နောက်မှတွေ့ကြတာပေါ့
Vol. 11 Ch. 152
"ဦးလေးဖန်း၊ အဲဒီ ရွှေအလင်းလူပြိန်းဆိုတာကြီးက တော်တော်တုံးတာပဲနော်၊ ကျင့်ကြံရေးလမ်းကြောင်းတောင် မှားလိုက်သေးတယ်၊ ဆေးဘုရင်ကြီး ရဲ့ ခြေဆေးရေကိုလည်း သောက်လိုက်သေးတယ်တဲ့" အန်းမြောင်ယိက ပုခုံးများတုန်ယင်သည်အထိ ရယ်မောလှောင်ပြောင်လာသည်။
ဖန်းသယ်ကျန့် က မျက်နှာတည်တည်ဖြင့် ပြောလာသည်။ “မမလေး၊ အဲဒီ ရွှေအလင်းလူပြိန်းဆိုတဲ့ ကျင့်ကြံသူက ဂိုဏ်းချုပ်ရဲ့ ဘိုးဘေးအရင်းကြီးပါ။ အဲ့ဒီကျင့်ကြံရေးလမ်းကြောင်းကို ရွှေရောင်ကာကွယ်ရေးကျင့်စဥ်လို့ခေါ်တယ်၊ မမလေးရဲ့ ကြယ်တာရာခန္ဓာနဲ့ မကိုက်ညီလို့ ဂိုဏ်းချုပ်က လက်ဆင့်မကမ်းခဲ့ရုံပါ”
အန်းမြောင်ယိ ချက်ချင်း သွားပြန်စေ့လိုက်ရပြီး ပါးပြင်များပူကျစ်လာသည်ကို ခံစားမိလိုက်၏။
ထို့နောက် တိုးတိုးလေး ညည်းညူမိလေသည်။ "ခုနကတည်းက ထင်သားပဲ၊ နာမည်ကြီးက ကြားဖူးနေသလိုကြီးပဲလို့.."
မှိုဘုရင်၏ ရှင်းလင်းချက်ကို နားထောင်ပြီးနောက် ယဲ့ကျွင်းလင်က မှတ်ချက်ချသည်။ “ဘယ်လောက်တောင် စိတ်ကူးကောင်းလိုက်သလဲ”
ရှားပါးအဖိုးတန် ကျီလင်ဆေးပင် ဖြစ်ဖို့အတွက် ထိုက်တန်ပါတယ်။
ဦးနှောက်ကအစ တစ်ကိုယ်လုံးက ရတနာပဲ!
ဒီလိုကျော်ကြားတဲ့ ပင်ကိုမျိုးရိုးကြောင့် စွမ်းအားရှင်အစ်ကိုကြီးတွေက မျက်စိဒေါက်ထောက် စောင့်ကြည့်နေပြီး အကူအညီလိုတာနဲ့ ဓားနဲ့လာထောက်ကြမှာ ပုံမှန်ပါပဲ။ သူဘယ်လိုလုပ် ငြင်းဆိုနိုင်ခဲ့ပါ့မလဲ?
အချိန်တွေကြာလာတာနဲ့အမျှ ဒီကျီလင်ဆေးပင်ဟာ ဘယ်လောက်တောင်အစွမ်းထက်ပြီး အသုံးဝင်တဲ့အကြောင်း လူတိုင်းလက်ခံလာကြမှာပေမယ့် သိမ်းပိုက်ဖို့အတွက်တော့ တစ်ယောက်မှ မတတ်နိုင်ခဲ့ကြတဲ့ပုံပဲ။
ဆေးဘုရင်ကြီးဟာ သူ့လမ်းကိုသူ မချော်ချွတ်စေဘဲ တိတ်တဆိတ်လျှောက်လှမ်းခဲ့ပြီး နောက်ဆုံးမှာတော့ တာအိုလောကရဲ့ မသေမျိုးအဖြစ် တက်ရောက်သွားခဲ့ပါတယ်။
ဘုန်း!
ထိုအချိန်တွင်...
ဆေးဘုရင်တောင်ကြား၏ ကြည်လင်သောကောင်းကင်ယံထက် အလင်းတန်းများစုဝေးစည်းလုံးလာကာ ကြီးမားပြင်းထန်သော ဝဲဂယက်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။
ထိုဝဲဂယက်ကြီးမှ ဆွဲငင်အားကို လူတိုင်းခံစားမိကြ၏။ ဆေးဘုရင်တောင်ကြား ပိတ်တော့မည်။ သူတို့အားလုံးလည်း အပြင်လောကသို့ ပို့ဆောင်ခံရတော့မည်ဖြစ်သည်။
နောက်တစ်ကြိမ် ဖွင့်လှစ်ဖို့အတွက်တော့ နှစ်ပေါင်းတစ်သိန်းကြာ စောင့်ဆိုင်းရပေဦးမည်။
"ဟားဟား၊ ငါတို့ နောက်ဆုံးတော့ ထွက်သွားလို့ရပြီ!"
"ဒီငရဲတွင်းကို ဘယ်သူပြန်လာချင်သေးကြသေးလဲဟေ့!"
"လွတ်လပ်ခြင်း၊ အဓွန့်ရှည်ပါစေ!!"
...
အော်ဟစ်ကြွေးကြော်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး ကျင့်ကြံသူ အများအပြား ပျော်ရွှင်ဝမ်းမြောက်နေကြသည်။ အချို့ဆိုရင် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များပင် စီးကျနေလျက်။
နောက်ဆုံးတော့ အားအကောင်းဆုံး ကျင့်ကြံသူတောင် ချီစုဆောင်းခြင်းအဆင့်အဖြစ် ဖိနှိပ်ခံရပြီး ဆေးပင်တွေကပဲ လုပ်ချင်ရာလုပ် အနိုင်ကျင့်ချင်သလိုကျင့်ပြီး မင်းမူနေတဲ့နေရာမှာ ဘယ်သူကနေချင်ဦးမှာတဲ့လဲ? ဒီလိုရက်စက်ကြမ်းကြုတ်တဲ့နေရာမှာ အရှက်ခွဲခံရ၊ သိက္ခာချခံရတဲ့ အဖြစ်တွေကို ဘယ်သူက ဆက်ပြီး သည်းခံနိုင်နေဦးမှာတဲ့လဲ?
အပြင်ကို ပို့ဆောင်ခံရတော့မည်ဆိုတော့မှ သူတို့ စိတ်သက်သာရာရသွားခဲ့ကြတာပင်။
"အော်မီထော်ဖော၊ ဒီရဟန်းအိုကြီးကတော့ လူသတ်ပွဲ စတင်ပါတော့မယ်။" ကိုယ်လုံးတီးဖြစ်ပြီး ညစ်ပတ်ပေကျံကာ မစင်နံ့တွေ လှိုင်လှိုင်ထနေသော ဆရာတော်ရမ်သမ်က လက်ဝါးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ပူးကပ်လိုက်ပြီး မျက်လုံးများထဲတွင်တော့ ထက်ရှသောအလင်းတန်းတစ်ချက် ဖျတ်ခနဲလင်းလက်သွားသည်။
သူ့ရင်ထဲက ဒေါသများကို ဒီ့ထက်ပိုပြီး မထိန်းချုပ်နိုင်တော့ပေ။
လွန်စွာပူလောင်လှ၏။
အရှက်တရားနှင့် မာနက သူ့တစ်ကိုယ်လုံးကို ပြာချတော့မတတ် လောင်ကျွမ်းနေလေပြီ။
ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့်၏ အထွဋ်အထိပ်တွင်ရှိသော စွမ်းအားရှင်တစ်ဦးက ဤသို့ဤပုံ အရှက်ခွဲနင်းချေခံခဲ့ရသည်။ အတူလာခဲ့ကြသော ကျင့်ကြံသူအပေါင်းမှာ နောက်ခံအင်အားတောင့်တင်းခိုင်မာကြသော်ငြား သူဂရုမစိုက်နိုင်တော့။ နာကျည်းမှုက သူ့အမြင်ကို အမှောင်ဖုံးသွားခဲ့လေပြီ။ ဆေးဘုရင်တောင်ကြားမှ အရှက်ရစရာအတိတ်တို့ကို သွေးဖြင့်နိုင်နိုင်ဆေးမှ ပြေပျောက်ပေတော့မည်။
ရှဲရှဲရှဲ~
လူသားပုံရိပ်များ တစ်ခုပြီးတစ်ခု ဝဲဂယက်ကြီးထဲသို့ ဆွဲငင်ခံသွားရလေသည်။
ရယ်မောသံများနှင့် အော်ဟစ်ကြွေးကြော်သံများက လှိုင်းထန်လျက်။
"အားလုံးပဲ၊ ငါတို့လည်း သွားရအောင်!" လီဝူကျယ်က အော်လိုက်သည်။
ထို့နောက် သူ့ခန္ဓာကိုယ်ကို မြေပြင်ထက်မှကြွတက်ပြီး ကျယ်ပြန့်လှသည့် ဝဲဂယက်ကြီးထံသို့ အပြေးအလွှား ပျံသန်းသွားလိုက်သည်။
ဟုန်ချန်ယဲ့နှင့် တခြားသူများလည်း တစ်ဦးပြီးတစ်ဦး ပျံသန်းသွားကြလေပြီ။
ယဲ့ကျွင်းလင်က လက်လှမ်းပြီး မှိုဘုရင်ကို အတူဆွဲတင်ချင်ပေမယ့် ထိုအနက်ရောင်မှိုက နှစ်လှမ်းခန့် နောက်ဆုတ်သွားသည်။
"ရှောင်ဟယ်၊ မင်း ငါတို့နဲ့ မလိုက်ချင်ဘူးလား?" ယဲ့ကျွင်းလင် အံ့အားသင့်သွားသည်။
မှိုဘုရင်က ဒွိဟဖြစ်နေပြီး ချီတုံချတုံရေရွတ်လာသည်။“ကျွန်တော်… ကျွန်တော်…”
သူ့ရဲ့ မူလစိတ်ကူးကတော့ ဒီအန္တရာယ်ကို ဖြေရှင်းပြီးတာနဲ့ သူ့ရဲ့ အသိုက်အမြုံဟောင်းလေးဆီ ပြန်သွားပြီး ထာဝရအိပ်စက်ပစ်ဖို့ပါပဲ။
သို့သော် မမျှော်လင့်ဘဲ ဆရာသခင်အသစ်တစ်ယောက် ကောက်ရလိုက်ကာ သူ့အား အဆင့်မြင့်ကျင့်စဥ်နည်းစနစ်များ သင်ကြားပြသပေးခဲ့လေသည်။
သူ ဒီမှာပဲဆက်နေမည်ဆိုလျှင် ဆေးဘုရင်တောင်ကြား၏ စည်းမျဉ်းတွေအရ ကျင့်ကြံဆင့်ထပ်တက်နိုင်မည်မဟုတ်သော်ငြား တသမတ်တည်းကျပြီး တည်ငြိမ်အေးချမ်းသော ဘဝလေးတွင် ဆက်လက်နေထိုင်နိုင်ပေမည်။
သက်တောင့်သက်သာရှိလှသော သူ၏အိမ်ကလေးမှ ထွက်ခွာရတော့ပေမည်လား?
မှိုဘုရင်၏ တွေဝေနေမှုကို မြင်သောအခါ ယဲ့ကျွင်းလင်ပြုံးလျက် ပြောလိုက်သည်။ “ဆရာသခင် က မင်းရဲ့ ရွေးချယ်မှုကို လေးစားပါတယ်။ အခွင့်အရေးရှိရင် နှစ်ပေါင်းတစ်သိန်းကြာမှ မင်းကို ပြန်လာတွေ့ပါ့မယ်။”
ရိုးရိုးသားသားပြောရလျှင် မှိုဘုရင်ကို တပည့်အဖြစ်လက်ခံခြင်းက စနစ်၏ဆုလာဘ်အကောင်းစားကို တပ်မက်သောကြောင့်သာပင်။ ထိုဈေးပေါပေါတပည့်လေး သူ့နောက်မလိုက်တော့ဘူးဆိုလျှင်လည်း ယဲ့ကျွင်းလင်အတွက် ဆုံးရှုံးစရာမရှိပေ။
"နောက်မှတွေ့မယ်နော်။"
ဟူး!
ယဲ့ကျွင်းလင်၏ ပုံရိပ်သည် မြေပြင်မှ ထိုးတက်ပြီး လှိုင်းထန်သော ဝဲဂယက်ကြီးဆီသို့ ပျံသန်းသွားသည်။
မှိုဘုရင်သည် ထိုမြင်ကွင်းအား ကြောင်တောင်တောင် စိုက်ကြည့်နေပြီး ရုတ်တရက် သူ့နှလုံးသားထဲတွင် လစ်ဟာမှုတစ်ခုကို ခံစားလိုက်ရ၏။