ဘယ်ဟာက ယဲ့ကျွင်းလင်အစစ်လဲ?
Vol. 11 Ch. 153
အဆိုပါအချိန်တွင် မှိုဘုရင်၏စိတ်ထဲမှ အသံတစ်သံက တီးတိုးလေးပြောလာသည်မှာ 'ဆံပင်ငွေရောင်နှင့် လူငယ်နောက်ကို လိုက်ပြီး ဆေးဘုရင်တောင်ကြားကနေ ထွက်ခွာလိုက်တော့၊ မဟုတ်ရင် တစ်သက်လုံး နောင်တရနေရလိမ့်မယ်' ဟူ၏။
သို့သော် မှိုဘုရင်သည် ဤနေရာမှ ထွက်ခွာပြီး မသိကျွမ်းသော၊ မရင်းနှီးသော ပတ်ဝန်းကျင်ကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရတော့မည်အား တွေးလိုက်မိသောအခါ လွန်စွာစိတ်မချမ်းမသာဖြစ်ကာ စိုးရိမ်ပူပန်မှုများ ပွားများလာခဲ့သည်။
၎င်းသည် ရွေးချယ်မှုနှစ်ခုကြားတွင် ဇဝေဇဝါဖြစ်နေပြီး အလွန်မသက်မသာခံစားနေရရှာလေသည်။
စက္ကန့်အနည်းငယ်မျှကြာသော်...
မှိုဘုရင်သည် ၎င်း၏ရှည်လျား၍ ငြီးငွေ့ဖွယ်ကောင်းသော ဘဝသက်တမ်းကို ပြန်အောက်မေ့ကာ မသေမျိုးဘုံသို့ တက်ရောက်သွားခဲ့သော ၎င်း၏မိတ်ဆွေဟောင်းများကို သတိရမိလိုက်သောအခါ ရုတ်တရက် နှလုံးသားအောက်ခြေမှ မြှုပ်နှံထားသော သတ္တိစိတ်များ ပွင့်ထွက်လာပြီး ဆင်ခြေများစွာကို ဖြတ်ကျော်ကာ ဖော်ပြ၍မရနိုင်သော စွမ်းအားတစ်မျိုးသည် ခန္ဓာကိုယ်ထဲသို့ အားဖြည့်ဆေးတစ်ခုပမာ စီးဆင်းဝင်ရောက်လာ၏။
"လောကကြီးက အရမ်းကျယ်ပြောတယ်မလား၊ ငါလည်း မြင်ဖူးချင်တာပဲ!"
'ဘုန်း' ဟူသောအသံနှင့်အတူ မှိုဘုရင်သည် အမြောက်ကျည်ဆံကဲ့သို့ ပြေးထွက်သွားပြီး မိုးပေါ်ရှိ ယဲ့ကျွင့်လင်ထံသို့ ဦးတည်ပျံသန်းသွားခဲ့သည်။
"ဆရာသခင်၊ ကျွန်တော့်ကိုလည်း ခေါ်သွားပါ!"
"ဟမ်?"
ယဲ့ကျွင်းလင် အလွန်အံ့အားသင့်သွားသည်။ ဒီမှိုက စိတ်ပြောင်းမြန်လှချည်လား။
ကောင်းပြီလေ၊ ငါကဆရာသခင်ဆိုတော့လည်း မင်းကိုခေါ်သွားပေးရမှာပေါ့၊ လာ!
သူသည် လက်ကိုဆန့်ထုတ်ကာ မှိုဘုရင်ကိုအတူဆွဲလျက် ဂယက်ဝိုင်းကြီးထံသို့ အားကုန်သုံး၍ ထိုးတက်သွားလိုက်သည်။
ဆေးဘုရင်တောင်ကြားတစ်ခွင်လုံးတွင် အပင်ငယ်လေးများအားလုံး ကောင်းကင်ထက်သို့ မော့ကြည့်နေကြပြီး ဤလူသားကျင့်ကြံသူအဖွဲ့ အပြီးအပိုင် ထွက်ခွာတော့မည့်အရေးအား ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။
"မှိုနီဘုရင်၊ မြန်မြန်ကြည့်ပါဦး၊ မှိုဘုရင်က ဘာလို့ပျံတက်သွားတာလဲ" ဆေးပင်တစ်ပင်က ထအော်လိုက်သည်။
သူတို့၏ သစ္စာဖောက်သွားသော မှိုဘုရင်ကြီးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြစဥ် မှိုဘုရင်ကြီးကတော့ အားအင်အပြည့်ဖြင့် တက်ကြွစွာပျံသန်းရင်း လူသားကျင့်ကြံသူ၏ ကမ်းလင့်ကြိုဆိုသောလက်များထဲသို့ စွတ်ခနဲဝင်ရောက်သွားလေပြီ။
သွေးရည်ကြည်မှိုနီသည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ "ဟုတ်ပါ့၊ ဘာလို့ပါလိမ့်?"
မကြာမီတွင်...
အလင်းတန်းဝဲဂယက်သည် လျင်မြန်စွာ ကျုံ့ဝင်သွားပြီးနောက် ကောင်းကင်ယံမှ လုံးဝပျောက်ကွယ်သွားခဲ့သည်။
'ဝှီး~!'
ဆေးဘုရင်တောင်ကြားပြင်ပတွင် ကျင့်ကြံသူအများအပြား အဆက်မပြတ် ထွက်ပေါ်လာခဲ့ကြ၏။
၎င်းတို့၏ကျင့်ကြံဆင့် နဂိုအတိုင်းပြန်ရောက်လာသည်ကို ခံစားရသောအခါ လွန်စွာစိတ်လှုပ်ရှားပြီး စိတ်သက်သာရာလည်း ရသွားကြရသည်။ ထို့နောက် အပေါ်ကိုမော့ကာ အပြာရောင်ကောင်းကင်နှင့် တိမ်ဖြူများကို တဝကြည့်ရှုလျက် လေကောင်းလေသန့်အား တပ်မက်စွာ ရှူရှိုက်နေကြလေသည်။
ဘယ်လောက်တောင် လွတ်လပ်ပြီး ချိုမြိန်လှတဲ့ ပတ်ဝန်းကျင်လဲ!
"ကြည့်စမ်း၊ သူတို့ထွက်လာပြီ!"
"သူတို့ပုံစံကိုကြည့်ရတာ ဆေးဘုရင်တောင်ကြားမှာ အများကြီး ရခဲ့ကြတယ်ထင်တယ်!"
"အရမ်းအားကျတယ်၊ ဒါပေမယ့် ငါဝင်ဖို့ အချိန်မရလိုက်ဘူး။ အင်း၊ ဒီဘဝမှာတော့ အခွင့်အရေးရှိတော့မှာ မဟုတ်တော့ပါဘူးကွာ!"
ဝင်ဖို့ အချိန်မရလိုက်ဘဲ အပြင်မှာစောင့်နေခဲ့ကြရသော ကျင့်ကြံသူအုပ်စုမှာ အတွင်းကလူများ ပြန်ထွက်လာတာကို မြင်သော် ကောင်းကင်ထက်မော့လျက် မျက်ရည်သွင်သွင်ဖြင့် အော်ဟစ်ငိုယိုလာကြတော့၏။ သူတို့၏ နှလုံးသားများတွင် မနာလိုမှုအားကျမှုနှင့် မုန်းတီးမှုများသာ ပြည့်နှက်နေခဲ့လေသည်။
ခန့်မှန်းစရာပင်မလို။ သူတို့ အမြတ်အစွန်းတော်တော်ရခဲ့ကြမည်ပင်။
"ရောင်းရင်းရေ၊ ဆေးဘုရင်တောင်ကြားဟာ ကြားထားတဲ့ကောလာဟလတွေလိုပဲ ကျင့်ကြံရေးအရင်းအမြစ်တွေ နေရာအနှံ့ရှိနေတယ်ဆိုတာ ဟုတ်သလား၊ ကျုပ်တို့ကိုနည်းနည်းလောက် ပြောပြလို့ရမလား?"
သူတို့အထဲမှ သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ရှေ့သို့တက်လာပြီး ယဉ်ကျေးစွာ လက်သီးဆုပ်အရိုအသေပြုကာ မေးမြန်းလိုက်သည်။ သူ့နောက်မှ လူအများအပြားကလည်း နားစွင့်နေကြပြီး သိချင်စိတ်ပြင်းပြနေကြပုံရ၏။
မေးခံရသော ကျင့်ကြံသူသည် ပထမတော့ ကြောင်အသွားပြီးနောက် အံကြိတ်ကာ ပြောလာသည်။ "အတွင်းမှာ ရတနာတွေနဲ့ ဆေးဘုရင်တွေ အများကြီးရှိတာပေါ့ကွာ။ ငါတို့အတွက်တော့ တစ်သက်မကြုံဖူးတဲ့ ကောင်းချီးတစ်ခုပါပဲ။ မဝင်လိုက်ရတာက မင်းဘဝရဲ့ အကြီးမားဆုံး နောင်တပဲလို့ ပြောရမယ်!"
နေရာအနှံ့ ရတနာတွေရှိနေတာပေါ့!
ပြီးတော့ ဆေးဘုရင်တွေ အများကြီးလား?!
ထိုစကားကိုကြားသော် ကျန်ရစ်ခဲ့သော ကျင့်ကြံသူအများအပြား ရင်ဘတ်ကိုထု၊ ခြေကိုဆောင့်ကြပြီး နှလုံးသား၏နာကျင်မှုကို ဖြေဖျောက်ရတော့သည်။ ဒါဟာ တကယ်ကို သူတို့ဘဝရဲ့ အကြီးမားဆုံး နောင်တတရားပါပဲ!
"အင်း၊ ဒီလို ကောင်းချီးမျိုးကို ခံစားဖို့ ကံမပါတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရတော့မှာပေါ့။" သက်လတ်ပိုင်းအရွယ် အမျိုးသားက စိတ်မကောင်းစွာ သက်ပြင်းချလိုက်သည်။ သန်းပေါင်းများစွာသော အဆင့်မြင့် ဝိညာဥ်ကျောက်တုံးများ ပျောက်ဆုံးသွားသည့် ခံစားချက်လိုပင်။
"အာ၊ ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းတို့မှာ ကောင်းချီးကံကြမ္မာမရှိဘူး! ငါတို့မှာတော့ ရှိတာပေါ့ကွာ! ဟားဟားဟား..." ကျင့်ကြံသူသည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ခေါင်းမော့ကာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် တဟီးဟီး ငိုချင်းချလာလေသည်။
ဤသို့သော သင့်တင်လျောက်ပတ်မှုမရှိသည့် မြင်ကွင်းက ကျန်ရစ်သူအများအပြားကို အံ့အားသင့်စေခဲ့သည်။
ချက်ချင်းပင် သူတို့သည် ပို၍ပင် အားကျလာကြ၏။
ကြည့်ပါဦး၊ ဒါ အပျော်လွန်ပြီး ငိုကုန်ကြတာမဟုတ်လား?!
ဒီဆေးဘုရင်တောင်ကြားကနေ အကျိုးအမြတ်တွေ ဘယ်လောက်တောင်ရလာလို့ပါလိမ့်?
အချို့ ဉာဏ်ရှိသည့် ကျင့်ကြံသူများကမူ ဘယ်သူတွေ ဘယ်လောက်မေးမေး၊ ပါးစပ်များကို တင်းတင်းဆို့ပိတ်ထားပြီး မည်သည့်အချက်အလက်ကိုမျှ ထုတ်ဖော်ပြောကြားလာခြင်းမရှိပေ။
ဤအပြုအမူကြောင့် သတင်းဖြန့်ဝါသနာပါသူအချို့သည် ဆေးဘုရင်တောင်ကြား၏ လျှို့ဝှက်ဆန်းကြယ်မှုကို ပိုမိုနှစ်သက်လာပြီး မဆုံးနိုင်သော စိတ်ကူးယဥ်ဇာတ်လမ်းများစွာ မြင်ယောင်လာကုန်ကြတော့၏။
ဆရာတော်ရမ်သမ်သည် အပြင်သို့ရောက်ရောက်လာခြင်း အညစ်အကြေးများကို မှော်စွမ်းအားဖြင့် ချက်ချင်းသန့်စင်စေလိုက်ကာ အသစ်စက်စက် အကောင်းစားသင်္ကန်းတစ်ထည်ကို ဖန်တီးဝတ်ဆင်လိုက်ပြီး မြင့်မြတ်စင်ကြယ်သော ရဟန်းတစ်ပါး၏အသွင်အပြင်ကို ပြန်လည်ရယူလိုက်တော့သည်။
သို့သော် ဆန့်ကျင်ဘက်ပင် ၎င်း၏မျက်လုံးများတွင်တော့ ကြမ်းတမ်းသော သတ်ဖြတ်လိုစိတ်များကို အနိုင်နိုင်ဖုံးကွယ်ထားရပြီး ရင်ဘတ်ထဲရှိ ဒေါသမီးတောင်မှာလည်း ပေါက်ကွဲလုနီးပါးပင်။
"ဆရာသခင်၊ ဒီတစ်ခါ ခရီးလမ်းရော ဘယ်လိုနေလဲ?" အပြင်တွင် စောင့်ဆိုင်းနေခဲ့ကြသော လေပေါ်ဘုရားကျောင်းက အကြီးအကဲတွေ ပြေးလာပြီး စိတ်ဝင်တစား မေးမြန်းလိုက်ကြသည်။
"မေးစရာလိုသေးလို့လား? ဆရာတော်ရမ်သမ်က ဦးဆောင်နေတာဆိုတော့ ကျွန်တော်တို့ လေပေါ်ဘုရားကျောင်း အများကြီးမြတ်တော့မှာပဲ!" ရဟန်တစ်ပါးက ပြုံးလျက် ဝင်ပြောလိုက်သည်။
ထိုစကားကိုကြားသော် ဆရာတော်ရမ်သမ်၏ နဖူးကြောများ တင်းထောင်လာပြီး မှုန်မှိုင်းနေသော မျက်လုံးများမှာ ဒေါသဖြင့် နီမြန်းအက်ကွဲလာကာ အေးစက်စက်ပြန်မေးလိုက်သည်။ "မင်းက ဒီရဟန်းအိုကြီးကို လာလှောင်ပြောင်နေတာလား?"
တစ်ဖက်လူဆီကမှ ထုတ်လွှတ်လာသော ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားမိလိုက်သော် ထိုရဟန်းမှာ အတုန်တုန်အယင်ယင်ဖြင့် ခေါင်းငုံ့သွားရကာ မိမိမည်သည့်စကားကို မှားပြောလိုက်မိကြောင်း စဥ်းစားမရ ဖြစ်နေရ၏။
ရုတ်တရက် ကျယ်လောင်သောအော်သံတစ်သံ ထွက်ပေါ်လာသည်။ "ဆေးဘုရင်တောင်ကြားကို ဝင်ခဲ့တဲ့သူတွေအားလုံး ဒီနားလာရပ်ကြစမ်း!"
အားလုံး မျက်မှောင်ကျုံ့ကာ ဘေးပတ်ပတ်လည်အား ကြည့်လိုက်ကြသည်။
အော်ဟစ်သူမှာ ဝါးဦးထုပ်ဆောင်းထားသော၊ ခန္ဓာကိုယ်ထွားကြိုင်းသန်မာသော၊ စူးရှပြင်းထန်သော မျက်လုံးများဖြင့် မာန်မာနကြီးဟန်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်လေသည်။
ကျန်လူအနည်းငယ်တွင် အနီရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ပါဝင်ပြီး သူမ၏ရင်ဘတ်မှာ ခမ်းနားစွာမော်ကြွားလျက်ရှိကာ မိတ်ကပ်ထူလပျစ်ဖြင့် ချစ်စဖွယ်မျက်နှာနှင့် ဆွဲဆောင်မှုတော့ အပြည့်ရှိသည်။ မျက်နှာကို ကောင်းစွာမမြင်ရစေသော၊ မျက်နှာဖုံးစွပ်ဦးထုပ်ဆောင်းထားသည့် အရပ်ပုပု လူကောင်သေးသေးတစ်ယောက်လည်း ပါဝင်သည်။ အလယ်ဗဟိုတွင် ရပ်နေသူကတော့ ရွှေချည်ထိုးအနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ လက်နောက်ပစ်ထားသော၊ တည်ငြိမ်သောမျက်နှာရှိ ဆံဖြူအဘိုးကြီးတစ်ဦးဖြစ်၏။
ဤရင်းနှီးသောသဏ္ဍာန်ဖြင့် အဖွဲ့ဝင်လေးယောက်ကို မြင်လိုက်ရသောအခါ အလာလမ်းတွင် ဓားပြတိုက်ခံထားရသော ကျင့်ကြံသူအများအပြားသည် မသိစိတ်မှ ကြောက်ရွံ့တုန်လှုပ်လာပြီး အော်ဟစ်လိုက်ကြသည်။ "အဲဒါ... အဲဒါ ဆံဖြူနတ်ဆိုးအဘိုးကြီးတို့ အဖွဲ့ပဲ..."
"သူတို့ကဘာလဲ? ဓားပြထပ်လာတိုက်ကြတာလား?"
"ဘုရားရေ၊ ဘယ်လောက်တောင် မျက်နှာပြောင်တိုက်လိုက်သလဲ!"
"ရှူး၊ တိုးတိုးနေ၊ အကျယ်ကြီး မအော်နဲ့၊ သေချင်လို့လား!"
တီးတိုးဆွေးနွေးသံများစွာ ထွက်ပေါ်လာသည်။
ကြည့်ရှုသူအများအပြားသည် ပညာရှိစွာဖြင့် ဝေးရာသို့ ရွှေ့သွားကြပြီး ဆေးဘုရင်တောင်ကြားသို့ ဝင်ရောက်ခဲ့သူများအဖွဲ့ထဲ သူတို့မပါကြောင်းပြသရန် ရှင်းလင်းစွာ ခွဲခြားထားကြ၏။
"ငါ့ဆရာသခင်ကပြောတယ်၊ ကလန်ကဆန်လုပ်တဲ့သူမှန်သမျှ သူ့ကိုဆန့်ကျင်တာပဲတဲ့! အကျိုးဆက်ကိုတော့ နောက်ကျသိရလိမ့်မပေါ့!"
ဝါးဦးထုပ်ဆောင်းထားသော ထိုအမျိုးသားသည် ဓားကြီးတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ဓားပြဟန်အပြည့်ဖြင့် မာန်မာနကြီးစွာ ရိုင်းရိုင်းစိုင်းစိုင်း ဆူပူဆဲဆိုနေလေသည်။
ဆံဖြူအဘိုးကြီးသည် မျက်နှာပင်မပြဘဲ လျှို့ဝှက်နက်နဲဟန်ဆောင်နေသော်လည်း အမှန်တကယ်တွင်မူ အလွန်စိတ်လှုပ်ရှားနေသည်ပင်။
ဤလုပ်ရပ်များကို အပြီးတိုင်မနားခင် အချီကြီးတစ်ခုလောက်တော့ ရအောင်သိမ်းသွားချင်သည်ပင်။ ဆိုလိုသည်မှာ ဆေးဘုရင်တောင်ကြားမှ ထွက်လာသော ကျင့်ကြံသူအားလုံးကို ပြောင်စင်သွားအောင် ဓားပြတိုက်ရန်ဖြစ်သည်။
ဆေးဘုရင်တောင်ကြားသည် အမြင့်မြတ်ဆုံးသော ရတနာမြေဖြစ်ပြီး ဝင်ရောက်သွားသော ကျင့်ကြံသူများသည်လည်း အမြတ်အစွန်းများစွာရရှိလာမည်မှာ သေချာသည်။ ဤအုပ်စုကို ဓားပြတိုက်ခြင်းသည် သေချာပေါက် ထိုက်တန်သောအချီကြီးတစ်ခုပင်။
ကြောက်ရွံ့တုန်လှုပ်နေသော လူအုပ်ကို မြင်လိုက်ရသောအခါ ဆံဖြူအဘိုးကြီး၏ ပါးစပ်ထောင့်စွန်းများ အနည်းငယ် ကော့ညွတ်သွားသည်။
ယဲ့ကျွင်းလင်နာမည်သုံးပြီး အာဏာပြတာက တကယ်ကိုထိရောက်တာပဲ!