ချီစွမ်းအင်ပျံ့နှံ့မှု။ လျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာရှင်။
Vol. 2 Ch. 23
"ဟမ်"
စူးချန်ခုန်း အသက်ပြင်းပြင်းရှူရင်း နောက်ဆုံးတော့ သူ့ရဲ့ ပွက်ပွက်ဆူနေတဲ့ သွေးတွေကို ငြိမ်သက်စေလိုက်သည်။
"ဒါက ကျောင်းဟူ(သိုင်းလောက)ပဲ။ အသန်မာဆုံးသူသာလျှင် ရှင်သန်နိုင်မယ်။ သတ်မလား။ အသတ်ခံရမှာလား။ အပြောထက် လက်သီးကိုပဲ အားကိုးလို့ရမယ်။"
မြေပြင်ပေါ်ရှိ အလောင်းအများအပြားကို ကြည့်နေရင်း စူးချန်ခုန်းက တိတ်တဆိတ် တွေးတောနေမိသည်။
သံနက်အိမ်တော်သည် ဘာအမှားမှ မလုပ်ခဲ့ဘဲ သူ့ဘာသာသူ ထိန်းထိန်းသိမ်းသိမ်းနေသော်လည်း အနက်ရောင်မြင်းတပ်ဂိုဏ်းနှင့် ယန်ဖေးတို့က အကြိမ်ကြိမ် ညှဉ်းပန်းနှိပ်စက်ပြီး လုယူခဲ့ကြသည်။ ဒေါသနှင့် မလိုလားမှုတို့သည် သူတို့၏ နှလုံးသား၌ မည်မျှပင် ပြည့်နှက်နေပါစေ မျိုချလိုက်ရုံသာ ဖြစ်သည်။
သို့ပေမယ့် စူးချန်ခုန်းကတော့ သန်မာသည်။ ဒါကြောင့်သူ့မှာ ရပ်တည်ရဲတဲ့ သတ္တိရှိတာပင်။
"အိမ်ရှင်သခင်က ခုနကပေးခဲ့တဲ့ ငွေစက္ကူတွေက ဒီလူတွေပေါ်မှာ ရှိနေသေးတတာပဲ။"
ယန်ဖေး၏ အလောင်းပေါ်၌ ဓားထက်ကသွေးများကို သုတ်ပြီးနောက် စူးချန်ခုန်းသည် ယန်ဖေးနှင့် သူ၏ တပည့်များ၏ အလောင်းများကို ကျွမ်းကျွမ်းကျင်ကျင် ရှာဖွေလိုက်သည်။
မော့ထျဲသည် ကိစ္စတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်မျှော်လင့်ချက်ဖြင့် ငွေတစ်ရာတန်ဖိုးရှိ ငွေစက္ကူတစ်ရွက်ကို ထုတ်ယူခဲ့သည်။ စူးချန်ခုန်းသည် ဤပြဿနာကို ဖြေရှင်းရာတွင် မော့ထျဲက သူ့ကို ငှားရမ်းသည့် ဆုလာဘ်တစ်ခုအဖြစ် မှတ်ယူကာ ငွေကို အိတ်ထဲထည့်လိုက်သည်။
ယန်ဖေးနဲ့ သူ့တပည့်တွေရဲ့အလောင်းတွေကနေ စူးချန်ခုန်းဟာ ငွေသုံးရာကျော်ကို ရရှိခဲ့လေ၏။
"ဟမ်။ ဒါကဘာလဲဟ။"
စူးချန်ခုန်းသည် ယန်ဖေး၏ ပိုက်ဆံအိတ်ထဲတွင် သိုးသားရေပြားတစ်ချပ်ကို တွေ့လိုက်ရသဖြင့် ရုတ်တရက် အံ့အားသင့်သွားသည်။
စူးချန်ခုန်းက သေချာမစစ်ဆေးဘဲ နောက်မှကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့ရင်ဘတ်ထဲကို ထိုးထည့်လိုက်ပြီး မြေပြင်ပေါ်က အလောင်းတွေကို ဂရုမစိုက်ဘဲ လှည့်ထွက်သွားတော့လေ၏။
"ဘာသံတွေလဲ။"
ဤအခိုက်တွင် ပျက်စီးနေသော ဘုရားကျောင်းမှ မီတာတစ်ရာကျော်အကွာတွင် မော့ထျဲနှင့် သူ၏အပေါင်းအပါများသည် တုန်လှုပ်ခြောက်ခြားမှုအပြည့်ဖြင့် ဘုရားကျောင်းဆီသို့ လှမ်းကြည့်လိုက်ကြသည်။
မော့ထျဲနှင့် အခြားသူများသည် သံနက်အိမ်တော်သို့ ပြန်သွားရန် စီစဉ်ခဲ့ကြသော်လည်း ယန်ချောင်သည် ပင်ပန်းနွမ်းနယ်ပြီး ဒဏ်ရာများရရှိကာ လူအများလည်း ဒဏ်ရာရရှိသွားသဖြင့် သူတို့၏ဒဏ်ရာများကို ကုသဖို့ ခဏတာရပ်နားထားရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် များမကြာမီတွင် ဘုရားကျောင်း၏ ဦးတည်ရာဆီမှ လေနှင့် ဆီးနှင်းများ အဝေးတစ်နေရာမှ သယ်ဆောင်လာသော ဆူဆူညံညံ တိုက်ခိုက်သံများနှင့် ဟိန်းဟောက်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
"ဘာတွေဖြစ်ကုန်တာလဲဟ။ သူတို့သုံးယောက် တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေကြတာများလား။"
ယန်ချောင်က မသေချာမရေရာဖြင့် ဆိုသည်။ ဘုရားကျောင်းမှ ထွက်ခွာပြီးနောက်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပုံရသည်။
"ဟမ်? တစ်ယောက်ယောက် ထွက်လာပြီ!"
စူးရှသောမျက်လုံးများဖြင့် ယန်ချောင်သည် လရောင်လွှမ်းသော နှင်းများအောက်တွင် ဘုရားကျောင်းတံခါးဝတွင် ပေါ်လာသော လူတစ်ဦးကို တွေ့လိုက်ရသည်။
မှုန်ဝါးဝါး အကွာအဝေးတွင် ထိုပုဂ္ဂိုလ်သည် အနက်ရောင်ဝတ်စုံ ဝတ်ထားသည်ကို အကြမ်းဖျင်းမြင်နိုင်သည်။
အနက်ရောင်ဝတ်စုံနှင့်လူက မော့ထျဲနဲ့ တခြားတွေရဲ့အကြည့်တွေကို သတိထားမိပုံရပြီး လှမ်းကြည့်လိုက်သည်။ ဝါးတားတား အကွာအဝေးတွင် ထိုသူ၏မျက်နှာကို မျောက်ဝံမျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသည်ကို သူတို့မြင်နိုင်သည်။
ထို့နောက်တွင် အနက်ရောင်မျက်နှာဖုံးဝတ်ထားသော အမျိုးသားသည် သူတို့အား ဂရုမစိုက်တော့ဘဲ နှင်းမုန်တိုင်းထဲသို့ တိုးဝင်ကာ တစ်ဖက်သို့ ချက်ချင်း လျှောက်သွားလေတော့သည်။
"ဧကန္တ... သူက ယန်မျိုးရိုးအဘိုးကြီးနဲ့ သူ့တပည့်တွေနဲ့ ရန်ဖြစ်တဲ့သူများလား"
သံနက်အိမ်တော်မှလူများသည် အနက်ရောင်မျက်နှာဖုံးနှင့်လူ၏ အထောက်အထားကို မှန်းဆကာ စိတ်ထဲတွင် တွေးတောနေကြသည်။ သူက ခုနက ဆူညံသံရဲ့ အရင်းတည်ရာလား။
"ပြန်သွားကြည့်ရအောင်" မော့ထျဲက မတ်တပ်ရပ်ပြီး စကားမပြောခင် ခဏလောက် တုံ့ဆိုင်းနေခဲ့သည်။
"မှန်တယ်။" လူတိုင်းသည် ဘုရားကျောင်း၌ ဖြစ်ပျက်ခဲ့သမျှကို စူးစမ်းလိုစိတ်နှင့် စိုးရိမ်ပူပန်မှုကို မထိန်းနိုင်ဘဲ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ဂရုတစိုက်နဲ့ သူတို့ ဘုရားကျောင်းကို ပြန်သွားကြသည်။ သွေးညှီနံ့တွေ တလှိုင်လှိုင်နှင့် ဘုရားကျောင်း တံခါးရှေ့ နှင်းတွေပေါ်မှာ အူတွေကလီစာတွေ မြေပြင်တစ်ခုလုံး ပြန့်ကျဲနေတဲ့ အလောင်းတစ်လောင်းကို သူတို့ ချက်ချင်း တွေ့လိုက်ကြသည်။
"အော့"
ဒီလို ကြောက်စရာကောင်းတဲ့ မြင်ကွင်းကို မြင်လိုက်ရတော့ တစ်စုံတစ်ယောက်ရဲ့ ဗိုက်တွေ တဆတ်ဆတ် တုန်ပြီး ပျို့တက်ကာ အန်ချလုမတတ်ဖြစ်သွားသည်။
"အဲ...အဲဒါက အဘိုးကြီးယန်ပဲ"
ထိုအချိန်တွင် မော့ထျဲသည် ရုတ်တရက် မှတ်မိသွားပြီး တုန်လှုပ်သွားလေ၏။ ဒီအလောင်းဟာ စောစောက သူတို့ကို ခြိမ်းခြောက်ခဲ့တဲ့ ယန်မျိုးရိုးနှင့် အဘိုးမှလွဲ၍ အခြားမဟုတ်ပေ။
"ဧကန္တ... ကျန်တဲ့နှစ်ယောက်လည်း..."
မော့ထျဲသည် ခန်းမဆောင်ကြီးထဲသို့ ချက်ချင်း ဝင်လိုက်သည်နှင့် ခန်းမအတွင်း၌ လူထွားကြီးအပြင် ခွန်အားကြီးမားသော အစိမ်းရောင်ဝတ်စုံနှင့် လူတို့၏ အလောင်းများကို တွေ့လိုက်ရသသည်။ သူတို့က ဒဏ်ရာရသွားသော်လည်း ယခုတော့ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေလေပြီ။
"သေပြီ။ လူဆိုးသုံးယောက်လုံး သေပြီ!"
မော့ထျဲနှင့် အခြားသူများသည် သူတို့မျက်စိရှေ့မှ မြင်ကွင်းကို အတန်ငယ် သံသယဝင်ခဲ့ကြသည်။ မကြာသေးမီက သူတို့အား ပြင်းပြင်းထန်ထန် ရက်ရက်စက်စက် ခြိမ်းခြောက်ခဲ့သော ယန်ဖေးတို့ သုံးယောက်သည် ယခုတော့ ဘုရားကျောင်းအိုကြီးထဲတွင် ဝမ်းနည်းကြေကွဲဖွယ်ရာ သေဆုံးသွားခဲ့ပြီး သူတို့၏အလောင်းများက မှုန့်မှုန့်ညှက်ညှက်ကျေနေလျက်။
"ဒါတွေကို မျက်နှာဖုံးနက်နဲ့လူ လုပ်ခဲ့တာလား။ သူက အကုန်လုံးကို သတ်လိုက်တာပဲ!"
"လူတစ်ယောက်ကို တစ်ချက်တည်းနဲ့ ထက်ခြမ်းခွဲဖို့ဆိုတာ ခွန်အား ဘယ်လောက်တောင် ယူရမှာပါလိမ့်။"
ဘုရားကျောင်းတံခါးဝတွင် မျက်ဝါးထင်ထင် မြင်တွေ့ရပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသော အနက်ရောင်မျက်နှာဖုံးဝတ်ထားသူကို သတိရကာ မော့ထျဲနှင့် အခြားသူများသည် ကြီးမားသော ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ မျက်နှာဖုံးအနက်ဝတ်ထားသူနှင့် ယန်ဖေးတို့ ဆရာတပည့်များကြား ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ခဲ့ကြောင်း ခန့်မှန်းရ မခက်လှပေ။
မော့ထျဲနဲ့ သူ့အဖွဲ့တွေ ထွက်ခွာသွားပြီး မကြာခင်မှာပဲ မျက်နှာဖုံးအနက်ဝတ်ထားတဲ့ အမျိုးသားက ဘုရားကျောင်းကို ရောက်လာခဲ့ပြီး ယန်ဖေးတို့သုံးယောက်နဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ကာ အားလုံးကို ခုတ်သတ်ပစ်ခဲ့သည်။
"သေသွားတာ နားအေးတယ်။ သူတို့ထိုက်နဲ့ သူတို့ကံပဲ။"
ယန်ချောင်သည် စိတ်လှုပ်တရှားနှင့် တုန်လှုပ်သွားသည်။
ယန်ဖေးတို့ ဆရာတပည့်သုံးဦးသည် သူနှင့် လီအာလန်ကို ပြန်ပေးဆွဲခဲ့ပြီး လီအာလန်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ ကြမ္မာတစ်ပတ်လည်လာသောအခါ ယခု ယန်ဖေးတို့သည် ဆိုးရွားလှသော အဆုံးသတ်ကို ဤနေရာတွင် ကြုံတွေ့ခဲ့ရပြီဖြစ်သည်။
"သေပြီ... ခြိမ်းခြောက်တာလည်း မရှိတော့ဘူး" မော့ထျဲသည် မယုံနိုင်လောက်အောင် ခံစားနေရသည်။ ဤလူဆိုးသုံးယောက်က သူ့ကို ငွေညှစ်ခဲ့ပြီး နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့တာတွေကို အန္တရာယ်ထဲ ကျရောက်စေခဲ့ပြီး အခုတော့ သူ့စိုးရိမ်မှုတွေအားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။
"မျက်နှာဖုံးစွပ်ထားတဲ့လူက သူတို့ကို ဘာလို့သတ်တာလဲ။"
"မသိဘူး... သူခိုးတွေကိစ္စများလားပဲ။ ဒီလူသုံးယောက်ထဲက အဖိုးတန်ပစ္စည်းတွေ အားလုံး ပျောက်ကုန်ပြီ။"
သံနက်အိမ်တော်မှလူများ အားလုံးသည် မျက်နှာဖုံးစွပ်နှင့်လူက ယန်ဖေးနှင့် အခြားလူများကို အဘယ်ကြောင့် သတ်ပစ်လိုက်သည်ကို သိချင်နေကြပြီး သူတို့ကြားတွင် ပဋိပက္ခဖြစ်ခဲ့သည်ဟု အချို့က ယူဆကြသည်။
မည်သို့ပင်ဆိုစေကာမူ သံနက်အိမ်တော်အတွက် ဤသည်မှာ သံသယဖြစ်ဖွယ်ကောင်းသော သတင်းဖြစ်သည်။
"ထွက်သွားရအောင်။ ပြန်သွားပြီး ကောင်းကောင်း အနားယူကြ။ ဒီည ဖြစ်ပျက်ခဲ့တာတွေကို တခြားသူတွေကို ပြန်မပြောနဲ့" မော့ထျဲက ဆိုလေ၏။ သူ့အမူအရာက သိသိသာသာ ပြေလျော့သွားသည်။
အလွန်ရက်စက်ကြမ်းကြုတ်သော ဓားပြဂိုဏ်း၏ ပစ်မှတ်ထားခြင်းခံရခြင်းသည် အမှန်တကယ်ပင် ကံဆိုးခြင်း ဖြစ်သော်လည်း ကံကောင်းထောက်မစွာနှင့် မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခုတွင် လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦးသည် ယန်ဖေးနှင့် အခြားသူများနှင့် ထိပ်တိုက်တွေ့ပြီး သူတို့ကို ခုတ်ထစ်သတ်ဖြတ်ကာ အကျပ်အတည်းကို ဖြေရှင်းပေးခဲ့သည်။
"ဟုတ်တယ်...ပြန်ကြရအောင်။ သနားစရာပဲ... လီအာလန်ကိုတော့ အသက်ပြန်ရှင်အောင် လုပ်လို့ မရနိုင်တော့ဘူး..."
"ဟမ်း၊ ငါတို့ သူ့အစား သူ့မိသားစုကို စောင့်ရှောက်ပေးသင့်တယ်။"
မော့ထျဲနှင့် သူ့အဖွဲ့သည် ပိုမိုသက်တောင့်သက်သာရှိစပြုလာကာ လီအာလန် သေဆုံးမှုအတွက် ညည်းတွားခဲ့ကြသော်လည်း သူတို့သည် ကြာကြာမနေဘဲ ပျက်စီးနေသော ဘုရားကျောင်းမှ အမြန်ထွက်ခွာကာ သံနက်အိမ်တော်သို့ ပြန်လာခဲ့ကြသည်။
ထုံးစံအတိုင်း မော့ထျဲနှင့် အခြားသူများသည် ယန်ဖေးနှင့် သူ၏တပည့်များ သေဆုံးခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ဘဲ သူတို့နောက်မှလိုက်လာသော စူးချန်ခုန်း၏ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်ဖြစ်ကြောင်း မသိခဲ့ကြပေ။
ထိုအချိန်တွင် စူးချန်ခုန်းသည် မော့ထျဲနှင့် သူ့အဖွဲ့ရှေ့တွင် သံနက်အိမ်တော်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
မထွက်ခွာမီတွင် သူ့ကို မော့ထျဲနှင့် အခြားသူများ မထင်မှတ်ဘဲ တွေ့ခဲ့ရသော်လည်း စူးချန်ခုန်းသည် စိတ်ထဲမထားပါပေ။ သူသည် အရပ်ကို ပေဝက်ကျော် လျှော့ချရန် လိပ်အသက်ရှူနည်းကို အသုံးပြုခဲ့ပြီး မျက်နှာဖုံးတပ်ထားသောကြောင့် သူ့ကို မှတ်မိရန် မဖြစ်နိုင်ပေ။
သူ့နေရပ်ကို တိတ်တဆိတ်ပြန်လာရင်း စူးချန်ခုန်းက သူ့မျက်နှာဖုံးနဲ့ အဝတ်တွေကို ချွတ်လိုက်ပြီး ပျင်းရိစွာ ဆန့်ထုတ်လိုက်သည်။
ယန်ဖေးနှင့် သူ၏တပည့်များကို ယနေ့ညတွင် ကိုင်တွယ်ပြီးနောက် မော့ထျဲက သူ့ကို ခေါ်လာသောအခါတွင် မော့ထျဲ ပေးခဲ့သော ကြင်နာမှုကို ပြန်လည်ပေးဆပ်ခြင်းဟု ယူဆခဲ့သည်။
စူးချန်ခုန်း ပြန်လာပြီး သိပ်မကြာခင်မှာပဲ မော့ထျဲနဲ့ တခြားသူတွေဟာ သံနက်အိမ်တော်ကို ဘေးကင်းစွာ ပြန်ရောက်လာခဲ့ကြသည်။ နောက်တစ်နေ့ ရောင်ခြည်ဆောင်လာတော့ ဘာမှမဖြစ်ခဲ့သည့်နှယ် အရာအားလုံးက ပုံမှန်အတိုင်းပင်။ လောကကြီးက တစ်ယောက်ယောက်ကိုမှ ဆုံးရှုံးခဲ့ရသော်လည်း မရပ်တန့်သွားခဲ့ပေ။
"ဒီသိုးသားရေပေါ်မှာ ဘာတွေပါလဲ ကြည့်ရအောင်။ သိုင်းပညာ လျှို့ဝှက်ချက်လက်စွဲစာအုပ်များလား။"
တစ်နေကုန် အလုပ်ပြီးလို့ ညနေမှာတော့ စူးချန်ခုန်းဟာ သူ့အခန်းထဲကို ပြန်သွားပြီး ယန်ဖေးရဲ့ အလောင်းပေါ်မှာ ယမန်နေ့က တွေ့ခဲ့တဲ့ သိုးသားရေကို ထုတ်ယူလိုက်သည်။ ၎င်းသည် သိုင်းပညာ လျှို့ဝှက်လက်စွဲ ဖြစ်နိုင်သော်လည်း မသေချာပေ။
သို့သော် စူးချန်ခုန်း ထင်တာ မှားသွားခဲ့သည်။ ၎င်းသည် သိုင်းခံပညာ လျှို့ဝှက်ချက်လက်စွဲမဟုတ်။ ဆေးညွှန်းတစ်ခုဖြစ်သည်။
"ဆေးစာလား။ ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းတဲ့လား။"
သိုးသားရေကို လှန်လိုက်သောအခါ စူးချန်ခုန်း၏ အမူအရာမှာ မသိမသာ ပြောင်းလဲသွားသည်။
သိုးသားရေတွင် ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းဟု အမည်ပေးထားသည့် ဆေးစာပါ၀င်ပြီး စူးချန်ခုန်းသည် ၎င်းကို ဂရုတစိုက်ကြည့်ကာ သူ့မျက်လုံးများ ပိုပိုပြီး အရောင်လဲ့လာသည်။
"ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းသည် စွမ်းအင်ကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို အားကောင်းစေကာ ချီစွမ်းအင်၏ အာရုံခံစားမှုကို ကျင့်ကြံပေးပြီး အတွင်းအားကို လေ့ကျင့်ရာတွင် များစွာအကျိုးရှိစေပါသည်။"
ခန္ဓာကိုယ် သန်မာစေသော ဟင်းချိုနှင့် ဆင်တူသော ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းသည် သိုင်းပညာရှင်များအတွက် အကျိုးပြုသော ဆေးဖြစ်လေသည်။