အခန်း ၁၇၅၉
Vol. 118 Ch. 1759
အပိုင်း (၁၇၅၉)
စုရှောင်မိုသည် စိန်ခေါ်မှုကို ကျရှုံးပြီးသည့်နောက် ရလဒ်မှာ ဆိုးရွားလွန်းလှ၏။ သူ့အနေနှင့် ငယ်သေးသည်ဆိုပြီး အသက်ကြီးသောသူများကို အထင်အမြင်မသေးသင့်ကြောင်း အကောင်းဆုံး ဥပမာကို ရရှိခဲ့တော့၏။
ဟုတ်ပေသည်။ စုရှောင်မိုအနေဖြင့် တစ်ဖက်လူအား အထင်အမြင်သေးခဲ့သည်တော့ မဟုတ်ချေ။ သူရှုံးနိမ့်ခဲ့ရသည်မှာ တစ်ဖက်လူ၏ မြားပစ်စွမ်းရည်ကြောင့်သာဖြစ်၏။ ဤသည်နေရာတွင် ဟယ်ဝူတီသာ ဖြစ်မည်ဆိုလျှင်လည်း ကျိန်းသေပေါက် ခုန်ဆွခုန်ဆွနှင့် ဖြစ်နေမှာသေချာသည်။
“ကျုပ်စမ်းကြည့်လိုက်မယ်”
လီဖေးသည် သူ၏။လက်များကို ပွတ်သပ်ကာဖြင့် ကောင်းကင်လျှို့ဝှက် နယ်မြေထဲသို့ လှမ်းလျှောက်သွား၏။
“လီဖေး .... မြားကိုင်ထားတဲ့ အဘိုးကြီးကို ရွေးပြီးတော့ ကျုပ်အတွက် လက်စားချေခဲ့”
“ပြဿနာမရှိဘူး”
ခဏလောက်ကြာပြီးသည့်နောက် လီဖေးသည် လျှို့ဝှက်နယ်မြေထဲမှ အပြင်ဘက်သို့ ထွက်လာ၏။ သူသည် လည်း ဖင်ကို ဖုံးအုပ်ကာဖြင့် ခုန်ဆွ ခုန်ဆွလုပ်လျက်ရှိသည်။
“ကျုပ်လုပ်မယ်” လုံကျိရန်သည် မည်သို့မှရပ်ကာ မကြည့်နိုင်တော့ချေ။ အဆုံးသတ်မှာတော့ သူသည် သူ၏ စီနီယာအစ်ကိုများနည်းတူပင် ခုန်ဆွခုန်ဆွဖြစ်လို့ နေလေ၏။
လက်ရွေးစင်တပည့်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်ခဲ့ကြ၏။ သို့ပေမဲ့ ကိစ္စမရှိချေ၊ ကောင်းကင်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်ရန်အတွက် အတွင်းစည်းနှင့် အပြင်စည်းတပည့်များ အားလုံးသည် စီတန်းကာ ရပ်လျက် ရှိနေသောကြောင့်ပင်။
တချို့သည် လက်နက်ဆုံးရှုံးခဲ့သော ယာကူကျူဖေးအား တစ်စက္ကန့်အတွင်း အနိုင် ရရှိခဲ့သည်ဆိုသော်လည်း တော်တော်များများ အချိန်အကန့်အသတ် တည်ရှိခဲ့ကြသောကြောင့် တာဝန်ကို မပြည့်နိုင်စုံခဲ့ကြချေ။ ဟောခန်းသို့ဝင်ရောက်နိုင်ရန် အခွင့်အရေးမရှိသောကြောင့် ဒုတိယအဆင့် တိုက်ပွဲသည် မည်မျှ အားကောင်းကြောင်း သူတို့မသိကြချေ။
“ဟား ဟား ဟား ... ကျုပ် ဓားတစ်လက်ရခဲ့ပြီ”
လီထျန်းထျန်းသည် လျှို့ဝှက်နယ်မြေထဲမှ ထွက်လာ၏။ ထက်ရှလှသော ဓားတစ်စင်းကို ကိုင်ဆောင်ထားပြီး မျက်နှာပေါ်တွင် ပျော်ရွှင်မြူးထူးနေသည့်အမူအယာများနှင့်ပင်။
ဤဓားသည် လက်ပေါ်တွင် “A” ဟုရေးထိုးထားခဲ့သော သူရဲကောင်းဝိညာဉ်ဆီမှ ရရှိခဲ့သည့် ဓားဖြစ်၏။ ကြည့်ရသည်မှာ ရိုးရှင်းလွန်းလှ၏။ သို့ပေမဲ့ ကင်ဒိုဓားနှစ်ချောင်းထက် မည်သို့မျှ အားမနည်းလှချေ။
“ဂိုဏ်းချုပ်”
နောက်တစ်ရက်မှာတော့ လီချင်းယန်သည် လာရောက်ကာသတင်းပို့၏။ “ကောင်းကင် လျှို့ဝှက်နယ်မြေထဲကို မနေ့ကဝင်ပြီး စိန်ခေါ်ကြတဲ့သူ တပည့်ပေါင်း တစ်ရာတိတိရှိတယ်။ ပထမအဆင့်ကို အောင်မြင်သွားတဲ့လူတွေကတော့.......”
သူ့တပည့်၏ သတင်းပို့ချက်ကို နားထောင်ပြီးသည့်နောက်မှာတော့ ပထမအဆင့်ကိုကျော်ဖြတ်သွားသည့် လူများသည် ဟောခန်းထဲသို့ပို့ဆောင်ပြီး ပြိုင်ဘက်ကိုရွေးချယ်ရသည်ဟု သူကသိရှိနားလည်ခဲ့၏။ ထို့ပြင် ဒုတိယအဆင့်ကို ဝင်ရောက်သွားသည်ဆိုပါက တူညီသည့်နည်းလမ်းနှင့် အားလုံးသောသူများသည် ရှုံးနိမ့်သွားခဲ့ကြ၏။၊ အထူးသဖြင့် ဟယ်ဝူတီ၏ ပြိုင်ဘက်နှင့် လေးကိုင်ထားသော အဘိုးအိုတို့ပင်။ ဤလူများသည် ကွမ်ယုနှင့် ဟုန်ကျိုးတို့ ဖြစ်ကြောင်း သူက သိရှိပြီး ဖြစ်သည်။
“စိတ်ဝင်စားစရာပဲ”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့၏။ သုံးပြည်ထောင်ထဲမှ စစ်သူကြီးများသည် ဤလျှို့ဝှက်နယ်မြေထဲတွင် ပါဝင်လျက်ရှိနေသည်သာမက ဂျပန်သိုင်းကျင့်ကြံနေသူ လည်း ပါဝင်နေ၏။ ဤလျှို့ဝှက်နယ်မြေသည် မည်သို့သောအရာများနှင့် ဖန်တီးထားသည့်အရာများ ဖြစ်နေမည်နည်း။
“မဖြစ်သေးဘူး။ ဒါက ရှေးတုန်းကရှိခဲ့တဲ့ သူရဲကောင်းစစ်သူကြီးတွေဆိုပေမဲ့ သိုင်းကျင့်ကြံခြင်းလောက မှာ ဘာလို့ သူတို့က အဲလောက်အားကောင်းနေရတာလဲ။ ကွမ်ယုနှင့် ဟုန်ကျိုးတို့ဆိုတာက သူတို့ခေတ် သူတို့အခါတုန်းက ထိပ်တန်းတိုက်ခိုက်ရေးသမားတွေဖြစ်တယ်ဆိုတာက မငြင်းနိုင်ဘူး။ ဒါပေမဲ့ အဆင့်နိမ့် သိုင်းကျင့်ကြံသူအဆင့်ပဲ ရှိနိုင်မယ်မဟုတ်လား။ ....
သိုင်းကျင့်ကြံခြင်းလောကမှာ လှုပ်ရှားမှုတစ်ခု၊တိုက်ကွက်တစ်ခု ချင်းစီတိုင်းက ကောင်းကင်နဲ့ မြေကြီးတစ်ခုလုံးကိုတောင် လှုပ်ခါနိုင်တယ်။ ဒီတော့ ဒီကွမ်ယုတို့၊ ဟုန်ကျိုးတို့နဲ့တိုက်ခိုက်မယ်ဆိုရင် သူတို့ ကျိန်းသေပေါက် ရှုံးနိမ့်ရမှာ မဟုတ်လား။ ပြီးတော့ နဂါးစိမ်းလခြမ်းဓားမော့ကြီးလည်း ရှိသေးတယ်။ အဲလက်နက်က ငါအစောပိုင်း အခြေအနေ တွေထဲက ဝယ်ယူခဲ့တဲ့အရာဆိုပေမဲ့ အဆင့်မြှင့်တင်ပြီးတဲ့အချိန်မှာ အားအင်အဆင့်က သိသိသာသာကြီး တိုးတက်သွားတယ်။ ပြည့်စုံတဲ့လက်နက်တစ်ခုအဆင့်ဆီသို့ ရောက်ရှိသွားတဲ့ပုံပဲ။ ဘာလို့လဲ .... ဘာလို့အဲလောက်ကြီး အားကောင်းသွားကြတာလဲ။ စနစ်က ဘာတွေ အဆင့်မြင့်တင်ပေးလိုက်လို့လဲ”
ကျွင်းချောင်ရှောင်းသည် နဝေတိမ်တောင်နှင့် ပြောလိုက်မိ၏။ “ဘယ်လိုတွေကြောင့် ဒီလိုဖြစ်တာလဲတော့ နားမလည်ဘူး။ ဘာပဲဖြစ်ဖြစ် “S”အဆင့် သူရဲကောင်းဝိညာဉ်တွေ ဆီကရရှိတဲ့ လက်နက်နဲ့ အသုံးအဆောင် ပစ္စည်းတွေက တကယ့်အဆင့်မြင့် အရည်အသွေးရှိမှာ သေချာတယ်”
“ချင်းယန်... မင်းအချိန်ရမယ်ဆိုရင် ရှင်းချန်နဲ့ အခြားသူတွေကိုခေါ်ပြီး ကောင်းကင်လျှို့ဝှက်နယ်မြေထဲကို ဝင်လိုက် အထူးသဖြင့် “S”အဆင့်သူရဲကောင်းဝိညာဉ်တွေနဲ့ စိန်ခေါ်တိုက်ခိုက်ကြ”
“ဒါက ....”
လီချင်းယန်သည် အားပြတ်သလို ပြောလိုက်၏။ “လုပ်ချင်ပါတယ်။ မနိုင်တာလေ”
မနေ့ကလေးတင် ကောင်းကင်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ သူသည် ဟုန်ကျိုးကို မရွေးချယ်ခဲ့ချေ၊ ထိုအစား ဘေးတစ်ဖက်တွင်ရှိနေသည့် လှံကိုင်ထားသည့် သိုင်းကျင့်ကြံသူ တစ်ယောက်ကို ရွေးချယ်ခဲ့၏။ အဆုံးသတ်မှာတော့ သူ၏ပြိုင်ဘက်သည် သူအား ဆိုးဆိုးဝါးဝါး ရိုက်နှက် နှိပ်စက်ခဲ့လေသည်။
“ထပ်ပြီးကြိုးစား”
ကျွင်းချောင်ရှောင်းကပြောလိုက်၏။ “နိုင်မယ့်နည်းလမ်းကိုရှာ”
လက်ရွေးစင်တပည့်များ၏ အားအင်သည် အားမနည်းလှချေ။ ပိုမိုကာ အားကောင်းချင်သည်ဆိုလျှင် ၎င်းတို့ အနေနှင့် နတ်ဘုရားလျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်းလှမ်းနိုင်မှ ဖြစ်ပေလိမ့်မည်။ လျှို့ဝှက်နယ်မြေထဲတွင်ရှိသော သူရဲကောင်းဝိညာဉ်များသည် အားကောင်းလွန်းသောကြောင့် ထိုသူတို့နှင့် တိုက်ခိုက်ရင်း တပည့်များ၏ တိုက်ခိုက်ရေးအတွေ့အကြုံ ပိုမိုကာတိုးတက်လာမည်ဖြစ်ကြောင်း ကောင်းကောင်း နားလည်၏။ အပွင့်လင်းဆုံးပြောရမည်ဆိုလျှင် ခဏခဏ သေဆုံးခဲ့ရမည်ဆိုလျှင်တောင်မှ တိုက်ခိုက်ရေး အတွေ့အကြုံများသည် ပိုမိုကာ များပြားလာမှာ အမှန်ပင်။
“ကောင်းပါပြီ”
လီချင်းယန်သည် တပည့်များနေထိုင်ရာ တောင်ထွတ်ဆီသို့ ပြန်ပြီးသည့်နောက် စုရှောင်မိုနှင့်အခြားသူများကို ခေါ်ယူကာ ပြန်လည်တိုက်ခိုက်ရန် ဆွေးနွေးနေ၏။
“ရိုးရှင်းတယ်လေ”
စုရှောင်မိုသည် ဖင်ကိုအသာပွတ်ကာပြောလိုက်သည်။ “အတူတူစုပြီး တိုက်ခိုက်လိုက်မယ်”
“ဒါ အကြံကောင်းပဲ” လီဖေးကလည်း သဘောတူညီလိုက်၏။
“လူတွေအများကြီးနဲ့ဝင်ပြီး တိုက်ခိုက်ရင် မမျှတဘူးမလား” လီချင်းယန်က မေးလိုက်သည်။
ဟယ်ဝူတီက ပြောလိုက်၏။ “လျှို့ဝှက်နယ်မြေဆိုတာက သိုင်းပြိုင်ပွဲလုပ်နေတာ မဟုတ်ဘူးလေ။ အရေအတွက်တွေ ဘာတွေကို ဂရုစိုက်စရာမလိုပါဘူး”
“ဒါကတော့ အမှန်ပဲ”
“ဟမ် .... ဂျူနီယာညီလေးရီဘယ်ရောက်သွားလဲ”
“သူ တောင်ရဲ့ အနောက်ဘက်ကို အရင်ကြိုပြီးသွားနေပြီ”
........
ဘုန်း
ကောင်းကင်လျှို့ဝှက်နယ်မြေထဲမှာတော့ ရီရှင်းချန်၏ လက်သီးတွင် ကျန်းချီများ စုဝေးလျက်ရှိနေ၏။ သူသည် ချက်ခြင်းပဲ ဂိတ်စောင့် ယာကူကျူဖေးကို တစ်ခါတည်း သတ်ဖြတ်ပစ်လိုက်၏။ ပြီးနောက် သူသည် ခေါင်းကိုအသာလှည့်ကာ ဖြင့်ပြောလိုက်၏။ “အမှိုက်”
သူသည် “A” အဆင့် သူရဲကောင်းဝိညာဉ်ကို တစ်ခါတည်း သတ်ဖြတ်ခဲ့သည်ဖြစ်သောကြောင့် “S” အဆင့် သူရဲကောင်းဝိညာဉ်ကို ရွေးချယ်နိုင်ရန် အဓိကဟောခန်းထဲသို့ စေလွှတ်ခြင်းခံလိုက်ရသည်။
သူမည်သူ့ကို ရွေးချယ်ရမည်နည်း။
ညအင်ပါယာသည် သေသေချာချာကြည့်ရှုပြီးသည့်နောက် ခပ်တောင့်တောင့်ခန္ဓာကိုယ်နှင့် လူတစ်ယောက်ကို ရွေးချယ်လိုက်၏။။
ဆွစ်
သူ၏မြင်ကွင်းသည် ပြောင်းလဲသွားခဲ့၏။ သူသည် မီးများတောက်လောင်လျက်ရှိနေသည့် စစ်စခန်း တစ်ခုထဲသို့ ရောက်ရှိသွားသည်။
“သတ်ကြ သတ်ကြတော့”
ရီရှင်းချန်သည် သူ၏စိတ်ထဲတွင်ပေါ်ပေါက်လာခဲ့သည့် အော်ဟစ်သံများကို လျစ်လျူရှုထား၏။ မျက်လုံးများ သည် အဝေးတစ်နေရာသို့သာ စူးစိုက်ကြည့်နေ၏။ ထိုတည်နေရာတွင် ခန္ဓာကိုယ်တောင့်တောင့်နှင့် လူတစ်ယောက်က မတ်တပ်ရပ်လျက်ရှိနေပြီး လက်ထဲတွင် အလောင်းကြီး နှစ်ခုကို ဆွဲလာခဲ့၏။ ထိုသူသည် သွားဖြီးကာပြောလိုက်၏။။
“ငါ့ကို စိန်ခေါ်ချင်တာလား”
“ဘယ်သူလဲ”
ရှေးစစ်သူကြီး ကျန့်ဝေသာလျှင်ဖြစ်၏။ ကျွင်းချောင်ရှောင်း၏ ခန့်မှန်းမှုက အမှန်ပင်ဖြစ်တော့၏။ ဟောခန်းကြီးထဲရှိ နံရံများတွင် ရေးသားထားသည့် လူများသည် အရှေ့တိုင်းဟန်အင်ပါယာ၏ အဆုံးတွင် တည်ရှိနေသည့် စစ်သူကြီးများပင် ဖြစ်လို့နေသည်။
ဟုတ်ပေသည် အခြားသောနံရံများတွင်လည်း ပုံတူပန်းချီများ တည်ရှိလို့နေသေး၏။ သို့ပေမဲ့ မှောင်မဲ နေသည်ဖြစ်သောကြောင့် အသက်မဝင်သေးသည့်ပုံပင်။ သို့ပေမဲ့ ခပ်ဝါးဝါးမြင်ရသည့် အရာများ ကိုကြည့်ရှုရမည်ဆိုလျှင် ခေါင်းသုံးလုံးလက်ခြောက်ဖက်နှင့် ကလေးတစ်ယောက်၊ ထို့အပြင် တင်းပုတ်ကြီးကို ကိုင်ဆောင်ထားပြီး ကျောတွင် တောင်ပံနှစ်ခုတည်ရှိနေသည့် ငှက်လိုလူ၊ ဝံပုလွေတစ်ကောင်နှင့်အတူ မတ်တပ်ရပ်လျက်ရှိနေသည့် မျက်လုံးသုံးလုံးနှင့် သိုင်းကျင့်ကြံသူတစ်ယောက် ..... ထိုသူတို့အားလုံးတည်ရှိနေ၏။ အားလုံးသောသူတို့သည် မတူညီသည့် တိုက်ခိုက်ရေးသမားများဖြစ်ပြီး မတူညီသည့်လက်နက်ပစ္စည်းများကို ကိုင်စွဲထားကြ၏။
အခြေအနေကို သုံးသပ်ရမည်ဆိုလျှင် တပည့်များအနေနှင့် လက်နက်များကိုရယူချင်သည်ဆိုပါက ကျိန်းသေပေါက် ထိုသူတို့ကို အနိုင်တိုက်ခိုက်ရပေလိမ့်မည်။ လက်နက်ပစ္စည်းများမှာတော့ ကျိန်းသေပေါက် ရှိနေ၏။ ထို့ကြောင့် ထိုသူတို့သည် ကွမ်ယုတို့ကဲ့သို့ ဓားပျောက်နေသည့်လူများတော့ဟုတ်ကြချေ၊
ရွီး.......
ဘုန်း ဘုန်း
ကျန့်ဝေသည် လက်ထဲတွင်ရှိသော အလောင်းနှစ်ခုနှင့်အတူ လေထဲသို့လှမ်းကာ ပစ်လွှတ် လိုက်ပြီးသည့်နောက် လေဟာနယ်တစ်ခုလုံးတွင် သွေးများသည် ပျံ့နှံ့သွားခဲ့၏။
စွပ်.......
ရီရှင်းချန်သည် ရှေ့ဆီသို့လှမ်းတက်လိုက်ပြီးသည့်နောက် ကောင်းကင်လက်ဝါးရိုက်ချက်ကို ထုတ်ဖော် လိုက်၏။ လေဟာနယ်ထဲတွင် များပြားလွန်းလှသော လက်ဝါးရိုက်ချက်များ ဖြစ်တည်လာသည်။
“ကောင်းတယ်” ကျန့်ဝေက အော်ဟစ်လိုက်၏။ ပြီးနောက် သူသည် မာကျောလှသောခန္ဓာကိုယ်ကြီးကို အားကိုးကာဖြင့် ရှေ့ဆီသို့လှမ်းတက်လိုက်၏။ သူသည် လက်ဝါးရိုက်ချက်ကြီးကို ချိုးဖြတ်ရုံသာမက ညအင်ပါယာ၏ မျက်နှာတည့်တည့်ဆီသို့ လက်သီးဖြင့် ထိုးနှက်လိုက်လေသည်။
ဘုန်း........
မြေပြင်တစ်ခုလုံးတုန်ခါပြီး လေဟာနယ်ကြီးတစ်ခုလုံးပြိုလဲသွားခဲ့၏။
“ဟမ်”
ကျန့်ဝေသည် မျက်မှောင်ကုတ်သွား၏။ သူ၏ လက်သီးသည် ပစ်မှတ်ကိုထိမှန်ခဲ့သည်ဆိုသော် လည်း မာကျောလှသည့်ချပ်ဝတ်က သူ၏ လက်သီးချက်ကိုခံယူသွားခဲ့၏။ သူသည် အံ့အားသင့် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “မင်းဆီမှာဘယ်လိုဖြစ်ပြီးတော့ လွီပုရဲ့ချပ်ဝတ်ကတည်ရှိနေရတာလဲ”
ဟူး....... ဟူး........
ထိုအချိန်မှာပဲ လက်နက်အပြည့် ကိုင်ဆောင်ထားပြီဖြစ်သော ရီရှင်းချန်သည် သူ၏ညာဘက်လက်ကို ဆန့်တန်းလိုက်၏။ ကြီးမားလွန်းလှသော ပုဆိန်ကြီးတစ်ခုသည် ဘယ်ကမှန်းမသိဘဲ ပေါ်ပေါက်လာ၏။
ဘန်း.....
ကျန့်ဝေသည် အနောက်ဘက်သို့မြန်မြန်ဆန်ဆန်ပဲလှမ်းဆုတ်လိုက်ရ၏။ သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းချုပ်ပြီးသည့်နောက် တစ်ဖက်လူ၏ လက်ထဲတွင်ရှိနေသော လက်နက်ကို မြင်လိုက်ရသည်။ “ဟမ် ပုဆိန်လား။ ဒါက”
“သေစမ်း”
ရီရှင်းချန်သည် လေထဲသို့ခုန်တက်လိုက်၏။ ပြီးသည့်နောက်မှာတော့ အလုံးစုံသော ခုတ်ပိုင်းခြင်းကို ထုတ်ဖော်အသုံးပြုပြန်၏။
ဘုန်း..... ဘုန်း..... ဘုန်း.....
ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများသည် လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွား၏။ ကြောင်အလျက် ရှိနေသည့် ကျန့်ဝေသည် အနောက်သို့ထပ်ခါ ထပ်ခါဆုတ်ခွာနေ၏။ သူ၏မျက်လုံးထဲတွင် နဝေတိမ်တောင် အမူအယာများဖြစ်တည်နေ၏။
အဘယ်ကြောင့် လွီပု၏လက်နက်ပစ္စည်းများအားလုံးသည် တစ်ဖက်လူ လက်ထဲတွင် တည်ရှိနေရသနည်း။ သို့မဟုတ် တစ်ဖက်လူသည် လွီပုကို အစောကြီးထဲက အနိုင်ယူခဲ့ပြီလား။
မဟုတ်သေးပေ။ “S” အဆင့် သူရဲကောင်းဝိညာဉ်များထဲတွင် အားအကောင်းဆုံးသောလူများထဲမှ တစ်ယောက်ဖြစ်သည့် လွီပုကို အနိုင်ယူရန် ဆိုသည်မှာ မလွယ်ကူနိုင်ချေ။
သို့ပေမဲ့ အနိုင်မယူနိုင်ဘူးဆိုလျှင်လည်း အဘယ့်ကြောင့် တစ်ဖက်လူ၏ လက်ထဲတွင် လက်နက်များက ရောက်ရှိနေရသနည်း။
“ချီးထဲမှ..... .ဘာတွေဖြစ်နေတာလဲ”
ရွှီး.....
ရီရှင်းချန်သည် အပေါ်သို့ခုန်တက်လိုက်၏။ တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်စေရန်အလို့ငှာ သူသည် အားအင်အဆင့်အကုန်လုံးကို ပုဆိန်ထဲသို့ ထည့်သွင်းကာဖြင့် တိုက်ခိုက်လိုက်၏။
ပုဆိန်တစ်ချက်ဝှေ့ယမ်းလိုက်သည်အချိန်တွင် စွမ်းအင်လှိုင်းများ သည် တဟုန်းဟုန်းနှင့်ဖြစ်တည်နေ၏။ တည်နေရာကြီး တစ်ခုလုံးသည် ထက်ရှလှသည့် ပုဆိန်ဓါးကြီးနှင့်ပိုင်းဖြတ်ခြင်းကိုခံလိုက်ရပြီး အက်ကွဲကြောင်းကြီး များပင် ဖြစ်ပေါ်လာသည်။
ဘုန်း........
ကြမ်းတမ်းလွန်းလှသော ပုဆိန်ဆီမှ ကြောက်မက်ဖွယ်ရာစွမ်းအင်လှိုင်းများသည် ကျန့်ဝေအား ကြမ်းကြမ်း တမ်းတမ်းထိမှန်သွား၏။ ပြီးသည့်နောက် ကျန့်ဝေသည် အငွေ့အဖြစ်သို့ပြောင်းလဲကာ ချက်ခြင်း ပျောက်ကွယ်သွား၏။ ၎င်း၏။ဘေးနားမှာတော့ ကြီးမားလွန်းလှသော သစ်သားသေတ္တာကြီးတစ်ခုက ပေါ်ပေါက်လာ၏။
“ဒင်..... ရှေ့စစ်သူကြီး ကျန့်ဝေအား အနိုင်တိုက်ခိုက်နိုင်သည့်အတွက် စိန်ခေါ်သူအား ဂုဏ်ယူပါတယ်”