ချပ်ဝတ်တန်ဆာ ပြုလုပ်ခြင်း။ သံချပ်ဝတ်တန်ဆာ။
Vol. 2 Ch. 26
"အ... အရှင်ချိုက်... ဒါက စည်းကမ်းနဲ့ နည်းနည်း ဆန့်ကျင်တယ် မဟုတ်လား"
ယန်ချောင်က မပြောဘဲ မနေနိုင်ခဲ့။
ကျောက်စိမ်းဖြူဂိုဏ်းအတွက် သံချပ်ကာတစ်သုတ် ထုလုပ်ပေးခြင်းသည် အလွန်အန္တရာယ်များလှသည်မှာ သေချာပါသည်။
ချိုက်ထုံ၏ အသံသည် ရေခဲတမျှ အေးစက်နေပြီး "ပြောတဲ့အတိုင်းသာလုပ်၊ စကားစကို ဖြတ်တော့။ ခင်ဗျားကို ပိုက်ဆံဖြတ်မှာ မဟုတ်ဘူး။ ဒါကြောင့် မဆိုင်တာ ဝင်မပါနဲ့။!"
ချိုက်ထုံ၏ ပြတ်သားသော လေသံကြောင့် ယန်ချောင်နှင့် အခြားလူများက အကြည့်ချင်းဖလှယ်လိုက်ကြပြီး အားလုံးက စိတ်ထဲတွင် ခါးသက်သက်နှင့် လှောင်ပြုုံးပြုံးလိုက်ကြသည်။
အခုအချိန်မှာ ကျောက်စိမ်းဂိုဏ်းကို ရောက်လာပြီဆိုတော့ သူတို့ဘက်က နာခံမှုမရှိရင် ထွက်သွားဖို့ ခက်ခဲလိမ့်မည်။
"ဘာကြောင့် ကျောက်စိမ်းဂိုဏ်းက သံချပ်ကာတွေ ထုတ်လုပ်ချင်တာလဲ။ ဧကန္တ..."
စူးချန်ခုန်းသည် ကျောက်စိမ်းဖြူဂိုဏ်းမှ သံချပ်ကာလုပ်လိုသည်ကို အံ့အားသင့်နေချိန်တွင် ဂိုဏ်း၏ ရည်ရွယ်ချက်ကိုလည်း တွေးနေမိသည်။
"အနက်ရောင် မြင်းတပ်ဂိုဏ်း!"
ထိုသို့ တွေးမိရင်း စူးချန်ခုန်း သဘောပေါက်သွားသည်။
တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် ထုံးစံအတိုင်း သံချပ်ကာပြုလုပ်ခြင်းပင်။
အနက်ရောင် မြင်းတပ်ဂိုဏ်းသည် မကြာသေးမီက အာဏာရလာခဲ့ပြီး နယ်မြေကို အင်အားသုံး၍ ရက်စက်စွာ ပြုမူခဲ့သည်။ သို့တိုင် သူတို့သည် ပြင်းထန်သော ခွန်အားဖြင့် သူတို့အား ဆန့်ကျင်သူတို့ကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။
ကျောက်စိမ်းဖြူဂိုဏ်းသည် ချင်းရွှေမြို့၏ သိုင်းပညာအသိုင်းအဝန်းအတွင်း ကာလကြာရှည်စွာ ထူထောင်ထားသော အင်အားစုဖြစ်ပြီး အကျိုးအမြတ်များသော ကျောက်စိမ်းနှင့် ကျောက်ရောင်းဝယ်ရေးများတွင် အဓိကအားဖြင့် ပါဝင်သည်။ ၎င်းတို့သည် အများအားဖြင့် အနက်ရောင်မြင်းတပ်ဂိုဏ်းနှင့် ထိပ်တိုက်တွေ့လေ့မရှိသော်လည်း ယခုအခါ ၎င်းတို့ကြားတွင် အချို့သော အဖြစ်အပျက်များ ဖြစ်ပွားခဲ့ပြီး ပဋိပက္ခဖြစ်နိုင်သည်ဟု ထင်ရသည်။
မည်သို့ပင်ဆိုစေကာမူ ကျောက်စိမ်းဖြူဂိုဏ်းသည် အနက်ရောင် မြင်းတပ်ဂိုဏ်းနှင့် တိုက်ခိုက်ရာတွင် ပြင်ဆင်ရန် ချပ်ဝတ်တန်ဆာကို သွန်းလုပ်ကာ မသေချာမရေရာသော ကာလများအတွက် ကြိုတင်ကာကွယ်မှုတစ်ခုဖြစ်သည်။
အထူးသဖြင့် ခွန်အားသန့်စင်ခြင်းနယ်ပယ်နှင့်အထက်ရှိ ကြံ့ခိုင်သော သိုင်းပညာရှင်တစ်ဦးအတွက် သံချပ်ကာဝတ်ဆင်ခြင်းသည် တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးသည်။ ၎င်းသည် သူတို့၏ တိုက်ပွဲ ခွန်အားကို အဆပေါင်းများစွာ တိုးမြှင့်နိုင်သည်ဟုဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပါ။ သံချပ်ကာနှင့်ဆိုလျှင် ဓားကို ခံနိုင်ရည်ရှိပြီး ပေါ့ပါးဖျတ်လတ်သည်။ ထို့ကြောင့် တိုက်ပွဲစွမ်းရည်ကို တိုးမြှင့်ပေးသည်။
ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသော လက်ရွေးစင်သိုင်းပညာရှင်အဖွဲ့သည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားမည်ဖြစ်ပြီး ပိုအားကောင်းသည့်တိုင် အစွမ်းထက်လာကာ ပိုစွမ်းအားကြီးသော သိုင်းပညာရှင်များကို ဝန်းရံသတ်ဖြတ်နိုင်မည်ဖြစ်သည်။
ကျောက်စိမ်းဖြူဂိုဏ်းက သံနက်အိမ်တော်သည် ပန်းပဲပညာလောကတွင် လူသိများသောကြောင့် သံနက်အိမ်တော်ကို ရှာဖွေခဲ့ပြီး သံချပ်ကာ၏ အထူးသဘာ၀ကြောင့် သူတို့သည် သိသိသာသာနှင့် စွန့်စွန့်စားစား ပြောဆိုဖော်ထုတ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့က စူးချန်ခုန်းနှင့် အခြားသူတို့အား ကျောက်စိမ်းဖြူဂိုဏ်း၏အိမ်သို့ အလုပ်ခန့်ကာ လာခိုင်းခြင်းပင်။
ဟုတ်ပါတယ်။ ဒါတွေအားလုံးက စူးချန်ခုန်းရဲ့ ကိုယ်ပိုင် ထင်ကြေးတွေပါပဲ။ တော်တော်လေး ဖြစ်နိုင်ချေရှိသည်ဟု ခံစားရပေမယ့် ကျောက်စိမ်းဖြူဂိုဏ်းကသာလျှင် သေချာပေါက် သိနိုင်မည်ဖြစ်သည်။
"ကဲပါလေ...အရှင်ချိုက် ပြောတဲ့အတိုင်းပဲ လုပ်ကြရအောင်။"
ချိုက်ထုံ၏ အေးစက်စက် မယိမ်းယိုင်သော အကြည့်များကို ရင်ဆိုင်ရင်း ယန်ချောင်က သက်ပြင်းချကာ သဘောတူလိုက်ရုံသာ။
တကယ်တော့ သွန်းလုပ်ရမည့်လက်နက်မှာ ကျောက်စိမ်းဖြူဂိုဏ်းအတွက်ဖြစ်သည်။ ထုတ်လုပ်မှုအတွက် သူတို့မှာ တာဝန်ရှိလေသည်။
"ကောင်းတယ်။ ဒီမှာ လုံလောက်တဲ့ ပစ္စည်းတွေ ရှိတယ်။ အချောထည် ချပ်ဝတ်တန်ဆာ တစ်ထည်ကို အရင် ဖန်တီးပါ။ ဒါမှ အရည်အသွေးကို သိနိုင်မှာ။ ခင်ဗျားတို့မှာ တောင်းဆိုမှု ဒါမှမဟုတ် လိုအပ်တာရှိရင် ပြောပါ။"
စကားပြောနေစဉ် ချိုက်ထုံ၏အမူအရာမှာ အနည်းငယ် ပျော့ပျောင်းသွားသည်။ ထို့နောက် သူသည် ကျောက်စိမ်းဂိုဏ်းဝင်ပေါက်ကို စောင့်ကြပ်နေတဲ့ တပည့်တွေကို ညွန်ကြားချက်တချို့ တိုးတိုးလေးပြောပြီး လှည့်ထွက်သွားတော့သည်။
"အခု ဘာလုပ်ရမလဲ။ ဒီချပ်ဝတ်တန်ဆာကို လုပ်ရတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။ အဲဒါက လွဲမှားစွာ ကိုင်တွယ်ရင် ကျွန်တော်တို့ကို ဒုက္ခရောက်စေနိုင်တယ်။"
သံနက်အိမ်တော်မှ ပန်းပဲဆရာတစ်ယောက်က ဒေါသတကြီးနှင့် မျက်မှောင်ကြုတ်ကာ ဆိုလေ၏။
ကျောက်စိမ်းဖြူဂိုဏ်းသည် သူတို့အား အလုပ်ခန့်ရန် ငွေကြေးပမာဏများစွာ ပေးဆောင်တာကတော့ အမှန်ပင်။ ဤကမ္ဘာပေါ်တွင် နေ့လယ်စာ အလကားစားရသည်ဟူ၍ မရှိပေ။
"ကျွန်တော်တို့ ကျောက်စိမ်းဖြူဂိုဏ်းကို စိတ်ကျေနပ်အောင် လုပ်ထားဖို့ပဲ လိုတယ်။" အခြားသူတစ်ဦးသည် အခြေအနေများကိုမြင်သောအခါ ကျောက်စိမ်းဖြူဂိုဏ်း၏နယ်မြေအတွင်း၌ နာခံရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိဟု နားလည်သွားသည်။
"စူးချန်ခုန်း မင်းမှာ အကြံဉာဏ်တွေ ရှိသေးလား" ယန်ချောင်က စူးချန်ခုန်းကို အကြံဉာဏ်တောင်းလိုက်သည်။
ငယ်ရွယ်သော်လည်း စူးချန်ခုန်း၏ ပန်းပဲပညာ၌ ထူးခြားသောစွမ်းရည်မှာ အံ့ဩစရာဖြစ်ပြီး လူတိုင်းက သူ့ကို အလွန်လေးစားကြသည်။
စူးချန်ခုန်းက တွေးဆကာ ဆိုလေ၏။ "ကျောက်စိမ်းဖြူဂိုဏ်းရဲ့ ချပ်ဝတ်တန်ဆာက သိုင်းပညာရှင်သုံးဖို့ လိုအပ်တာဆိုတော့ နည်းနည်းလေး ပိုလေးရမယ်။ ဆိုတော့ သံချပ်ကာကို ထုလုပ်လိုက်ကြရအောင်။"
ချပ်ဝတ်တန်ဆာ အမျိုးအစားများစွာရှိပြီး အသုံးအများဆုံးမှာ သံကြိုးချပ်ဝတ်တန်ဆာ၊ သားရေချပ်ဝတ်တန်ဆာ၊ ချည်ချပ်ဝတ်တန်ဆာ၊ သံချပ်ဝတ်တန်ဆာ စသည်တို့ဖြစ်သည်။
ယင်းတို့အနက်မှ သံချပ်ဝတ်တန်ဆာသည် အကောင်းဆုံးသော အကာအကွယ်ကို ပေးစွမ်းနိုင်သည်မှာ သေချာသော်လည်း ၎င်း၏ အားနည်းချက်မှာ အလွန်အကျွံ လေးလံခြင်းဖြစ်သည်။
အပေါ့စားသံချပ်ဝတ်တန်ဆာ တစ်စုံသည် လျန်(၃၀)ကျော် အလေးချိန်ရှိပြီး ဝတ်စုံအပြည့်အစုံမှာ လျန် (၁၀၀)အထိ အလေးချိန်ရှိနိုင်သည်။ (၁လျန်=၅၀ဂရမ်)
ဤကဲ့သို့ လေးလံသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့်အခါ သာမာန်လူတစ်ဦးအတွက် ခွန်အားရှိသမျှဖြင့် တိုက်ခိုက်ဖို့နေနေသာသာ လှုပ်ရှားရန်ပင် ခက်ခဲမည်ဖြစ်သည်။
သို့သော် ဤသံချပ်ဝတ်တန်ဆာသည် ကျောက်စိမ်းဖြူဂိုဏ်း၏ ထိပ်တန်း သိုင်းပညာရှင်တို့အတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ ၎င်း၏ ကိုယ်အလေးချိန်သည် သူတို့၏ ကိုယ်ကာယကြံ့ခိုင်မှုကြောင့် ဝတ်ဆင်ရန်နှင့် အသုံးပြုရန် ပြဿနာရှိမည်မဟုတ်ပေ။
"ကောင်းပြီ။ ဒါဆို သံချပ်ဝတ်တန်ဆာ လုပ်ရအောင်။" ယန်ချောင်နဲ့ တခြားသူတွေက ခေါင်းညိတ်ပြီး သဘောတူလိုက်ကြသည်။
"အသေးစိတ်ပုံစံတွေကို စဆွဲမယ်။" ထို့နောက် စူးချန်ခုန်းသည် ယခင်ဘဝက သူမြင်ဖူးခဲ့သော ရှေးမင်းဆက်တစ်ခုမှ သံချပ်ကာဒီဇိုင်းကို ပြန်လည်သတိရကာ စတင်ရေးဆွဲတော့သည်။
မကြာမီတွင် သံချပ်ကာဝတ်စုံ၏ အခြေခံပုံစံများဖြစ်သော ခမောက်၊ ရင်ဖုံး၊ နောက်ဖုံး၊ ပခုံးအကာ၊ လက်မောင်းအကာ၊ လက်အကာများနှင့် အနားကွပ်များ စာရွက်ပေါ်တွင် ပေါ်လာသည်။
ဤနေရာမှာ သတ္တုပစ္စည်းတွေလည်းရှိသည်။ ကျောက်စိမ်းဖြူဂိုဏ်းသည် လုံလောက်စွာ ပံ့ပိုးပေးထား၏။ သံချပ်ကာဝတ်စုံသည် အဓိကအားဖြင့် သံပါဝင်ပြီး ကြေးနီနှင့် သားရေဖြင့် ပေါင်းစပ်ထားသည်။
"အလုပ်ကို ခွဲပြီး လက်မှုပညာကနေ စလုပ်ကြရအောင်" ဟူ၍ ယန်ချောင်က လူအုပ်ကြီးအား ထုတ်ကုန်အချော စတင်ထုတ်လုပ်ဖို့ စီစဉ်ပေးနေရင်း ဆိုသည်။
အဆင့်တစ်ဆင့်ချင်းစီအတွက် တာဝန်ရှိသော လူအနည်းငယ်နှင့် လုပ်အားခွဲဝေမှုကို ရှင်းလင်းစွာလုပ်ဆောင်ခြင်းဖြင့် စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပါသည်။
"ဒိန်း ဒိန်း ဒိန်း"
အလုပ်ရုံတွင် မီးဖိုမှ မီးတောက်များ မြင့်တက်လာပြီး လူတိုင်း ဝိုင်းအုံလာကြသည်။
ယခင်က စူးချန်ခုန်းနှင့် အခြားသူများသည် ဓားများကဲ့သို့ လက်နက်များသာ ပြုလုပ်ခဲ့ကြသော်လည်း ပန်းပဲပညာတွင် အခြေခံကျွမ်းကျင်မှု ရှိထားပြီးဖြစ်သောကြောင့် ချပ်ဝတ်တန်ဆာတစ်ထည် ဖန်တီးခြင်းသည် ခက်ခဲသောအလုပ်မဟုတ်ပေ။
သူတို့က ချပ်ဝတ်တန်ဆာပြုလုပ်ရန် တွန့်ဆုတ်နေသော်လည်း သံနက်အိမ်တော်မှ ပန်းပဲဆရာများသည် အခြေခံ ပရော်ဖက်ရှင်နယ် အရည်အသွေးများ ရှိပြီး အားလုံးသည် သူတို့၏ သက်ဆိုင်ရာ တာဝန်များကို ပြီးမြောက်ရန် လုံ့လစိုက်ထုတ် လုပ်ဆောင်ခဲ့ကြသည်။
တစ်ပိုင်းပြီးတစ်ပိုင်း အကြိမ်ပေါင်း ထောင်နှင့်ချီပြီး ထုလုပ်ပြီး သံချပ်ကာပြားများကို အကြီးအသေး အရွယ်အစား အမျိုးမျိုးဖြင့် ထုလုပ်ထားသည်။ ထို့နောက် သံပြားတစ်ခုလုံးကို သံချပ်ကာအဖြစ် ချိတ်ဆက်ရန် သားရေပြားများကို အသုံးပြု၍ အကြမ်းစားသည်။ အပေါက်ဖောက်သည်။ အတွင်းပိုင်း ချပ်ဝတ်တန်ဆာကိုတော့ အဓိကအားဖြင့် ပိုပျော့ပြောင်းသော ကြေးနီဖြင့် ပြုလုပ်ထားသည်။
ဓားတို့ အခြားလက်နက်တို့နှင့် နှိုင်းယှဉ်ပါက ချပ်ဝတ်တန်ဆာတစ်စုံကို ဖန်တီးခြင်းသည် နည်းပညာဆိုင်ရာ အကြောင်းအရာများ ပိုမိုလိုအပ်ပြီး ပိုမိုခက်ခဲပါသည်။
စူးချန်ခုန်းနှင့် လူနှစ်ဆယ်တို့၏ ပေါင်းစပ်ကြိုးပမ်းမှုဖြင့် ပထမအချောထည်ကို ထုတ်လုပ်ရန် ငါးရက်တင်းတင်း ကြာခဲ့သည်။
စူးချန်ခုန်း၏ ပံ့ပိုးကူညီမှုက အကြီးမားဆုံး ဖြစ်သည်မှာ သေချာပါသည်။ သူ၏ ကိုယ်ကာယအားက တော်တော်လေးကို ထူးခြားသည်။သံချပ်ကာပြားများကို ထုလုပ်ခြင်းအတွက် သူတစ်ယောက်တည်း၏ စွမ်းဆောင်ရည်သည် လူပေါင်းများစွာနှင့် ညီမျှသည်။
သတ်မှတ်ထားသည့် အချိန်အတွင်း သူတစ်ယောက်တည်းနှင့် ပြီးပြည့်စုံသော ချပ်ဝတ်တန်ဆာတစ်စုံကို ဖန်တီးနိုင်သည်။
"ပြီးပြီ..."
ငါးရက်ကြာပြီးနောက် လူတိုင်းသည် မီးရောင်အောက်တွင် တောက်ပနေသော အလေးချိန်စီးသည့် မဟူရာသံချပ်ဝတ်တန်ဆာ ဝတ်စုံကို ကြည့်ရှုနေကြသည်။ သူတို့၏ မျက်နှာထက်ဝယ် မသိစိတ်အရ ပျံ့နှံ့နေသော အပြုံးများ ကိုယ်စီနှင့်။
ခံစစ်စွမ်းအားကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားရင်း ချပ်ဝတ်တန်ဆာ အပြည့်အစုံကို အတတ်နိုင်ဆုံး ပေါ့ပါးအောင် ပြုလုပ်ထားသည်။ သို့တိုင်အောင် ဤလက်နက်စုံသည် ပေါင်ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ခန့် အလေးချိန်ရှိသည်။ သာမာန်လူတစ်ယောက်သည် အချိန်တိုအတွင်း ပြင်းထန်စွာ လှုပ်ရှားပြီးနောက် ပင်ပန်းနွမ်းနယ်နေပေလိမ့်မည်။ သို့ပေမယ့် အထက်တန်းစား ကိုယ်ခံပညာ ရှင်တွေအတွက်တော့ ပြဿနာမရှိလောက်ပေ။
"ဒီမှာခင်ဗျ။ ပစ္စည်းက ပြီးသွားပြီ။ ကျေးဇူးပြုပြီး အရှင်ချိုက်ကို လာစစ်ဆေးခိုင်းလိုက်ပါ။ လက်ခံတယ်ဆိုရင် ဒီသတ်မှတ်ချက်တွေနဲ့ အလုံးအရင်းနဲ့ ထုတ်တော့မယ်။"
ယန်ချောင်သည် အလုပ်ရုံအဝင်ဝမှ ကျောက်စိမ်းဖြူဂိုဏ်း၏ တပည့်တစ်ဦးအား ပြောလိုက်သည်။
"ဒီမှာပဲ စောင့်နေပါ။"
ကျောက်စိမ်းဂိုဏ်းတပည့်က ခေါင်းညိတ်ပြပြီး အထက်လူတွေကို အကြောင်းကြားဖို့ အမြန်ထွက်သွားသည်။
များမကြာမီပင် ထွားကျိုင်းသော ချိုက်ထုံသည် အလုပ်ရုံသို့ ရောက်ရှိလာပြီး ချပ်ဝတ်တန်ဆာ အစုံကို တွေ့လိုက်ရသည်။
"မင်း အဲ့တာကို ဝတ်လိုက်။"
ချိုက်ထုံက ကျောက်စိမ်းဖြူဂိုဏ်းတပည့်ငယ်တစ်ဦးကို ပြောလိုက်သည်။
"ဟုတ်ကဲ့။" တပည့်ငယ်လေးသည် အမိန့်ကိုကြားသောအခါ ခေါင်းညိတ်ကာ ချပ်ဝတ်တန်ဆာကို စတင်ဝတ်ဆင်သည်။
ချပ်ဝတ်တန်ဆာကို အပြည့်စုံ၀တ်ပြီးသည်နှင့် တပည့်လေး၏ မျက်စိနှင့်နှာခေါင်းတို့မှလွဲ၍ ချပ်ဝတ်တန်ဆာက ဖုံးအုပ်ထားရာ ဖိနှိပ်ခြင်း အရောင်ဝါတို့ ဖြာထွက်နေလေ၏။
"ဝှစ်”
ဘာသတိပေးချက်မှမရှိဘဲ ချိုက်ထုံသည် ရုတ်တရက် သူ၏ဓားကိုဆွဲထုတ်လိုက်သည်။ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သွားပြီး တပည့်ငယ်လေး၏ရင်ဘတ်ကို တိုက်ရိုက်ခုတ်ချလိုက်လေ၏။
"ချွမ်း"
စူးရှသော သတ္တုသံများကြားတွင် တပည့်လေးက သတိလက်လွတ်ဖြစ်သွားပြီး တိုက်ရိုက် အခုတ်ခံလိုက်ရသဖြင့် ဓါး၏အားက သူ့ကို ထိန်းလို့မရအောင် နောက်ပြန်ဆုတ်သွားစေကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။
သို့သော် အနီးကပ်စစ်ဆေးကြည့်သောအခါ ချပ်ဝတ်တန်ဆာပေါ်တွင် ခြစ်ရာ ပါးပါးလေးသာရှိ၍ တပည့်လေးတွင် လုံးဝထိခိုက်မှုမရှိပေ။
ချပ်ဝတ်တန်ဆာ၏ ခုခံအားသည် အမှန်တကယ်ပင် အားကောင်းသည်။ အထူးသဖြင့် အေးစက်သော လက်နက်များခေတ်တွင် ၎င်းသည် ဓားနှင့်လှံများကို ခံနိုင်ပြီး အနိုင်ယူနိုင်မည် မဟုတ်ပေ။
"မဆိုးပါဘူး။ ကောင်းတယ်။ ဒီအရည်အသွေးနဲ့ အလုံးအရင်းနဲ့ ထုတ်လုပ်လိုက်ကြရအောင်"
ချိုက်ထုံသည် အလွန်ကျေနပ်နေပုံရသည်။ သူက ခေါင်းညိတ် ထောက်ခံပြီး အလုပ်ဆက်လုပ်ရန် လှုံ့ဆော်လိုက်သည်။
"ခဏနေပါဦး။"
စူးချန်ခုန်းက ခေါ်လိုက်တဲ့ အချိန်မှာ ချိုက်ထုံက ထွက်သွားဖို့ ပြင်နေတာဖြစ်သည်။
"အခြားကိစ္စတစ်ခုခုရှိလို့လား။" ချိုက်ထုံသည် စူးချန်ခုန်းကို ပြန်ကြည့်သည်။
စူးချန်ခုန်းက "အရင်တုန်းက သခင်လေးပိုင်က ကျောက်စိမ်းဖြူဂိုဏ်းကို ရောက်လာမယ်ဆိုရင် သူက ကျွန်တော့် တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်တယ်လို့ ကတိပေးခဲ့တယ်။ ကျွန်တော် သူ့အကူအညီတောင်းချင်လို့ပါ" ဟု ပြောလိုက်သည်။
ပိုင်ရှောက်ရဲ့ ရက်ရောတဲ့ အခြေအနေတွေကြောင့် စူးချန်ခုန်းဟာ ကျောက်စိမ်းဖြူဂိုဏ်းနဲ့ အလုပ်အကိုင်ကို လက်ခံခဲ့ပြီး နောက်ထပ် တောင်းဆိုမှုတွေလုပ်နိုင်ကြောင်း ပြောခဲ့သည်။ သူသည် ပဓာနချီစွမ်းအင်ဖြန့်ခြင်းအတွက် ပစ္စည်းများ လိုအပ်ပြီး ၎င်းတို့ကို ရယူရန် ကျောက်စိမ်းဖြူဂိုဏ်း၏ အဆက်အသွယ်ကို အသုံးချလိုသောကြောင့် ဤအလုပ်ကို လက်ခံရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ထိုစကားကိုကြားတော့ ချိုက်ထုံက စူးချန်ခုန်းကို ကြည့်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ဆိုသည်။ "သခင်လေးပိုင်က မကြာသေးခင်ကမှ ဂိုဏ်းနဲ့ အဝေးတစ်နေရာကို ရောက်နေပါတယ်။ သူပြန်လာရင် အကြောင်းကြားပေးပါ့မယ်"
ပိုင်ရှောက်သည် ဂိုဏ်းအတွင်း မရှိကြောင်း ချိုက်ထုံ၏ ပြောကြားချက်သည် ရှောင်လွဲနေခြင်းသာဖြစ်ကြောင်း သိသာပါသည်။
စူးချန်ခုန်းကို စစချင်းဖိတ်တုန်းက ပိုင်ရှောက်နဲ့ တခြားသူတွေက အရမ်းရိုးသားပြီး စာနာတတ်ပုံပေါက်သည်။ သို့ပေမယ့် သူတို့မျက်လုံးထဲမှာတော့ စူးချန်ခုန်းက ပန်းပဲဆရာတစ်ယောက်သာ။ ကျောက်စိမ်းဖြူဂိုဏ်းကို သူရောက်လာပြီး သူတို့ ရည်ရွယ်ချက်ပြည့်မြောက်ပြီးတဲ့နောက်မှာ သူ့တောင်းဆိုချက်တွေကို သူတို့ အဘယ်ကြောင့် ဂရုမစိုက်ကြတော့သနည်း။
စူးချန်ခုန်းရဲ့ ကိစ္စတစ်ခုတည်းကြောင့် ပိုင်ရှောက်ကို နှောင့်ယှက်ဖို့ ချိုက်ထုံက စိတ်မ၀င်စားသလို စူးချန်ခုန်းရဲ့ တောင်းဆိုချက်က ဘာလဲဆိုတာ မေးဖို့တောင် စိတ်မ၀င်စားပါ။
ဒါက စူးချန်ခုန်းရဲ့ မျက်ခုံးတွေကို တွန့်ချိုးသွားစေသည်။ "ကောင်းပြီလေ။ ကျွန်တော်လည်း ပင်ပန်းနေပြီ။ ခဏလောက် အနားယူရမယ်။ သခင်လေးပိုင် ပြန်လာတဲ့အခါမှ ကျွန်တော်တို့ စကားပြောကြတာပေါ့။"
စူးချန်ခုန်းသည် သူ့လက်ထဲမှ တူကို ချလိုက်ပြီး အလုပ်ရုံမှ ထွက်သွားတော့သည်။
ကျောက်စိမ်းဖြူဂိုဏ်းသည် တားမြစ်ထားသော ချပ်ဝတ်တန်ဆာများကို သွန်းလုပ်လိုကြောင်း အစပိုင်းတွင် သူတို့အား အသိပေးခဲ့ခြင်း မရှိပေ။ စူးချန်ခုန်းသည် ကုန်ချောထုတ်လုပ်ရန် ကြိုးကြိုးစားစားလုပ်ပေးခဲ့သော်လည်း ချိုက်ထုံ၏ ရှောင်တိမ်းမှုကြောင့် ဒေါသထွက်ရသည်။
သူ့တောင်းဆိုမှုကို သူတို့ မမေးချင်ဘူးဆိုရင် သပိတ်မှောက်ပြီး အလုပ်ရပ်စဲဖို့က ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါလေ။