အခန်း ၁၇၅၁
Vol. 118 Ch. 1751
အပိုင်း (၁၇၅၁)
ကျွင်းချောင်ရှောင်းသည် သူ၏ညီငယ်လေး၊ ခယ်မတို့နှင့်အတူ အောင်မြင်စွာ ထွက်ပြေးသွားခဲ့၏။ သို့ပေမဲ့ ကုထျန်းရှင်း တယုတယနှင့် စိုက်ပျိုးခဲ့သော သဘာဝရတနာ ဆေးပင်များသည် မရှိတော့ချေ။ ဤအရာ၏ တရားခံသည် ကုန်းရှန့်ဖြစ်သည်ဟု အားလုံးက ထင်မှတ်မိမှာ သေချာ၏။ ထို့ပြင် ၎င်း၌ တရားခံမှတ်တမ်းကလည်း တည်ရှိနေသည် မဟုတ်ပါလား။
သို့ပေမဲ့ အစစ်အမှန် တရားမှာတော့ သဘဝရတနာများကို ယူဆောင်ခဲ့သူမှာ ကုကျောင်းရှစ်သာလျှင် ဖြစ်တော့၏။ နှစ်အနည်းငယ်အတွင်းမှာပဲ သူသည် ဆေးပင်များကို ရေလောင်းခြင်း၊ စိုက်ပျိုးခြင်းများကို သူ့အဖေကိုကူကာ ပြုလုပ်ခဲ့ရ၏။ ထို့ကြောင့် ဤဆေးပင်များနှင့် ပတ်သက်၍ ရင်းနှီးသည့် ခံစားချက်များ ရရှိနေ၏။ ထို့ကြောင့်ပင်လျှင် သိုလှောင်လက်စွပ်ထဲသို့ အားလုံးကိုထည့်ကာ ယူဆောင်လာခဲ့ခြင်းပင်။ မိသားစုထဲတွင် ရှိနေသော သူခိုးအား စောင့်ကြည့်ရန်မှာ မဖြစ်နိုင်ချေ။
ကျွင်းချောင်ရှောင်းအတွက်မှာတော့ နှစ်နာရီတိတိ ကုထျန်းရှစ်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် သူသည် ဦးခေါင်းကို မြည်းကန်ခံရသည်သာ မဟုတ်ပါက ထပ်မံကာ ခိုးယူရဲလိမ့်မည် မဟုတ်ချေ။
"အဖေ ဒါတွေအားလုံးကို ကျုပ်သေသေချာချာနဲ့ ဂရုစိုက်ထားပါမယ်"
ကုကျောင်းရှစ်သည် ရွက်သင်္ဘောပေါ်တွင် ရပ်လျက် ရှိနေပြီး တရွေ့ရွေ့ဝေးကွာနေသော တောင်ပင်လယ် နယ်မြေကိုလှမ်းကာ ကြည့်ရှုလျက် ရှိနေပြီး မျက်လုံးထဲတွင် မျက်ရည်အဝိုင်းသားနှင့် ဖြစ်လို့နေ၏။ သူနေထိုင်ခဲ့သည့် ဘဝများတွင် မိဘများ၏ ချစ်ခြင်းကို ရရှိခဲ့သည်မှာ ဤဘဝတစ်ခုသာလျှင် ရှိ၏။ ထို့ကြောင့် ခွဲခွာရခြင်းသည် သူ့အား ဝမ်းနည်းရစေသည်။
"ညီငယ်လေး"
ကျွင်းချောင်ရှောင်းသည် လှမ်းလျှောက်လာပြီးသည့်နောက် ပခုံးကို လှမ်းပုတ်ကာ ပြောလိုက်၏။ "လင်းယုန်ငယ်လေးတွေ ဆိုတာက ငယ်ငယ်ရွယ်ရွယ်မှာပဲ အသိုက်ကနေ စွန့်ပြီးတော့ ပျံသန်းကျရတယ်လေ။ "
ကုကျောင်းရှစ်သည် မျက်ရည်များကို သုတ်ကာဖြင့် အသက်ပါစွာ ပြုံးလိုက်သည်။ "ကျေးဇူးပါပဲ ဂိုဏ်းချုပ်ကျွင်း"
"ဂိုဏ်းချုပ်ကျွင်းလို့ မခေါ်နဲ့တော့။ ဟန်ဆောင်မနေနဲ့တော့ အကြီးအကဲကု"
…..............
ကုထျန်းရှင်းသည် ဆေးပင်အခိုးခံရပြီးနောက် သတိဝင်ကာ ပြောလိုက်၏။
"ငါတို့သား ဘယ်ရောက်သွားတာလဲ"
"သူ ဂိုဏ်းချုပ်ကျွင်းနဲ့ လိုက်သွားပြီလေ" ကုကျောင်းရှစ်အမေသည် ပြောလိုက်၏။
ကုထျန်းရှင်းသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "အရမ်းကောင်းတယ်။ ငါ့ရဲ့ သဘာဝရတနာတွေကို ခိုးယူရုံသာမကပဲ ငါ့သားကိုပါ ခေါ်သွားတယ်ပေါ့။ သူအသက်ရှင်ရတာ ပျင်းနေပြီထင်တယ်။ ပြီးတော့ မင်းသူ့ကို ဘာလို့ မတားဆီးရတာလဲ "
"ကျွန်မတို့ရဲ့သားက အတိတ်ဘဝတုန်းက ပြိုင်စံရှားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်လေ။ သူ့ရဲ့ ဂိုဏ်းချုပ်က သူ့ကို လာရှာတာ ဘာလို့တားဆီးရမှာလဲ"
"အင်း …ဟုတ်သားပဲ"
ကုထျန်းရှင်းသည် သူ၏နဖူးကို ပိတ်ရိုက်ကာဖြင့် ပြောလိုက်၏။ "ဒါကို ငါမေ့တော့မလို့ပဲ"
တကယ်တမ်းမှာတော့ သူတို့သည် ကုကျောင်းရှစ်၏ အတိတ်ဘဝကို သိရှိပြီးဖြစ်ကြသည်။ တိတိကျကျ ပြောရလျှင် သူတို့၏ ကလေးသည်လည်း ဝန်ခံထားခဲ့ပြီးဖြစ်သည်။
"တောင်ပင်လယ်နယ်မြေက အထက်နယ်မြေနဲ့ အရမ်းကိုဝေးတယ်"
ကုန်းဝ၏ အမေက ပြောလိုက်၏။ "ကြယ်တာရာ စိတ်ဝိညာဉ်လောကက ရွက်သင်္ဘောကြီးကို သုံးပြီးလာမယ် ဆိုရင်တောင်မှ ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ဒီကိုရောက်လာဖို့ လောင်စာ တော်တော်များများကို အသုံးပြုခဲ့ရမှာလေ။ ဒါက ကျုပ်တို့သားကို ဘယ်လောက်အထိ သူဂရုစိုက်တယ်ဆိုတာ ပြသနေတာပဲ "
ကုထျန်းရှင်းသည် တစ်စုံတစ်ခုကို တွေးတောကာ ပြောလိုက်မိသည်။ "ငါတို့သားက ကောင်းကင်လက်ဝါးရိုက်ချက်ကို မြန်မြန်ဆန်ဆန်နဲ့ တတ်ကျွမ်းနေတာ အံ့ဩစရာ မဟုတ်တော့ဘူး။ သူက အရင် ပြိုင်စံရှားဂိုဏ်းမှာ ကတည်းက ဒါကို နားလည်နေခဲ့တာပဲ "
ပြောပြီးသည့်နောက် သူသည် တိတ်ဆိတ်သွား၏။ ဤကောင်းလေးသည် ကောင်းကင် လက်ဝါးရိုက်ချက်ကို သင်ယူနိုင်သည်သာမက နှလုံးသားအလင်းကျမ်းစာနှင့် အရိပ်တစ်ထောင် ကိုယ်ပွားနည်းစနစ်တို့ကိုလည်း တတ်ကျွမ်းနေသေး၏။ ထိုသို့ဆိုလျှင် ………
"ခွေးကောင်"
ကုထျန်းရှင်းသည် ကောင်းကင်ကိုကြည့်ကာ အော်ဟစ်လိုက်၏။ "မင်းငါ့ဆီကနေ သိုင်းနည်းစနစ် ဘယ်လောက်များများကို ခိုးထားတာလဲ"
ဆွစ်
ရုတ်တရက် တောင်ပင်လယ် နယ်မြေဆီမှ နယ်မြေအရှင်သည် ရောက်ရှိလာ၏။ သူသည် စာတစ်စောင်ကို ထုတ်ယူကာ ဒေါသတကြီး ပြောလိုက်သည်။ "ခင်ဗျားသားက ကျုပ်သမီးကို ခိုးပြေးသွားပြီ"
"ဘာ"
ကုထျန်းရှင်းသည် ဆွံ့အသွားမိခဲ့၏။ သူတို့သည် ဤနှစ်ယောက်ကို စေ့စပ်ထားပြီးသား ဖြစ်၏။ မိဘများသည် မငြင်းပယ်ကျချေ။ အဘယ့်ကြောင့် ခိုးပြေးရသနည်း။
"ဘာကိုစောင့်နေတာလဲ"
တောင်ပင်လယ်၏ နယ်မြေအရှင်က အော်ဟစ်လိုက်၏။ "သူတို့နောက်ကို လိုက်ရမယ်"
"စိတ်မပူပါနဲ့ ခမည်းခမက်"
ကုန်းဝ၏ အမေက ပြောလိုက်သည်။ "ကုန်းဝနဲ့ လင်းအာ တို့က ဒီတစ်ကြိမ် ထွက်ခွာသွားတယ်ဆိုတာ အတွေ့အကြုံ ယူဖို့ပဲလေ။ ဒါမှ အနာဂတ်မှာ တစ်ယောက် နဲ့ တစ်ယောက် ကောင်းမွန်တဲ့ ခံစားချက်တွေ တည်ဆောက်နိုင်မှာ မဟုတ်လား။ "
ကုထျန်းရှင်းအနေဖြင့် ကျွင်းချောင်ရှောင်းကို သတိမပြုမိချေ။ အဘယ့်ကြောင့်ဆိုသော် ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ခံနေရသောကြောင့်ပင်။ သို့ပေမဲ့ ကုန်းဝ၏ အမေကတော့ တစ်လျှောက်လုံး ဂရုစိုက်ကာ ကြည့်ရှုနေခဲ့၏။ သူမသားနှင့် ချွေးမတို့၏ ဆက်ဆံရေး ပိုမိုကောင်းမွန်လာရန်အတွက် တမင်မတားဆီးခဲ့ခြင်းပင် ဖြစ်တော့သည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ကုမေမေသည် သူတို့သား ထွက်သွားသည်ကိုသာ မြင်ချင်ခဲ့၏။ တောင်ပင်လယ်နယ်မြေထဲတွင် နေထိုင်ရင်း ခံစားချက်မရှိဘဲ လက်ထပ်လိုက်ရမည်ကို သူမက မနှစ်သက်ချေ။
"ကောင်းပြီ"
တောင်ပင်လယ် နယ်မြေအရှင်သည် သူ၏သမီးနောက် လိုက်မည့် အကြံကို စွန့်လွှတ်ခဲ့၏။
"ကိုယ်နဲ့ စေ့စပ်ထားတဲ့ မိန်းကလေးကို ခိုးပြေးချင်မှတော့ ထားလိုက်ပါတော့။ ပြီးတော့ လက်ထပ်ပြီးသား မိန်းကလေးတစ်ယောက်က ယောကျာ်းလေးနောက်ကို လိုက်သွားရမှာ သဘာဝပဲမဟုတ်လား "
"ဒါ….."
ကုထျန်းရှင်းသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ပြောလိုက်၏။
"ငါမင်းကို ဆယ်နှစ်အချိန်ပေးမယ်။ ပြီးရင် စကြဝဠာ နတ်တိုက်ပွဲကို ခေါ်သွားမယ်"
"ခင်ဗျားဒါကို စဉ်းစားပြီးပြီလား"
တောင်ပင်လယ်နယ်မြေ၏ နယ်မြေအရှင်က မေးမြန်းလိုက်သည်။
“အင်း …. ကျုပ်က ဂုဏ်သိက္ခာတွေ၊ ပကာသနတွေကို မက်မောတဲ့ လူတစ်ယောက် မဟုတ်ဘူးဆိုပေမဲ့ ကျုပ်သားအနေနဲ့ အတွေ့အကြုံရဖို့တော့ လိုအပ်နေသေးတယ်လေ။ စကြဝဠာနတ်တိုက်ပွဲကိုဆိုတာက တကယ့်ကို ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခု ဖြစ်လိမ့်မယ်" ကုထျန်းရှင်းက ပြောလိုက်၏။
"ကျုပ်သိသလောက်ဆိုရင်"
တောင်ပင်လယ်နယ်မြေ၏ နယ်မြေအရှင်က ပြောလိုက်သည်။ "ပထမတန်းစား ဂြိုလ်အသီးသီးက ပါရမီရှင်တော်တော်များများ က စာရင်းပေးသွင်းထားကြတယ်။ ဒီတော့ ကျုပ်တို့ စကြာဝဠာ ပတ်လမ်းကြောင်း အတွင်းမှာတောင် နေရာတစ်ခုရဖို့ ခက်ခဲလိမ့်မယ်နဲ့တူတယ်"
"တခြားသူတွေအတွက် ခက်ခဲလိမ့်မယ်လေ"
ကုထျန်းရှင်းက ပြောလိုက်၏။ "ဒါပေမဲ့ ကျုပ်သားအတွက်တော့ နေရာတစ်နေရာစာဆိုတာ အေးအေးဆေးဆေးရပါတယ်"
ဟား ဟား ဟား
နယ်မြေအရှင်သည် အားရပါးရ ရယ်မောလိုက်သည်။ "ခင်ဗျားက ဒီလောက် ယုံကြည်ချက်ရှိနေမှတော့ ကျုပ်ရဲ့သမက်က နောက်ဆယ်နှစ်ကြာရင် သူရဲကောင်းတွေကို ဘယ်လိုတိုက်ခိုက်မလဲဆိုတာ ကောင်းကောင်းကြည့်လိုက်ချင်တယ်"
.............
"ကျုပ် ဘယ်လိုသေခဲ့တာလဲ"
ထာဝရ ရွက်သင်္ဘောကြီးအပေါ်မှာတော့ ကုကျောင်းရှစ်သည် တုန်ယင်လျက် ရှိ၏။ သူ၏မျက်လုံးထဲတွင် ရှိနေသော အပြစ်ကင်းစင်သည့် အမူအရာပေါ်တွင် ဘဝ၏ အတွေ့အကြုံကို ကျော်ဖြတ်ခဲ့ဖူးသည့် အရိပ်အယောင်များ ထင်မှတ်လာခဲ့၏။
"ထင်ထားတဲ့ အတိုင်းပဲကို "
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "မင်းရဲ့ မှတ်ညဏ်တစ်ချို့ကို ဆုံးရှုံးခဲ့တာပဲ"
သူ၏ညီငယ်လေးသည် ပြန်လည်မွေးဖွားနိုင်သည့် စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သောကြောင့် ထပ်တလဲလဲ ပြန်လည်မွေးဖွားနိုင်သည်ကို သိရှိပြီးဖြစ်၏။ သို့ပေမဲ့ ထိုကဲ့သို့ ပြန်လည်မွေးဖွားရာတွင် အရေးကြီးသည့် မှတ်ညဏ်များကိုလည်း ဆုံးရှုံးတတ်သေးသည်။ ဥပမာအားဖြင့် အထက်နယ်မြေ၌ ပြန်လည် မွေးဖွားခဲ့စဉ်ကလည်း သူမည်ကဲ့သို့ သေဆုံးခဲ့သည်ကို မေ့ခဲ့သေး၏။
"စိတ်ကို အေးအေးထားတော့"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ငါမင်းကို နေရာတစ်ခုဆီ ခေါ်သွားမယ် "
သူ့အနေဖြင့် ဤအတိတ်မေ့ရောဂါကို ကုသနိုင်သည့် သမားတော်တစ်ယောက် ပိုင်ဆိုင်လို့နေသည်။
"ဘယ်နေရာကိုလဲ"
"ရောက်ရင် သိမှာပေါ့ "
အင်း …..
ကုကျောင်ရှစ်သည် စိတ်ကိုလျော့လိုက်ပြီးသည့်နောက် သူ၏အမြင်အာရုံတစ်ခုလုံးသည် ဝေဝါးသွားခဲ့၏။ ပြီးနောက် သူသည် အကျဉ်းထောင်နှင့် ဆင်တူလှသည့် ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာ၏။
ဆွစ်
အလင်းတန်းများသည် လင်းလက်လာ၏။ ကုကျောင်းရှစ်အနေဖြင့် စူးရှသည့် အလင်းတန်းများကို အသားကျပြီးနောက် အမှတ်မထင်ဘဲ မော့ကာ ကြည့်ရှုလိုက်မိ၏။ တည်နေရာတွင် ထျန်းယွမ် အကျဉ်းထောင်စေတီဟု ရေးသားထားသည့် စာတန်းကြီးက ထင်ပေါ်လို့နေသည်။
"ညီလေး"
ကျွင်းချောင်ရှောင်းသည် ပုခုံးကိုပုတ်ကာ ပြောလိုက်၏။ "မင်းကို ကုသပေးမယ်။ ဒီဖြစ်စဉ်က နည်းနည်း နာကျင်မယ်ဆိုပေမဲ့ မင်းရဲ့ ဆုံးရှုံးသွားတဲ့ မှတ်ညဏ်တွေအကုန်လုံးကို ပြန်ရလိမ့်မယ်"
"..."
ကုကျောင်းရှစ်သည် တုန်ယင်သွားခဲ့၏။
ဖြောင်း .. ဖြောင်း … ဖြောင်း ….
ကျွင်းချောင်ရှောင်းသည် လက်ခုပ်တီးကာ ပြောလိုက်သည်။ "အားရာ …. မင်းရဲ့ မိတ်ဆွေဟောင်းကြီး ရောက်နေပြီ"
"အားရာ ဟုတ်လား"
ကုကျောင်းရှစ်က တီးတိုးရေရွတ်လိုက်မိ၏။ "နာမည်ကို ရင်းနှီးနေသလိုပဲ"
ဘာလို့မှန်းမသိဘဲ သူ၏နှလုံးသားများသည် မြန်မြန်ဆန်ဆန်နှင့် ခုန်လာခဲ့၏။ ကြက်သီးမွှေးညင်းများပင် ထလို့လာခဲ့၏။ ခြေဖျားလက်ဖျားများလည်း အေးလို့လာခဲ့သည်။ ခြေထောက်များသည် ထိန်းချုပ်၍မရဘဲ တုန်ယင်လာခဲ့သည်။
သေသေချာချာ တွက်ချက်ရလျှင် ကုကျောင်းရှစ်သည် ဤတည်နေရာသို့ သုံးကြိမ်တိတိ ရောက်ရှိခဲ့ဖူး၏။
"ဟဲလို"
ရုတ်တရက် ကြည်လင်ရှင်းလင်းလှသော အသံတစ်ခုသည် သူ၏နားထဲသို့ ဝင်လာသည်။
ကုကျောင်းရှစ်သည် ခေါင်းကို ခက်ခက်ခဲခဲလှည့်ကာ ကြည့်ရှုလိုက်သည့် အခါမှာတော့ လက်ထဲတွင် ဖယောင်းတိုင်တစ်တိုင် ကို ကိုင်ဆောင်ကာ ဖြည်းဖြည်းချင်း လှမ်းလျှောက်လာသော မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရ၏။ သူမသည် မေးစေ့ကို လက်ဖြင့်ထောက်ကာဖြင့် ကြောက်မက်ဖွယ်ကောင်းလှသည့် အကြည့်ဖြင့် ကြည့်ရှုလျက် ရှိနေသည်။
"သရဲ"
ကုကျောင်းရှစ်သည် ထျန်းယွမ် အကျဉ်းထောင်စေတီထဲသို့ ရောက်ရှိခဲ့စဉ်က အားရာ၏ ကုသမှုကို ခံယူခဲ့ဖူး၏။ ထို့ကြောင့် ကြောက်မက်ဖွယ်ကောင်းသည့် ခံစားချက်မျိုးကိုလည်း ရရှိခဲ့၏။
"အခုမလိုတော့ဘူး"
ကုကျောင်းရှစ်က ထအော်လိုက်သည်။ "ကျုပ် အားလုံးကို မှတ်မိပြီ"
သူ့အနေဖြင့် အားရာ၏ ရိုက်နှက်မှုများကို ပြန်လည်ကာ သတိရလာခဲ့၏။ ၎င်းမှတ်ညဏ်များသည် သူ၏ဝိညာဉ်အတွင်းပိုင်းတွင် တည်ရှိနေသည့် အရာများဖြစ်ပြီး အားရာကို မြင်လိုက်သည့် အချိန်မှာတော့ ပြန်လည်ထွက်ပေါ်လာ၏။
"ကျုပ်နာမည်က ကုကျောင်းရှစ်။ ကျုပ်က ဂိုဏ်းချုပ်ရဲ့ ညီငယ်လေးပဲ။ ပြိုင်စံရှားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်လည်း ဖြစ်တယ်။ အထက်နယ်မြေတစ်ခုလုံးကို ကယ်တင်နိုင်ဖို့အတွက် ကြယ်တာရာ စိတ်ဝိညာဉ်လောကရဲ့ ရွက်သင်္ဘောကိုးစင်းကို အသေခံ ဗုံးခွဲခဲ့ရတယ်။”
“အစ်ကိုကြီး"
"ညီလေး"
ကျွင်းချောင်ရှောင်းနှင့် ကုကျောင်းရှစ်တို့သည် တစ်ယောက်ကို်တစ်ယောက် ဖက်ပြီးနောက် မျက်ရည်များပင် ကျဆင်းလျက် ရှိနေကြ၏။
ဟင်း ….။
အားရာသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းစိုက်ကျကာ ပြန်လည်လှည့်ထွက်သွားခဲ့သည်။
"အားရပါးရ ရိုက်ဖို့ ပြင်ဆင်ထားတာ ဘာမှဖြစ်မလာပါလား"
ဟင်း …..
ကျိုးဒူဒူ နှင့် တိုင်လုတို့သည်လည်း စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်ကြ၏။ "နည်းနည်းလေးတောင် မရိုက်လိုက်ရပါလား"