘုရင်ကြီးဟာ မေတ္တာအပြည့်နဲ့ ကြင်နာသနားတတ်ပြီး ဒီကမ္ဘာလောကကို ကယ်တင်ဖို့ ဆေးပညာကို လေ့ကျင့်ခဲ့တယ်၊ ရှေးခေတ်က ကျင့်ကြံသူအများအပြားကို ကူညီကယ်တင်ခဲ့တယ်၊ ဂုဏ်သတင်းအလွန်ကျော်ကြားပြီး နာမည်ကောင်းတွင်ကျန်တယ်လို့ ကောလာဟလတွေ ထွက်ခဲ့တာကိုး။ ဒါတွေအားလုံး အလိမ်အညာတွေပဲပေါ့လေ!" လီဝူကျယ်က ခါးသက်စွာပြုံးလျက် ဆိုသည်။

မှိုဘုရင်က အလေးအနက် ကာကွယ်လာသည်။ “မဟုတ်ပါဘူး၊ မင်းကြားခဲ့တဲ့အကြောင်းအရာတွေ အကုန်မှန်ပါတယ်! ဆေးဘုရင်ကြီး က အဲဒီအချိန်တုန်းက လူသားကျင့်ကြံသူအချို့ကို တကယ် ကူညီခဲ့ပေမယ့် အခြေအနေက မင်းတို့ထင်သလိုတော့ မဟုတ်ခဲ့ဘူး။ သူ့ရဲ့ ဆေးပညာကိုသုံးပြီး ရအောင်ကယ်ပေးဖို့ အတင်းအကျပ်တွန်းအားပေးခံခဲ့ရတာ၊ မဟုတ်ရင် သူလည်းခုတ်ထစ်ဖြတ်တောက်ခံရပြီး အသက်ဆက်ရှင်နိုင်တော့မှာ မဟုတ်ဘူး!”

"ဥပမာ၊ ပြိုင်ဘက်ကင်းစွမ်းအားရှင်အဖြစ် လူသိများတဲ့ ချင်းယီဓားနတ်ဘုရား တစ်ပါး ရှိခဲ့တယ်။ သူက သေလုမြောပါးဖြစ်နေတဲ့ သူ့မိတ်ဆွေကို ကယ်တင်ဖို့အတွက် ဆေးဘုရင်ကြီးဆီက ကျီလင်ဆေးပင်ရဲ့ အပိုင်းတစ်ပိုင်းကိုပေးဖို့ အတင်းအကျပ်ဖိအားပေးလာတော့ ဆေးဘုရင်ကြီးလည်း မတတ်သာဘဲ ဖြတ်ထုတ်ပေးခဲ့ရတယ်လေ။"

"ကျွန်တော် မှတ်မိသလောက် နောက်ထပ် တစ်ယောက်ရှိသေးတယ်။ သူ့ရဲ့ တာအိုနာမည်က ရွှေအလင်းလူပြိန်း လို့ ခေါ်တာပဲ။ သူက ကျင့်ကြံခြင်း နည်းလမ်းမှာ အလွဲအချော်ရှိသွားလို့ သူ့ခန္ဓာကိုယ်ထဲက မာရီဒျာန်လမ်းကြောင်းတွေ ပျက်စီးသွားတဲ့အတွက် ဆေးဘုရင်ကြီး ကို အကူအညီတောင်းဖို့ လာခဲ့တယ်။ ဆေးဘုရင်ကြီးလည်း စိတ်ရှုပ်တာနဲ့ အဲဒီညက သူခြေဆေးဖို့ ပြင်ထားတဲ့ ရေကို ဘူးထဲထည့်ပြီး သောက်ခိုင်းလိုက်တာပဲ။ ရွှေအလင်းလူပြိန်းက အဲ့ရေကိုသောက်ပြီးတာနဲ့ ချက်ချင်း ပြန်ကောင်းသွားပါလေရော"

...

မှိုဘုရင်ကြီးကတော့ အားရပါးရပင် အတိတ်ဇာတ်ကြောင်းများစွာ၏ အတွင်းရေးများကို အိတ်သွန်ဖာမှောက် ထုတ်ပြောလာတော့၏။

လူသားကျင့်ကြံသူအုပ်စုလည်း ထူးဆန်းစွာ ဝိုင်းနားထောင်နေကြပြီး ဆေးဘုရင်ကြီးကို ဘာကြောင့်မှန်းမသိ သနားစိတ်ဝင်လာမိကြသည်။

ဒါဆို ဒါက အမှန်တရားပဲပေါ့!

မေတ္တာနဲ့ ကြင်နာမှုတရားတွေ၊ ကမ္ဘာလောကကို ကယ်တင်ဖို့ ဆေးပညာလေ့ကျင့်ခြင်းဆိုတာတွေက နောက်ပိုင်းမျိုးဆက်တွေ ရမ်းသမ်းကပ်ပေးလိုက်တဲ့ ဆိုင်းဘုတ်တွေချည်းပဲ။ တကယ့်အခြေအနေက ဆေးဘုရင်ကြီးဟာ ဘယ်အချိန်ပြိုကျမလဲ မသိနိုင်တဲ့ အက်ကွဲကြောင်းတွေကြားမှာ ရှင်သန်နေထိုင်ခဲ့ရတယ်။ တက်လမ်းကိုဖောက်ဖို့ ခန္ဓာကိုယ်ကိုရင်းပြီး လျှောက်လှမ်းခဲ့ရတာပဲ။

တစ်ဖက်ရှုထောင့်ကနေကြည့်ရင်တော့ ဆေးဘုရင်ကြီးဟာ ဘာအမှားမှ မလုပ်ခဲ့ပါဘူး။

ဒါ့အပြင် ဘုရင်တောင်ကြားမှာ ထူးခြားသော ကာကွယ်ရေးယန္တရားတစ်ခုလည်း ရှိနေသေးသည်။ အသက်အန္တရာယ်နှင့် နီးကပ်လာသော ကျင့်ကြံသူမှန်သမျှ တောင်အပြင်ဘက်ကို ချက်ချင်းရွှေ့ပြောင်းခံရမည်ဖြစ်သောကြောင့် ဤနှစ်ပေါင်းများစွာအတွင်း မည်သူမျှ အသက်မဆုံးရှုံးခဲ့ရပေ။

ဘာကိုမှ ရေရေရာရာမသိတဲ့ လူသားကျင့်ကြံသူတွေ သူ့ကိုဝိုင်းချီးကျူးမြှောက်ပင့်နေကြတာဟာလည်း သူတို့စိတ်အလိုအရ ဇာတ်လမ်းထွင်ခြင်းသက်သက်ပါပဲ။

သူတို့ ဘယ်လောက်ပဲ နှိပ်စက်ခံခဲ့ရပါစေ၊ ဆေးဘုရင်ကို မကျေနပ်စရာအကြောင်း ရှိမနေခဲ့ပေ!

All Chapters