အခန်း ၁၇၄၉
Vol. 118 Ch. 1749
အပိုင်း (၁၇၄၉)
“ဦးလေး အဆင်ပြေရဲ့လားဗျာ”
ခန်းမဆောင်လေးတစ်ခုထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အားနားစွာဖြင့် မေးမြန်းလိုက်မိသည်။
သူသည် အမှန်ပဲ အားနာလို့နေ၏။ ချီဖုံးကွယ်ခြင်း ဆေးနည်း သူ့ဆီ ရောက်ရှိလာခဲ့သည့်အတွက် ဦးလေးကုသည် အိမ်တွင်းအကြမ်းဖက်ခြင်းကို ခံနေရ၏။
“ငါ အဆင်ပြေပါတယ်”
ကုထျန်းရှင်း၏ ဦးခေါင်းတစ်ခုလုံးသည် ရောင်ကိုင်းလျှက်ရှိပြီး သူ၏ မျက်လုံးများသည် ကျဉ်းမြောင်းလျက်ရှိ၏။ သို့သော်ငြား ကျွမ်းကျင်သူတစ်ယောက်၏ အရှိန်အဝါမျိုးတော့ ထွက်၍နေလေသည် “ငါအသားကျနေပါပြီ”
ကျွင်းချောင်ရှောင်းက တွေးလိုက်မိ၏။ ငါ အခွင့်အရေးရရင် ဆေးနည်းကို ပြန်ထားမှ ဖြစ်မယ်။
ချီဖုံးကွယ်ခြင်းဆေးနည်းသည် စနစ်၏ ဆေးခန်းမဆောင်နှင့် အလိုအလျှောက် လိုက်ဖက်ညီခဲ့သည်။ ဟုတ်ပေသည်။ မည်သိုပင် ဆိုစေကာမူ သူသည် ဦးလေးကုအား ပြန်ပေးမှဖြစ်မည်။ မဟုတ်ပါက အနာဂတ်တွင် မည်သို့ မျက်နှာပြရမည်နည်း။
“ဟင်း …”
ကုထျန်းရှင်းသည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်သည် “ဒီအတောအတွင်း တစ်စုံတစ်ခု ပျောက်ဆုံးသွားတိုင်း ငါ့အပြစ်ကြီးပါလား။ ကံဆိုးလိုက်တာ”
“ဘာတွေပျောက်သွားလို့လဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“ကောင်းကင်လက်ဝါးရိုက်ချက်၊ နှလုံးသားအလင်း ကျမ်း၊ အရိပ်တစ်ထောင် ကိုယ်ပွားနည်းစနစ် .. အဲဒီ လျှို့ဝှက်ကျမ်းတွေ ပျောက်ကုန်တာပဲ”
ကုထျန်းရှင်းသည် မျက်ရည်များ စီးကျနေရင်းမှ ပြောလိုက်၏။
မှန်ပေ၏။ သူသည် ကျမ်းစာများအား အရက်နှင့်လဲသောက်ရသည်ကို ခုံမင်သည်။ သို့ပေမဲ့ ထိုအရာများသည် သူ့အတွက် အရေးမကြီးသည့် သိုင်းကျမ်းများသာလျှင် ဖြစ်သည်။ မိသားစု၏ လျှို့ဝှက်ကျမ်းများကို အရက်နှင့် လဲသောက်ရအောင် သူသည် အရူးမဟုတ်သေးပေ။
“ဦးလေးရဲ့ သိုင်းကျမ်းတွေက နာမည်ကြားရုံနဲ့တင် အားကောင်းမယ့်ပုံတွေပဲ”
ကျွင်းချောင်ရှောင်းသည် တည်ကြည်လေးနက်သော အမူအရာဖြင့် ရေနွေးတစ်ခွက်ကို ကောက်မော့ကာ သောက်လိုက်သည်။ သို့ပေမဲ့ သူ၏ စိတ်ထဲတွင်တော့ ဗလောင်ဆူလျက်ရှိလေသည် “ကောင်းကင်လက်ဝါးရိုက်ချက် နဲ့ အရိပ်တစ်ထောင်ကျမ်းတို့က ဦးလေးဆီက ခိုးခဲ့တာပဲကိုး…..”
“အဲလောက်တော့ မတိုက်ဆိုင်သင့်ပါဘူး .. ဟုတ်တယ်နော်” စနစ်က ဝင်ကာ ပြောလိုက်၏။
တိုက်ဆိုင်ပေသည်။ မည်မျှ တိုက်ဆိုင်လိုက်သနည်း ဆိုသော် ပြိုင်စံရှားဂိုဏ်းသားများ လက်ရှိ လေ့ကျင့်နေသော သိုင်းတော်တော်များများသည် ဦးလေးကု၏ သိုင်းနည်းစနစ်များ ဖြစ်လို့နေလေသည်။
ကုထျန်းရှင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ကြိတ်မနိုင်ခဲမရဖြင့် ကြိမ်းဝါးလိုက်၏ “သူခိုးကို မိလို့ကတော့ .. အရိုးကိုချိုး၊ အကြောကို ဆွဲထုတ်ပစ်မယ်။”
“ဂလု”
ကျွင်းချောင်ရှောင်းသည် တံတွေးပင်မျိုချလိုက်မိသည်။ သူသည် ကြောရိုးမကြီးတစ်ခုလုံးသည် စိမ့်တက်သွားခဲ့သည်။
“ဂိုဏ်းချုပ်ကျွင်း”
ကုထျန်းရှင်းက မေးလိုက်၏ “ဘာဖြစ်လို့လဲ”
“အင်း …”
ကျွင်းချောင်ရှောင်းသည် လက်ဖက်ရည်ခွက်ကို အသာချပြီး ပြောလိုက်သည် “ကျုပ် ဗိုက်နာသလို ခံစားနေရလို့။ အရင် သွားလိုက်ပါအုံးမယ်”
ပြောပြီးသည်နှင့် တစ်ခါတည်း ထကာ ထွက်ခွာလာလိုက်၏။
“နေအုံး”
ထိုအချိန်မှာပဲ ကုထျန်းရှင်းသည် ရုတ်တရက် ထကာ အော်လိုက်သည်။
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ခေါင်းနပမ်းကြီးသွားသည်။ သို့ပေမဲ့ တည်ငြိမ်အောင် ထိန်းချုပ်၍ မှင်သေသေဖြင့် မေးလိုက်၏ “ဘာကိစ္စလဲ ဦးလေး ….”
ဘုတ် …။
ကုထျန်းရှင်းသည် အသာလှမ်းလျှောက်လာပြီး ပခုံးပေါ်လက်တင်ကာ ပြောလိုက်သည် “ကုန်းဝ ဆီက ကြားသလောက်ဆိုရင် ဂိုဏ်းချုပ်ကျွင်းသာ ရောက်မလာရင် မနေ့က ဆိုးရွားတာတွေ ဖြစ်ကုန်နိုင်တယ်တဲ့။ ကျေးဇူးပါပဲ”
ကျွင်းချောင်ရှောင်းသည် အော်ငိုချင်စိတ်ပင် ပေါက်သွားမိ၏။ ဦးလေး ကျေးဇူးတင်ချင်ရင်လည်း အေးအေးသက်သာ တင်လို့ရပါတယ်။ ဘာလို့ အလန့်တကြားထအော်ရတာလဲ။
“သွား ..သွား… သွားတော့”
ကျွင်းချောင်ရှောင်းသည် အမြန်ဆုံး သုတ်ခြေတင်လာခဲ့သည်။ သူ၏ ပြင်ဆင်လျက်ရှိသော ရွက်သင်္ဘောကြီးမား ရောက်ချိန်မှ စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။ သူ သေမတတ် စိုးရွံ့နေမိသည်။
“လက်ခံသူမှ မခိုးတာ … ဘာကိုစိုးရွံ့နေတာလဲ”
“ချီးတဲ့မှ .. မင်း ဒီလိုပြောနိုင်သေးတယ်ပေါ့”
……
အရာအားလုံး ရှင်းလင်းသွားပေသည်။ ကောင်းကင်လက်ဝါးရိုက်ချက်၊ နှလုံးသားအလင်းကျမ်းစာ ၊ အရိပ်တစ်ထောင် ကိုယ်ပွားကျမ်း .. တို့အားလုံးသည် ဦးလေးကု ဆီမှ ခိုးယူခဲ့သော အရာများ ဖြစ်လို့နေ၏။
သိုးအိမ်ထဲသွားနေရင်း သိုးအရေခွံခိုးခွာနေသလို ခံစားချက်မျိုး ကျွင်းချောင်ရှောင်းက ရရှိနေသည်။ ထို့ကြောင့် အာခေါင်ခြောက်သည်အထိ စနစ်အား မရပ်မနား ဆဲဆိုနေမိသည်။
“ဟင်း ….”
လီချင်းယန် နှင့် တခြားသူများသည် ခေါင်းကိုသာ ခါယမ်းနေမိ၏။
ဂိုဏ်းချုပ်သည် တစ်ယောက်တည်း ဆဲဆိုလျက်ရှိနေသည်။
“ဟုတ်ပြီ။ ဟုတ်ပြီ”
စနစ်က ပြောလိုက်၏ “ငါမှားတာပါ။ ဟုတ်ပြီလား”
“အစတည်းက မင်းအမှားပဲ .. ငါနဲ့ ဘာမှမဆိုင်ဘူး” ကျွင်းချောင်ရှောင်းက ထအော်လိုက်သည်။
အထက်နယ်မြေ၏ အထူးတာဝန် (၁) ကို ပြည့်စုံစေသောကြောင့် နှလုံးသားအလင်းကျမ်းစာ နှင့် ကောင်းကင်လက်ဝါး ရိုက်ချက်တို့ကို ရရှိခဲ့၏။
သီးခြားတာဝန်ကို ပြည့်စုံစေသည့်အတွက် အရိပ်တစ်ထောင် ကိုယ်ပွားနည်းစနစ်ကို ရရှိခဲ့သည်။
ထို့အပြင် ယခုသီခြားတာဝန်ကို ထပ်မံပြည့်စုံပြီးနောက် ဆေးနည်းတစ်ခုကို ရရှိခဲ့ပြန်သည်။ အားလုံးတို့သည် သူ ဂိုဏ်းစုဆောင်းမှတ်၊ ဂိုဏ်းဂုဏ်သိက္ခာမှတ်များနှင့် လဲလှယ်ခဲ့သောအရာများ မဟုတ်ချေ။ ထို့ကြောင့် အပြစ်ကင်းစင်သည်ဟု သတ်မှတ်ရပေမည်။
“ပြိုင်စံရှားဂိုဏ်းရဲ့ သိုင်းနည်းစနစ်တွေကို ဦးလေးကု သိလို့မဖြစ်ဘူး။ မဟုတ်ရင် နာပြီပဲ”
ဘုန်း ….
ဘုန်း …..
ရုတ်တရက် တိုက်ခိုက်သည့်အသံများထွက်ပေါ်လာသည်။
ကျွင်းချောင်ရှောင်း လှမ်းကာ ကြည့်ရှုလိုက်ချိန်မှာတော့ ရီရှင်းချန် နှင့် ဟယ်ဝူတီတို့သည် အားရပါးရ တိုက်ခိုက်လျက်ရှိနေကြောင်း မြင်လိုက်ရ၏။
“ထပ်ပြီး ချကြပြန်ပြီ”
“ဂျုနီယာညီလေးရီ … မပင်ပန်းဘူးလား မသိဘူး”
တပည့်များသည် ဆွေးနွေးလို့နေ၏။
ဟယ်ဝူတီ၏ လက်တလော စွမ်းဆောင်ရည်သည် အလွန်ကောင်းမွန်သည်။ ထို့ကြောင့် ရီရှင်းချန် က စိန်ခေါ်ကာ အတွေ့အကြုံယူနေခြင်းပင်။
တစ်ဖက်သတ်မဟုတ်ဘဲ တစ်ယောက်စီမှ တစ်ယောက် ပညာယူနေခြင်းဟု ပြော၍ရသည်။
“ဂိုဏ်းချုပ်ကျွင်း ….”
ကုထျန်းရှင်းသည် အဝေးဆီမှရောက်ရှိလာပြီး လေထဲ၌ တိုက်ခိုက်လျက်ရှိနေသော နှစ်ယောက်ကို ကြည်ရှုကာ ချီးကျူးစကားဆိုလိုက်၏ “ဒီတပည့်တွေက တကယ်တော်တာပဲ”
သူ မြှောက်ပင့်ပြောဆိုနေခြင်းမဟုတ်ပေ။ အစစ်အမှန်ကို ပြောဆိုနေခြင်းသာ ဖြစ်သည်။
“ဦးလေးသားနဲ့ ယှဉ်ရင်တော့ လိုအပ်ချက်တွေ ရှိပါသေးတယ်” ကျွင်းချောင်ရှောင်း သည် နှိမ့်ချစွာ ပြောလိုက်၏။
“မဟုတ်ဘူး .. မဟုတ်ဘူး …”
ကုထျန်းရှင်းက ဆိုသည် “ကုန်းဝ က ငယ်ငယ်တည်းက ရတနာမျိုးစုံနဲ့ ပျိုးထောင်ခြင်းကို ခံရတာ။ မင်း တပည့်တွေကတော့ အဲလိုမဟုတ်ဘူး။ ကြိုးစားပြီး ဖြစ်တည်လာကြတာ။ တကယ်တော်တယ်”
“ဦးလေး .. မြှောက်ပေးနေပြီ”
“ဂိုဏ်းချုပ်ကျွင်း”
ကုထျန်းရှင်းက မေးလိုက်၏ “စကြဝဠာနတ်တိုက်ပွဲ ဆိုတာ ကြားဖူးလား”
“စကြဝဠာနတ်တိုက်ပွဲ ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် ခေါင်းခါယမ်းလိုက်သည် “တစ်ခါမှမ ကြားဖူးဘူး”
“ဒါကအထက်စကြဝဠာပတ်လမ်းရဲ့ အဆင့်အမြင့်ဆုံး သိုင်းပြိုင်ပွဲတစ်ခုပဲ။ နှစ်တစ်ထောင်ကို တစ်ကြိမ် ကျင်းပတယ်။ အဲအချိန်ရောက်ရင် ထိပ်တန်းပါရမီရှင်တွေ ရောက်လာပြီး ပြိုင်ဆိုင်ကြတယ်။ စကြဝဠာရဲ့ နံပါတ် (၁) ပါရမီရှင် ဆိုသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်လိမ့်မယ်” ကုထျန်းရှင်းက ရှင်းပြလိုက်၏။
“…….”
ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်သည် “နဂါးကျား တိုက်ပွဲလိုပါပဲလား”
ကုန်းရှန့်သည် ပါရမီရှင်တွေကြား ပြိုင်ပွဲဆိုသည်များကို ဂရုမစိုက်တတ်ပေ။ သူသည် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သောကြောင့် ထိုပြိုင်ပွဲများကိုလည်း ဝင်ပြိုင်၍မရချေ။
“မင်းတပည့်တွေရဲ့ ပင်ကိုယ်စွမ်းရည်တွေက မဆိုးဘူး။” ကုထျန်းရှင်းက ပြောလိုက်သည် “သူတို့ကို ဝင်ပြိုင်ခိုင်းရင် ငါတို့ တိမ်ပြာစကြဝဠာပတ်လမ်းအတွက် ရလာဒ်ကောင်းတွေ ယူဆောင်လာနိုင််မယ်ထင်တယ်”
“ထိပ်တန်းပါရမီရှင်တွေ အကုန်နီးပါး လာမှာလား”
“အမှန်ပဲ”
ကုထျန်းရှင်းသည် ပြန်လည် စဉ်းစားရင်းမှ ပြောလိုက်၏ “နောက်ဆုံးအကြိမ် စကြဝဠာပြိုင်ပွဲတုန်းကဆိုရင် လူတစ်သန်းလောက်တောင် ဝင်ပြိုင်တယ်”
“တစ်သန်းလား”
ကျွင်းချောင်ရှောင်းသည် မျက်လုံးပင် ပြူးသွားမိသည်။ အရေအတွက်မှာ ကြောက်မက်ဖွယ်ရာပင် ။
“ဒါကတော်သေးတယ်”
ကုထျန်းရှင်းက ထပ်ပြောလိုက်၏ “ပထမအကြိမ် စကြဝဠာနတ်တိုက်ပွဲမှာတုန်းက ဝင်ပြိုင်သူ ဆယ်သန်းကျော်တယ်တဲ့”
“…..” ကျွင်းချောင်ရှောင်းသည် မူးနောက်နောက်ပင် ဖြစ်လို့သွားသည်။ ပါရမီရှင်များသည် ဂ္ဂင်္ဂါမြစ်မှ သဲမှုန်ထက်ပင် များလို့နေသည်။
“ငါ့သားကို အဲပြိုင်ပွဲမှာ ဝင်ပြိုင်ခိုင်းဖို့ အစီအစဉ်ရှိတယ်။ သူ ရလာဒ်ကောင်းကို မယူနိုင်ရင်တောင်မှ လေ့ကျင့်ပြီးသား ဖြစ်တာပေါ့။ ထိပ်ဆုံး ၁၀၀ စာရင်းထဲ ကံကောင်းလို့ ဝင်မယ်ဆိုရင် စကြဝဠာရဲ့ မူလစွမ်းအင် ကောင်းချီးကို ခံစားရပြီး နတ်ဘုရားအဆင့်ကိုတောင် လှမ်းတက်နိုင်လောက်တယ်” ကုထျန်းရှင်းသည် တွေးတွေးဆဆဖြင့် ပြောလိုက်၏။
“စကြဝဠာရဲ့ မူလ စွမ်းအင် ကောင်းချီးဟုတ်လား” ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွားသည်။
“ကောင်းကင်လက်ဝါးရိုက်ချက် ….”
ထိုအချိန်မှာပဲ ရီရှင်းချန် နှင့် ဟယ်ဝူတီတို့၏ တိုက်ပွဲသည် အရှိန်အမြင့်ဆုံးသို့ရောက်ရှိလာသည်။ ၎င်းတို့သည် သိုင်းနည်းစနစ်များကို ထုတ်ဖော်ရင်းမှ မလုံလောက်တော့သောကြောင့် ကောင်းကင်လက်ဝါးရိုက်ချက်ကိုပါ ထုတ်သုံးကြတော့၏။
စကြဝဠာ၏ မူလစွမ်းအင် ကောင်းချီးအကြောင်း စဉ်းစားလျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။ “သောက်ကျိုးနည်း ….”