← Chapters

အခန်း ၁၇၆၇

Vol. 119 Ch. 1767

အခန်း ၁၇၆၇

Vol. 119 Ch. 1767

အပိုင်း (၁၇၆၇)

ကျွင်းချောင်ရှောင်းသည် လှံကြီး၏ စွမ်းအင်ကို ရိုးရိုးရှင်းရှင်း စမ်းသပ်ခဲ့ခြင်းသာဖြစ်၏။ အစစ်အမှန် တိုက်ပွဲမှသာလျှင် ဤအရာ၏ အစစ်အမှန်စွမ်းရည်ကို သိရှိပေလိမ့်မည်ဖြစ်၏။

ဟုတ်ပေ၏။ သူသည် ဤလက်နက်ကို သိမ်းဆည်းထားလိုက်သည်။ လှံနှင့်ပတ်သက်၍ ကျွမ်းကျင်လှသော တပည့်တစ်ယောက်ကို နောက်မှပေးရန် စဉ်းစားထားသည်။ ဥပမာအားဖြင့် လုံကျိရန် ပင်။

“ဟင်း”

စနစ်က ပြောလိုက်၏။ “မင်းက လက်နက်ပစ္စည်းတွေကို ရယူဖို့အတွက် တော်တော်ကို အလုပ် ကြိုးစားခဲ့ရတာပဲ”

“တော်စမ်း”

ကျွင်းချောင်ရှောင်သည် အကူအညီမဲ့စွာပြောလိုက်၏။ “ငါမှ ကောင်းကင်လျှို့ဝှက်နယ်မြေထဲကို ဝင်လို့မရတာ။ တပည့်တွေဆီက ယူရတော့မှာပေါ့”

ဤသောက်ကန့်သတ်ချက်သာ မရှိဘူးဆိုပါက သူ့အနေနှင့် အထဲသို့ ဝင်ရောက်ပြီး နေ့စဉ်နေ့တိုင်း လက်နက်ပစ္စည်းများကို သိမ်းဆည်းနေမိမှာ သေချာ၏။ ရန်သူများနှင့် တိုက်ခိုက်သည့်အချိန်တွင် သူသည် အဆုံးမဲ့သော လက်နက်အမျိုးပေါင်းများစွာကို ထုတ်ဖော်ကာ တိုက်ခိုက်ရမည်ဆိုလျှင် မည်မျှ ကောင်းလိုက်မည်နည်း။

“ချင်းယန်... လူတွေခေါ်ပြီးတော့ ကောင်းကင်လျှို့ဝှက်နယ်မြေထဲ ထပ်ဝင်အုံး”

“ကောင်းပါပြီ”

လီချင်းယန်သည် ဟောခန်းထဲမှ ထွက်ခွာသွားပြီးသည့်နောက် ရှောင်ကျီနှင့် တခြားသူများကို သတင်းပေးပို့ လိုက်၏။ သူ့အနေနှင့် ခုနှစ်ရက်ကြာလျှင် တစ်ခါတိုက်ခိုက်ရန်ဆိုသည့် စည်းမျဉ်းကို ချမှတ်ခဲ့သေးသည်။

“ပြဿနာမရှိဘူး” ရီရှင်းချန်က သဘောတူညီလိုက်၏။ သူ့အနေနှင့် လျှို့ဝှက်နယ်မြေထဲတွင် ကျန်ခဲ့သည့် လက်နက်များနှင့် ပတ်သက်၍ ဂရုမစိုက်လှချေ။ သူသည် စိတ်လိုလက်ရတိုက်ခိုက်ရန်သာ စိတ်ပါဝင်စားလျက် ရှိ၏။

လွီပု၊ ရှင်းယုတို့နှင့်တိုက်ခိုက်ပြီးသည့်နောက် ညအင်ပါယာ၏ သိုင်းပညာနှင့်ပတ်သက်သည့် နားလည်မှုသည် ပိုမိုကာ အားကောင်းလာခဲ့၏။ သူသည် ကောင်းကင်လျှို့ဝှက်နယ်မြေသို့ လှမ်းဝင်နိုင်သည့် သဲလွန်စ တစ်စုံတစ်ခု ကို ခပ်ရေးရေး မြင်နေရပြီဖြစ်သည်။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည်လည်း တူညီသည့် ခံစားချက်ကို ရရှိနေ၏။ သို့ပေမဲ့ သဲလွန်စရှိသည်ကိုသာ သိ၏။ မည်သည့်သဲလွန်စမှန်း ကောင်းကောင်းမွန်မွန် မသိရှိသောကြောင့် နတ်ဘုရား လျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်း လှမ်းဝင်နိုင်ရန်ဆိုသည့် အကွာအဝေးသည် သူတို့အတွက် အလွန်ပင် ဝေးကွာနေသေး၏။

ဘုန်း ဘုန်း .....။

ခုနှစ်ရက် ကြာမြင့်ပြီးသည့်နောက် လီချင်းယန်နှင့် တခြားသောသူများသည် ဤနေရာသို့ ထပ်မံရောက်ရှိ လာကာ စိန်ခေါ်ခြင်းကို ပြုလုပ်၏။ သူတို့အနေနှင့် ရှမ်းယု ကို မရွေးချယ်ရတော့ချေ။ ထိုအစား ပိုင်ကျီကို ရွေးချယ်ခဲ့၏။ အဆုံးသတ်မှာတော့ အားလုံးသောသူတို့သည် ပြာနှမ်းနေအောင် အရိုက်နှက်ခံခဲ့ရသည်။

“မဖြစ်သေးဘူး။ ဒီတစ်ယောက်က အရမ်းအားကောင်းတယ်။ နောက်တစ်ကြိမ်ကျရင် လူပြောင်းရအောင်”

ပြန်လည်အားမွေးပြီးသည့်နောက် သူတို့သည် ကောင်းကင်လျှို့ဝှက်နယ်မြေထဲသို့ ထပ်မံကာဝင်ရောက် ပြန်၏။ ပထမဦးဆုံး သူတို့သည် ယာကူကျူဖေး ကိုအနိုင်ရအောင်တိုက်ခိုက်ခဲ့၏။ ပြီးသည့်နောက် ကျားငါးကောင် စစ်သူကြီး ဟုန်ကျိုး ကို တိုက်ခိုက်ပြန်၏။

နောက်ဆုံး SS သူရဲကောင်းကို ရွေးချယ်သည့်အချိန်တွင် ဘုရင်အာသာ ကို ရွေးချယ်ခဲ့တော့၏။ ကြမ်းတမ်းလှသော တိုက်ပွဲကို တိုက်ခိုက်ပြီးသည့်နောက် သူတို့သည် နောက်ဆုံး၌ တဖက်လူကို အနိုင် ရရှိခဲ့၏။ ပြီးနောက် ကျောက်တုံးပေါ်တွင် ရှိနေသော ဓားတစ်စင်းကို ရရှိခဲ့သည်။

“ဒီ ဓားက မဆိုးဘူးပဲ”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်၏။ “ကံဆိုးတာက ငါ့ဆီမှာ အင်မော်တယ်အဆင့် ဓားတစ်ခုရှိနေတာပဲ”

ပြီးနောက် သူသည် လူချင်းချင်းကို လှမ်းကြည့်ကာ မေးလိုက်သည်။ “မင်းလိုချင်လား”

“ဒုတိယဂျူနီယာမောင်လေး အတွက်လေ”

“ကောင်းပြီ အဲတာဆိုလည်း”

ကျွင်းချောင်ရှောင်းသည် ဓားအား လီချင်းယန်ဆီသို့ လှမ်းပစ်ပေးကာ ပြောလိုက်၏။ “ဒီဓားက မင်းအတွက်ပဲ”

“ကျေးဇူးပါ ဂိုဏ်းချုပ်”

လီချင်းယန် သည် ဓားကို ယူဆောင်ပြီးသည့်နောက် အမှန်ပင် ဝမ်းသာလျက်ရှိနေ၏။ သူ၏ သီးသန့်ကိုင်ဆွဲသည့် လက်နက်သည် ဓားသာလျှင်ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သူ၏ဓားသည် သူ၏ အဆင့်ထက်အောက်တွင် အများကြီး နိမ့်ကျနေခဲ့သည် ဖြစ်သောကြောင့် အဆင့်မြင့်ဓားတစ်စင်းကို လိုချင်နေသည်မှာ သဘာဝပင်ဖြစ်သည်။

“ဂျူနီယာ ညီလေးရီ”

လီချင်းယန်သည် အဓိကဟောခန်းထဲမှ လျှောက်ထွက်ပြီးသည့်နောက် ပြုံးကာပြောလိုက်၏။ “မင်း....ငါနဲ့ တိုက်ခိုက်ချင်လား”

“ကောင်းပြီ”

………

လေ့ကျင့်ရေးကွင်းပြင်မှာတော့ လက်ရွေးစင် တပည့်နှစ်ယောက်တို့သည် မီတာအနည်းငယ်အကွာမှာ ရပ်တန့် လျက်ရှိ၏။ တစ်ယောက်ချင်းစီတိုင်းသည် လက်နက်နှင့်ပစ္စည်းများကို ထုတ်ဖော်ကာ တိုက်ခိုက်လျက် ရှိသည်။

“တတိယ စီနီယာအစ်ကို”

လီဖေး သည် ကွင်းပြင်၏ အပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်ပြီးနောက် မေးလိုက်၏။ “ဘယ်သူနိုင်မလဲ။ ဒုတိယစီနီယာအစ်ကိုလား။ ဂျူနီယာ ညီလေးရီလား”

စုရှောင်မို သည် သူ၏မေးစေ့ကို ပွတ်သပ်သပ်ကာ သုံးသပ်လိုက်၏။ “ဒုတိယစီနီယာအစ်ကိုဆီမှာ လက်နက်မရှိဘူး ဆိုရင်တော့ ဂျူနီယာညီလေးရီက အနိုင်ရဖို့ အခွင့်အလမ်းများတယ်၊ ဒါပေမဲ့ အခုအချိန်မှာတော့ နည်းနည်းပြောဖို့ ခက်သွားပြီ”

ဘုန်း…. ဘုန်း…

ထိုအချိန်မှာတော့ ရီရှင်းချန် နှင့် လီချင်းယန် တို့သည် စတင်ကာတိုက်ခိုက်လျက်ရှိ၏။ တစ်ယောက်သည် မြင်းနီကြီးကို စီးထားပြီး ကွင်းပြင်ထဲတွင် လှည့်ပတ်ကာ တိုက်ခိုက်နေ၏။ တခြားတစ်ယောက်သည် ဓားကြီးကို ကိုင်ဆွဲကာဖြင့် တည်တည်ငြိမ်ငြိမ်နှင့် ပြန်လည်တိုက်ခိုက်လျက်ရှိ၏။ မည်သူက အထက်စီးသို့ ရောက်ရှိနေသည်ကို ပြောရန်ပင် ခက်ခဲ့ချေ၏။

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ ထောက်တိုင်တစ်ခုပေါ်သို့ လက်တင်ကာဖြင့် သူ၏ တပည့်နှစ်ယောက် တိုက်ခိုက်နေသည်ကို သေသေချာချာကြည့်ရှုနေမိသည်။

“အင်း.. ဒီလက်နက်တွေ အကုန်လုံးက အင်မော်တယ်အဆင့်လက်နက်တွေပဲ။ ချင်းယန် ကိုင်ဆောင်ထားတဲ့ဓားက တကယ့်ကို အရည်အသွေးမြင့်မားလိမ့်မယ်။ ဒါကြောင့် မကြာခင်မှာ သူပဲ ဖိနှိပ်နိုင်လိမ့်မယ် ထင်တယ်”

ထင်မှတ်ထားသည့်အတိုင်းပဲ တိုက်ကွက် တစ်ဒါဇင်ကျော် တိုက်ခိုက်ပြီးသည့်နောက် ကျောက်ဓားကြီးကို အမှီပြုကာဖြင့် လီချင်းယန်သည် တဖြေးဖြေး အထက်စီးသို့ ရောက်ရှိလာခဲ့၏။

ဘုန်း…

ခဏလောက်ကြာပြီးသည့်နောက် ရီရှင်းချန် သည် သူ၏ ပုဆိန်ကြီးကို အသာပြန်သိမ်းကာ ပြောလိုက်သည်။ “ပျင်းစရာပဲ။ ထပ်ပြီးမတိုက်ခိုက်တော့ဘူး”

“……..”

စုရှောင်မိုနှင့် လီဖေး တို့၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ရှုံးနိမ့်တော့မည်ကို သိရှိပြီးသည့်နောက် ဂျူနီယာညီလေးရီသည် ချက်ချင်းပဲ ပျင်းရိသည်ဆိုကာ ထွက်ခွာသွားခဲ့၏။

“ဂျူနီယာညီလေးရီ”

လီချင်းယန် သည် လက်သီးကို ဆုပ်ကာပြောလိုက်သည်။ “အနိုင်ပေးတဲ့အတွက် ကျေးဇူးပါပဲ”

ဂိုဏ်းတူရောင်းရင်းအချင်း တိုက်ခိုက်ကြသည့် လက်ရည်စမ်းပြိုင်ပွဲမျိုးတွင် ကြီးမားသည့် ဂုဏ်သိက္ခာမရှိဘူး ဆိုသည်ကို သူက နက်နက်နဲနဲ နားလည်၏။ ထို့ကြောင့်ပင်လျှင် သူအနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ သေခြင်းရှင်ခြင်း တိုက်ခိုက်မှုပုံစံမျိုးတွင် သူ့၌ ဤကဲ့သို့သော ကျောက်ဓား ကိုင်ဆောင်ထားမည် ဆိုလျှင်တောင်မှ ဂျူနီယာညီလေးရီကို အနိုင်မတိုက်ခိုက်နိုင်ကြောင်းကို သူကောင်းကောင်း သိရှိ၏။

……….

ကောင်းကင်လျှို့ဝှက်နယ်မြေ

လီချင်းယန်နှင့် တခြာသောသူများသည် နဝမအကြိမ်မြောက် လာရောက်ကာ စိန်ခေါ်တိုက်ခိုက်ခဲ့၏။ ရှုံးနိမ့်ခဲ့သည့် အခေါက်ရေ များလာသည်နှင့်အမျှ သူတို့သည် ပိုမိုကာ အားကောင်းလာခဲ့၏။ ထို့ကြောင့် တဖြည်းဖြည်းနှင့် SSS အဆင့် သူရဲကောင်းဝိညာဉ်မျိုးကိုပါ စိန်ခေါ်နိုင်သည့်အခွင့်အရေး ရရှိလာခဲ့သည်။

“……”

စုရှောင်မိုသည် ဆွံ့အလျက်ရှိနေ၏။ “SS အဆင့် တိုက်ခိုက်ရတာတောင် တော်တော်ခက်နေပြီ။ အခု SSS အဆင့်ကို တိုက်ခိုက်မယ်ဆိုတော့ .....”

“အားနည်းတဲ့အကြောင်းအရင်းက ဒါပဲ”

ရီရှင်းချန် က ပြောလိုက်သည်။ “မလုပ်ရသေးဘူး။ ကြောက်လန့်နေတာမျိုး”

“ကောင်းပြီ”

စုရှောင်မိုသည် စိတ်ကို ပြင်ဆင်ပြီးသည့်နောက် ပြောလိုက်၏။ “ကျုပ်တို့ SSS အဆင့်ကို စိန်ခေါ်ပြီး တိုက်ခိုက်ကြမယ်”

အားလုံးတို့သည် နံရံ၏ အရှေ့တွင် မတ်မတ်ရပ်ကာဖြင့် သေသေချာချာ စဉ်းစားသုံးသပ်ပြီး သူရဲကောင်း ဝိညာဉ်တစ်ခုကို ရွေးချယ်လိုက်သည်။

ဝှစ်..

သူတို့၏ ရှေ့တွင် ရှိနေသော မြင်ကွင်းတွင် ပြောင်းလဲသွားသည်။ အားလုံးတို့သည် နတ်ဘုံ နတ်နန်းသကဲ့သို့ တည်နေရာ တစ်ခုကိုရောက်ရှိသွားခဲ့ပြီး တည်နေရာတစ်ခုလုံးတွင် ကြာပန်းများနှင့် ပြည့်နှက်လျက် ရှိ၏။

“ဟား ဟား..ဟား ဟား..”

ထိုအချိန်မှာတော့ ပျင်းရိလေးကန်နေသည့် ရယ်မောသံတစ်ခုက ထွက်ပေါ်လာသည်။ “ငါအနားယူနေတာကို ဘယ်သူလာဖျက်ဆီးနေတာလဲ”

အားလုံးတို့သည် ခေါင်းလှည့်ကာ ကြည့်ရှု့လိုက်သည့်အချိန်မှာတော့ ရေကန်၏ ကြာပန်းပေါ်တွင် လဲလျောင်း လျက်ရှိနေသည့် အသက် ငါးနှစ် သို့မဟုတ် ခြောက်နှစ် အရွယ် ကလေးတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုကလေးသည် တုတိုးကို ဝတ်ဆင်ထား၏။ (တုတိုးဆိုသည်မှာ တရုတ်ကလေးများ ဝတ်ဆင်သည့် အနီရောင် ရင်ကာဝတ်စုံပင်ဖြစ်၏။

ဟူး….

စုရှောင်မိုသည် စိတ်သက်သာရာရသလို သက်ပြင်းကို ချလိုက်သည်။ “သေချာပြီ။ ခလေးလေးတစ်ယောက် ဖြစ်နေတာကိုး။ အေးအေးဆေးဆေးပဲ”

သူ့အနေနှင့် မျက်စိသုံးလုံးနှင့်သူရဲကောင်း သို့မဟုတ် တုတ်တစ်ချောင်း ကိုင်ထားသည့် မျောက်ကို ရွေးချယ်ရန် စီစဉ်ထားမိ၏။ သို့ပေမဲ့ ကြည့်ရှု့ရသည်မှာ အနည်းငယ် ကြောက်မက်ဖွယ်ကောင်းသောကြောင့် အနီးကပ်ဆုံးတွင် ရှိနေသည့် ဤသူရဲကောင်းကို ရွေးချယ်ခဲ့ခြင်းပင်။

“အမှိုက်ဟုတ်လား။ ကလေးဟုတ်လား။ ခင်ဗျားတို့ ကျုပ်ကိုပြောနေတာလား”

စုရှောင်မိုသည် ခေါင်းကိုငုံ့ကာ သူ၏ ရှေ့တွင်ရှိနေသည့် ကလေး ပေါက်စကို ကြည့်လိုက်၏။

ထိုကလေးသည် ပြုံးလျက်ရှိနေပြီး ဖြူဖွေးလှသည့် သွားနှစ်တန်းသည် အထင်းသား ထင်ပေါ်နေ၏။ သို့ပေမဲ့ သူ၏ စိတ်ထဲတွင် မကောင်းသည့်ခံစားချက်များ ပြည့်နှက်လာခဲ့သည်။

ဘုန်း..

ရုတ်တရက် ကလေးသည် သူ၏ မေးစေ့ကို လက်သီးနှင့် ထိုးနှက်လိုက်၏။

“ဂျူနီယာ ညီလေးစု” လီချင်းယန် သည် ရုတ်တရက်ထကာ အော်ဟစ်လိုက်၏။ အမြဲတမ်း သိုသိုသိပ်သိပ် နေထိုင်လျက်ရှိနေသည့် ဟယ်ဝူတီသည်လည်း ထိတ်လန့်တုန်လှုပ်သွားမိသည်။ SS အဆင့် သူရဲကောင်း ဝိညာဉ်သည် အားကောင်းလှသည်ဆိုသော်လည်း စုရှောင်မို အား အလစ်အငိုက် တိုက်ခိုက်နိုင်စွမ်း မရှိချေ။ ဤ SSS အဆင့် သူရဲကောင်းဝိညာဉ်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။ တစ်ချက်တည်း တိုက်ခိုက်နိုင်ခဲ့သည်။

“ဟ ဟ ဝှါး..”

ကလေးသည် သမ်းဝေပြီးသည့်နောက် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ပြောလိုက်၏။ “မင်းတို့က အားနည်းတယ်။ ငါ့ကို စိန်ခေါ်ဖို့အတွက် အရည်အချင်းမရှိဘူးလေ။ ဒီတော့”

သူသည် မြေပေါ်တွင် ခြေချိတ်ထိုင်ကာဖြင့် လက်တစ်ဖက်နှင့် မေးထောက်ကာ ပြောလိုက်သည်။ “ထွက်သွားကြစမ်း”

ဘုန်း… ဘုန်း…..

ချက်ချင်းပဲ လီချင်းယန်၊ ရီရှင်းချန်နှင် တခြားသောသူများအားလုံးသည် ဘာမှန်းမသိဘဲ ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်သို့ ရောက်ရှိသွား၏။

သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ရှု့ကာဖြင့် ရင်ထဲတွင် တလှပ်လှပ်နှင့် ခုန်လျက်ရှိနေသည်။

“ကောင်းကင်ဘုံ”

လီဖေးသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “အရမ်းအားကောင်းလွန်းတယ်”

“ဒီအဆင့် သူရဲကောင်းဝိညာဉ်တွေကို ကျုပ်တို့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ခိုက်လို့ရတဲ့အရာမျိုး မဟုတ်ဘူးလေ။ အနည်းဆုံးတော့ အဲနေရာကို ရောက်အောင်သွားနိုင်တယ်ဆိုတာနဲ့တင်”

ဟယ်ဝူတီသည် ပြောလိုက်၏။ “အဲနေရာကို ရောက်အောင် တိုက်ခိုက်နိုင်ဖို့ဆိုရင် နတ်ဘုရား လျှို့ဝှက်အဆင့်ကို ရောက်မှဖြစ်မယ်”

“ဟင်း”

စုရှောင်မိုသည် မေးစေ့ကို ပွတ်သပ်ကာပြောလိုက်သည်။ “ကျုပ်တို့ S ဒါမှမဟုတ် SS အဆင့် သူရဲကောင်းဝိညာဉ်တွေကိုပဲ လှည့်ပတ်တိုက်ခိုက်နေတာ အကောင်းဆုံးဖြစ်မယ်”

သူတို့အနေနှင့် စကားလုံးလေး တစ်ခုပြောဆိုရုံနှင့် ရှုံးနိမ့်ခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်ပြီး မကျေမနပ်တော့ ဖြစ်လို့နေခဲ့၏။ သို့ပေမဲ့ အမှန်တရားကို လက်ခံရပေမည်။ သူတို့သည် သူတို့၏ အားအင်အဆင့်နှင့် တဖက်လူကို မည်သို့မှ အနိုင်ယူမရရှိကြောင်း သိရှိပြီးဖြစ်၏။

“အမ်” သူ၏ တပည့်များသည် SSS အဆင့် သူရဲကောင်းဝိညာဉ်ကို စိန်ခေါ်တိုက်ခိုက်ခဲ့သည် ဖြစ်ကြောင်းကို သိရှိပြီးသည့်နောက် စုရှောင်မိုပြောဆိုသည့် ပုံပန်းသွင်ပြင်ကို ပြန်လည်ကာသုံးသပ်လိုက်သည်။

“ကြာပန်းထဲမှာ ထိုင်နေတာ ဒါ နီကျား ဖြစ်မယ်နဲ့တူတယ်။ ဒီလိုသာဆိုရင် SSS အဆင့် သူရဲကောင်း ဝိညာဉ်တွေက ဒဏ္ဍာရီလာ သူရဲကောင်းဝိညာဉ်တွေပဲ”

ကောင်းကင်လျှို့ဝှက်နယ်မြေထဲတွင်ရှိနေသော သူရဲကောင်းအဆင့်များသည် အမျိုးအစားတစ်ခုချင်းစီ အလိုက် ကွဲပြားလျက်ရှိသည်ကို သူသိရှိပြီးဖြစ်၏။

“ကောင်းပြီ။ ဒါဆိုရင် အကိုမျောက်များ ရှိမလားမသိဘူး” ကျွင်းချောင်ရှောင်းသည် စုရှောင်မိုကို ကြည့်ကာဖြင့် မေးလိုက်သည်။

“အင်း … အဲမှာ မျောက်တစ်ကောင်ရှိတယ်”

ဘုတ်

ကုန်းရှန့်သည် အသာဆင်းလျှောက်ပြီးသည့်နောက် ပုခုံးကို ပုတ်လိုက်၏။ “ငါ အကိုမျောက်ရဲ့ လက်နက်ကို လိုတယ်။ ဒီတော့ ဒီကိစ္စကို မင်းတို့တွေ တာဝန်ယူလိုက်တော့”

စုရှောင်မို၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်နေသည်။ “ဟိုကလေးလေး သေးသေးလေးတောင်မှ စကားတစ်ခွန်းနဲ့ ကျုပ်တို့ကို အနိုင်ယူခဲ့တယ်လေ။ မျောက်သာဆိုရင်တော့ ပက်ပက်စက်စက်ရိုက်နှက် သွားမှာတောင် ကြောက်ရတယ်။ ဒါမှမဟုတ် နှာတစ်ချက် ချေလိုက်ယုံနဲ့ ကျုပ်တို့ သေသွားမလားမသိဘူး ဂိုဏ်းချုပ်”

“ကံကောင်းပါစေ”

ကျွင်းချောင်ရှောင်းသည် အားပေးကြည့်ကြည့်ကာပြောလိုက်၏။ “မင်းတို့ လုပ်နိုင်ပါတယ်”

ဒွီ ဒွီ

ထိုအချိန်မှာပင် ထာဝရ ရွက်သင်္ဘောကြီးဆီမှ သတိပေးသည့်အသံ ထွက်ပေါ်လာ၏။ ကျွင်းချောင်ရှောင်းသည် ပဲ့ခန်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် ကြယ်တာရာမြေပုံပေါ်တွင် အလင်းများ တဖြည်းဖြည်းနှင့် ချဉ်းကပ် လာသည်ကို မြင်လိုက်ရ၏။ သူသည် သေသေချာချာမြင်ကွင်းကို ချဲ့ကာ ကြည့်ရှု့ပြီးသည့်နောက် မျက်မှောင်ကုတ်လိုက်သည်။ “မိုးကောင်ကင်နတ်ဆိုးအင်ပါယာရဲ့ တခြား နောက်လိုက်တွေပဲ။ ဘယ်လိုလုပ် ငါတို့ကို ရှာတွေ့သွားတာလဲ”

ဝှစ်

ရွက်သင်္ဘော၏အမြီးသည် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲပြီးသည့်နောက် လေဟာနယ်ထဲသို့ ဝင်ရောက်သွားခဲ့၏။ ကျွင်းချောင်ရှောင်း အနေနှင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ လူများနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရန် အစီအစဉ်မရှိချေ။ သူ့အနေနှင့် ထွက်ခွာသွားရန်သာ ရွေးချယ်၏။ မြန်မြန်ဆန်ဆန် ဆိုသလို သူ၏ အားအင်အဆင့်ကို တိုးတက်အောင် ပြုလုပ်ရပေဦးမည်။

All Chapters