တားမြစ်ထားသော သံချပ်ကာ။ ကျောက်စိမ်းဖြူဂိုဏ်း အခြေစိုက်ရာနေရာ။
Vol. 2 Ch. 25
ဒါက လူတိုင်းရဲ့ နှလုံးသားကို သေချာပေါက် ပြင်းပြင်းထန်ထန် လှုပ်ခတ်စေခဲ့သည်။
"တကယ်လား။ အမှန်ပဲလား။"
"အဲ့တာက ချမ်းသာပြီး စွမ်းအားကြီးတဲ့ ကျောက်စိမ်းဖြူဂိုဏ်းပဲ... သူတို့က ငါတို့ကို လှည့်စားဖို့ မလိုဘူး။"
အချင်းချင်း တိုးတိုးလေးပြောရင်း သူတို့မျက်လုံးတွေက တိတ်တဆိတ် သဘောတူညီချက်နဲ့ ဆုံသွားကြသည်။
ကျောက်စိမ်းဖြူဂိုဏ်းအတွက် ကိရိယာများကို သွန်းလုပ်ရန် သူတို့ကို အသုံးချပြီး များပြားလှသော ငွေကြေးမှာ ငြင်းဆိုရန် ခက်ခဲလှသည်။
"ကျွန်တော်... သွားချင်ပါတယ်!"
လူတစ်ယောက်က လက်မထောင်ဘဲ မနေနိုင်ပေ။ သူ့တွင် အသက်ကြီးသူများကို ပြုစုစောင့်ရှောက်ရန်နှင့် ကလေးငယ်များကို ကျွေးမွေးရန်ရှိပြီး မိသားစု တစ်ခုလုံးက စားဝတ်နေရေးအတွက် သူ့အား မှီခိုအားထားနေကြတာဖြစ်သည်။ စရိတ်စကက ကြီးမားပြီး ပိုင်ရှောက် ကမ်းလှမ်းသောစျေးနှုန်းသည် လေးလတည်းနှင့် ငွေရာကျော်ရနိုင်သည်။ ဤအခွင့်အရေး ရသည်နှင့် အဆင်ပြေသွားပေလိမ့်မည်။
"ကျွန်တော်လည်း သွားချင်တယ်!" တစ်ယောက်က အလုပ်ကို လက်ခံလိုက်သည်နှင့် လိုက်လက်ခံမည့်သူ များလာသည်။
လူစုလူဝေးကြားတွင် စူးချန်ခုန်းသည် တိတ်ဆိတ်နေပြီး ကမ္ဘာကြီးထဲမှ မည်သူကမျှ သူ့ကို အလွယ်တကူ မလှည့်စားနိုင်သည့်နှယ်။ ချမ်းသာကြွယ်ဝသော ကျောက်စိမ်းဖြူဂိုဏ်းသည် အကြောင်းပြချက်ကောင်းကောင်’ မရှိပါဘဲ များပြားသော ကုန်ကျစရိတ်ဖြင့် ပန်းပဲဆရာများကို အလုပ်ခန့်မည် မဟုတ်ကြောင်း သူသိသည်။
ထိုငွေတစ်ရာကျော်တန်ကြေးကို မလိုအပ်ဘဲ စူးချန်ခုန်းသည် အခြားသူများကဲ့သို့ အလုပ်ကို အလျင်အမြန်လက်ခံရန် မရည်ရွယ်ပေ။
ထိုအချိန်တွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်လေး ပိုင်ရှောက်က ရုတ်တရက် ဆို၏။ "မင်းတို့ထဲက ဘယ်သူက စူးချန်ခုန်းလဲ။"
စူးချန်ခုန်း အံ့အားသင့်သွားသည်။ ပိုင်ရှောက်က သူ့နာမည်ကို လှမ်းခေါ်မယ်လို့ မထင်ထားပေ။ သူက တုံ့ပြန်ခြင်းမရှိပေမယ့် တခြားသူတွေရဲ့ အကြည့်တွေက သူ့ဘက်ကို လှည့်လာခဲ့သည်။
ဒါကြောင့် စူးချန်ခုန်းကို ရှေ့သို့ မဖြစ်မနေ ရှေ့ထွက်ပြီး ဦးညွှတ်စေခဲ့သည်။ "ကျွန်တော်က စူးချန်ခုန်းပါ။ သခင်လေးပိုင်ကို ကျွန်တော် မြင်ဖူးပါတယ်။"
ရှေ့ထွက်လာသော စူးချန်ခုန်းကို မြင်လိုက်ရသဖြင့် ပိုင်ရှောက်၏ မျက်လုံးများက မထိန်းနိုင်ဘဲ ခပ်ရေးရေးလေး အရောင်လက်သွားသည်။
သူ့ရှေ့က စူးချန်ခုန်းသည် ငယ်ရွယ်နုပျိုပြီး ဆယ်ကျော်သက်အရွယ်ဖြစ်သော်လည်း အရပ်က ခပ်မြင့်မြင့်၊ ပြတ်သားသောအသွင်အပြင်နှင့် ထူးခြားသောအရောင်အဝါရှိရာ ကြက်များကြားတွင် ရပ်နေသော ကြိုးကြာငှက်ကဲ့သို့ သန်မာထွားကြိုင်းသော အမျိုးသားများကြားတွင် ပေါ်လွင်နေလေ၏။
ပိုင်ရှောက်က ပြုံးပြုံးရွှင်ရွှင်နှင့် ဆိုသည်။ "အိမ်တော်အရှင်မော့က မင်းအကြောင်းပြောနေတာ ကြားလိုက်ရတယ်။ မင်းရဲ့အရည်အချင်းက တော်တော်လေး ထူးခြားတယ်တဲ့။ မင်းရဲ့ ပန်းပဲစွမ်းရည်က သာမန်လူတွေထက် ထူးချွန်တယ်။ ငါတို့ရဲ့ ကျောက်စိမ်းဖြူဂိုဏ်းက မင်းလို ပန်းပဲပညာရှင်တစ်ယောက်လိုနေတာ။ ငါက တခြားသူတွေကို ပေးရတဲ့ဈေးထက် သုံးဆ၊ တစ်လကို ငွေတစ်ရာ ပေးချေဖို့ ဆန္ဒရှိတယ်"
ပိုင်ရှောက်သည် မော့ထျဲမှ သံနက်အိမ်တော်တွင် အလွန်ကျွမ်းကျင်သော ပန်းပဲဆရာများများ အကြောင်းကို ယခင်က မေးမြန်းခဲ့ဖူးသည်။
ထုံးစံအတိုင်း မော့ထျဲသည် စူးချန်ခုန်း၏ နာမည်ကို ပြောပြခဲ့သည်။
စူးချန်ခုန်းသည် သူ၏ထူးခြားသော ပန်းပဲကျွမ်းကျင်မှုသာမက ကြောက်မက်ဖွယ်ကောင်းသော စွမ်းဆောင်နိုင်မှုဖြင့် အခြားသော ပန်းပဲဆရာများထက် များစွာသာလွန်သော လစဉ် ဓားတစ်ဒါဇင်ကျော်ကို ဖန်တီးကာ ယခုအချိန်တွင် သံနက်အိမ်တော်တွင် လူသိများလာခဲ့သည်။
ထူးကဲသော အရည်အချင်းကြောင့် သူ့ကို ဖော်ပြရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
ပိုင်ရှောက်က စူးချန်ခုန်းရဲ့ နာမည်ကို မှတ်သားထားတာမို့ ဒီအချိန်မှာ အတိအကျ ခေါ်လိုက်တာဖြစ်သည်။
ယင်းကြောင့် စူးချန်ခုန်းသည် မျက်ခုံးမွှေးများ အနည်းငယ် တွန့်ချိုးသွားလေသည်။ ကျောက်စိမ်းဖြူဂိုဏ်းသည် ပန်းပဲဆရာအများအပြားကို ငှားရမ်းရန် ငွေကြေး အလွန်တရာအသုံးပြုနေသည်မှာ ထူးဆန်းတဲ့ ရည်ရွယ်ချက်တစ်ခု ရှိနေပြီး သူကိုယ်တိုင်က ပြဿနာကို ဆွဲဆောင်ရန် စိတ်အားထက်သန်ခြင်းမရှိသော်လည်း တစ်ဖက်က သူ့ကို ကိုယ်တိုင် နာမည်တပ်ခေါ်ကာ အခြားသူများထက် လစာပိုပေးရာ ငြင်းဆိုရန် အကြောင်းပြချက် အနည်းငယ်သာ ရှိတော့သည်။
တကယ်တော့ သူက မကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်ဆိုတာ သံသယဝင်နေတယ်ဆိုပြီး ဒီတိုင်းပြောလိုက်လို့ မရဘူးမလား။ ရလောက်လား။
စူးချန်ခုန်း၏ ချက်ချင်း မတုန့်ပြန်တာကို တွေ့လိုက်ရတော့ ပိုင်ရှောက်သည် စူးချန်ခုန်း၏ လစာကို မကျေမနပ်ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ထင်ကာ "မိတ်ဆွေလေးစူး၊ ငါတို့ရဲ့ ကျောက်စိမ်းဖြူဂိုဏ်းက အရည်အချင်းရှိတဲ့လူတွေ အတော်လေး လိုအပ်နေတာ။ မင်းမှာ တခြားလိုအပ်ချက်တွေရှိရင် ဖြည့်ဆည်းပေးဖို့ ငါအစွမ်းကုန်ကြိုးစားပါ့မယ်!"
ပိုင်ရှောက်သည် အလွန်လိုက်လျောညီထွေရှိပြီး သူ့အဆင့်အတန်းနှင့် ပန်းပဲဆရာအထိ ရိုသေလေးစားသော ဆက်ဆံမှုမျိုးမှာ အမှန်တကယ်ပင် ရှားပါသည်။
ထိုစကားကိုကြားသောအခါ စူးချန်ခုန်း စိတ်အနည်းငယ်ပြောင်းသွားပြီး "ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းအတွက် လိုအပ်တဲ့ ဆေးဖက်ဝင်အပင် တော်တော်များများက ချင်းရွှေမြို့ အနီးအနားမြို့တွေမှာ ရှာရခက်ပေမယ့် ကျောက်စိမ်းဖြူဂိုဏ်းက ကူညီမယ်ဆိုရင် ပြဿနာမရှိလောက်ဘူး။"
ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းအတွက် လိုအပ်သော ဆေးဖက်ဝင်အပင်များသည် စျေးကွက်တွင် ရှာရခက်လှသည်။ ဝေးလံခေါင်သီသောမြို့များသို့ ခရီးသွားခြင်းသည်ပင် ၎င်းတို့အား ရရှိရန် အာမမခံနိုင်သော်လည်း ချမ်းသာကြွယ်ဝပြီး အဆက်အသွယ်ကောင်းရှိသည့် ကျောက်စိမ်းဖြူဂိုဏ်းသည် ၎င်းတို့ကို ရယူရန် နည်းလမ်းရှိမှာ သေချာပါသည်။
ဒါကို စိတ်ထဲမှာ တွေးရင်း စူးချန်ခုန်းက ဆို၏။ "ဒါဆို သခင်လေးပိုင် ပြောတဲ့အတိုင်း တည်ပါစေ။"
စူးချန်ခုန်းက သဘောတူတာကိုမြင်တော့ ပိုင်ရှောက်က တော်တော်လေး ကျေနပ်သွားသည်။
နောက်ဆုံးတွင် လူနှစ်ဆယ်ခန့်သည် ပိုင်ရှောက်၏အလုပ်ကို လက်ခံခဲ့သည်။
မော့ထျဲက ဒါကို ကန့်ကွက်ခြင်း မရှိပါ။ မကြာသေးမီက သံနက်အိမ်တော်သည် အထူးမှာကြားမှုများနှင့် အလုပ်ရှုပ်မနေဘဲ လူနှစ်ဆယ်လောက် လျော့သွားတာ အဆင်ပြေပါသည်။ ကျောက်စိမ်းဖြူဂိုဏ်းကဲ့သို့သော အဖွဲ့အစည်းနှင့် ကောင်းမွန်သောဆက်ဆံရေးကို မွေးမြူခြင်းဖြင့် သံနက်အိမ်တော်ကို အကျိုးပြုနိုင်သည်။
"ကောင်းပြီ ချိုက်ထုံ၊ မင်း သံနက်အိမ်တော်မှာနေခဲ့။ သူတို့ ခရီးဆောင်အိတ်တွေ ထုပ်ပိုးဖို့ စောင့်ပြီးမှ ကျောက်စိမ်းဖြူဂိုဏ်းရဲ့ အခြေစိုက်စခန်းကို ခေါ်သွားလိုက်ပါ။" ပိုင်ရှောက်က ဒီကိစ္စကို ပြေလည်အောင်ပြောဆိုပြီး သူ့ဘေးနားက ခပ်ထွားထွား လူတစ်ယောက်ကို ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်လေး။" ကျောက်စိမ်းဖြူဂိုဏ်းအဖွဲ့ဝင်ဖြစ်သော ချိုက်ထုံက လေးစားစွာ လိုက်နာခဲ့သည်။
ပိုင်ရှောက်က အစောင့်တစ်ယောက်နဲ့ ထွက်သွားပြီး ချိုက်ထုံက စူးချန်ခုန်းနဲ့ ကျန်တဲ့ပစ္စည်းတွေကို ထုပ်ပိုးဖို့ စောင့်နေခဲ့သည်။
ကျောက်စိမ်းဖြူဂိုဏ်းတွင် လေးလကြာနေထိုင်ရန် မျှော်လင့်ထားသဖြင့် လူတိုင်းသည် သူတို့၏ ခရီးသွားအိတ်များကို ပြင်ဆင်ကြပြီး မိသားစုဝင်များကို အသိပေးခဲ့သည်။
စူးချန်ခုန်းကိုယ်တိုင်ကတော့ ထုပ်ပိုးဖို့ နည်းနည်းလေးပဲ လိုတော့တာမို့ အဝတ်အစားလဲဖို့ အခန်းထဲ ပြန်ဝင်လိုက်သည်။
သိပ်မကြာခင်မှာပဲ လူနှစ်ဆယ်လောက်က သူတို့ရဲ့ ထုပ်ပိုးမှု ပြီးမြောက်ပြီး ချိုက်ထုံဆီ ရောက်လာကြသည်။
ချိုက်ထုံက အဖွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး "မင်းတို့ရဲ့ ခရီးဆောင်အိတ်တွေ အဆင်သင့်ဖြစ်ရင် ခရီးထွက်ကြရအောင်။ မမှောင်ခင်မှာ ကျောက်စိမ်းဖြူဂိုဏ်းရဲ့ အခြေစိုက်စခန်းကို ရောက်ဖို့လိုတယ်!"
ဒါကို ဘယ်သူမှ မကန့်ကွက်ခဲ့ပါ။
လူတစ်စုသည် ကျောက်စိမ်းဖြူဂိုဏ်းဆီသို့ ဦးတည် ထွက်ခွာသွားကြသည်။
ကျောက်စိမ်းဖြူဂိုဏ်း၏စခန်းသည် သံနက်အိမ်တော်မှ မိုင်တစ်ရာနီးပါးအကွာတွင် တည်ရှိသည်။
နံနက်ခင်းတွင် စတင်ထွက်ခွါ၍ လမ်းခရီးတွင် အနားယူရန် ရံဖန်ရံခါ ရပ်နားခဲ့ကြသည်။ သူတို့အားလုံးသည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကောင်းသောကြောင့် နောက်ဆုံးတွင် ကျောက်စိမ်းဖြူဂိုဏ်းစခန်းသို့ မရောက်ရှိမီ လုံးဝမှောင်မိုက်သွားသည်အထိ ဆက်လက်လျှောက်ခဲ့ကြသည်။
အဝေးတစ်နေရာမှ ကျောက်စိမ်းဖြူဂိုဏ်း၏ စခန်းသည် တောင်တန်းများနှင့် ဆန့်ကျင်ဘက်တွင် တည်ဆောက်ထားပြီး လှပသောရှုခင်းများ၊ သစ်ပင်များဖြင့် ကာရံထားသော လမ်းများရှိလေ၏။
ကျောက်စိမ်းဖြူဂိုဏ်းအ၀င်ဝတွင် တပည့်များစွာတို့သည် အဖြူရောင်ကို ၀တ်ဆင်ထားကြပြီး မတ်တတ်ကိုယ်ဟန်ဖြင့် စောင့်ကြပ်နေကြသည်။
"ဘယ်သူသွားမှာလဲ။" လူတစ်ယောက်က စူးချန်ခုန်းနဲ့ သူ့အဖွဲ့ကို သတိထားမိပြီး သူတို့ကို ချက်ချင်း မေးခွန်းထုတ်လိုက်သည်။
"ငါပါ ချိုက်ထုံ"
ချိုက်ထုံက သူ့ရဲ့ တုံကင်ပြားကို ထုတ်ယူပြီး ပြန်ဖြေသည်။
"အရှင်ချိုက်"
ဒါကိုမြင်တော့ ကျောက်စိမ်းဖြူဂိုဏ်းရဲ့ တပည့်တွေရဲ့ အမူအရာတွေ ပျော့ပျောင်းသွားပြီး သူတို့ရဲ့ လမ်းကြောင်းကို မနှောင့်ယှက်ဘဲ တလေးတစား ဦးညွှတ်လိုက်ကြသည်။
စူးချန်ခုန်းနှင့် အခြားသူများသည် ချိုက်ထုံနှင့်အတူ ကျောက်စိမ်းဖြူဂိုဏ်းထဲသို့ လိုက်ပါခဲ့ကြသည်။
ကျောက်စိမ်းဖြူဂိုဏ်းအတွင်းရှိ အဆောက်အဦများသည် ရှေးကျပြီး ခမ်းနားထည်ဝါကာ ရှုပ်ထွေးသော နန်းတော်ငယ်လေးတစ်ခုသဖွယ် တစ်ခုပြီးတစ်ခု ပေါ်လာသည်။
"ကျောက်စိမ်းဖြူဂိုဏ်းက မျှော်လင့်ထားသလိုပဲ ဇိမ်ကျလွန်းတယ်ကွာ။"
သံနက်အိမ်တော်မှ ပန်းပဲဆရာအဖွဲ့သည် စံအိမ်အတွင်းသို့ ဝင်ရောက်လာသောအခါ “ကြွက်နိုင်ငံ” ပုံပြင်ထဲကလို ခံစားရလိုက်ပြီး အနည်းငယ် အံ့ဩသွားကြသည်။
"ကျောက်စိမ်းဖြူဂိုဏ်းရဲ့ ခွန်အားက တကယ့်ကို ကြောက်စရာကောင်းတယ်။ အဖွဲ့ဝင် အများစုဟာ ခွန်အားသန့်စင်ခြင်းနယ်ပယ်မှာရှိတဲ့ သိုင်းပညာရှင်တွေပဲ။"
စူးချန်ခုန်းသည် သူတို့ဖြတ်သန်းခဲ့သော ကျောက်စိမ်းဖြူဂိုဏ်း၏ တပည့်များကို စူးစမ်းနေခဲ့တာ ဖြစ်သည်။
ဤကျောက်စိမ်းဂိုဏ်း၏ တပည့်များသည် အများအားဖြင့် ကြံ့ခိုင်၊ ကျန်းမာ၊ တည်ငြိမ်ကြပြီး အစွမ်းထက်သော ခြေလှမ်းများနှင့် စူးရှသော မျက်လုံးများ ရှိသည်။ အများစုမှာ ခွန်အားသန့်စင်ခြင်းနယ်ပယ်ရှိ သိုင်းပညာရှင် များဖြစ်သည်။
ကျောက်စိမ်းဖြူဂိုဏ်းသည် ချမ်းသာပြီး စွမ်းအားကြီးသော တပည့်အချို့အား သူတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်စေရန် ဆေးဝါးများ သောက်သုံးရန် ခွင့်ပြုထားရာ လက်ရွေးစင်အဖွဲ့ဝင်များ ပြတ်တောက်မှု မရှိခဲ့ပါ။
ဂိုဏ်းက ပိုချမ်းသာလေလေ ကိုယ်ခံပညာရှင် များများလိုလေလေပင် မဟုတ်ရင် သူတို့ရဲ့ စည်းစိမ်ဥစ္စာကို အလွယ်တကူ မကာကွယ်နိုင်ပါ။
"မင်းတို့အတွက် နေရာထိုင်ခင်းတွေ အရင်စီစဉ်ပေးမယ်။ မနက်ဖြန် မနက်မှာ တွေ့ဆုံပြီး ဘာတွေလုပ်ရမယ်ဆိုတာကို ဆွေးနွေးမှာပါ" ဟူ၍ ချိုက်ထုံက အဖွဲ့ကို ပြောလိုက်သည်။
"ခင်ဗျား ကျွန်တော်တို့ကို ဘာလုပ်စေချင်လဲဆိုတာ မေးလို့ရမလား" အရင်က ဒဏ်ရာရခဲ့ပေမယ့် တော်တော်များများ ပြန်ကောင်းလာခဲ့တဲ့ ယန်ချောင်က မနေနိုင်ဘဲ မေးလိုက်သည်။ သူက ကျောက်စိမ်းဖြူဂိုဏ်းရဲ့ အလုပ်ကို လက်ခံပြီး သူတို့ရဲ့ စခန်းကို ရောက်လာခဲ့တာဖြစ်သည်။
"မနက်ဖြန်ကျရင် သိလိမ့်မယ်" ချိုက်ထုံက ဆက်ရှင်းပြမနေဘဲ အားလုံးကို ပြောလိုက်သည်။
"ဂဠုန်ပြည်ဂဠုန်၊ နဂါးပြည်နဂါး" ဆိုသည့်အတိုင်း အခြားရွေးချယ်စရာမရှိသဖြင့် ထိုအဖွဲ့သည် လက်ရှိအချိန်တွင် သူတို့၏ စူးစမ်းလိုစိတ်ကိုသာ ထိန်းထားရုံသာ။ ချိုက်ထုံ၏ စီစဉ်မှုအောက်တွင် စူးချန်ခုန်းနှင့် သူ့အဖော်များအားလုံး သီးခြားအခန်းများအတွင်း အခြေချနေထိုင်ခဲ့ကြသည်။
ညသည် ဘာအဖြစ်အပျက်မှမရှိဘဲ ကုန်ဆုံးသွားပြီး စူးချန်ခုန်းသည် ထုံးစံအတိုင်း လိပ်အသက်ရှူနည်းပညာကို ကျင့်ကြံပြီး အိပ်ယာပေါ်မဝင်မီ ဝူချင်းရှီကို လေ့ကျင့်ကာ သူ၏ စိတ်ဓာတ်နှင့် ခွန်အားကို ပြန်လည်ရရှိစေသည်။
နောက်တစ်နေ့ အစောပိုင်းတွင် ချိုက်ထုံသည် ကတိပြုထားသည့်အတိုင်း ရောက်ရှိလာပြီး သံနက်အိမ်တော်မှ လူတိုင်းကို စုရုံးခဲ့သည်။
"ငါနဲ့လိုက်ခဲ့၊ မင်းတို့ကို ပန်းပဲလုပ်တဲ့ အလုပ်ရုံကို ခေါ်သွားမယ်။" ချိုက်ထုံသည် အဖွဲ့အား သူတို့၏ အလုပ်နေရာသို့ ဦးဆောင်ခဲ့သည်။
ကျောက်စိမ်းဖြူဂိုဏ်း၏ အလုပ်ရုံတစ်ခုအတွင်းတွင် စူးချန်ခုန်းသည် မီးဖိုများနှင့် ပန်းပဲလုပ်ရန် ကိရိယာများနှင့်အတူ ပစ္စည်းများကို တွေ့ရှိခဲ့သည်။
"အရှင်ချိုက်၊ ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာ အခုပြောပြလို့ရပြီလား။" ယန်ချောင်က မေးလိုက်သည်။
ဤတစ်ကြိမ်တွင် ချိုက်ထုံသည် သူတို့၏တာဝန်ကို ဖုံးကွယ်မနေတော့ပေ။ သူက အဖွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး "ချပ်ဝတ်တန်ဆာ တစ်သုတ်ဖန်တီးဖို့ မင်းတို့ကို ကျောက်စိမ်းဖြူဂိုဏ်းဆီ ခေါ်လာခဲ့တာပါ" ဟု အသံနက်ကြီးနဲ့ ဆိုလေ၏။
"ဘာရယ်။ ချပ်ဝတ်တန်ဆာလုပ်ဖို့လား။" ထိုသို့ ပြောပြလာသောအခါ သံနက်အိမ်တော်အဖွဲ့သည် အံ့အားသင့်သွားကာ သူတို့၏ မျက်နှာထားများအားလုံး တစ်ပြိုင်နက် ပြောင်းလဲသွားကြသည်။
"ချပ်ဝတ်တန်ဆာ လုပ်ဖို့လား။"
စူးချန်ခုန်းပင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
မဟာမီးတောက်အင်ပါယာတွင် လက်နက်များ ကိုင်ဆောင်ခြင်းကို တားမြစ်ထားခြင်း မရှိပေ။ တကယ်တော့ ဓားတစ်ချောင်းနဲ့ မြို့ထဲကို လမ်းလျှောက်သွားရင် သတိမထားကြပေ။
သို့ပေမဲ့ ချပ်ဝတ်တန်ဆာကိုတော့ တားမြစ်ထားသည်။
တရားဝင်ရာထူး သို့မဟုတ် ကိုယ်ပိုင်တပ်များမရှိလျှင် သံချပ်ကာကို ပိုင်ဆိုင်ခြင်းသည် သေဒဏ်အပါအဝင် ပြင်းထန်သော ပြစ်ဒဏ်များဖြင့် ပုန်ကန်ရန် ကြံစည်မှုဟု မှတ်ယူသည်။
ကမ္ဘာဂြိုလ်ပေါ်ရှိ နိုင်ငံအချို့သည် သေနတ်များကို မတားမြစ်ထားသော်လည်း ကျည်ကာအင်္ကျီများကို တားမြစ်ပိတ်ပင်ထားသကဲ့သို့ပင်။
ထို့ကြောင့် သံနက်အိမ်တော်သည် မရေမတွက်နိုင်သော လက်နက်များကို သွန်းလုပ်ထားသော်လည်း သံချပ်ကာ သွန်းလုပ်ခြင်းမှာ သူတို့ ယခင်က မလုပ်ဖူးသော အရာတစ်ခုဖြစ်သည်။ ၎င်းက မီးတောက်အင်ပါယာ၏ ဥပဒေများကို ဆန့်ကျင်နေသည်။
ကျောက်စိမ်းဖြူဂိုဏ်းသည် သံနက်အိမ်တော်မှ ပန်းပဲဆရာ အဖွဲ့အား လျှို့ဝှက်တာဝန်တစ်ခုအတွက် ချပ်ဝတ်တန်ဆာတစ်သုတ်ကို လျှို့ဝှက်ဖန်တီးရန်အတွက် ငွေကြေးများစွာဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်လေသည်။