အခန်း ၁၇၆၈
Vol. 119 Ch. 1768
အပိုင်း (၁၇၆၈)
ထာဝရ ရွက်သင်္ဘောကြီးသည် အမြန်ဆုံးနှုန်းနှင့် ထွက်ခွာသွားခဲ့၏။ ထို့ကြောင့် မိုးကောင်ကင်နတ်ဆိုး အင်ပါယာ ၏ နောက်လိုက်များသည် အနောက်ဘက်တွင် ကျန်ရစ်ခဲ့၏။
ကျွင်းချောင်ရှောင်း အနေနှင့် ထိုသူများနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန် အစီအစဉ် မရှိသေးချေ။ သူ့အနေနှင့် သူ့ကိုယ်သူ ပိုမိုအားကောင်းရန် ပြုလုပ်ချင်နေမိသည်။ အနည်းဆုံးအနေနှင့် နတ်ဘုရားလျှို့ဝှက်အဆင့်သို့ တရားဝင်ရောက်ရှိရန် ယုံကြည်ချက်တချို့ရှိသည့် အချိန်ပင်ဖြစ်မည်။ ရွှမ်ယွမ် နယ်မြေကြီးကို အမွေဆက်ခံမှု မတိုင်ခင်က သူသည် ကုထျန်းရှင်းထက် ပိုမိုအားကောင်းလှသော ကုရွှမ်ယွမ်၏ တိုက်ခိုက်မှုကို ပုံရိပ်ယောင် အဖြစ် ပြန်လည်မြင်ရခဲ့၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များသည် ရန်သူများဖြစ်သည် ဆိုသော်လည်း သူ့အနေနှင့် လက်ရှိအခြေအနေတွင် ယှဉ်ပြိုင်တိုက်ခိုက်ရန် အားအင်မရှိသည်ကို ထိုမြင်ကွင်းကို ကြည့်ရှု့ရင်း ကောင်းကောင်း နားလည်ခဲ့သည်။
“ဘာလို့ အထူးတာဝန်မလာသေးတာလဲ”
ကျွင်းချောင်ရှောင်း သည် စကြဝဠာထဲသို့ လှည့်လည်သွားလာနေစဉ်ကတည်းက အထူးတာဝန်ကို မတွေ့ကြုံခဲ့ရချေ။ ထို့ကြောင့် သူသည် နတ်ဘုရားလျှို့ဝှက်နယ်မြေ ခြေတစ်လှမ်း လှမ်းသည့် အဆင့်၌ တစ်လို့နေခဲ့၏။
စနစ်သည် သူ့အား ဆာဗာခိုးယူနိုင်ရန် အခွင့်အရေးကို ပေးအပ်ခဲ့သည်ဆိုသော်လည်း တချို့သော ကန့်သတ်ချက်များ ရှိသောကြောင့် ပြည့်ပြည့်ဝဝ ဆာဗာခိုးယူ၍ မရခဲ့နိုင်ခဲ့ချေ။
“လာခဲ့…. စနစ် ငါ့ကို ရင်နာအောင် တစ်ခုခုပြောစမ်း”
“……”
စနစ်သည် ဆွံ့အလျက်ရှိနေ၏။ သူသည် တစ်စုံတစ်ခု ပြောလိုက်သည်ဆိုတိုင်း ပြောင်းပြန်ဖြစ်တတ်သည် ဆိုသော်လည်း လက်ရှိအခြေအနေမှာတော့ လက်ခံသူသည် ထိုအခြေအနေကို အမှန်အကန်ဟုပင် ယုံကြည်လျက် ရှိနေ၏။
“ဂိုဏ်းချုပ်”
အကြီးအကဲဝေ သည် အသံပို့လွှတ်လိုက်သည်။ “ဆေးမျိုးစေ့တွေ မရှိတော့ဘူး”
အဓိက ဆေးဟောခန်းသည် ထာဝရလောကကြီးထဲတွင် သစ်ပင်ပန်းမန်များ စိုက်ပျိုးသည့်အလုပ်ကို တာဝန်ယူ ထားရ၏။ သူတို့သည် ဆေးပင်ပေါင်းများစွာတို့ကို စိုက်ပျိုးခဲ့သည် ဖြစ်သောကြောင့် လက်ရှိအခြေအနေတွင် စိုက်စရာ မျိုးစေ့ဟူ၍ပင် မရှိတော့ချေ။
“ဒါကို ရဖို့အတွက် နည်းလမ်းတစ်ခုခုရှာရမယ်”
ကျွင်းချောင်ရှောင်းသည် ဂြိုဟ်၏ ပတ်ဝန်းကျင် တည်နေရာကြီးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ လိုအပ်သည်မက ရသာခြောက်မျိုး မြေအဆီဆေးလုံးကို သန့်စင်နိုင်ရန်အတွက် လိုအပ်သည့် ကုန်ကြမ်းများကိုလည်း ရှာဖွေရသေး၏။ ထိုကြောင့် အနီးအနားတွင် တခြားသောဂြိုဟ်တစ်ခုခု ရှိနေမလားဆိုသည်ကို သိချင်သောကြောင့် ကြယ်မြေပုံကို ထပ်မံကာ ကြည့်ရှု လိုက်၏။
ဆိုးဝါးလှသည်မှာ သူတို့သည် စကြဝဠာပတ်လမ်းကြောင်း၏ အဆုံးတည်နေရာတွင် တည်ရှိ နေသောကြောင့် အနီးအနားတွင် တခြားဂြိုဟ်များ မရှိလှချေ။
“ဟမ်”
ကျွမ်းချောင်ရှောင်းသည် အံ့အားတသင့်နှင့်ပြောလိုက်၏။ “ငါတို့ စကြဝဠာပတ်လမ်းကြောင်းရဲ့ အဆုံးစွန်ကို ရောက်လုနီးပါးဖြစ်နေပြီပဲ”
သူသည် လတ်တလောတွင် ဂိုဏ်း၌ ကိစ္စပေါင်းများစွာကို ဖြေရှင်း နေခဲ့ရ၏။ ထို့ကြောင့် ထာဝရရွက်သင်္ဘောကြီးသည် သူ့အလိုလို ခရီးသွားလာလျက်ရှိနေ၏။ ခရီးစဉ် မည်သို့ ရောက်ရှိမှန်းကိုပင် သူသတိမပြုခဲ့ချေ။
“တခြား စကြဝဠာ ပတ်လမ်းတွေမှာ တခြားအဆင့်မြင့်ဂြိုဟ်တွေလည်းရှိနိုင်တယ်။”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာပြောလိုက်၏။ “ငါ့အနေနဲ့ အဲဒီမှာ သိုင်းပညာအရင်းအမြစ်တွေကို အသုံးပြုပြီး ဆေးပင်တွေနဲ့လဲမယ်ဆိုရင် လဲလို့ရတယ်။ ဒါဆိုရင် ပြဿနာ မရှိလောက်ဘူး။”
“ဒီလောက်ဒုက္ခခံမနေနဲ့”
စနစ်ကပြောလိုက်သည်။ “မင်းအနေနဲ့ စတိုးထဲဝင်ပြီးတော့ ပြဿနာတွေကို ဖြေရှင်းလို့ရတယ်”
“……..”
ကျွင်းချောင်ရှောင်းသည် စနစ်ကို ကလန်ကဆန် လုပ်ရန် စဉ်းစားလိုက်သော်လည်း ယခုလအတွက် သူ၏ Refresh လုပ်နိုင်မှုသည် အသက်ဝင်နေကြောင်း သိရှိလိုက်သောကြောင့် စတိုးကို လျှင်လျှင်မြန်မြန် ဖွင့်လိုက်၏။ ပထမပိုင်းမှာတော့ သူသည် ပျော်ရွှင်မိသည်။ ဒုတိယပိုင်းမှာတော့ ဝမ်းနည်းကာ အေးစက်လာခဲ့၏။ တတိယပိုင်းမှာတော့ ဘာတစ်ခုမှ မရခဲ့ချေ။
“ဟင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာပြောလိုက်၏။ “ငါတော်တော်ကံဆိုးနေတာပဲ”
……..
ထာဝရလောကကြီး
အကန့်အသတ်မဲ့ များပြားလွန်းလှသော ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများ၏ သန့်စင်မှုကို အောက်မှာတော့ သိုင်းကျင့်ကြံသူများသည် အချိန်တိုင်း အချိန်တိုင်းဆိုသလို အဆင့်ချိုးဖျက် လုမတတ် ဖြစ်နေကြ၏။
ယေဘုယျအားဖြင့် မူလကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် နေထိုင်ခဲ့ကြသူများ၏ အခြေခံ သိုင်းကျင့်ကြံခြင်းအဆင့်သည် မရီဒန်ဖွဲ့စည်းခြင်း အဆင့်သာ ဖြစ်သည်ဆိုသော်လည်း လက်ရှိအခြေအနေမှာတော့ အနိမ့်ဆုံးကျင့်ကြံခြင်းအဆင့်သည် သိုင်းဘုရင်အဆင့်ပင် ဖြစ်လို့လာခဲ့သည်။
သူတို့သည် ဤတည်နေရာသို့ ရောက်ရှိခဲ့သည်မှာ နှစ်အနည်းငယ်သာ ကြာမြင့်လှသည်ဆိုသောကြောင့် အချိန်တော်တော်ကြာသာ နေထိုင်သွားခဲ့မည်ဆိုလျှင် သိုင်းအင်ပါယာတစ်ယောက်ဖြစ်ရန်ပင် စိတ်ကူးယဉ်လာ နိုင်ကြသည်။
ထို့အပြင် အဆင့်မြင့်ဂြိုဟ်၏ သန့်စင်မှုအောက်မှာတော့ အသစ်မွေးဖွားလာခဲ့သည့် လူသားများ၏ ပင်ကိုယ်စွမ်းရည်နှင့် ပါရမီများသည် ကြီးကြီးမားမား တိုးတက်လာခဲ့၏။ လူတစ်ရာလောက် မွေးဖွားလာသည်ဆိုလျှင် လူတစ်ယောက်သည် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် အမြစ်ကို ပိုင်ဆိုင်သည့်လူများပါဝင်လာ၏။
အတိတ်တုန်းက နတ်ဘုရားအဆင့် စိတ်ဝိညာဉ်အမြစ်ဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ ဖီးနစ်ကဲ့သို့ပင် ရှားပါးလှသည့်အရာဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ တော်တော်များများကို တွေ့မြင်လာနိုင်ခဲ့၏။ နေရာအနှံ့တွင် သိုင်းအင်ပါယာ များကို တွေ့နိုင်ပြီး သိုင်းနယ်မြေကျင့်ကြံသူဆိုသည်မှာ လမ်းဘေးခွေးသို့ပင် များပြားသည်။
“ကလေးတွေအမေ”
မြို့တစ်မြို့၏ အဆောက်အဦတစ်ခုထဲမှာတော့ သက်လတ်ပိုင်းလူတစ်ယောက်သည် မျှော်လင့်တောင့်တစွာဖြင့် ပြောလိုက်၏။ “ဒီနှစ်ပိုင်းအတွင်း ငါတို့ရဲ့သားကို ပြိုင်စံရှားဂိုဏ်းရဲ့ ဝင်ခွင့် စာမေးပွဲကို ဝင်ပြိုင်ခိုင်းရမယ်။ သူသာ ကံကောင်းပြီး တပည့်တစ်ယောက်ဖြစ်လာမယ်ဆိုရင် အနာဂတ်မှာ တကယ့်ကို ထူးချွန်တဲ့သူဖြစ်မှာ ကျိန်းသေပဲလေ”
“ကျုပ်တော့ အဲ့လိုမထင်ဘူး” ကလေး၏ အမေက ပြောလိုက်သည်။
“ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ” ကလေး၏ အဖေက ပြောလိုက်သည်။
“တစ်စုံတစ်ယောက်ရဲ့အသက် ဒါမှမဟုတ် လိင်၊ ပင်ကိုယ်စွမ်းရည် အဲတာတွေနဲ့ ဂိုဏ်းထဲဝင်ဖို့ ကန့်သတ်ထားတာ မရှိဘူးတဲ့။ ပြိုင်စံရှားဂိုဏ်းရဲ့ဝင်ခွင့်ကို ဖြေဆိုအောင်မြင်တဲ့ လူတိုင်းလူတိုင်းက ဂိုဏ်းသားအဖြစ် သတ်မှတ်ခံရတယ်လေ”
တူညီသည့်မြင်ကွင်းမျိုးသည် တူညီသည့် မြို့များအသီးသီးတွင် ဖြစ်တည်လျက်ရှိ၏။ ကြီးမားလှသော မိသားစုကြီးများပင်လျှင် ၎င်းတို့၏ ကလေးများအား ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းသာဖြစ်ရန် မျှော်လင့် တောင့်တလျက် ရှိနေကြ၏။
မကြာခင်သော ရက်အနည်းငယ်အတွင်းတွင် ပြိုင်စံရှားဂိုဏ်းသည် တောင်၏ဂိတ်တံခါးကို ဖွင့်လှစ်ကာ တပည့်သစ်ခေါ်ယူမှုကို ပြုလုပ်တော့မှာ ဖြစ်၏။ ထို့ကြောင့် ထာဝရလောကထဲတွင် နေထိုင်ကြသော လူများအားလုံးသည် ပြိုင်စံရှားဂိုဏ်းသားဖြစ်ရန် မျှော်လင့်တောင့်တနေကြ၏။
အားလုံးသောသူတို့၏ မျက်လုံးထဲတွင်တော့ ကျွင်းချောင်ရှောင်းသည် နတ်ဘုရားတစ်ပါးဖြစ်ပြီး ၎င်း တည်ထောင်ထားသည့် ဂိုဏ်းသည်လည်း သိုင်းကျင့်ကြံသူများအတွက် နတ်ဘုံနတ်နန်းကဲ့သို့ပင်။ သူတို့၏ ကလေးများသည်လည်း ဂိုဏ်းထဲသို့ဝင်ရောက်ကာ ကျင့်ကြံရသည်ဆိုပါက ဘဝတစ်သက်တာလုံးတွက် ကြီးမားလွန်းလှသည့် ကောင်းချီးတရားပင်။
……..
“အဖေ”
ခြံဝန်းတစ်ခုထဲမှာတော့ အသက် ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ယောက်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ကာ ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ပြောလိုက်၏။ “အရွယ်ရောက်လာပြီဆိုရင် ကျိန်းသေပေါက် ပြိုင်စံရှားဂိုဏ်းရဲ့ ဝင်ခွင့်ကို ဖြေရမယ်”
သူ၏ နာမည်သည် ချင်လင်း ဖြစ်သည်။ သူ၏ အဖေမှာတော့ ချင်ဟောင်ရန်ပင် ဖြစ်တော့၏။ မှန်ပေ၏။ သူသည် ဟောင်ချီဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ခဲ့ဖူးပြီး ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့၏ ခေါင်းဆောင် လည်း ဖြစ်ခဲ့၏။ အစပိုင်းတုန်းက ကျွင်းချောင်ရှောင်း၏ ရန်သူကြီးတစ်ယောက်ပင်။ သို့ပေမဲ့ သူ၏ ဂုဏ်ရှိန်ဂုဏ်ဝါများအားလုံးသည် အတိတ်မှာ ကျန်ရစ်ခဲ့၏။ လက်ရှိအချိန်မှာတော့ ချင်ဟောင်ရန် သည် ဂိုဏ်းကို စွန့်လွှတ်ခဲ့ပြီးသည့်နောက် ချင်းယန် မြို့ထဲတွင် သိုသိုသိပ်သိပ်နှင့် နေထိုင်လျက်ရှိနေသည်။
“မဖြစ်ဘူး” ချင်ဟောင်ရန် သည် ငြင်းပယ်လိုက်၏။
“ဘာလို့လဲ” ချင်လင်း သည် ကြောင်အသွားမိ၏။ သူ၏ အဖေသည် သူ့အား အလွန်အမင်း ချစ်မြတ်နိုးလှ၏။ သိုင်းကျင့်ကြံခြင်း လမ်းစဉ်နှင့်ပတ်သက်၍ ကြီးကြီးကျယ်ကျယ်ကို ထောက်ပံ့လျက်ရှိ၏။ ငွေများများ အသုံးပြုကာဖြင့် အရင်းအမြစ်များကို ဝယ်ယူခြင်းကိုလည်း ပြုလုပ်တတ်၏။ ဤမျှကြီးမားလှသော ရည်မှန်းချက်ကို ထားရှိထားပြီးပြီမှ အဘယ့်ကြောင့် ြိုင်စံရှားဂိုဏ်းသို့ မဝင်ခိုင်း ရသနည်း။
“သား”
ချင်ဟောင်ရန် သည် အသာလှမ်းလျှောက်လာပြီး ပြောလိုက်၏။ “အဖေက အတိတ်တုန်းက အမှားတစ်ခု လုပ်ခဲ့တယ်”
“ဘယ်လိုအမှားမျိုးလဲ”
“အမှား”
ချင်ဟောင်ရန် သည် ခဏလောက်တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် အတိတ်ကို ပြန်လည် တမ်းတကာ တမ်းတကာဖြင့် ပြောလိုက်၏။ “ခွင့်လွှတ်ပေးလို့မရတဲ့ အမှားပေါ့”
ချင်လင်းသည် သူ၏အဖေ ဤကဲ့သို့ အလွန်အမင်းထိခိုက် ခံစားနေရသည့် အမူအရာမျိုးကို တစ်ခါမှ မမြင်ခဲ့ဘူးချေ။ ထို့ကြောင့် ထပ်မံကာ မမေးတော့ချေ။
………..
“ရှောင်လင်း”
ခဏလောက်ကြာတော့ အပြင်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။ “ဘယ်အချိန် ထွက်လာမှာလဲ”
ဝှစ်…
ချင်လင်း သည် ချက်ချင်းပဲ အခန်းထဲမှ လျှောက်ထွက်သွားပြီးသည့်နောက် နံရံပေါ်ကျော်တက်ကာ တီးတိုး ပြောလိုက်သည်။ “တိတ်တိတ်နေ၊ ငါ့အဖေ နိုးသွားလိမ့်မယ်”
“ဟဲ ဟဲ ဟဲ”
သူ၏အပေါင်းအဖော်သည် ခေါင်းကို ကုတ်ကာ ပြောလိုက်၏။ “ငါမေ့သွားတာပါ။ မေ့သွားတာပါ သွားကြစို့”
ချင်လင်း ကပြောလိုက်၏။ “ဒီနေ့ တောနက်ပိုင်းထဲကို သွားပြီးဆော့ကြရအောင်၊ နတ်ဆိုးသားရဲ တစ်ကောင်ကောင်နှင့် တွေ့ရင်တွေ့လိမ့်မယ်”
“ကောင်းပြီ” သူတို့အပေါင်းအသင်းနှစ်ယောက်သည် ချင်းယန် မြို့ထဲမှ အပြင်ဘက်သို့ ထွက်လျှောက်သွား ခဲ့ကြ၏။ (မှတ်ချက်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိနေသော သက်ရှိများအားလုံးသည် ဤလောကကြီးဆီသို့ ရောက်ရှိလာခဲ့ကြ၏။ ထို့ကြောင့် သားရဲများသည် အပါအဝင်ပဲ။ ထို့အပြင် မြို့၏ နာမည်များအားလုံးသည်လည်း အတိတ်တုန်းက အသုံးပြုခဲ့သည့် နာမည်များအတိုင်း ပြန်လည်ကာ ပေးအပ်ထားသည်။)
“သခင်”
စာကြည့်ခန်းထဲမှာတော့ အိမ်စေတစ်ယောက်သည် လာရောက်ကာ သတင်းပို့၏။ “သခင်လေး ထပ်ပြီး ခိုးထွက်သွားပြန်ပြီ”
“ဟင်း” ချင်ဟောင်ရန် က သက်ပြင်းချကာ ပြောလိုက်သည်။ “ဒီကလေးက ပိုပိုပြီးတော့ ရဲတင်းလာတာပဲ”
“ဒီအိမ်စေကြီးရဲ့ အထင်အရဆိုရင်”
အိမ်စေကြီးကပြောလိုက်၏။ “သခင်လေးရဲ့ ပါရမီက သာမန်ထက် ပိုတယ်လေ။ တစ်နေကုန် အိမ်မှာနေ နေတာထက်စာလျှင် အပြင်ဘက်ကိုသွားပြီးတော့ လှည့်လည်သွားလာနေတာက အကောင်းဆုံး ဖြစ်လိမ့်မယ်”
“သူအပြင်ကို သွားဖို့ ကျုပ်မျှော်လင့်ပါတယ်”
ချင်ဟောင်ရန် သည် နာနာကျင်ကျင် ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ်... ကျုပ်ကဂိုဏ်းချုပ်ကျွင်းနှင့် ရန်ငြိုးတွေ ရှိနေတယ်”
သူ၏သားကို ပြိုင်စံရှား ဂိုဏ်း၏ ဝင်ခွင့်စာမေးပွဲသို့ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုစေချင်ပေ။ ကျွင်းချောင်ရှောင်းကို မုန်းတီးနေသောကြောင့် မဟုတ်ပေ။ ကျွင်ချောင်ရှောင်းအပေါ် တစ်ချိန်တစ်ခါက အပြစ်ပြုခဲ့မိသည့်အတွက် ရှက်ရွံ့မိနေသောကြောင့်ပင်။ ချက်ချင်း ငြင်းပယ်ခံရမည်ကိုလည်း စိုးရွံ့နေမိသည်။
အိမ်စေကြီးက ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက အငြိုးအတေးတွေကို စိတ်ထဲမှာ ထားတတ်သူမျိုး မဟုတ်လောက်ပါဘူး”
ဤစကားစုသည် စာဖတ်သူများအား အမှန်ပင် ရယ်မောမိစေလိမ့်မည်။ မှန်ပေ၏။ ကုန်းရှန့်သည် အငြိုးအတေးများကို စိတ်ထဲတွင် ထားတတ်သည့် လူတစ်ယောက်မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ချက်ချင်း လက်စားချေတတ်သောကြောင့်ပင်။ တဖက်လူသည် အားကောင်းသည်ဖြစ်ဖြစ်၊ အားကောင်းလွန်းသည့် နောက်ခံကို ပိုင်ဆိုင်သူဖြစ်ဖြစ် ဂရုစိုတ်တတ်သူမဟုတ်ပေ။
“ကောင်းပြီ”
“အမ် …. မကောင်းတော့ဘူး”
မကြာခင်မှာပဲ အစေခံတစ်ယောက်သည် အပြင်ဘက်ဆီမှ ပြေးဝင်လာကာဖြင့် အလောတကြီး ပြောလိုက်၏။ “သခင်လေးက မြို့ရဲ့အပြင်ဘက်မှာ သခင်လေးအိုက် နဲ့ တိုက်ခိုက်နေတယ်”
“ဘာ”
ချင်ဟောင်ရန် သည် အလျှင်အမြန်နှင့် မတ်တပ်ထရပ်ကာ အိမ်ထဲမှ ထွက်ခွာသွားခဲ့၏။ မြို့၏ အပြင်ဘက်ဆီသို့ ရောက်ရှိသွားသည့်အချိန်မှာတော့ သူ၏ သားသည် အသက်တူ လူငယ်နှစ်ယောက်တို့၏ တိုက်ခိုက်မှုကြောင့် မြေပေါ်သို့ လဲကျလျက်ရှိနေသည်ကို မြင်ရ၏။ ထိုသူတို့သည် သူ၏သားအား လက်သီးနှင့် ဝိုင်းဝန်းထိုးနှက်ကာ ဆူငေါက်နေ၏။ “မင်းအဖေက ချီးထုပ်ကောင် …. မင်းလည်း ချီးထုပ်”
“ရပ်စမ်း”
ထိုအချိန်မှာပဲ ကျယ်လောင်လှသည့်အသံတစ်ခုက ထွက်ပေါ်လာ၏။ အိုက်ရှန်းရီ သည် မြို့၏ အပြင်ဘက်ဆီသို့ ပျံသန်းလာပြီးနောက် ထိုကလေးများ၏ ရှေ့သို့ ဆင်းသက်လိုက်၏။ ပြီးနောက် တစ်ယောက်ချင်းစီ၏ လက်ကို ဆုပ်ကိုင်ကာ ဒေါသတကြီး ပြောလိုက်သည်။ “မင်းတို့ နှစ်ကောင် ဘယ်လိုဖြစ်ပြီး အပြင်ဘက်မှာ လူတွေကို ရိုက်နှက်ရဲရတာလဲ”
သခင်လေးနှစ်ယောက်တို့သည် ကြောက်လန့်တကြားဖြင့် ပြောလိုက်၏။ “တတိယသခင်.. ချင်ဟောင်ရန် က ဂိုဏ်းချုပ်ကျွင်းကို အရင်တုန်းက အနိုင်ကျင့်ခဲ့တယ်လေ။ အခု သူ့ရဲ့သားကို ကျုပ်တို့ ပြန်အနိုင်ကျင့်တာ ဘာဖြစ်လို့လဲ”
အိုက်ရှန်းရီ ကပြောလိုက်၏။ “အကြီးအကဲတွေဖြစ်ခဲ့တဲ့ကိစ္စက မင်းတို့ဂျူနီယာတွေနဲ့ ဘာမှ မဆိုင်ဘူး။ အိမ်ပြန်စမ်း ခွေးလေးတွေ”
ပြီးနောက် သူသည် ချင်ဟောင်ရန် ကိုလှမ်းကြည့်ကာ ပြောလိုက်၏။ “ကလေးတွေ စကားကို စိတ်ထဲမှာ မထားပါနဲ့ မဟာမိတ်ခေါင်းဆောင်ချင်”
“ကျုပ်က မဟာမိတ်ခေါင်းဆောင်မဟုတ်တော့ဘူး။ ပြီးတော့ ကျုပ်က စကားပြောဆို နှုတ်ဆက်ရလောက်အောင် ထိုက်တန်တဲလူတစ်ယောက် မဟုတ်ပါဘူး” ချင်ဟောင်ရန် က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
သူသည် ဂျူနီယာများ သူ့ကို ဆဲဆိုပြောဆိုသွားသည်ကို စိတ်ထဲတွင် မထားသလို နေနိုင်သည်။ သို့ပေမဲ့ အစစ်အမှန် တရားမှာတော့ နှလုံးသားအား ဓားထက်ထက်တစ်ချောင်းနှင့် ထိုးနှက်နေသလို နာကျင်နေ၏။
“တောင်းပန်ပါတယ်”
“သွားကြရအောင်”
အိုက်ရှန်းရီ သည် သူ၏ တတိယမျိုးဆက်ကလေးနှစ်ယောက်ကို ပြန်လည်ခေါ်ယူကာဖြင့် မြို့ဆီသို့ ပြန်သွားခဲ့၏။ လမ်းတစ်လျှောက်တွင် ထိုသူတို့အား ဆူငေါက်ရန်လည်းမမေ့လျော့ခဲ့ပေ။
“ရှောင်လင်း” ချင်လင်းရဲ့ သူငယ်ချင်းသည် ပြေးလာပြီးသည့်နောက် မတ်တပ်ထရပ်ရန် ကူညီပေးလိုက်၏။ သို့ပေမဲ့ သူသည် ချင်းလင်း၏ အနောက်ဘက်သို့ တွန်းထုတ်ခြင်းခံလိုက်ရ၏။ ချင်းလင်းသည် မတ်တပ် ထရပ်ပြီးသည့်နောက် သူ၏အဖေကို ရှုပ်ထွေးလှသည့်မျက်မှာအမူအရာဖြင့် ကြည့်လိုက်၏။
“ဂိုဏ်းချုပ်ကျွင်းကို အဖေက အပြစ်ပြုမိခဲ့တာကြောင့် သားကို ပြိုင်စံရှားဂိုဏ်းရဲ့ ဝင်ခွင့်ကို သွားပြီးတော့ ယှဉ်ပြိုင်ဖို့ ခွင့်မပေးတာလား”
“….…” ချင်ဟောင်ရန် သည် မည်သည့်စကားမျှမဆိုချေ။
“အပြင်ဘက်ကို မထွက်ခိုင်းတာလည်း အံ့အားသင့်စရာ မဟုတ်တော့ဘူး။ အရင်တုန်းက တကယ့်ကိုမှားယွင်းတဲ့ အရာတွေကိုလုပ်ခဲ့တာကို လူသိမှာစိုးလို့လား” ချင်လင်း သည် သူ၏ခံစားချက်ကို မည်သို့မျှ မထိန်းချုပ်နိုင်တော့ချေ။ ထို့ကြောင့် အော်ဟစ်ငိုယိုကာဖြင့် ပြောလျက်ရှိနေ၏။ “အခုကိစ္စတွေအကုန်လုံးက သားကလွဲလျှင် အကုန်လုံးသိနေကြပြီ”
“ကလေး… အဖေ”
ချင်ဟောင်ရန် သည် တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည့်အချိန်မှာပဲ ချင်လင်း သည် လှည့်ကာဖြင့် ထွက်ပြေးသွားခဲ့သည်။
အိုက်မိသားစုမှ သခင်လေးနှစ်ယောက်၏ အနိုင်ကျင့်ခြင်းကို ခံရသည့်အချိန်တွင် ချင်လင်း သည် အဘယ့်ကြောင့် ဖြစ်ကြောင်းကို အကြမ်းဖျင်း နားလည်သွားခဲ့၏။ သူ၏ အဖေသည် ပြိုင်စံရှားဂိုဏ်းကို အစောပိုင်းတုန်းက အလွန်ခက်ခဲသည့်အရာမျိုးဖြစ်အောင် ပြုလုပ်ခဲ့သည်ကို သိရှိခဲ့ရ၏။
သူ၏သား အငြိုးတစ်ကြီးဖြင့် ထွက်ခွာသွားသည်ကို ပြန်လည်မြင်ယောင်ပြီးသည့်နောက် ချင်ဟောင်ရန် သည် ရင်ဘတ်ပေါ် လက်တစ်ဖက်တင်ကာဖြင့် ဒူးထောက်ကာ ထိုင်ချလိုက်မိသည်။
“သား ဒါတွေ အားလုံးက အဖေ့ရဲ့အပြစ်ပဲ။ အဖေ့ကြောင့် မင်းကို လူတွေက မုန်းတီးနေတယ်။ ဒီလိုပဲ မင်း ... အဖေ့ကို မုန်းမယ်ဆိုရင်တောင်မှ အဖေက အပြစ်မတင်ပါဘူး”