အခန်း ၁၇၅၀
Vol. 118 Ch. 1750
အပိုင်း (၁၇၅၀)
ကုထျန်းရှင်း၏ မျက်လုံးအကြည့်များသည် ကုန်းရှန့်နှင့် ဆွေးနွေးနေရာမှ ရီရှင်းချန် နှင့် ဟယ်ဝူတီတို့ဆီ ရောက်ရှိသွားသည်။
အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် ၎င်းတို့တိုက်ခိုက်နေသည်ကို တားမြစ်ရန် စဉ်းစားလိုက်သေး၏။ သို့ပေမဲ့ စကြဝဠာနတ်တိုက်ပွဲကြီးအကြောင်းကို ပြောဆိုရင်း မေ့လျော့သွားခဲ့၏။
“ဟုတ်တယ်”
ကုထျန်းရှင်းသည် ခေါင်းညိတ်ကာ ပြောလိုက်သည် “မင်းတပည့်နှစ်ယောက်ရဲ့ ကောင်းကင်လက်ဝါးရိုက်ချက်အပေါ် နားလည်မှုက ပြည့်စုံတဲ့အဆင့်ကိုတောင် ရောက်နေပြီ။ သူတို့က တကယ့်ကို တော်တဲ့ လူငယ်မျိုးဆက် ……”
ပြောနေရင်းမှာပဲ သူသည် ရပ်တန့်သွား၏။ ပြီးနောက် ကျွင်းချောင်ရှောင်းအား မျက်လုံးအပြူးသားနှင့် လှမ်းကြည့်လိုက်မိ၏။
သူတို့ …. သူတို့ ဘယ်လိုလုပ် ကောင်းကင်လက်ဝါးရိုက်ချက်ကို သိနေရသနည်း။
“ဂိုဏ်းချုပ်ကျွင်း ….”
ကုထျန်းရှင်းသည် ထွက်ပြေးရန် ကြိုးစားနေသည့် ကုန်းရှန့်အား အသာလှမ်းဖမ်းပြီး အေးစက်စက် မေးလိုက်၏ “ဒါ ဘယ်လိုအခြေအနေမျိုးလဲ”
“အင်း … အမ်း ….”
“ကောင်းတယ်”
ကုထျန်းရှင်းသည် ကုန်းရှန့်အား ရှေ့သို့ အသာဆွဲကာဖြင့် ဒေါသတကြီးပြောလိုက်သည် “လျှို့ဝှက်ကျမ်းကို ခိုးတာ မင်းကိုး….”
“ဦးလေး”
ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏ “ကျုပ် မခိုးပါဘူး”
“ဒါဆို မင်းတပည့်တွေ ဘယ်လိုတတ်လဲ”
“ဒါက…..”
တွန့်ဆုတ်နေသည်ကို မြင်တော့ ကုထျန်းရှင်းသည် ကုန်းရှန့်အား လေပေါ်သို့ ဆွဲမြှောက်လိုက်သည်။ ရေတွက်၍မရအောင် များပြားသော သူ့မိန်းမ၏ ရိုက်နှက်မှုများကို ပြန်လည် စဉ်းစားပြီးသည့်နောက် ဒေါသတရားများကို မည်သို့မှ မထိန်းနိုင်တော့ချေ။ “ချီးထုတ် … မင်းတော့နာပြီ”
“ဦးလေး နားထောင်ပါအုံး…”
“ဘုန်း …ဘုန်း …”
ကျွင်းချောင်ရှောင်းသည် အားရပါးရ ရိုက်နှက်ခြင်းကို တစိမ့်စိမ့် ခံနေရလေသည်။
“ဟမ်”
တိုက်ခိုက်နေကြသော ရီရှင်းချန် နှင့် ဟယ်ဝူတီတို့သည် သူတို့၏ဂိုဏ်းချုပ်ကို အားရပါးရ ဆော်နေသော ကုထျန်းရှင်းကို ကြည့်ရင်း အံ့အားသင့်မိနေကြ၏ “ဂိုဏ်းချုပ်ကတော့ ဒီလိုလူမျိုးကိုတောင် စိန်ခေါ်ရဲတယ်။ အာဂပဲ”
လက်သည်ကို တွေ့ရှိခဲ့ပြီဖြစ်သည်။ ကောင်းကင်လက်ဝါးရိုက်ချက် အား ဤခွေးသူတောင်းစား ခိုးယူခဲ့ခြင်းသာ ဖြစ်လေသည်။
“ပြောစမ်း”
နှစ်နာရီလောက် ရိုက်နှက်ပြီးတာတောင်မှ ကုထျန်းရှင်းသည် စိတ်မပြေသေးချေ။ ကုန်းရှန့်၏ အင်္ကျီစကို ကိုင်ကာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူ့အတွက် အလွန်ခက်ခဲခဲ့သည်။ လုံးဝ မလွယ်ကူခဲ့ချေ။ နှစ်ပေါင်းများစွာ တရားခံအဖြစ် ယိုးစွပ်ခံရရုံသာမက ကြီးကြီးမားမား လည်း ရိုက်နှက်ခံခဲ့ရသေးသည်။
ကျွင်းချောင်ရှောင်းမှာတော့ တကယ်တမ်း ခိုးယူခဲ့သူမဟုတ်လျှင်တောင်မှ သူခိုးလက်ခံဖြစ်သည်။ ထို့ကြောင့် ရိုက်နှက်ခံရသင့်၏။
“ဦးလေး ….”
ကျွင်းချောင်ရှောင်းသည် ရောင်ကိုင်းလျက်ရှိနေသော မျက်နှာဖြင့် ပြောလိုက်သည် “ဒီသိုင်းနည်းစနစ်က ဂိုဏ်းက လက်ဆင့်ကမ်းလာတာပါ”
သူသေရမည်ဆိုလျှင်တောင်မှ ခိုးခဲ့သည်ဟု ဝန်ခံ၍မဖြစ်ချေ။
“ဘယ်သူက လက်ဆင့်ကမ်းခဲ့တာလဲ”
“သက်တန့်ရောင် သူတော်စင်ပါ”
ဘုန်း ..ဘုန်း …။
ကုထျန်းရှင်းသည် ကုန်းရှန့်အား မြေပေါ်သို့ ဖိချပြီး ထပ်မံရိုက်နှက်ပြန်သည် “ငါ့ကို အရူးထင်နေတာလား”
သက်တန့်ရောင်သူတော်စင်သည် ဒဏ္ဌာရီလာ ပုဂ္ဂိုဟ်တစ်ပါးဖြစ်သည်။ ထိုကဲ့သို့သောသူမျိုးသည် ပြိုင်စံရှားဂိုဏ်းနှင့် သက်ဆိုင်နေသည်ကို သူမည်သို့မှ မယုံပေ။
ဤအရာသည် သာမာန်သာဖြစ်၏။
ဟယ်ဝူတီသည်လည်း ပထမတုန်းက မယုံခဲ့ပေ။
သို့ပေမဲ့ ဂိုဏ်းထဲသို့ရောက်ပြီး သက်တန့်ရောင်စဉ်ကျမ်းကို နားလည်ပြီးချိန်မှာတော့ ရွေးချယ်ခွင့်မရှိဘဲ ယုံကြည်ခဲ့ရသည်။ လောကကြီးတွင် တစစီဖြစ်နေသော သက်တန့်ရောင်စဉ်ကျမ်း ခုနှစ်ခုကို မည်သူက တစ်စုတစည်းထဲ စုစည်းထားနိုင်မည်နည်း။
“ဖေဖေ”
ထိုအချိန်မှာပဲ ကုကျောင်းရှစ်သည် အဝေးဆီမှ ပြေးလာခဲ့သည်။ ဂိုဏ်းချုပ်ကျွင်း တစ်ယောက် ရိုက်နှက်ခံနေရသည်ကို မြင်ချိန်မှာတော့ သူသည် အလောတကြီးဖြင့် အော်ဟစ်လိုက်သည် “မရိုက်ပါနဲ့တော့။ မရိုက်ပါနဲ့တော့”
ဂိုဏ်းချုပ်ကျွင်းသာ သေဆုံးသွားလျှင် သူ တောင်ပင်လယ်နယ်မြေကနေ ဘယ်လိုထွက်ခွာရတော့မည်နည်း။
ချီးကျူးဖွယ်ရကောင်းသော အဖေတစ်ယောက်၏ ဟန်ပန်အမူအရာမျိုးကို ထိန်းသိမ်းသည့်အနေဖြင့် ကုထျန်းရှင်းသည် ကျွင်းချောင်ရှောင်းအား ခပ်ဝေးဝေးတည်နေရာသို့ လှမ်းပစ်လိုက်၏ “ဂိုဏ်းချုပ်ကျွင်း .. မင်းငါ့ကို ဖြေရှင်းချက် ကောင်းကောင်းပေးဖို့ မျှော်လင့်တယ်”
“အား ….”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည် “ကျုပ်ခါး .. ကျုပ်ခါး ….”
………
“မိန်းမ …. သူ လျှို့ဝှက်ကျမ်းကို ခိုးတာပဲ။ ယောက်ျားနဲ့ ဘာမှမဆိုင်ဘူး”
သူသည် တလျှောက်လုံး တရားခံအဖြစ် ယိုးစွပ်ခံရသည့် ကိစ္စအား ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။ ရိုးသားလွန်းပြီး လိမ်မာလွန်းသော ကုထျန်းရှင်းသည် ရင်ကော့ကာဖြင့် ကုန်းရှန့်အား လက်ညိုးထိုးလိုက်သည်။
“ဂိုဏ်းချုပ်ကျွင်း”
ကုထျန်းရှင်း၏ မိန်းမသည် တည်ကြည်သော မျက်နှာဖြင့် မေးမြန်းလိုက်၏ “ဘာဖြစ်တာလဲ”
“အဒေါ်”
ကျွင်းချောင်ရှောင်းသည် သူ၏ ရောင်ကိုင်းနေသော မျက်နှာအားအသာဖုံးအုပ်ပြီး ပြောလိုက်သည် “ကောင်းကင်လက်ဝါးရိုက်ချက်က ပြိုင်စံရှားဂိုဏ်းရဲ့ အဆက်ဆက် ဆင်းသက်ခဲ့တဲ့ သိုင်းနည်းစနစ်ပါ။ ဦးလေးက ကျုပ်ခိုးတယ်လို့ ပြောနေတယ်။ ကျုပ်က အပြစ်ကင်းပါတယ်”
“ချီးကို အဆက်ဆက် ဆင်းသက်လာတာလား”
ကုထျန်းရှင်းသည် ဒေါသတကြီးပြောလိုက်သည် “ဒါကို ငါ ဖန်တီးထားတာကွ”
အပြင်ဘက်မှ ရယူထားသော သိုင်းနည်းစနစ်ဆိုလျှင် ဂိုဏ်းချုပ်ကျွင်းပြောသည်ကို သူ လက်ခံနိုင်သေးသည်။ ယခုက သူ ဖန်တီးထားသည့် သိုင်းနည်းစနစ်ဖြစ်၏။
“ကလေး …”
ကုကုန်းဝ၏ အမေက ပြောလိုက်သည် “ဖြည်းဖြည်းပြော”
ကုထျန်းရှင်းသည် သွေးအန်လုမတတ် ဖြစ်နေ၏။
သိုင်းကျမ်းပျောက်စဉ်က သူ့အား ရှင်းပြခွင့်ပင်မပေးဘဲ အားရပါးရ ရိုက်နှက်ခဲ့သည်။ ဤအကောင်ကိုကျတော့ ‘ကလေး .. ဖြည်းဖြည်းပြော’ ဟု ပြောဆိုလျက်ရှိသည်။
“ဦးလေး”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏ “လျှို့ဝှက်သိုင်းကျမ်းကို ဦးလေး ဖန်တီးခဲ့တယ်ဆိုတော့ ဒီနည်းစနစ်ကို ပြည့်စုံအောင် ကျွမ်းကျင်ဖို့ ဘယ်လောက် အချိန်ယူခဲ့လဲ”
“အနည်းဆုံး နှစ်တစ်ရာပေါ့”
“လျှို့ဝှက်သိုင်းကျမ်းပျောက်တာ ဘယ်လောက်ကြာပြီလဲ”
“…….”
ကုထျန်းရှင်းသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
“နှစ်အနည်းငယ်လောက် ရှိပြီ” ကုကျောင်းရှစ် အမေက ဝင်ကာ ဖြေဆိုလိုက်၏။
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်း က ပြောလိုက်သည် “နှစ်တစ်ရာလောက် နားလည်ဖို့ အနည်းဆုံးလိုတဲ့ သိုင်းနည်းစနစ်ကို ပြိုင်စံရှားဂိုဏ်းသားတွေက ပြည့်စုံတဲ့အဆင့်ထိ ထုတ်ဖော်နေနို်ငတယ်ဆိုရင် သူတို့ ဘယ်လောက် အချိန်ယူရမလဲ”
“ဟုတ်တယ်။ သူတို့ နှစ်အနည်းငယ်နဲ့ မကျွမ်းကျင်နိုင်ဘူး”
ကုကျောင်းရှစ်၏ အမေသည်ကလည်း စွမ်းအားမြင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်လက်ဝါးရိုက်ချက် ကို ကျင့်ကြံဖို့ မည်မျှ ခက်ခဲမည်ဆိုသည်ကို ကောင်းကောင်းနားလည်၏။ ချွင်းချက်မဲ့ ပါရမီရှင် ဆိုလျှင်ပင် နားလည်ရန် ဆယ်စုနှစ် အနည်းငယ် ကြာမြင့်ပေလိမ့်မည်။
တခြားသူများအတွက် ဆယ်စုနှစ်တစ်ခုစာ ကြာမည်ဆိုလျှင် အချိန်နှင့် တည်နေရာ တည်ရှိနေသောကြောင့် ပြိုင်စံရှားဂိုဏ်းသားများအတွက် မကြာပေ။
“နာမည်ရော ၊ တိုက်ကွက်ရောက တူတူပဲ”
ကုထျန်းရှင်းသည် ဒေါသတကြီး ပြောလိုက်သည် “ဒါကိုရော ဘယ်လို ရှင်းပြမှာလဲ”
“ဦးလေးကု အစောတုန်းကတင် ပြောသေးတယ်မဟုတ်လား။ စကြဝဠာနတ်တိုက်ပွဲ ဆိုတာကို။ အဲလို တိုက်ပွဲမျိုးမှာ တူညီတဲ့နာမည်၊ တူညီတဲ့ သိုင်းနည်းစနစ်နဲ့ နိယာမတွေ ရှိနေနိုင်မှာပဲ မဟုတ်လား။ လောကမှာ ရှိနေတဲ့ သိုင်းကျင့်ကြံသူတွေဆိုတာ တူညီတဲ့ ရည်မှန်းချက်တစ်ခုဆီ သွားနေကြတာပဲ။ ဘယ်လောက်ပဲ ပြောင်းလဲတတ်တယ် ဆိုဆို တူညီတဲ့နိယာမနဲ့ တူညီတဲ့နာမည် ရှိတဲ့ သိုင်းနည်းစနစ်ကို ပြိုင်တူ ဖန်တီးမိတယ် ဆိုတာ ဖြစ်တတ်ပါတယ်” ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ရှင်းပြလိုက်၏။
“ချီးတဲ့မှ”
စနစ်သည် သက်ပြင်းချလိုက်သည် “ငါ မင်းကို တကယ်ပဲ ချီးကျူးမိတယ်”
“ဂိုဏ်းချုပ်ကျွင်းပြောတာ အဓိပ္ပာယ်ရှိတယ်” ကုမေမေက ဝင်ပြောလိုက်၏။
ကုထျန်းရှင်းသည် ဒေါသတကြီး ထအော်လိုက်သည် “ပေါက်ပန်းလေးဆယ်တွေ”
ကုထျန်းရှင်းသည် ကျွင်းချောင်ရှောင်း လိမ်ညာနေခြင်း ဖြစ်ကြောင်း ကောင်းကောင်းသိသည်။ သို့ပေမဲ့ ဘေးတစ်ဖက်တွင် ရှိနေသော သူ၏ မိန်းမသည် ရုတ်တရက် လှည့်ကြည့်ကာ မေးမြန်းလာသည် “ရှင် … ဂိုဏ်းချုပ်ကျွင်းကို တရားခံ ရှာနေတာ မဟုတ်လား”
“မဟုတ်ဘူး … လုံးဝမဟုတ်ဘူး”
ထိုအရာကို မြင်တော့ ကျွင်းချောင်ရှောင်းသည် ဝမ်းနည်းအားငယ်သည့် လေသံဖြင့် ပြောလိုက်သည် “ကျုပ် က အပြစ်ကင်းစင်ပါတယ်”
“ကလေး”
ကုမေမေက ပြောလိုက်သည် “မပူနဲ့။ အဒေါ် မင်းအတွက် တရားမျှတမှုကို ရှာပေးမယ်”
ပြီးနောက် သူမသည် ကုထျန်းရှင်း၏ နားရွက်ကို ဆွဲကာ ပြောလိုက်၏ “ရှင် အိမ်ကို အခုလိုက်ခဲ့”
“မဟုတ်ဘူး … မဟုတ်ဘူး မိန်းမ”
“ဒီကောင်လေးက လျှို့ဝှက်သိုင်းကျမ်း ခိုးတာ သေချာတယ်။ ဘာလို့ ငါ့လာ အပြစ်တင်နေရတာလဲ”
ကုထျန်းရှင်းသည် အလွန်အားကောင်းလှသည် ဆိုသော်လည်း သူ၏ မိန်းမ ရှေ့တွင်တော့ လိမ်မာသည့် ယောက်ျားတစ်ယောက်သာလျှင် ဖြစ်လေသည်။
ဘုန်း ….
ဘုန်း ….
“အား …..”
ဦးလေးကု ထပ်မံရိုက်နှက်ခံနေရသည်ကို ကြားရပြီးနောက် ကျွင်းချောင်ရှောင်းသည် သူ၏ မျက်နှာကို ဖုံးကာ ကာဖြင့် ထွက်ပြေးလေတော့သည်။ “တော်သေးတယ် … သေတော့မလို့ပဲ”
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ ကျန်းတယ်ကျွင်းသည် အသံပို့လွှတ်လိုက်၏ “ရွက်သင်္ဘောကို ပြင်ပြီးပြီ”
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားသည်။ သူသည် ဆေးဥယျာဉ်ထဲ၌ ရေဖြန်းလျက်ရှိနေသော ကုကျောင်းရှစ်ကို လှမ်းကြည့်ကာ အော်လိုက်သည် “ညီလေး .. သွားရအောင်”
“တကယ်လား”
ကုကျောင်းရှစ်သည် လက်ထဲရှိ ရေဗုံးကို ပစ်လွှတ်ကာ ပြောလိုက်၏ “ခဏ … ပြန်လာခဲ့မယ်”
“မင်းအမေ .. မင်းအဖေကို ရိုက်နေတယ်။ ခုချိန်ကအချိန်ကောင်းပဲ မြန်မြန်လုပ်”
“အခု ပြန်လာမယ်”
ကုကျောင်းရှစ်သည် တည်ငြိမ်နှလုံးသား ရေကန်ဆီသို့ ပြေးလေသည်။
……….
ဆယ်မိနစ် ကြာမြင့်ပြီးနောက် …..
ပြန်လည်ပြင်ဆင်ပြီးသော ရွက်သင်္ဘောကြီးသည် ကောင်းကင်ယံသို့ တက်သွားသည်။ ပြီးနောက် အလင်းတန်းတစ်ခု အဖြစ် အသွင်ပြောင်းကာ တောင်ပင်လယ် နယ်မြေဆီမှ ပျောက်ကွယ် ထွက်ခွာသွားလေသည်။
“ဟမ်”
ကုထျန်းရှင်း၏ နားရွက်ကို ဆွဲလျက်ရှိသော ကုမေမေသည် အခန်းထဲမှ လျှောက်ထွက်လာပြီးနောက် မျက်မှောင်ကုတ်ကာ ပြောလိုက်၏ “ဒီကလေး နှုတ်မဆက်ဘဲ ထွက်သွားတာလား”
“ချီးတဲ့မှ …. ဒါ ထွက်သွားတာ။ ထွက်ပြေးတာကွ”
နေဦး….။
ကုထျန်းရှင်းသည် ရုတ်တရက် ထခုန်ပြီး သူ၏ ဆေးဥယျာဉ်ဆီ လှမ်းကြည့်လိုက်သည်။ ပြီးနောက် ချက်ချင်းပဲ ဒေါသတကြီးထအော်လိုက်တော့သည် “ခွေးကောင် … မင်း ငါ့ ဆေးပင်တွေကိုပါ ခိုးသွားတယ်ပေါ့ဟုတ်လား”