အခန်း ၁၇၆၆
Vol. 119 Ch. 1766
အပိုင်း(၁၇၆၆)
အကန့်အသတ်မဲ့ များပြားလွန်းလှသော ကောင်းကင်နှင့် မြေကြီးဓာတ်သဘာဝများကို အာရုံခံစားပြီးသည့်နောက် ကုန်စွန်းရော့လီ သည် အချိန်အတော်ကြာ တွေးဝေငေးငိုင်လျက်ရှိနေ၏။
“အမှန်ပါပဲ”
ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “ဒါ ကျုပ်ရဲ့လောကကြီးလေ”
“ငါ့သားက တစ်ကယ်ကို သာမန်ထက် ပိုတာပဲ” သူမ၏ သားသည် နတ်ဘုရားလျှို့ဝှက်နယ်မြေသို့ ခြေတလှမ်း လှမ်းပြီးသား အခြေအနေထိ အဆင့်ချိုးဖျက်ခဲ့သည်ကို မြင်ရသည့်အချိန်မှာတော့ ကုန်စွန်းရော့လီသည် အမှန်ပင် ထိတ်လန့် တုန်လှုပ်ခဲ့မိ၏ ။ ယခု အလွန်အားကောင်းလွန်းလှသော ဂြိုဟ်တစ်ခုကို ပိုင်ဆိုင်ကြောင်း ပြသနေချိန်မှာတော့ ပိုမိုကာ အံ့အားသင့်နေမိ၏။
“ကလန်သားတွေ အကုန်လုံးကို နေဖို့ ဒီနေရာကို ခေါ်ခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင် တစ်ယောက် လိုအပ်နေ သေးတယ်။ အဖေ့အနေနဲ့ ဒါကို ပြန်ပြီး လက်လွှဲရယူဖို့ မျှော်လင့်မိတယ်” ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။
“မင်းက ဒီကလန်ရဲ့ ခေါင်းဆောင်ပဲလေ”
“ကျုပ်ဆီမှာ ဂိုဏ်းနဲ့ ဂြိုဟ်ကြီးတစ်ခုလုံးကို စီမံခန့်ခွဲဖို့ လုပ်ငန်းစဉ်တွေ ရှိနေသေးတယ်လေ”
ကျောက်ရုပ်ထုမျိုးနွယ်၏ ကလန်ခေါင်းဆောင်ဖြစ်လာခဲ့သော်လည်း ကျွင်းချောင်ရှောင်း သည် ကိစ္စရပ်အားလုံးကို ဝန်ကြီး သုံးပါးနှင့် မူးမတ် ကိုးပါးတို့ဆီသာ အလုံးစုံ လွှဲအပ်ထားခဲ့၏။
သူသည် ပျင်းရိလေးကန်နေသောကြောင့် မဟုတ်ပေ။ သူ၌ လုပ်စရာကိစ္စရပ်များ များပြားစွာ တည်ရှိနေသောကြောင့်ပင်။
“ကောင်းပြီ”
ကုန်းစွန်းရော့လီ က ပြောလိုက်သည်။ “ငါ့ရဲ့ဒဏ်ရာတွေက ပြန်လည်ကောင်းမွန်လာဖို့ အချိန်အတော်ကြာ လိုအပ်သေးတာပဲ။ ဒီအတောအတွင်းမှာ မင်းအတွက် ကလန်ရဲ့ အတွင်းရေးကိစ္စရပ်များကို ဝိုင်းဝန်း ကူညီပေးမယ်”
ဤသို့နှင့်ပင် ကုန်းရှန့်သည် ကလန်ခေါင်းဆောင်ဆိုသည့် တာဝန်ဝတ္တရားအား သူ့၏အဖေဆီသို့ လွှဲပြောင်းပေး ခဲ့၏။
ကုန်စွန်းရော့လီ သည် ယခင်တုန်းက ကျောက်ရုပ်ထုမျိုးနွယ်၏ ကလန်ခေါင်းဆောင် ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ဘိုးဘေးကုန်းမြေဆီသို့သွားရောက်ပြီးသည့်နောက် ဝန်ကြီး သုံးပါးနှင့် မူးမတ် ကိုးပါး ကို ဆင့်ခေါ်ကာဖြင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ဆွေးနွေးလေသည်။
ဖွံ့ဖြိုးတိုးတက်မှုအကြောင်း ပြောရမည်ဆိုလျှင် ထာဝရလောကကြီးသည်လည်း လက်ရှိအခြေအနေ၌ တော်တော် များများ ပြောင်းလဲလာခဲ့ပြီဖြစ်၏။ များပြားလှသော ကလန်အသီးသီးတို့သည် ဤတည်နေရာတွင် ၎င်းတို့၏ မျိုးနွယ်စုများ နေထိုင်ရန် သင့်တော်လှသည့် မြို့များကို တည်ဆောက်ခဲ့ကြ၏။ မူလအားဖြင့် သီးသန့် လွင်တီးခေါင်ကဲ့သို့ ဖြစ်တည်နေသည့် တည်နေရာများသည် လူပေါင်းများစွာ ရောက်ရှိလာခဲ့ပြီး အသက်ဓာတ်များနှင့် ပြည့်နှက်လာခဲ့၏။
အထူးသဖြင့် ပြိုင်စံရှားဂိုဏ်း၏ ပတ်လည် မိုင်တစ်ထောင် အကွာအဝေးအတွင်းပင် ဖြစ်သည်။ အကြီးအကဲဝေနှင့် ဆေးဟောခန်းမဆီမှ အဖွဲ့ဝင်များ၏ ကြိုးစားမှုနှင့် များပြားလှသည့် ဆေးပင်များသည် စိုက်ပျိုးခဲ့ပြီးဖြစ်၏။ လေထု တစ်ခုလုံးတွင် သင်းပျံ့လွန်းလှသော ဆေးရနံ့များနှင့် သင်းကြိုင်လျက် ရှိနေသည်။
“ငါ့ရဲ့ဂြိုဟ်ပဲ”
တောင်ထွတ်တစ်ခုပေါ်တွင် မတ်မတ်ရပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အောက်ကိုငုံ့ကြည့်ရင်း ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ “ပိုပိုပြီးတော့ အားကောင်းလာရမယ်”
တောဝက်ရိုင်းလေးသည် စွန့်ပစ်ကုန်းမြေများကို အသက်သွင်းနိုင်ရန်အတွက် ကြိုးကြိုးစားစားဖြင့် လုပ်ဆောင်လျက်ရှိ၏။ လီချင်းယန်သည်လည်း များပြားလွန်းလှသော အဆောက်အဦ အသီးသီးကို တည်ဆောက်နေသည်။
ကျောက်ရုပ်ထု မျိုးနွယ်ကလန်နှင့် နဂါးကလန်တို့သည် ၎င်းတို့၏ ဘိုးဘေးတည်နေရာများကို စတင်ကာ တည်ဆောက်နေကြပြီး တစ်ချို့အဆောက်အအုံများကို ပြန်လည် ပြုပြင်နေကြ၏။
မူလအားဖြင့် သီးသန့်အထီးကျန်စွာဖြစ်တည်နေသော ရွှမ်ယွမ်ကုန်းမြေတိုက် ကြီးသည် လက်ရှိ အခြေအနေမှာတော့ ကျွင်းချောင်ရှောင်း၏ ကြိုးစားမှုကြောင့် ပိုမိုဖွံ့ဖြိုးလာသည်နှင့်အညီ များပြားလှသော ကလန်အသီးသီးတို့ဖြင့် စုဝေး နေထိုင်ချင်စရာကောင်းသည် ဂြိုလ်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲလာခဲ့သည် ။
………………………
“ပျံနိုင်တာ အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ” အဓိက ဟောခန်းမှာတော့ ကျွင်းချောင်ရှောင်း သည် ကြေးမှန် တစ်ခုနှင့် ဆော့ကစားရင်းမှ ပြောလိုက်၏။ “ဒါ့ကြောင့်ကိုး”
ထိုက်က်ရွှမ် အကြီးအကဲက ပြောလိုက်၏။ “ဒီပေါ်မှာ ရှုပ်ထွေးလွန်းတဲ့ အစီအရင်ကြီး တစ်ခု ရှိတယ်။ ဒါကို အသက်သွင်းလိုက်မယ်ဆိုလျှင် စကြဝဠာ၏ တွန်းကန်နိုင်မှုအား အကုန်လုံးကို ခုခံနိုင်စွမ်းရှိသွားတယ်”
“အင်း”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ “ဒါဆိုရင် ဆရာကြီးက ဒါကို တုပပြီး လိုက်လုပ် နိုင်လား”
ထာဝရရွက်သင်္ဘောများကဲ့သို့ ရွက်သင်္ဘောများသည် တပည့်များကို ခေါ်ယူကာဖြင့် အထက်စကြဝဠာ တစ်ခုလုံးကို လှည့်လည်သွားလာနိုင်စွမ်း ရှိသည်ဆိုသော်လည်း လူတစ်ယောက်ချင်းစီက အပြင်ဘက်သို့ ထွက်ခွာသွားလာနိုင်စွမ်း မရှိကြချေ။ ယခု ရရှိခဲ့သည့် ကြေးမှန်လို အရာမျိုး ကို တုပကာ လိုက်လုပ်နိုင်မည်ဆိုလျှင် တစ်ယောက်ချင်းစီသည် အပြင်ဘက်သို့ ထွက်ခွာ သွားလာနိုင်စွမ်း ရှိပေလိမ့်မည်။
“အတွင်းပိုင်း အစီအရင်စနစ်ကတော့ ကြယ်တာရာစိတ်ဝိညာဉ်လောကနှင့် ဆင်တူတယ်လေ။ ဒါ့ကြောင့် ဒါတွေကို တုပပြီး လိုက်လုပ်ဖို့ဆိုတာ ပြဿနာတော့ သိပ်မရှိဘူးလောက်ဘူးထင်တယ်” ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။
“အင်း” သူ့အနေနှင့် ကျင့်ကြံခြင်းလောက၌ တိုက်ခိုက်ရန် ခက်ခဲလှသည် ဆိုသော်လည်း နည်းပညာနှင့် သုတေသန ပြုလုပ်သည့် နေရာတွင် အားအကောင်းဆုံးသော လူတစ်ယောက်ပင်ဖြစ်လာခဲ့၏။ ကြယ်တာရာ စိတ်ဝိညာဉ် လောကနှင့် နှိုင်းယှဉ်ရမည်လား ။
“အင်း.. ဒါဆိုရင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ကြယ်တာရာစိတ်ဝိညာဉ်လောက ပတ်သက်ဆက်နွယ် နေတာလား မသိဘူး” ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိသွား၏။ သူ၏ ခန့်မှန်းမှုသည် အမှန်သာ ဖြစ်မည်ဆိုပါက အခြေအနေသည် အနည်းငယ်ပိုမိုကာ လေးနက်လာပေလိမ့်မည်။
……………….
ကောင်းကင်လျှို့ဝှက်နယ်မြေ
လုချင်းချင်းသည် အဓိက တောင်ထွတ်တစ်ခု၌ တပည့်များကို ဦးဆောင်ကာဖြင့် မတ်မတ်ရပ်လျက်ရှိ၏။ ရက်အနည်းငယ်အကြာ ပြန်လည်အားမွေးပြီးသည့်နောက် သူတို့သည် “SS”အဆင့် သူရဲကောင်းကို စိန်ခေါ်ရန် ဆုံးဖြတ်ခဲ့ကြ၏။ အခြားသော အကြောင်းအရာမရှိချေ။ လက်နက်အမျိုးအစားတစ်ခုခုကို ရယူခြင်းသောကြောင့်ပင်။
“ဒီတစ်ခါ ဘယ်သူ့ကို ရွေးရမလဲ”
“သူ့ကို ရွေးရအောင်”
ဆွစ်
အားလုံးသော သူတို့သည် သူရဲကောင်းဝိညာဉ်ကို ရွေးချယ်လိုက်ကြ၏။ ပြီးသည့်နောက် စီးဆင်းနေသော ချောင်းကြီး တည်ရှိရာနေရာဆီသို့ တည်နေရာရွှေ့ပြောင်းခြင်းခံလိုက်ရ၏။
လူတစ်ယောက်သည် ချောင်း၏ ကမ်းစပ်တွင် မတ်မတ်ရပ်လျက် ရှိ၏။ ကောင်းကင်ကြီးပေါ်သို့ မော့ကြည့်ကာဖြင့် သက်ပြင်းချနေသည်။ “ကောင်းကင်က ငါ့ကို သေစေချင်တယ် ဆိုလျှင် ငါဘာလုပ်နိုင်မှာလဲ။ အဖေ၊ အမေတွေက ငါ့ကို ဂရုစိုက်မှု မရှိဘူးဆိုမှတော့ ငါသူတို့ကို ဘယ်လို မျက်နှာချင်းဆိုင်ရမှာလဲ”
“……”
လီချင်းယန်နှင့် အခြားသောသူများသည် မျက်မှောင်ကုတ်မိသွား၏။ ဤ“SS”အဆင့်သူရဲကောင်း ဝိညာဉ်သည် သူတို့ ရွေးချယ်ခဲ့သော ဝိညာဉ်ပင်ဖြစ်သည်။ အနောက်ဘက်မှ လှမ်းကြည့်နေရသည် ဖြစ်သောကြောင့် အသွင်အပြင်ကို မြင်တွေ့နိုင်ရန် ခက်ခဲသည်ဆိုသော်လည်း ၎င်းသည် အားအင်နှင့် စွမ်းအင်များ ပြည့်ဝလျက်ရှိနေသည့် အော်ရာမျိုးကို ထုတ်ဖော်နေ၏။ ကြည့်ရှုရသည်မှာ လွီပုထက်ပင် ပိုမိုကာ အားကောင်းလွန်းပုံပေါ်သည်။
ဆွစ်
လေတိုးသံများ တဝှီဝှီနှင့် ဖြစ်တည်လာ၏။ အားလုံးသော သူတို့သည် ခေါင်းမော့ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ ကြီးမားလွန်းလှသော လှံကြီးတစ်ခုသည် ဘုန်းဆိုသော အသံနှင့်အတူ မြေပေါ်သို့ ကျဆင်းလာ၏။
ဘုတ်
နောက်ကျောပေးရပ်ထားသည့် ထိုသူသည် သူ၏ လက်နက်ကိုဆွဲကာ ဖြည်းညှင်းစွာလှည့်လိုက်၏။ အလွန်ခံ့ညားပြီး စူးရှလွန်းလှသောမျက်နှာတစ်ခုက ပေါ်လာခဲ့သည်။ “လာကြ.. တိုက်ခိုက်ကြမယ်”
ဘုတ်……….. ဘုတ်………..ဘုတ်………..
တစ်ချိန်တည်းမှာပင် အမဲရောင်မြင်းတစ်ကောင်သည် အနီးအနားဆီမှ အသော့နှင်လာ၏။
ဝှစ်
ထိုသူသည် လှံကိုဆွဲမြှောက်ကာဖြင့် မြင်းပေါ်သို့ အသာခုန်တက်လိုက်၏။ လှံ၏ထိပ်တွင် စွမ်းအင်လှိုင်းများကို စုစည်း ပြီးသည့်နောက် လူအုပ်ကြားကို ညွှန်ကာဖြင့် အော်ဟစ်လိုက်၏ ။ “ငါက အနောက်ပိုင်း ချူပြည်နယ်ရဲ့ဘုရင်ပဲ”
ဘုန်း………….
ရှောင်ကျီသည် သူ၏ ဒိုင်းကြီးအား ရှေ့ဆီသို့ကာကာဖြင့် ဝင်ရောက်လာသည့် လှံ၏စွမ်းအင်များကို ကာကွယ် လိုက်၏။ ချက်ချင်းပဲ သူသည် အနောက်ဘက်သို့လွင့်စင်သွားသည်။
“တက်ကြ”
ဆွစ်……….ဆွစ်…………
လုချင်းချင်း၊ လီချင်းယန်နှင့် အခြားသောသူများသည် ရှေ့သို့လှမ်းတက်လိုက်၏။ ပြိုင်စံရှားဂိုဏ်း၏ လက်ရွေးစင်တပည့်များနှင့် အနောက်ပိုင်းချူပြည်နယ်မှ ဘုရင်တို့၏ တိုက်ခိုက်မှုသည် စတင်ခဲ့ပြီဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
တစ်နာရီခန့်ကြာပြီးသည့်နောက် ဒဏ်ရာဗရပွနှင့် ဖြစ်တည်လျက်နေသော ရှမ့်ယုသည် သူ၏ လှံကြီးကိုကိုင်စွဲကာဖြင့် ဝူမြစ်ကမ်းနဘေးတွင် မတ်မတ်ရပ်လျက်ရှိနေ၏
ဘုတ်
ဟယ်ဝူတီသည် အားပျက်စွာဖြင့် ထိုင်ချကာ တွေးလိုက်၏။ “ဒီလူက အရမ်းကိုအားကောင်းတယ်”
သူ၏ ဘေးတွင်တော့ လုချင်းချင်း၊ ရီရှင်းချန်တို့ တည်ရှိနေ၏။ ၎င်းတို့နှစ်ယောက်သည် ရှိရှိသမျှသော စွမ်းအင်တို့ကို အသုံးပြုကာ တိုက်ခိုက်ရသည်ဖြစ်သောကြောင့် ပြိုလဲလို့မတတ်ပင်ဖြစ်လို့နေသည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများမှာတော့ မြေပေါ်တွင် လဲလျောင်းလျက်ရှိပြီး တိုက်ခိုက်ရန် စွမ်းအင် တစ်ခုလေးမျှပင် မရှိတော့ချေ။ မြေပေါ်တွင် များပြားလွန်းလှသော အရွယ်အစားများနှင့် တွင်းကြီးများ ဖြစ်တည်နေပြီး တည်နေရာတစ်ခုလုံးလည်း တွန့်လိမ်နေ၏။ ကြည့်ရှုရသည်မှာ နှစ်ဘက်လုံးသည် ပြင်းထန် ကြမ်းတမ်းလွန်းလှသော တိုက်ပွဲကို ရင်ဆိုင်ခဲ့ရသည့်ပုံပင်။
“သေသွားခဲ့ပြီဆိုပေမဲ့”
ရှမ့်ယုသည် သူ၏ လှံကြီးကို အသာဆွဲယူပြီးသည့်နောက် အနောက်ဘက်သို့ဆီသို့ ပို့လိုက်၏။ ရှမ့်ယုသည် သူ၏ခါးတွင်ရှိသော ဓားတစ်စင်းကို ထုတ်ယူကာဖြင့် လည်ကုပ်ပေါ်သို့တင်လိုက်၏။ ပြီးနောက် ဂုဏ်ယူစွာပြောလိုက်၏။ “ကျုပ်က အနောက်ဘက် ချူပြည်နယ်ရဲ့ဘုရင်ပဲ”
ဇွိ
သွေးများပြန့်ကျဲသွားပြီး သွေးများသည် မြစ်ထဲသို့ စီးဆင်းသွားခဲ့၏။ သို့ပေမဲ့ အသက်ဓာတ်များ ပျောက်ဆုံးသွားခဲ့ပြီဆိုသော်လည်း ရှမ့်ယုသည် မလဲကျသွားပေ။ သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် အငွေ့များ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့တော့သည်။
“ဒါက”
လီချင်းယန်နှင့် တခြားသောသူများသည် ဆွံအသွား၏။ သူတို့သည် “SS” အဆင့်သူရဲကောင်းဝိညာဉ်ကို တိုက်ခိုက်ခဲ့ကြသည်ဆိုသော်လည်း အနိုင်မရရှိနိုင်ခဲ့ချေ။ သို့ပေမဲ့ တစ်ဘက်လူသည် ဓားကိုဆွဲထုတ်ကာဖြင့် ကိုယ့်လည်းပင်းကိုယ် ဓားနှင့်လှီးကာ သတ်သေခဲ့၏။
သူတို့နားလည်နိုင်မည်မဟုတ်ပေ။ ရှမ့်ယုသည် တခြားသူ၏ ဓားအောက်မှာသေဆုံးရခြင်းထက် မိမိ၏ ဓားလက်ထဲတွင် သေဆုံးရခြင်းကို နှစ်သက်သူပင်။
“ဒုတိယစီနီယာအစ်ကို”
စုရှောင်မိုသည် အားပျော့စွာပြောလိုက်၏။ “ဒီလှံကိုယူ”
လီချင်းယန်သည် အသာလျှောက်လှမ်းလာပြီးသည့်နောက် ပြည့်စုံဆိုသည့် စာလုံးကို ရေးထိုးထားသည့် လှံကြီးကို ဆွဲယူလိုက်၏။“ ဘယ်သူလိုချင်လဲ”
“ကျုပ် လှံမကစားတတ်ဘူး”
“ကျုပ်လည်း လှံမကိုင်ဘူး” စုရှောင်မိုနှင့် လီဖေးတို့က ပြောလိုက်သည်။
ဤအနောက်ဘက် ချူပြည်နယ်မှ ဘုရင်ကို တိုက်ခိုက်နိုင်သည်ဆိုသော်လည်း သူတို့အားလုံးသည် မောပန်းနေခဲ့ကြပြီဖြစ်၏။ တစ်ဖက်လူသည်သာ အနည်းငယ်သော အားအင်များ တည်ရှိနေမည်ဆိုပါက ကျိန်းသေပေါက် အားလုံးကို သတ်ဖြတ်သွားပေလိမ့်မည်။
လီချင်းယန်သည် သူ၏ သိုလှောင်လက်စွပ်ထဲသို့ လှံကြီးကို သိမ်းကာ ပြောလိုက်၏။ “ဒါဆိုရင် ဂိုဏ်းချုပ်ကိုပဲ ပေးခိုင်းတော့မယ်”
“ဒင်.. စိန်ခေါ်သူသည် အနောက်ဘက်ချုပြည်နယ်မှ ဘုရင်ကို အနိုင်မတိုက်ခိုက်နိုင်ခဲ့သောကြောင့် အပြင်ဘက်သို့ ထုတ်ပယ်ခြင်းကို ခံရသည်”
ဆွစ်………..ဆွစ်………….
အားလုံးသောသူတို့သည် လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်ဆီသို့ ပို့ဆောင်ခြင်းကို ခံလိုက်ရ၏။
ဘုတ်
စုရှောင်မိုသည် မြေပေါ်သို့ လဲကျသွားခဲ့ပြီးနောက် အော်ဟစ်လိုက်သည်။ “အမလေး.. ငါ့ခါး”
…………………
“လှံ ဟုတ်လား” ဟောခန်းထဲမှ ကျွင်းချောင်ရှောင်းသည် လီချင်းယန်ဆီမှ လက်နက်ကို လှမ်းယူလိုက်၏။ လှံပေါ်တွင် ရေးသားထားခဲ့သည့် ပြည့်စုံဆိုသည့်စာလုံးကို မြင်ရသည့်အချိန်မှာတော့ သူသည် ရုတ်တရက်ထကာ အော်ဟစ်လိုက်၏။ “ဒါပြည့်စုံတဲ့အဆင့်လား”
“ဂိုဏ်းချုပ်”
လီချင်းယန်ကပြောလိုက်သည်။ “ဒီလူက သူ့ကိုယ်သူ အနောက်ဘက် ချူပြည်နယ်က ဘုရင်လို့လည်း ပြောတယ်။ ရှုံးတော့မယ့်အခြေအနေရောက်တော့ ဓားကိုထုတ်ပြီး သူ့လည်ပင်း သူလှီးသွားတယ်။”
“တော်တော် ဆိုးတဲ့ သူရဲကောင်းပဲ”
ကျွင်းချောင်ရှောင်းက စာနာသနားစွာဖြင့်ပြောလိုက်၏။ “မင်းတို့က ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့ ပြိုင်ဘက်နဲ့ တွေ့ခဲ့တာပဲ”
ဆွစ်……………
ကျွင်းချောင်ရှောင်းသည် လှံကြီးကို ကိုင်ဆောင်ကာဖြင့် လေ့ကျင့်ရေး ကွင်းပြင်တွင် မတ်မတ် ရပ်လိုက်၏။ ထိုအချိန်မှာတော့ သူသည် ဝူမြစ်ကမ်းတွင် အခြေကျနေထိုင်သည့် ရှမ့်ယုကဲ့သို့ပင် ဖြစ်တည်သွားခဲ့၏။ “ငါ့ရဲ့ အားအင်က တောင်တစ်ခုကို မနိုင်တယ်။ ငါ့ရဲ့ အော်ရာတွေက ပြိုင်ဘက်ကင်းပဲ”
ကျွင်းချောင်ရှောင်းသည် လှံကိုဝှေ့ယမ်းကာဖြင့် သီချင်းသီဆိုလျက်ရှိ၏။ သံသယရှိစရာ မလိုပေ။ လှံကြီးသည် နတ်ဘုရားအဆင့် ဓားနှင့် နှိုင်းယှဉ်၍ရနေသည့် အရာတစ်ခုပင် ဖြစ်လို့နေခဲ့၏။ “တစ်ကယ့်ကို လှံကောင်းတစ်ခုပဲ”
လှံကို ကောင်းကောင်းစမ်းသပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လှံကြီးကို အသာမြှောက်ကာဖြင့် ဟိတ်ဟန်ကောင်းကောင်း နှင့် အနောက်သို့ လှည့်ကြည့်လိုက်သည်။
အနောက်ဘက်မှာတော့ …..
ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးသည် မြေပေါ်သို့ လဲကျနေပြီး ပါးစပ်ထဲမှ အမြုပ်များ ထွက်လျက်ရှိ၏။
သူတို့ ဂိုဏ်းချုပ်သည် လှံကိုစမ်းသပ်ရင်းမှ ရုတ်တရက် သီချင်း သီဆိုစိတ်များ ပေါက်လာခဲ့၏ ထို့ကြောင့် ဂိုဏ်းသားများသည် ပါးစပ်မှ အမြုပ်များထွက်ကာဖြင့် သတိလစ် မေ့မြောခဲ့ရလေသည်။