← Chapters

အခန်း ၁၇၅၅

Vol. 118 Ch. 1755

အခန်း ၁၇၅၅

Vol. 118 Ch. 1755

အပိုင်း (၁၇၅၅)

ဒင် ဒင် .....

ကောင်းကင်လျှို့ဝှက်နယ်မြေအတွင်းမှာတော့ ရီရှင်းချန်နှင့် ဆာမူရိုင်းတို့၏ လက်နက်များသည် တဒင်ဒင်နှင့် ထိမှန်လျက်ရှိ၏။ ၎င်းတို့၏ မြင်ကွင်းနေရာတစ်ခုလုံးတွင် မီးပွားများပင် ဖြစ်တည်လျက်ရှိ၏။

ရှောင်ကျီသည် မျက်စိကို မနည်းဖွင့်ကာ ကြည့်ရှုနေရ၏။ ဤဓားနှစ်လက်သမားသည် အားမနည်းလှချေ။ ဂျူနီယာညီလေးရီ နှင့်ပင် လက်ရည်ညီစွာ တိုက်ခိုက်လျက်ရှိသည်။

“ဓားနှစ်လက် မိုးသို့ဆင်း”

“ခုတ်ပိုင်းခြင်း”

“ဓားနှစ်လက် နတ်ဘုရား သတ်ဖြတ်ခြင်း”

“ခုတ်ပိုင်းခြင်း”

“ဓားနှစ်လက် ဆန်းကြယ်တိုက်ခိုက်ခြင်း”

“ခုတ်ပိုင်းခြင်း”

ဆာမူရိုင်းသည် သူ၏ဓားကွက်များကို တစ်ခုပြီးတစ်ခု အလျင်အမြန် ထုတ်ဖော်ကာ တိုက်ခိုက်လျက် ရှိနေ၏။ နောက်ဆုံးမှာတော့ သူသည် မည်သို့မှ မနေနိုင်ဘဲ ထကာအော်လိုက်မိ၏။ “မင်း ဒီ သိုင်းတစ်ကွက်တည်း တတ်တာလား”

ရီရှင်းချန်သည် ထုံးစံအတိုင်း လေထဲသို့ ခုန်တက်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပုဆိန်ကြီးကို ကိုင်ဆောင်ကာဖြင့် တဝှီးဝှီးနှင့်လည်ကာ အောက်ဆီသို့ကျဆင်း၍ ခုတ်ပိုင်းခြင်းကို ပြုလုပ်၏။ လေဟာနယ်တစ်ခုလုံးပင်လျှင် အက်ကွဲရာကြီး ထင်ပေါ်လာခဲ့တော့သည်။

ဆာမူရိုင်းသည် သူ၏ဓားကို ရှေ့တွင် ခုခံလိုက်သော်လည်း ခန္ဓာကိုယ်တစ်ခုလုံးသည် နောက်သို့ လွင့်စင်သွားခဲ့သည်။ သူ၏လက်များပင်လျှင် ထုံကျင်သွား၏။

ရီရှင်းချန်မှာတော့ ကုန်းကုန်းကွကွဖြင့် ပြုတ်ကျလာလျက်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန် အားကောင်းသည့်အခြေအနေမျိုးကို ထုတ်ဖော်လျက် ရှိသည်။ “တိုက်ကွက်တွေ အများကြီး ထုတ်နေလည်း အလကားပဲ”

ဟုတ်ပေ၏။ မည်မျှအားကောင်းသည့် တိုက်ကွက်ပဲဖြစ်ဖြစ် တခြားသူကို ထိခိုက်အောင် ပြုလုပ်နိုင်စွမ်း မရှိလျှင် အလကားပင်ဖြစ်သည်။ ရီရှင်းချန်သည် အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံးသော နည်းလမ်းများကို ထုတ်ဖော်ကာ တိုက်ခိုက်လျက်ရှိ၏။

ဆာမူရိုင်းသည် စိတ်ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ဓားနှစ်လက်ကို ရှေ့သို့ထားကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “လက်ရှစ်လက်အတူ”

ဒွီ ဒွီး

ထန်ယန်နှင့် ထန်ကွေ့တို့သည် အတူတူ တုန်ခါလာခဲ့၏။ ပြီးနောက် ထိုထူးဆန်းလှသော စွမ်းအင်များသည် ဓားဆီမှ ထွက်ပေါ်လာပြီး ၎င်းတို့၏ သခင်ကိုပါ လွှမ်းခြုံသွား၏။

ဟူး ဟူး

လေပြင်းများ တိုက်ခတ်လာခဲ့ပြီး တည်နေရာတစ်ခုလုံးသည် အေးစက်သည့် အရိပ်အာဝါသအောက်သို့ ရောက်ရှိသွားသည်။

ရီရှင်းချန်သည် မျက်မှောင်ကုတ်ကာဖြင့် အနောက်သို့ ခြေနှစ်လမ်း ဆုတ်လိုက်မိ၏။

ထူးဆန်းလှသည့် စွမ်းအင်များသည် ထူးဆန်းလှသည့် သိုင်းကျင့်ကြံသူဆီမှ ထွက်ပေါ်လျက်ရှိနေသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ချပ်ဝတ်များသည် အောက်သို့ ပြုတ်ကျသွားခဲ့ပြီး ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားအမြောင်းမြောင်းသည် အထင်းသား ပေါ်ပေါက်လာခဲ့သည်။

ဤတည်နေရာတွင် ဟောခန်းသခင်ကျိသာ ရှိသည်ဆိုပါက ကျိန်းသေပေါက် ထိုသူအား အထင်အမြင် သေးစွာဖြင့် နှာခေါင်းရှုံ့ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်သည့် နေရာတွင် သူ့ကဲ့သို့ အင်္ကျီအဝတ်အစားများကို ချွတ်သည့်အပြုအမူအား ပြုလုပ်နေသည် မဟုတ်ပါလား။ သို့ပေမဲ့ ဟန်ထုတ်သည့် နေရာတွင်တော့ သူ့ကို မမှီလှချေ။

............

ရီရှင်းချန်နှင့် ရှောင်ကျီတို့၏ မျက်နှာပေါ်တွင် လေးနက်သည့် အမူအရာများ ဖြစ်တည်လာခဲ့၏။ သူတို့သည် တစ်ဖက်လူ၏ ချပ်ဝတ်များ ပေါက်ကွဲထွက်သွားပြီး တောင့်တင်းလွန်းလှသည့် ခန္ဓာကိုယ်ကြွက်သားများ ပေါ်လာသည်ကို ဂရုမစိုက်ချေ။

သူတို့ ဂရုစိုက်သည်မှာ တစ်ဖက်လူ၏ နောက်ကျောဘက်တွင် သွေးကဲ့သို့ နီရဲလျက် ရှိနေသည့် လက်ခုနှစ်ချောင်း‌ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသောကြောင့်ပင်။

“ငါက အဆင့်အမြင့်ဆုံး သိုင်းကျင့်ကြံခြင်း နည်းစနစ်အနေနဲ့ ရှစ်ခုမြောက်လက်ကို စုဖွဲ့နိုင်ခဲ့ပြီလေ။ မင်းကို အံ့အားသင့်သွားပြီလား” ထိုသူသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။

ရှောင်ကျီက ပြောလိုက်သည်။ “ခင်ဗျား ဘယ်သူလဲတောင် ကျုပ်တို့က မသိဘူး။ ဘာကိစ္စ အံ့အားသင့်ရမှာလဲ”

“အသက်ခြောက်နှစ်မှာကတည်းက သိုင်းပညာကို လေ့လာခဲ့တယ်။ အသက်ဆယ့်ရှစ်မှာ ဓားနှစ်လက်ပညာကို လေ့လာသင်ယူနိုင်ခဲ့ပြီ။ အသက်သုံးဆယ့်ကိုးနှစ်မှာ တစ်လောကလုံးမှာရှိတဲ့ ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်ခဲ့ တယ်”

ထိုသူသည် အတိတ်မှ အောင်မြင်မှုများကို ဂုဏ်ယူစွာ ပြောနေတုန်းမှာပဲ ရီရှင်းချန်သည် ရှေ့ဆီသို့ တိုးလာကာဖြင့် တစ်ဖက်လူအား ကန်ထုတ်လိုက်သည်။ “နားငြီးလိုက်တာ”

“လူငယ်လေး”

ထိုဆာမူရိုင်းသည် လေထဲတွင် လွင့်မျောသွားပြီးသည့်နောက် လက်ထဲတွင် ရှိနေသော ဓားနှစ်လက်အား လေထဲသို့ လှမ်းပစ်လိုက်၏။ သူသည် သွားဖြီးကာ ပြောလိုက်၏။ “မင်းက ငါ့ဘဝမှာ ရင်ဆိုင်ခဲ့ဖူးတဲ့ ပထမဦးဆုံး အားကောင်းလှတဲ့ ပြိုင်ဘက်ပဲ။ ဒီတော့ ဒါကို ထုတ်ဖော်အသုံးပြုဖို့အတွက် အရည်အသွေး ပြည့်မီတယ်”

ဒွီ ဒွီ

ဓားနှစ်လက်သည် လေထုထဲတွင် လည်ပတ်လျက် ရှိနေပြီး ဓားခုနှစ်ချောင်းအဖြစ်သို့ မြန်မြန်ဆန်ဆန်ပဲ ဖြစ်တည်သွားသည်။

ဖြောက် ဖြောက် ဖြောက် ဖြောက်

စစ်သည်တော်သည် သူ၏လက်ရှစ်ဖက်နှင့်အတူ ကျဆင်းလာခဲ့သည့် ဓားရှစ်ချောင်းအား အသာဖမ်းယူ လိုက်၏။ ပြီးနောက် ထိုဓားများအားလုံးကို ရှေ့တွင်ထားကာ ပြောလိုက်၏။

“ဓားရှစ်လက် တိုက်ခိုက်ချက်”

ပြောပြီးပြီးချင်းမှာပဲ တည်နေရာတစ်ခုလုံးသည် ငြိမ်ကျသွားသည်။ အဘယ်ကြောင့် ဆိုသော် ရှောင်ကျီသည် ဓားကို မဖမ်းယူနိုင်ခဲ့သည့် လက်တစ်ဖက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ဒီလက်ကို ဓားခြစ်မိသွားတယ်။ ပတ်တီးစည်းဖို့ လိုသေးလား”

“မင်းဆီမှာ ပတ်တီးရှိလို့လား”

“ရှိတာပေါ့”

ထိုသူသည် သူ၏လက်ကို အသာပွတ်လိုက်သည်။ မျက်နှာသည် ပြန်လည်ကာ လေးနက်သွားခဲ့သည်။ ပြီးနောက် ပြောလိုက်သည်။ “ဒီနေ့မှာ စိတ်လိုလက်ရနဲ့ တိုက်ခိုက်မယ်။ လက်ရှစ်လက် ဓားတိုက်ကွက်”

သူသည် ရှေ့ဆီသို့ တစ်လှမ်းတိုးလိုက်၏။ ထူးဆန်းလွန်းလှသည့် စွမ်းအင်များသည် ဓားရှစ်လက်ဆီမှ ထွက်ပေါ်လာခဲ့၏။ မူလအားဖြင့် ကြီးမားလွန်းလှသည့် ဓား၏အရိပ်အယောင်သည် သူ၏အနောက်ဘက်တွင် ဖြစ်ပေါ်လာပြီး ခုတ်ပိုင်းမှုကို ပြုလုပ်တော့၏။

“..........”

ရှောင်ကျီသည် ဆွံ့အသွားမိ၏။ စုစုပေါင်း ဓားခုနှစ်လက်နှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ကျသွားသည့် ဓားတစ်လက်ကို ပြန်မကောက်ရသေးချေ။ အဘယ်ကြောင့် ရှစ်လက်ဟု တောက်လျှောက် အော်ဟစ်လျက်ရှိနေသနည်း။

၎င်းသည် ဂိုဏ်းချုပ်လိုပင် မောက်မာလွန်းသည့် လူဖြစ်ပေလိမ့်မည်။ ကြီးမားလွန်းလှသည့် ပုံရိပ်ယောင်ကြီးသည် ဓားရှစ်လက်ကို လက်ထဲတွင်ကိုင်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် အော်ရာများကို ထုတ်ဖော်ကာ တိုက်ခိုက်နေ၏။

လေထုတစ်ခုလုံးတွင် စူးရှသည့် အော်ရာများ ထွက်ပေါ်လျက်ရှိ၏။ နက်နဲလွန်းလှသော နိယာမများသည် တိုက်ခိုက်မှုထဲတွင် ပါဝင်လျက် ရှိနေပြီး ထိုအရာသည် သာမန် မဟုတ်သည်ကို ကြည့်ရှုလိုက်သည်နှင့် သိရှိနိုင်စွမ်း ရှိနေသည်။

“ကျုပ် ခင်ဗျားကို ပြောမယ်”

ထိုအချိန်မှာပဲ ရီရှင်းချန်သည် လေထဲသို့ ခုန်တက်ကာဖြင့် ပုဆိန်ကြီးနှင့် ဝှေ့ယမ်းကာ ပြောလိုက်၏။ “ရှုပ်ရှုပ်ထွေးထွေး သိုင်းကွက်တွေက အလုပ်မဖြစ်ဘူး”

ဆွစ် ဆွစ်

အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းများသည် တည်နေရာကိုပင် ပိုင်းဖြတ်လျက်ရှိသည်။

“ဂျူနီယာညီလေးရီ... တကယ့်ကို လေးနက်နေပြီပဲ”

ဟုတ်ပေသည်။ ရီရှင်းချန်သည် အမှန်ပင် လေးလေးနက်နက် တိုက်ခိုက်လျက်ရှိ၏။

ဝှစ် ဝှစ်

သူ၏တိုက်ခိုက်ချက်သည် တောင်ထွတ်ပေါ်မှ ဆင်းသက်လာသည့် ကျားသားရဲရိုင်းကြီး တစ်ကောင် ကဲ့သို့ပင် ကြမ်းတမ်းလွန်းလှချေသည်။

ဝုန်း ...။

ထိုသူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့၏။ သူက အားရပါးရ အော်ရယ်လိုက်မိ၏။ “ဟား ဟား ဟား ဟား”

ဘုန်း

ကြမ်းတမ်းလွန်းလှသော စွမ်းအင်လှိုင်းများ ဖြစ်တည်ပြီးသည့်နောက် တည်နေရာအနှံ့တွင် လေလှိုင်းများ ဖြစ်တည်လာခဲ့၏။ ရှောင်ကျီသည် သူ၏ရှေ့တွင် ဒိုင်းကြီးကို ထုတ်ကာဖြင့် ခုခံကာကွယ်ထား၏။ ဖြစ်တည် လာခဲ့သည့် သိုင်းနည်းစနစ်၏ အဟုန်သည် ပြင်းထန်လွန်းလှသောကြောင့် တဝုန်းဝုန်းနှင့် အသံများပင် ထွက်ပေါ်နေသည်။

“ဂျူနီယာညီလေးရီက အရင်ကထက်ပိုပြီး အားကောင်းလာတာပဲ”

ဟုတ်ပေသည်။ ဟယ်ဝူတီသည် နောက်ဆုံး ဆရာကြီးကို တစ်ချက်တည်း သတ်ဖြတ်ပစ်ခဲ့၏။ ထိုအရာသည် ညအင်ပါယာအား စိတ်ဓာတ်ကျ စေခဲ့သည်။ သူ၏ ပိုမိုကာ အားကောင်းချင်သည့်စိတ်များ တဖွားဖွား ဖြစ်တည်လာခဲ့သည်။ ထို့ကြောင့်ပင်လျှင် ဤအတောအတွင်း ပိုမိုပြင်းထန်လှသည့် ကျင့်ကြံခြင်းကို ပြုလုပ်ခဲ့၏။

သူ၏ ကျင့်ကြံခြင်းအဆင့်သည် တိုးတက်မလာခဲ့ဘူးဆိုသော်လည်း တိုက်ခိုက်နိုင်မှုစွမ်းအင်မှာတော့ တိုးတက် လာခဲ့၏။ ယောက်ျားများသည် အညှာအတာကင်းမဲ့စွာဖြင့် ကြိုးစားရမည့်အပြင် တိကျခိုင်မာသည့် စိတ်ထားမျိုး ပိုင်ဆိုင်ရပေလိမ့်မည်။

ရှောင်ကျီသည် သူ၏ရှေ့တွင် ရှိနေသည့် သံမဏိဒိုင်းကာကြီးအား အသာပြန်လည် ရုတ်သိမ်းပြီးနောက် တိုက်ပွဲတည်နေရာဆီသို့ လျင်လျင်မြန်မြန် ကြည့်လိုက်၏။ ရီရှင်းချန်သည် သူ၏ရှေ့တွင် ပုဆိန်ကြီးကို ထောင်ကာဖြင့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ မတ်မတ်ရပ်လျက်ရှိ၏။

ရှေ့တွင်ရှိနေသော ဓားရှစ်လက်နှင့် ပုံရိပ်ယောင်ကြီးမှာတော့ ဘာမှမရှိခဲ့သလိုပင် ပျောက်ကွယ်သွားခဲ့သည်။

ထိုသူသည် ဒူးတစ်ဝက်ထောက်သည့် ပုံစံမျိုးဖြင့် ရှိနေပြီး သူ၏ ဓားနှစ်လက်သည် မြေပေါ်သို့ ပြုတ်ကျနေ၏။ ဓားများ၏ အရောင်အဆင်းသည် မှေးမှိန်၍ အသက်ကင်းမဲ့နေသကဲ့သို့ပင်။

“အင်း... တိုက်ပွဲရဲ့ ရလဒ်က ဆုံးဖြတ်ပြီးသွားပြီ” ရှောင်ကျီက ဝင်ပြောလိုက်၏။

ဝေါ့

ထိုသူသည် သွေးတစ်လုတ် အန်ထုတ်ပြီးသည့်နောက် ခက်ခက်ခဲခဲဖြင့် မြေပေါ်သို့ ထိုင်ချလိုက်သည်။ သူသည် ခေါင်းကိုငုံ့ကာဖြင့် ပြောလိုက်သည်။ “ဒီတော့ မင်းနိုင်ပြီ”

ဝှစ် ဝှစ် ....။

ရီရှင်းချန်သည် လက်ကို ဝှေ့ယမ်းလိုက်၏။ ဓားနှစ်လက်နှင့် ဓားအိမ်များသည် ရှောင်ကျီ၏အရှေ့ဆီသို့ ပြုတ်ကျလာ၏။ ရှောင်ကျီသည် ချက်ချင်းပဲ နားလည်၏။ ထိုအရာများကို ကောက်ယူကာ ချက်ချင်းပဲ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။

စစ်သည်တော်သည် ခေါင်းကိုမော့ကာ ပြောလိုက်သည်။ “ကျုပ်က ယာကူကျူဖေးပဲ။ အနာဂတ်မှာ အခွင့်အလမ်း ရှိမယ်ဆိုရင် မင်းနဲ့ထပ်ပြီး တိုက်ခိုက်ချင်တယ်”

ပြီးသည့်နောက် သူသည် အငွေ့အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့၏။

“ဒင်... ယာကူကျူဖေးကို အနိုင်ယူရန် စိန်ခေါ်သူသည် ကျရှုံးခဲ့သည်။ အချိန်ကာလ အကန့်အသတ်ကို ကျော်လွန်သွားခဲ့သောကြောင့်ပင်။ ထို့ကြောင့် တည်နေရာထဲမှ ထုတ်ပယ်ခြင်းကို ခံရသည်”

ဆွစ် ဆွစ်

ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် လေထုထဲမှ ပျောက်ကွယ်သွားခဲ့၏။ သတိပြန်ဝင်လာသည့် အချိန်မှာတော့ ကောင်းကင်လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်သို့ ပြန်လည်ရောက်ရှိနေသည်။

“ဘယ်လိုလဲ”

အချိန်အတော်ကြာ စောင့်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် မေးမြန်းလိုက်၏။ “ဘာတွေရခဲ့လဲ”

“အင်း”

ရှောင်ကျီသည် ဓားနှစ်လက်ကို ထုတ်ယူကာဖြင့် ပြောလိုက်သည်။ “ဒီ ဓားနှစ်လက်ပဲ ရခဲ့တယ်”

ကျွင်းချောင်ရှောင်းသည် ထိုအရာကိုယူကာဖြင့် အံ့အားတသင့်ပြောလိုက်၏ “ဒါ ဂျပန်ကင်ဒိုဓားတွေလား”

ချလွမ်

သူသည် ကင်ဒိုဓားအား ထုတ်ယူလိုက်သည်။

စနစ်က အော်ဟစ်လိုက်သည်။ “မဟုတ်သေးဘူးလေ။ ဒါက လျှို့ဝှက်နယ်မြေထဲက ရခဲ့တဲ့လက်နက် မဟုတ်လား။ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ဒါကို သုံးခွင့်မရှိဘူးမို့လား။ ဘာလို့ မင်းက ဆွဲထုတ်လို့ ရနေတာလဲ”

All Chapters