နှလုံးထဲသို့ အဆိပ်မြှား ဖောက်ဝင်သွားခြင်း။ ကံဆိုးမိုးမှောင်ကျခြင်း။
Vol. 2 Ch. 29
အချိန်အတော်ကြာပြီးနောက် ပိုင်ရှောက်က "သူတို့ကို လွှတ်ပေးလိုက်ပါ။ ဒါပေမယ့် သတိတော့ပေးလိုက်။ တစ်ချို့အရာတွေက မပြောတာ ပိုကောင်းတယ်လို့။ သူတို့ နားလည်နိုင်မယ်လို့ ယုံကြည်တယ်။"
ပိုင်ရှောက်က လူတွေကို တိတ်တဆိတ် သတ်ပစ်ဖို့ ရည်ရွယ်ချက်မရှိပါ။ အကြောင်းပြချက်ကတော့ ရှင်းပါသည်။
ကျောက်စိမ်းဖြူဂိုဏ်း၏ အဓိကစီးပွားရေးသည် ကုန်သွယ်မှုတွင် ပါ၀င်ပြီး နာမည်ဂုဏ်သတင်းသည် အလွန်အရေးကြီးသည်။ အသုံးချပြီးနောက် သံနက်အိမ်တော်မှ ကိုယ်စားလှယ်အဖွဲ့အား သတ်ပစ်ပါက ကျောက်စိမ်းဖြူဂိုဏ်းအား လူအများ ယုံကြည်မှုကို ပျက်စီးစေမည်ဖြစ်သည်။
စူးချန်ခုန်း၊ ယန်ချောင်နဲ့ သံနက်အိမ်တော်က တခြားသူတွေ ပြန်လာဖို့ နှောင့်နှေးနေခဲ့မယ်ဆိုရင် အိမ်တော်ကလူတစ်ယောက်က လာမေးမှာ သေချာပါသည်။ သူတို့သည် လူတိုင်းကို စည်းရုံးပြီး သံနက်အိမ်တော်တစ်ခုလုံးကို သုတ်သင်နိုင်မည်မဟုတ်ပေ။ အဲဒါက ပိုဆိုးပြီး နှောင့်နှေးကြန့်ကြာစေပါလိမ့်မည်။
ထို့အပြင် လက်နက်များကို လျှို့ဝှက်သိမ်းဆည်းခြင်းသည် ကျောက်စိမ်းဖြူဂိုဏ်းအတွက် ပြဿနာ ကြီးကြီးမားမား မဟုတ်ပေ။
ကျောက်စိမ်းဖြူဂိုဏ်းသည် အနက်ရောင်မြင်းတပ်ဂိုဏ်း၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် ချပ်ဝတ်တန်ဆာကို သွန်းလုပ်တာဖြစ်ပြီး ချင်းရွှေမြို့မှ တာဝန်ရှိသူများသည် ကျောက်စိမ်းဖြူဂိုဏ်းနှင့် အနက်ရောင် မြင်းတပ်ဂိုဏ်းတို့နှင့် ထိပ်တိုက်တွေ့ကြမည်ကို မြင်တွေ့လိုကြပြီး နှစ်ဖက်စလုံး ကြီးကြီးမားမား ထိခိုက်ပါစေဟု မျှော်လင့်နေကြမှာပင်။ သူတို့က အခြေအနေကို သတိပြုမိရင်တောင် ကန်းချင်ယောင်ဆောင်နေပေလိမ့်မည်။
ထို့ကြောင့် ရွေးချယ်စရာများကို ချိန်ဆပြီးနောက် ပိုင်ရှောက်သည် သူတို့ကို လူသတ်ပြီး နှုတ်ပိတ်ရန် မဆုံးဖြတ်ဘဲ လွှတ်ပေးရန် ရွေးချယ်ခဲ့သည်။
တကယ်တမ်းတွင် ရက်စက်ကြမ်းကြုတ်ပြီး ဗိုလ်ကျခြယ်လှယ်လွန်းသော အနက်ရောင်မြင်းတပ်ဂိုဏ်းနှင့် နှိုင်းယှဉ်ပါက ကျောက်စိမ်းဖြူဂိုဏ်းသည် ၎င်းတို့၏ နာမည်ဂုဏ်သတင်းကို အလေးထားဆဲဖြစ်သည်။
"ဟုတ်ကဲ့ပါ။" ချိုက်ထုံက ခေါင်းညိတ်ပြီး အမိန့်ကို လက်ခံလိုက်သည်။
"သခင်လေးပိုင်က... အသည်းမမာသေးဘူးပဲ။ ဂိုဏ်းခေါင်းဆောင်ဟောင်းသာဆိုရင်..."
ချိုက်ထုံက ကွယ်ရာမှာ ခေါင်းယမ်းလိုက်သည်။
ညနေစောင်းလာသည်နှင့် ပန်းပဲအလုပ်ရုံ၌။
"ဒီကုန်လွန်ခဲ့တဲ့ လေးလလောက်မှာ မင်းတို့အားလုံး လုံ့လဝီရိယထားခဲ့ကြတယ်။ ဝင်ငွေလဲ ရအောင် ရှာနိုင်ခဲ့ကြတယ်။ မနက်ဖြန်မနက် မင်းတို့ထွက်သွားနိုင်ပြီ။"
ချိုက်ထုံသည် စူးချန်ခုန်း၊ ယန်ချောင်နှင့် အခြားသူတို့အား သူတို့၏ အလုပ်ပြီးမြောက်သွားပြီးဖြစ်ကြောင်း လွတ်လပ်စွာ သွားလာနိုင်ပြီဖြစ်ကြောင်း အသိပေးခဲ့သည်။
"ငါတို့ အခုထွက်သွားလို့ရပြီလား။"
ယန်ချောင်နှင့် အခြားလူများ တော်တော်လေး ဝမ်းသာသွားကြတာတော့ အမှန်ပင်။ အိမ်နှင့် လေးလကြာ ဝေးကွာခဲ့ရပြီး ကျောက်စိမ်းဖြူဂိုဏ်းစခန်းရုံးမှ တစ်ကြိမ်တစ်ခါမှ မထွက်နိုင်ခဲ့ကြပေ။ သူတို့သည် သူတို့၏မိသားစုကို လွမ်းဆွတ်တမ်းမိသည်။
"ကျောက်စိမ်းဖြူဂိုဏ်းက ငါတို့ကို သတ်ပြီး နှုတ်ပိတ်ဖို့ မကြံဘူးလား။"
စူးချန်ခုန်းသည် အနည်းငယ် အံ့အားမသင့်ဘဲမနေနိုင်ခဲ့။ သို့သော် သူ့သတိကိုတော့ မလျှော့ခဲ့ပေ။ ကျောက်စိမ်းဖြူဂိုဏ်းတွင် ပိတ်ထားသော တံခါးနောက်ကွယ်တွင် မတူညီသော အသွင်အပြင်တစ်ခု ရှိနိုင်သည်။
စူးချန်ခုန်းသည် ချိုက်ထုံက လူတိုင်းကို သူတို့ရဲ့ ငွေ ၁၂၀နဲ့ ငွေပမာဏအပြည့် ပေးချေတာကို တွေ့လိုက်ရသည်။
ငွေပမာဏ ငွေနှစ်ထောင် သုံးထောင်လောက်က ချမ်းသာသော ကျောက်စိမ်းဖြူဂိုဏ်းအတွက် စိုးရိမ်စရာ မဟုတ်ပါ။
စူးချန်ခုန်းကိုတော့ ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်း ဆေးအတွက် ဆေးဖက်ဝင်ပစ္စည်းများ ပေးချေငွေအားလုံးကို နုတ်ထားခဲ့သည်။
"ဒါ့အပြင် မင်းတို့ပြန်သွားတဲ့အခါ ဘာကိုပြောသင့်တယ် ဘာကို မပြောသင့်ဘူးဆိုတာ သိသင့်တယ်!"
ချိုက်ထုံ၏ လေသံသည် သွယ်ဝိုက်သော သတိပေးချက်ကို ဆောင်သည်။
"ငါတို့ နားလည်ပါတယ် ငါတို့ နားလည်ပါတယ်..."
ယန်ချောင်နှင့် အခြားသူများသည် လိုက်နာရန် ကတိပြုပြီး အားတက်သရော ခေါင်းညိတ်ကြသည်။
ကျောက်စိမ်းဖြူဂိုဏ်းအတွက် ချပ်ဝတ်တန်ဆာကို လျှို့ဝှက်ဖန်တီးပေးခြင်းဖြင့် သူတို့ ပန်းပဲဆရာတွေကလည်း ဒီကိစ္စထဲမှာ ပါဝင်ပတ်သက်နေကြသည်။ ထိုသို့သောကိစ္စများကို ဂရုမစိုက်ဘဲ ပြောဆိုခြင်းသည် မိမိကိုယ်ကိုရော အများကိုပါ အန္တရာယ်ဖြစ်စေမည်ကို သူတို့သိသည်။ ဦးနှောက်ရှိတဲ့သူတိုင်း ဒီကိစ္စကို မဆင်မခြင် မပြောသင့်ဘူးဆိုတာ နားလည်မှာပင်။
"ကောင်းပြီ။ စောစောနားကြ။"
ဒါကိုမြင်တော့ ချိုက်ထုံက ခေါင်းညိတ်ပြီး လှည့်ထွက်သွားတော့သည်။
"ငါတို့ အခု ပြန်လို့ရပြီကွ။ ကောင်းလိုက်တာ။ ဒီတစ်ခါရတဲ့ငွေနဲ့ ငါ့သားကို ကိုယ်ပိုင်ကျောင်းထားဖို့ တတ်နိုင်ပြီ"
"လေးလတောင် မပြန်ရဘူး... ငါ့မိန်းမနဲ့ လူအိုကြီးဝမ်တို့ မဖောက်ပြန်ပါစေနဲ့။"
ချိုက်ထုံထွက်သွားပြီးနောက် သံနက်အိမ်တော်မှလူများသည် အမှန်တကယ်ကို အူမြူးနေကြသည်။
ထိုလေးလတာအခက်အခဲများသည် ချက်ချင်းပျောက်ကွယ်သွားပုံရသည်။ ငွေကို အိမ်ပြန်ယူနိုင်ပြီဖြစ်ပြီး ကျောက်စိမ်းဖြူဂိုဏ်းက သူတို့အား ခက်ခဲအောင် မလုပ်ခဲ့သည့်အတွက် ကျေးဇူးတင်မဆုံးနိုင်ခဲ့ပါ။
ဒီမြင်ကွင်းကိုမြင်တော့ စူးချန်ခုန်းက ထုံးစံအတိုင်း သက်ပြင်းချပြီး သူ့နှုတ်ခမ်းမှာ အပြုံးရေးရေးလေးတစ်ခု ပေါ်လာသည်။
ကျောက်စိမ်းဖြူဂိုဏ်းက သူတို့ကို နှုတ်ပိတ်ဖို့ အမှန်တကယ် စီစဉ်ခဲ့မယ်ဆိုရင် စူးချန်ခုန်း လုပ်နိုင်တာက သူ့အသက်သူ ကယ်တင်နိုင်ရုံသာ။ ယန်ချောင်နဲ့ တခြားသူတွေ ဘေးကင်းစွာ လွတ်မြောက်နိုင်မယ်ဆိုတာ သေချာဖို့ မဖြစ်နိုင်ပါ။
ထိုအဖွဲ့သည် တစ်ညလုံး အနားယူကြပြီး နောက်တစ်နေ့ မိုးလင်းသောအခါတွင် ထုတ်ပိုးကာ ထွက်ခွာရန် စုရုံးနေကြပြီဖြစ်သည်။ သံနက်အိမ်တော်နှင့် မိုင်တစ်ရာအကွာအဝေးရှိသဖြင့် အမြန်လျှောက်ရန် လိုသည်။
စူးချန်ခုန်းနှင့် အခြားသူများ၏ အထောက်အထားကို အတည်ပြုပြီးနောက် ကျောက်စိမ်းဖြူဂိုဏ်းမှ တပည့်များသည် ကျောက်စိမ်းဖြူဂိုဏ်းနယ်မြေမှ ထွက်ခွာခွင့်ပြုလိုက်ကြသည်။
"ဟာဟား။ ဒီတစ်ခါတော့ ပိုက်ဆံတွေအများကြီးရလာပြီ။ ပြန်လာတဲ့အခါ ပျော်ပျော်ရွှင်ရွှင် အနားယူသင့်တယ်။ သီချင်းတွေနားထောင်ဖို့ ချင်းရွှေမြို့ရှိ နွေဦးမျှော်စင်ကို ခရီးထွက်ကြမလား။"
လမ်းတစ်လျှောက်တွင် သန်မာကြံ့ခိုင်သော အမျိုးသားတစ်ဦးသည် လေးလအတွင်း ငွေတစ်ရာကျော် ရရှိခဲ့ခြင်းသည် သူတို့၏ကြိုးစားအားထုတ်မှု ဆယ်နှစ်နီးပါးနှင့် ညီမျှသည်ဟု စိတ်လှုပ်ရှားစွာပြောခဲ့သည်။
"မင်းသွားချင်ရင် သွားပေါ့။ ငါကတော့ အိမ်မြန်မြန်ပြန်ပြီး ငါ့မိန်းမနဲ့ သွားတွေ့တော့မှာ။ လက်ဆောင်တွေ ဝယ်ပေးသွားရမယ်။ ငါထွက်သွားတုန်းက သူမသိပ်မပျော်ဘူးကွာ။ ပြီးတော့ စကားလည်း များခဲ့ကြသေးတယ်..." ခပ်ပုပု အမျိုးသားတစ်ယောက်က ခေါင်းယမ်းကာ ငြင်းလိုက်သည်။
စူးချန်ခုန်းသည် ဘေးမှ နားထောင်ပြီး သူ့ကိုယ်သူ ကျေနပ်နေမိသည်။
"ဟမ် သတိထား!"
အဖွဲ့လိုက်လျှောက်လာရင်း လေတိုးသံသဲ့သဲ့ကို ကြားလိုက်ရသောအခါ စူးချန်ခုန်း၏နားများ ရုတ်တရက် လှုပ်သွားလေ၏။ သူ့ရင်ထဲမှာ အချက်ပေးသံတစ်ခုက အလိုလိုပေါ်လာပြီး ကျယ်လောင်စွာ အော်လိုက်တာကြောင့် သူငယ်အိမ်တွေ ကျုံ့သွားခဲ့သည်။
"ဝှစ် ဝှစ် ဝှစ်"
နောက်အခိုက်တွင် ထိုအဖွဲ့က ဇဝေဇဝါဖြစ်နေချိန်၌ လေထဲတွင် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
တောတွင်းလမ်း၏ ညာဘက်ခြမ်းမှ မြှားတစ်သုတ်သည် သူတို့ဆီသို့ ခပ်စိတ်စိတ် ပျံသန်းလာသည်။
"ဒုတ် ဒုတ် ဒုတ်"
သံနက်အိမ်တော်မှ သူ့ဇနီးကို စိတ်ပူနေသော ခပ်ပုပုနှင့်လူသည် စကားမဆုံးခင် လည်ချောင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့ကို မြှားမှန်သွားခဲ့သည်။
ခပ်ပုပုနှင့်လူသည် ပါးစပ်ကိုဖွင့်ကာ သွေးများ တဟုန်ထိုး စီးကျလာကာ မြေပြင်ပေါ်သို့ အသာလေး လဲကျသွားပြီး သူ့မျက်လုံးများက အံ့ဩခြင်းအရိပ်အယောင်များ ပြည့်နှက်နေလျက်။
"အား"
သူတင်မကပါ။ အချို့က မြှားမှန်သဖြင့် ခပ်ပြတ်ပြတ် အော်ဟစ်လိုက်ကြပြီး အချို့မှာ ပြင်းထန်စွာ ထိမှန်ကာ ချက်ချင်း သေဆုံးသွားခဲ့ကြသည်။ တခြားသူတွေကတော့ ကံကောင်းထောက်မစွာ မြှားတွေဖြတ်သွားရုံလေးတင်။
စူးချန်ခုန်း၏ မျက်နှာဆီသို့ မြှားတစ်စင်း ရောက်လာသော်လည်း သူသည် အလိုလို ခေါင်းစောင်းကာ ရှောင်လိုက်သည်။
"ကျောက်စိမ်းဖြူဂိုဏ်းလား။ ကျောက်စိမ်းဖြူဂိုဏ်းက ငါတို့ကို နှုတ်ပိတ်အောင် သတ်နေတာလား။"
စူးချန်ခုန်းသည် ထိတ်လန့်မှုနှင့် ဒေါသတို့ ရောနှောပြီး ဒေါသအထွတ်အထိပ်သို့ ရောက်သောအခါ သူ့မျက်လုံးများသည် သွေးများဖြင့် နီရဲလာ၏။
ကျောက်စိမ်းဖြူဂိုဏ်းနယ်မြေမှ ထွက်ခွာပြီး မကြာမီတွင် အဖွဲ့အား ခြုံခိုတိုက်ခိုက်ခဲ့သည်။ သံသယမရှိဘဲ စူးချန်ခုန်း၏ ပထမဆုံးအတွေးမှာ ကျောက်စိမ်းဖြူဂိုဏ်းဖြစ်သည်။
သူတို့ကိုလွှတ်လိုက်ပေးလိုက်ဟန်ဆောင်ပြီးတော့ လမ်းတစ်ဝက်မှာ ချောင်းမြောင်းတုက်ခိုက်သည်။... သူတို့မျက်နှာကို တစ်ဖက်သာပြပြီး နောက်တစ်ဖက်က မှောင်ရိပ်ထဲမှာ။
"လူအိုကြီး စန်း၊ လူအိုကြီးလျှို"
ယန်ချောင်၏နဖူးသည် အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းနေ၏။ ဒေါသကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ သံနက်အိမ်တော်မှ သူ၏ သွေးသောက်ညီအစ်ကိုနှစ်ဦးသည် သူ့ဘေးနားက မြေပြင်ပေါ်တွင် လဲကျနေပြီး သူ့ပခုံးထက်မှာလည်း မြှားတစ်ချောင်းရှိနေကာ သွေးများက တတောက်တောက် ကျနေလျက်။
မြှားတွေတပြုံတစ်ခေါင်းကြီးနှင့် ညာဘက်ခြမ်းအနီးရှိ လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ မြှားတစ်စင်းထက်ပို၍ ထိမှန်ခဲ့ကြရာ ငိုကြွေးခဲ့ကြပြီး အများစုမှာ အသက်ရှင်ရန် အခွင့်အလမ်းမရှိလောက်အောင် အဓိကနေရာများကို ထိမှန်သွားခဲ့သည်။
သူတို့ရဲ့ ခက်ခက်ခဲခဲနဲ့ ရခဲ့တဲ့ငွေတွေကို ဘယ်လိုသုံးရမလဲဆိုတာ စိတ်အားထက်သန်စွာ ဆွေးနွေးခဲ့ကြတဲ့ လူအုပ်စုဟာ အခုတော့ တချို့က မျက်စိတစ်မှိတ်အတွင်း သွေးအိုင်ထဲမှာ လဲလျောင်းနေကြရလေပြီ။
"ဟမ်။ သူတို့က ကျောက်စိမ်းဖြူဂိုဏ်းက မဟုတ်ဘူးပဲ။"
မြှားတွေ တရစပ် ပစ်လွှတ်ပြီးနောက် ညာဖက်တောအုပ်မှ အနည်းငယ် အံ့အားသင့်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
အသံရဲ့ ဦးတည်ရာကို ကြည့်လိုက်တော့ သစ်ပင်တွေ ဖုံးလွှမ်းနေပေမယ့် အနက်ရောင်၀တ်စုံနဲ့ မြင်းစီးနေတဲ့ လူတစ်စုကို မြင်နိုင်ပါသည်။ သူတို့အားလုံးမှာ ရက်စက်ကြမ်းကြုတ်တဲ့ အရောင်ဝါတွေ ရှိကြပြီး လက်နက်အပြည့်အစုံနှင့်။ သူတို့သည် ခုနက မြှားပစ်လိုက်သူတွေ ဖြစ်ကြသည်။
"သူတို့က... အနက်ရောင်မြင်းတပ်ဂိုဏ်း?"
ထိုလူများ၏ ၀တ်စားဆင်ယင်မှုကို မြင်လိုက်ရတော့ စူးချန်ခုန်း ရင်ထိတ်သွားသည်။
အနက်ရောင်မြင်းတပ်ဂိုဏ်းသည် သံနက်အိမ်တော်မှ အကာအကွယ်ငွေများကို နှစ်ကြိမ်တိုင်တိုင် စုဆောင်းခဲ့ပြီး စူးချန်ခုန်းသည် အနက်ရောင်မြင်းတပ်ဂိုဏ်းနှင့် အတော်လေး ရင်းနှီးပါ၏။ ထိုအဝတ်အစားဝတ်ထားသော သူများသည် ကျောက်စိမ်းဖြူဂိုဏ်းမှ လူများမဟုတ်ဘဲ အနက်ရောင်မြင်းတပ်ဂိုဏ်းမှဖြစ်သည် ။
"လူအိုကြီးလျှို!"
သံနက်အိမ်တော်မှ ကျန်ရစ်နေသေးသောလူများသည် ဝမ်းနည်းပူဆွေးစပြုလာပြီး မကြာသေးမီကမှ အသက်ရှင်နေသေးသော သူတို့၏သူငယ်ချင်းများသည် ယခုအခါ သွေးအိုင်ထဲတွင် လဲလျောင်းနေကာ လေကိုတောင် လုရှူနေရသည်။
"အနက်ရောင် မြင်းတပ်ဂိုဏ်း?" ယန်ချောင်၏ မျက်လုံးများ နီရဲသွားကာ ထိုလေးသမားများသည် အနက်ရောင်မြင်းတပ်ဂိုဏ်းမှဖြစ်ကြောင်း မှတ်မိသွားလေသည်။