အခန်း ၁၇၇၀
Vol. 119 Ch. 1770
အပိုင်း (၁၇၇၀)
တစ်ရက်အတွင်းမှာပဲ ချင်ဟောင်ရန်၏သား ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက်ခဲ့သည်ဆိုသောသတင်းသည် ပျံ့နှံ သွားခဲ့၏။ အားလုံးသောသူများသည် အံ့အားသင့်လျက် ရှိနေသည်။
ကျွင်းချောင်ရှောင်း၏ အတိတ်အကြောင်း နှင့် ပတ်သက်၍ ရင်းနှီးပြီးသားလူများသည် အနည်းအကျဉ်းဆိုသလို သိရှိပြီးသားဖြစ်၏။ ချင်ဟောင်ရန်သည် ကျွင်းချောင်ရှောင်းတစ်ယောက် ဂိုဏ်းကို စတင်တာဝန်ယူရသည့် အတောအတွင်း ခက်ခဲသည့်အရာများ ဖြစ်ပေါ်စေရန်အတွက် ကိစ္စများမြောင်ကို ပြုလုပ်ခဲ့သေး၏။ အဘယ်ကြောင့် ဤကဲ့သို့သောလူ၏သားကို လက်ခံရသနည်း။
“ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို သဘောထားကြီးတဲ့ လူတစ်ယောက်ပဲ။ ငါတို့ မျိုးဆက်သစ်တွေ အတွက်တော့ တကယ့်ကို စံပြပုဂ္ဂိုလ်တစ်ယောက်ပဲ”
အားလုံးသောသူတို့သည် ကျွင်းချောင်ရှောင်းအား အစစ်အမှန် ချီးကျူးလျက် ရှိနေ၏။
ချင်ဟောင်ရန်မှာတော့ အိမ်သို့ပြန်ရောက်ပြီးသည့်နောက် တစ်ညလုံးတိတိ ငိုယိုလျက်ရှိနေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် သူ၏သားကို လက်ခံခဲ့ခြင်းဖြင့် သူ့အား ကူညီခဲ့ခြင်းဖြစ်ကြောင်း အားလုံးသောသူများ ထက် သူက ပိုမိုကာ သိရှိ၏။
ပြိုင်စံရှားဂိုဏ်းသည် သူ့အား မည်သည့်ပြဿနာမှ မရှာခဲ့သည်ဆိုသော်လည်း သူသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် နေထိုင်အသက်ရှင်ခဲ့ရ၏။ ချင်းယန်မြို့ထဲတွင် နေထိုင်ခဲ့သည်ဆိုလျှင်တောင်မှ အပြင်ဘက်သို့ မထွက်ခွာရဲဘဲ အခန်းထဲသာ အောင်းနေရ၏။ ထိုအရာများအားလုံးသည် အတိတ်က ရန်ငြှိုးရန်စများကြောင့်ပင်။
သူသည် အားလုံးသောသူတို့၏ အထင်အမြင်သေး ပြောဆိုခံရမှုကို ကြောက်ရွံ့၏။ ထို့အတူ အားလုံးသောသူတို့၏ နှိမ့်ချဆက်ဆံခံရမည်ကို ကြောက်ရွံ့၏။ အထူးသဖြင့် သူ၏သားသည် သူ့ကြောင့် မမျှမတ ဆက်ဆံခံရမည်ကို ကြောက်ရွံ့မိသည်။
ဥပမာအားဖြင့် အိုက်မိသားစုမှ တိုက်ရိုက်မျိုးဆက်များနှင့် သူ၏သားတို့ အပြင်ဘက်တွင် ပြဿနာဖြစ်ပွားခဲ့ပြီး ပြဿနာ၏ အရင်းအမြစ်သည် သူ့ကြောင့်ဖြစ်ကြောင်း သိရှိခဲ့စဉ်က နှလုံးသားထဲ၌ သွေးစက်စက်ယိုနေသကဲ့သို့ပင် ခံစားမိခဲ့၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဤအရာများကို လုံးဝဂရုမစိုက်တော့ချေ။ အဖေသည် အမှားအယွင်းပြုလုပ်ခဲ့၏။ သို့ပေမဲ့ သားနှင့်မဆိုင်လှချေ။ ထို့ကြောင့်ပင်လျှင် ချင်ဟောင်ရန်ကို ကူညီကယ်တင်ခဲ့ခြင်းပင်ဖြစ်၏။ ဤကဲ့သို့သော ကောင်းမွန်သည့်အရာများကို ပြုလုပ်ခဲ့သည့်အတွက် ကျွင်းချောင်ရှောင်းအား အလွန်ကောင်းမွန်လှသည့် လူသား တစ်ယောက်အဖြစ် သတ်မှတ်တွေးတောနိုင်လေပြီလား။
မဟုတ်ပေ။ အစစ်အမှန်တရားမှာတော့ ဂိုဏ်းချုပ်ကျွင်း ဆိုသည့်လူသည် အကြွေးရှိသည်ဆိုပါက ကျိန်းသေပေါက် မနှေးနှင့် မမြန်ဆိုသလို ပြန်လည်ကာ တောင်းခံတတ်သူတစ်ယောက်ဖြစ်သည်။
ကျင့်ကြံခြင်းလောကသည် အလွန် တရာ ရက်စက်လွန်းလှ၏။ ဤကဲ့သို့သော လောကကြီးတွင် အသက်ရှင်နေထိုင်ရန်အတွက် ကျွင်းချောင်ရှောင်းသည် တစ်ခါတစ်ရံတွင်တော့ စည်းဘောင်မဲ့သည့် ကိစ္စရပ်များကို ပြုလုပ်ခဲ့သည်ဆိုလျှင်တောင်မှ အနည်းဆုံး အောက်ခြေစည်းမျဉ်းကိုတော့ ထားရှိထား၏။
“ဂျူနီယာညီလေး”
ရိုးရှင်းလှသည့် အိမ်လေးတစ်ခုအတွင်းမှာတော့ လီချင်းယန်က ပြောလိုက်၏။ “ဒါ မင်း အခု လတ်တလောနေရမယ့် နေရာပဲ။ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေကို လုပ်ပြမယ်ဆိုရင် သီးသန့် ခြံဝန်းတစ်ခုကို ရွေ့ပြောင်းခံရလိမ့်မယ်”
“ကျေးဇူးပါပဲ စီနီယာအစ်ကို” ချင်လင်းက ပြောလိုက်၏။ ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက်ရခြင်းသည် သူ့အတွက် အိမ်မက်တစ်ခုလိုပင်။ ဤအိမ်မက်သည် ယခုအချိန်မှာတော့ အစစ်အမှန် ဖြစ်လို့လာခဲ့သည်။ ထို့ကြောင့် နှလုံးသား ထဲတွင် ရှိနေသော စိတ်လှုပ်ရှားမှုများကို မည်သို့မှ မဖိနှိပ်နိုင်ခဲ့တော့ချေ။ သူ၏ စိတ်လှုပ်ရှားမှုများသည် မျက်နှာ ပေါ်တွင် ရေးခြယ်ထားသလိုပင် အထင်းသား ပေါ်ပေါက်လျက်ရှိသည်။
“ဒီမှာ မင်းလဲဝတ်ဖို့အတွက် ဂိုဏ်းဝတ်စုံနှစ်ခု၊ ပြီးတော့ စည်းကမ်းစာအုပ်လည်း ရှိသေးတယ်။ အချိန်ရရင် ဒါတွေကို ဖတ်ထား”
လီချင်းယန်သည် တပည့်သစ်များနှင့်ပတ်သက်၍ အမှန်ပင် စိတ်ရှည်လှသူဖြစ်သည်။ သူ၏ နေရာတွင် ရီရှင်းချန်သာ ဖြစ်သည်ဆိုပါက ကျိန်းသေပေါက် မျက်နှာသေကြီးဖြင့် ပြောချင်ရာကို ပြောကာ လှည့်ထွက်သွားမှာ သေချာ၏။
“ကောင်းပါပြီ”
ချင်လင်းသည် လေးလေးပင်ပင်ဖြင့် ခေါင်းကိုညိတ်လိုက်၏။ သူသည် စည်းကမ်းစာအုပ် ဆိုသည့် အရာကို လက်လှမ်းကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ မျက်လုံးပြူးသွားမိသည်။ “ဒီလောက် ထူတာလား”
“အင်း... ဟုတ်တယ်”
လီချင်းယန်က ပြောလိုက်သည်။ “ငါတို့ဂိုဏ်းက စည်းမျဉ်းစည်းကမ်းတွေ များတယ်လေ”
ထိုအရာထက်ပင် ပိုသေး၏။ အစစ်အမှန်ကြောက်ဖို့ကောင်းသည့်အရာများ တည်ရှိလို့နေသေးသည်။ ချင်လင်းသည် တစ်ညလုံးလုံး အခန်းထဲ၌ နေထိုင်ခဲ့ပြီး အူကြောင်ကြောင်နှင့် အပြင်ဘက်သို့ တံခါးဖွင့်ကာ ထွက်လိုက်သည့်အချိန်မှာတော့ အိုမင်းရင့်ရော်လျက်ရှိသည့် မျက်နှာကြီးတစ်ခုသည် ရုတ်တရက် သူ၏တံခါးရှေ့တွင် ပေါ်ပေါက်လာ၏။ သူသည် ထိတ်လန့်ကြောက်ရွံ့ရလွန်းသောကြောင့် နောက်သို့ ဖင်ထိုင် ကျလုမတတ်ပင် ဖြစ်ခဲ့ရ၏။
“ရှောင်ချင်”
ကုန်းစွန်းဟုန့်သည် ပြုံးကာပြောလိုက်သည်။ “မင်း... ကြယ်စုစည်းခြင်းတောင်ထွတ်ကို ဝင်ရောက်ဖို့ အတွက် စိတ်ဝင်စားလား”
ချင်လင်း ဂိုဏ်းသို့ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက ကြေညာလိုက်သည့်အချိန်တွင် ကုန်းစွန်းဟုန့်မှာ သူ့အတွက် တပည့်သစ်တစ်ယောက် ရရှိရန် မျှော်လင့်နေခဲ့၏။ ဂိုဏ်းချုပ်သည် အစစ်အမှန် အမြင်စူးရှလွန်းသူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ဤကောင်လေးသည် မသွေးရသေးသည့် ကျောက်စိမ်းတစ်ခု ဖြစ်မှာသေချာ၏။
“မဖြစ်သေးဘူး။ ဘာပဲဖြစ်ဖြစ် ရအောင် ခေါ်ရမယ်”
“ကောင်လေး”
ထိုအချိန်မှာပဲ ယုစီနန်သည် တံခါး၏ ဘေးဘက်တွင် ပေါ်ပေါက်လာသည်။ “ကြယ်စုစည်းခြင်း တောင်ထွတ်ကို ဝင်ရောက်တယ်ဆိုတာ အနာဂတ်မရှိဘူး။ မင်းအနေနဲ့ လွမ်းဆွတ်ခြင်းတောင်ထွတ်ကို ရွေးချယ်ခြင်းကသာ အကောင်းဆုံးပဲ”
“ငါ့ရဲ့ ချောင်တောင်ထွတ်ကို ရွေးချယ်တာက ပိုပြီးကောင်းမယ်” ပိုင်လီချင်းချောင်သည် ရောက်ရှိလာ၏။
တောင်ထွတ်ယှဉ်ပြိုင်ပွဲများကို ယွမ်သခင်လေးက စီစဉ်ချမှတ်ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲများ အားလုံးသည် တပည့်အသစ် ပေါ်ပေါက်လာသည်ဆိုသည်နှင့် အလုအယက် ရယူရန် ကြိုးစားကြ၏။ ချင်လင်းသည် ကောင်းမွန်လှသည့် မျိုးစေ့ကောင်းတစ်ခုပင်ဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် လုံးဝလက်လွှတ် မခံနိုင်ခဲ့ကြချေ။
“ရှောင်ချင်... ငါ့ရဲ့ ငရဲမင်းတောင်ထွတ်ကိုလာခဲ့”
“ရှောင်ချင်... ရတနာငါးပါးတောင်ထွတ်ကို လာခဲ့စမ်းပါ”
ခဏလောက်ကြာပြီသည့်နောက် ကျန့်ရာ၊ အဘိုးကြီးတင်းနှင့် တခြားသောသူများသည် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာခဲ့ပြန်၏။
၎င်းတို့အားလုံးသည် အခန်း၏ အပြင်ဘက်တွင် စုစည်းပြီး တစ်ယောက်နှင့် တစ်ယောက် ငြင်းခုံနေကြသည်။ အဆုံးသတ်မှာတော့ တစ်ယောက်နှင့်တစ်ယောက် နပမ်းလုံးသည့် ကိစ္စရပ်မျိုးပင် ဖြစ်ပေါ်လာခဲ့သည်။
ချင်လင်းသည် ကြောင်တောင်တောင်နှင့် လူအုပ်ကြားထဲမှ လေးဖက်ထောက်ကာ ထိုးထွက်လာပြီးသည့်နောက် တစ်ယောက်နှင့်တစ်ယောက် ဆံပင်များဆွဲကာ အော်ဟစ်နပမ်းလုံးနေသည့် အကြီးအကဲများကိုကြည့်ကာ ထိတ်လန့်တုန်လှုပ်နေမိ၏။ “ကြောက်စရာကောင်းလိုက်တာ”
“ဟမ်” ထိုအချိန်မှာပဲ သူ၏ အမြင်အာရုံတစ်ခုလုံးသည် မဲမှောင်သွားခဲ့သည်။ ခေါင်းမော့ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ သူ၏ရှေ့တွင် လူငယ်နှစ်ယောက် မတ်မတ်ရပ်နေသည်ကို မြင်လိုက်ရသည်။
ရဲ့ဖန်သည် အသာလက်ကိုဆန့်ကာ ပြောလိုက်၏။ “လာ.. သွားပြီး လေ့ကျင့်ရအောင်”
“ဒီအကြီးအကဲတွေက တပည့်သစ် ရဖို့အတွက်ဆိုရင် အရမ်းကို အားတက်သရော ရှိကြတယ်လေ။ နောက်ဆိုရင် မင်း တဖြည်းဖြည်းနဲ့ အသားကျသွားပါလိမ့်မယ်” လင်းရီသည် အရွှန်းဖောက်လိုက်သည်။
“အင်း”
ချင်လင်းသည် အသာမတ်တပ်ရပ်လိုက်ပြီးသည့်နောက် ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့်ဖုန်များကို အသာ ပုတ်ခါလိုက်၏။ ပြီးနောက် ခေါင်းကိုကုတ်ကာဖြင့် ပြုံးလိုက်မိသည်။
“ဒီကိုကြည့်” ရုတ်တရက် အဝေးသစ်ပင်ပေါ်မှ အသံတစ်ခု ထွက်ပေါ်လာ၏။ သုံးယောက်သားသည် ဘာမှန်း မသိဘဲ ခေါင်းကိုလှည့်ကာ ကြည့်ရှုလိုက်၏။
ဖောက်
သစ်ပင်ပေါ်တွင် အချိန်အတော်ကြာ ထိုင်ကာဖြင့် မြင်ကွင်းကောင်းကို စောင့်နေသည့် လီထျန်းထျန်းသည် အခွင့် အရေးကို အရယူကာ ကင်မရာကို နှိပ်လိုက်၏။ ပြိုင်စံရှားဂိုဏ်း၏ တတိယမျိုးဆက် တပည့်သစ်များ၏ပုံသည် ကြည့်ကောင်းလွန်းလှသည်။
......
ချင်ဟောင်ရန်၏သား ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက်သွားသည်ဆိုသည့် သတင်းသည် ပျံ့နှံ့လျက်ရှိနေတုန်းပင်။ ကျွင်းချောင်ရှောင်း၏ သဘောထားကြီးမှုသည်လည်း တစ်လောကလုံးကို ပျံ့နှံ့လျက် ရှိနေ၏။
ဟုတ်ပေသည်။ နတ်စမ်းချောင်းဂိုဏ်းနှင့် တခြားဂိုဏ်းများသည်လည်း စိတ်သက်သာရာ ရသလို သက်ပြင်းချမိ၏။ ထို့အပြင် ၎င်းတို့ အားလုံးသည် ပြိုင်စံရှားဂိုဏ်း စတင်ဖွံ့ဖြိုးတိုးတက်လာစဉ်က ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးသည် မဟုတ်ပါလား။
“ဂိုဏ်းချုပ်ကျွင်းက ပြီးတာတွေကို ပြီးခဲ့စေပြီလေ။ ချင်ဟောင်ရန်ရဲ့ သားကိုတောင်မှ ဂိုဏ်းသားအဖြစ် လက်ခံ ခဲ့တယ်ဆိုတော့ ငါတို့ကို ပစ်မှတ်ထားမှာ မဟုတ်တော့ပါဘူး” နတ်စမ်းချောင်းဂိုဏ်းမှ အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။
“ဒီလိုပဲ မျှော်လင့်ရတာပဲ” နတ်စမ်းချောင်းဂိုဏ်းချုပ်ကျင်းသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။ ယခင်တုန်းက စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း ဖျက်ဆီးခံရမှုကြောင့် ၎င်းတို့ဂိုဏ်းနှစ်ခု၏ကြား ပဋိပက္ခများ ဖြစ်ပွားခဲ့၏။ နတ်စမ်းချောင်းဂိုဏ်းသည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းဘက်မှ မားမားမတ်မတ် ရပ်တည်ကာဖြင့် ပြိုင်စံရှား ဂိုဏ်းကို ရန်မူခဲ့၏။ သို့ပေမဲ့ ပြဿနာသည် အကြီးအကျယ်မျိုးတော့ ဖြစ်တည်မလာခဲ့ကြချေ။
အထူးသဖြင့် ပြဿနာ ကြီးကြီးမားမား ဖြစ်ခဲ့သော ဂိုဏ်းများလည်း တည်ရှိနေသေး၏။ ဥပမာအားဖြင့် ထိုက်ရွှမ်အအေးဂိုဏ်းပင်။ ဤဂိုဏ်းသည် လုချင်းချင်းကို ဂိုဏ်းထဲမှ ထုတ်ပယ်ခဲ့သည်သာမက ကျင့်ကြံခြင်းအဆင့် များ ကျိုးပြတ်သွားအောင်ပင် ပြုလုပ်ခဲ့သေး၏။ သို့ပေမဲ့ ဂိုဏ်းချုပ်၏ တပည့်သည် ရှရွှေယွင်ကို ရယူခဲ့ပြီးသည့် နောက် ရန်ငြှိုးများသည် ဖြေရှင်းခဲ့ပြီးပြီဖြစ်၏။
ဟုတ်ပေသည်။ လိုင်လီနတ်ဂိုဏ်းကလည်း တည်ရှိနေသေး၏။ ဤဂိုဏ်းနှင့် ပြိုင်စံရှားဂိုဏ်းတို့အကြား ရန်ငြှိုးရန်စ များအားလုံးသည် ရှောင်ကျီနှင့် မုယုံရှင်းတို့အကြားတွင် ဖြစ်တည်ခဲ့သည့်အရာပင်ဖြစ်၏။ သုံးနှစ်တာကတိ တိုက်ပွဲကို တိုက်ခိုက်ခဲ့ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထိုဂိုဏ်းကို ဂရုမစိုက်တော့ချေ။ သူ၏တပည့် သည် ဆုံးရှုံးသွားခဲ့သည့် ဂုဏ်သိက္ခာများကို ပြန်လည်ရယူခဲ့ပြီးပြီ ဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ အကောင်းမွန် ဆုံးသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်လို့ နေသည်။ တစ်ဖက်လူများသည် သူ၏တပည့်အတွက်တော့ တောင်ခြေ၏အောက်တွင် ရှိနေသည့် ပုရွက်ဆိတ်လေးများ ကဲ့သို့ပင်။
……..
လီရန်မြို့
အမဲရောင်အင်္ကျီကိုဝတ်ဆင်ထားသော ရှောင်ကျီသည် မြို့အထဲသို့ လျှောက်ဝင်လိုက်၏။ လောကကြီးတစ်ခုလုံး ပြောင်းလဲ သွားသည်ဆိုသော်လည်း အဆောက်အဦများမှာတော့ ယခင်အတိုင်းပင်။
ထို့ကြောင့် လမ်းများအတိုင်း လျှောက်ဝင် သွားသည့်အချိန်မှာတော့ အချိန်အတော်ကြာတုန်းက ဖြစ်တည်ခဲ့ဖူးသည့် ရင်းနှီးသည့် ခံစားချက်များသည် နှလုံးသားထဲ၌ ဖြစ်တည်လာသည်။ ဤတည်နေရာသည် သူ မွေးဖွားကြီးပြင်းခဲ့ရာ နေရာဖြစ်၏။ ထို့အပြင် သူသည် အားလုံးသောသူတို့၏ အာရုံစိုက်မှုကို ခံခဲ့ရ၏။
“အစ်ကိုကြီး”
ကလေးငယ်တစ်ယောက်သည် သူ၏ရှေ့တွင် ရုတ်တရက် ရောက်ရှိလာကာဖြင့် ပြောလိုက်သည်။ “ဒီမြို့သား မဟုတ်ဘူးမို့လား”
“အင်း” ရှောင်ကျီသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်၏။
“ဒါဆိုရင် လာလည်တာလား”
“အင်း... ငါ့ဆီမှာ လာလည်စရာ မိသားစု မရှိပါဘူးကွာ”
ဤစကားစုသည် ရိုးရှင်းလွန်းလှ၏။ သို့ပေမဲ့ စိတ်တစ်ခုလုံး နာကျင်နေသည့် အရိပ်အယောင်များလည်း ပါဝင်လျက် ရှိနေသည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ အားလုံးသောသူများသည် ထာဝရလောကကြီးဆီသို့ ရောက်ရှိခဲ့၏။ ၎င်း၏ ဂိုဏ်းတူရောင်းရင်းများအားလုံးသည် ရံဖန်ရံခါဆိုသလို တောင်အောက်သို့ဆင်း၍ မိသားစုများနှင့် သွားရောက် တွေ့ဆုံလျက်ရှိကြ၏။ သို့ပေမဲ့ လီရန်မြို့သားတစ်ယောက်ဖြစ်သော သူ့မှာတော့ ဂိုဏ်းထဲ၌သာ အစဉ်အမြဲ လေ့ကျင့်နေခဲ့သည်။ ဂိုဏ်း၏တာဝန်ကို လက်ခံရရှိခြင်းသာ မဟုတ်ပါက လီရန်မြို့ဆီသို့ ရောက်ရှိလာလိမ့်မည် မဟုတ်ချေ။
“ဒါဆိုရင် ဘာလာလုပ်တာလဲ”
“ဒီကို လှည့်ပတ်ကြည့်တာပေါ့” ရှောင်ကျီသည် ကလေး၏ ဦးခေါင်းကို အသာပုတ်ကာဖြင့် ရင်းနှီးနေသည့် လမ်းများအတိုင်း တစ်ယောက်တည်း လျှောက်သွားခဲ့၏။ အချိန်အတော်ကြာ လျှောက်ပြီးသည့်နောက်မှတော့ သူ့အား မည်သည့်တစ်စုံတစ်ယောက်ကမှ မမှတ်မိခဲ့ကြချေ။
“ရှောင်မိသားစုက ငြင်းပယ်ခံလိုက်ရတယ်ဆိုပေမဲ့ အဲဒီ ပါရမီရှင်မျိုးဆက်လူကတော့ တကယ့်ကို ပါရမီရှင်
တစ်ယောက် ဖြစ်ခဲ့ဖူးတာပေါ့”
ကြီးမားလှသည့် သစ်ပင်ကြီးတစ်ခု၏အောက်မှာတော့ ပုံပြောသူက ပြောဆိုလျက်ရှိသည်။ “နောက်ပိုင်းမှာ ဘာမှန်းမသိဘဲနဲ့ အဲဒီပါရမီရှင်ရဲ့ ပင်ကိုယ်စွမ်းရည်အမြစ်က လျော့ကျသွားခဲ့တယ်လေ။ သူနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးကလည်း စေ့စပ်ပွဲကို လာဖျက်ခဲ့တယ်။ ဒါကြောင့်မလို့ အဲဒီပါရမီရှင်က ရှောင်မိသားစုကနေ ထုတ်ပယ်ခံလိုက်ရတယ်။ ပြီးတော့ ရူးသလိုလိုနဲ့ တစ်လောကလုံး အနှံ့ကို လျှောက်သွားနေ ခဲ့ရတာပေါ့”
“ဟမ်... ဒီလောက်တောင် အဖြစ်ဆိုးခဲ့တာလား” ကလေးသူငယ်များသည် စာနာသနားစွာဖြင့် လှမ်းကာ မေးမြန်း လိုက်၏။
“ဒါပေမဲ့”
ပုံပြောသူသည် အကြောင်းအရင်းကို ချက်ချင်းပဲ ပြောင်းလဲလိုက်သည်။ “ကောင်းကင်ကြီးက တစ်စုံ တစ်ယောက်ရဲ့လမ်းကို ဘယ်တော့မှ ပိတ်ပင်မထားခဲ့ဖူးလေ။ သူက ကံကောင်းစွာနဲ့ ပြိုင်စံရှားဂိုဏ်းရဲ့ တပည့် တစ်ယောက် ဖြစ်လာခဲ့တယ်”
“ဪ... ပြီးတော့ကော”
“ပြီးတော့”
ရှောင်ကျီသည် လဖက်ရည်ဆိုင်တစ်ခုထဲသို့ ဝင်ထိုင်ကာဖြင့် ပုံပြောသူ ပြောလျက်ရှိသည့် သူ၏ အကြောင်းကို ငြိမ်ငြိမ်သက်သက်ဖြင့် နားထောင်နေမိသည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်နေ၏။
မှန်ပေ၏။ သူသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်ပြီး ဂိုဏ်းချုပ်၏ တပည့်တစ်ယောက်လည်း ဖြစ်လာခဲ့တော့၏။ ကောင်းကင်ကြီးသည် သူ၏လမ်းကို ပိတ်ပင်မတားဆီးခဲ့ချေ။
ရှောင်ကျီသည် လဖက်ရည်ခွက်ကို အသာချကာဖြင့် အဝေးတစ်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ အဝေး တစ်နေရာရှိ သစ်ပင်ကြီး၏ အောက်တွင်တော့ ကြည့်ကောင်းလွန်းလှသော မိန်းကလေးတစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိနေ၏။ သူသည် အံ့အားသင့်စွာဖြင့် ပြောလိုက်မိသည်။ “သူ ဘာလို့ လီရန်မြို့ကို ရောက်နေရတာလဲ”