အခန်း ၁၇၇၁
Vol. 119 Ch. 1771
အပိုင်း (၁၇၇၁)
ကြီးမားလွန်းလှသည့် သစ်ပင်ကြီး၏ အောက်တွင်တော့ ကြည့်ကောင်းလွန်းလှသော မိန်းကလေးတစ်ယောက်သည် မတ်မတ်ရပ်လျက်ရှိသည်။ သူမ၏ အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်လျက်ရှိပြီး သွယ်လှသည့် မျက်နှာအကျ၊ ဖြောင့်စင်းလွန်းလှသည့် မျက်ခုံးမွှေးများနှင့်အတူ တောက်ပလှသည့် မျက်လုံးများက သူမ၏ အလှကို ထပ်တိုးစေသည်။
“သူမပဲ”
ရှောင်ကျီက ကြောင်သွား၏။ “ဘာလို့ လီရန်မြို့ကို ရောက်နေရတာလဲ”
မည်သူဖြစ်သနည်း။ မုယုံရှင်းပင်။ ဤမိန်းကလေးသည် ရှောင်မိသားစုဆီသို့ အရင်ဆုံး ရောက်ရှိလာခဲ့ပြီး စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့၏။ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် သူမသည်လည်း ရင့်ကျက်လာခဲ့ပြီဖြစ်သည်။ ဤအရာများကို သူမ၏ မျက်နှာထက်တွင် အထင်းသား မြင်နေရ၏။
ရှောင်ကျီသည် အလွန်အမင်းပင် အံ့အားသင့်လို့ နေခဲ့၏။ သူမသည် လိုင်လီနတ်ဂိုဏ်းထဲတွင် ရှိနေရမည် မဟုတ်လား။ သို့မဟုတ် ကောင်းကင်ပင်လယ်မြို့တွင် ရှိနေသော မုယုံမိသားစုတွင် ရှိနေသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် လီရန်မြို့ဆီသို့ ရောက်ရှိနေရသနည်း။
“အဘိုးစွန်း”
ကလေးက မေးလိုက်သည်။ “ရှောင်ကျီက ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်ဖြစ်လာပြီဆိုတော့ သူ့ရဲ့ အရင် စေ့စပ်ထားတဲ့ မိန်းကလေးက ဘယ်လိုဖြစ်သွားလဲ”
“သူမက ထွက်ခွာသွားတယ်”
ပုံပြောသူက ပြောလိုက်၏။ “လိုင်လီနတ်ဂိုဏ်းကနေ ထွက်ခွာသွားပြီးတော့ ဘာသတင်းမှ မကြားရတော့ဘူး”
“ဒါဆိုရင် နောင်တရနေတာပဲ ဖြစ်ရမယ်။ ပြိုင်စံရှားဂိုဏ်းရဲ့ လက်ရွေးစင်တပည့် ဖြစ်ပြီးတဲ့နောက်မှာ ရှောင်ကျီက အရင်ကနဲ့ မတူတော့ဘူးလေ။ သူ့လို သာမန်မိန်းကလေးတစ်ယောက်က ရှောင်ကျီနဲ့ ဘယ်လို ထိုက်တန်မှာလဲ”
အားလုံးတို့သည် ၎င်းတို့၏ အထင်အမြင်များကို ပြောဆိုဆွေးနွေးလျက် ရှိနေကြသည်။
“ငါ့အထင်ဆိုရင် ဒီနေရာမှာ နောင်တအရဆုံး လူတွေက ရှောင်မိသားစုကပဲ ဖြစ်ရမယ်။ ဒါကြောင့် ဆယ်စုနှစ်ပေါင်း များစွာ ကြာခဲ့ပြီဆိုပေမဲ့ ဒီမိသားစုက ဆိုးရွားတဲ့ မိသားစုအနေနဲ့ စုတ်ပြတ်သတ်နေကြတာပဲ။ သူတို့က အရင်လို အရှိန်အဝါမျိုးကို ဘယ်တော့မှ ပြန်ရမှာမဟုတ်တော့ဘူး”
အဝေးတစ်နေရာမှာတော့ မုယုံရှင်းသည် အသာပင် လှည့်ကာ ထွက်ခွာသွားခဲ့၏။ သူမ၏ မျက်လုံးထဲတွင်တော့ ရှုပ်ထွေးလျက်ရှိနေသည့် ခံစားချက်များသည် အတိုင်းသား ပေါ်ပေါက်လျက် ရှိနေသည်။ သူမသည် သက်ပြင်းချကာ ပြောလိုက်၏။ “အဲဒီ စေ့စပ်ပွဲဖျက်သိမ်းခဲ့မှုကြောင့် ငါအခုအချိန်ထိ အပြောအဆို ခံနေရတုန်းကိုး”
ဤအရာသည် ငြင်းပယ်၍ မရနိုင်ချေ။ သူမအနေနှင့် လက်ရှိ ထိုလူ၏ ကျင့်ကြံခြင်းအဆင့်ကို မော့ကာ ကြည့်ရှုရမည့် အခြေအနေမျိုးသို့ ရောက်ရှိနေ၏။ သို့ပေမဲ့ ဤကဲ့သို့သော အခြေအနေမျိုး ထပ်မံကာ ဖြစ်တည် လာဦးမည်ဆိုလျှင်လည်း သူမသည် စေ့စပ်ပွဲကို ဖျက်သိမ်းရန်သာ ရွေးချယ်မိမှာသေချာသည်။ အဘယ်ကြောင့်ဆိုသော် တစ်ယောက်နှင့်တစ်ယောက်ကြား မည်သည့်ခံစားချက်မှ မရှိဘဲ အဘယ်သို့ အိမ်ထောင်တစ်ခုကို ထူထောင် ရမည်နည်း။
အရာအားလုံးသည် မိသားစု၏ ဆုံးဖြတ်ချက်ကြောင့် လက်ခံလိုက်ရသည်ဆိုခြင်းကို သူမက အဓိပ္ပာယ်မရှိဟု သတ်မှတ်ထားသည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ဤကဲ့သို့ ငြင်းဆန်ရမည်ဆိုလျှင်တောင်မှ သူမသည် နည်းလမ်းကို ပြောင်းလဲပစ်မှာဖြစ်၏။ အနည်းဆုံးအနေဖြင့် တစ်ဖက်လူအား ခက်ခဲသည့်အရာမျိုး မဖြစ်ပေါ်အောင် ကြိုးစားမိပေလိမ့်မည်။
မုယုံရှင်းသည် လီရန်မြို့ထဲမှ ထွက်လျှောက်ပြီးသည့်နောက် ဘာမှန်းမသိသည့် တည်နေရာတစ်ခုဆီသို့ ဦးတည်ကာ သွားလျက်ရှိသည်။ အတိတ်တုန်းက သူမသည် လိုင်လီနတ်ဂိုဏ်း၏ တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်ခဲ့ဖူး၏။ သို့ပေမဲ့ ဂိုဏ်းဆီမှ ထွက်ခွာပြီး လောကကြီးအနှံ့ကို တစ်ယောက်တည်း လှည့်လည်ကာ လျှောက်ပတ်သွားနေ၏။ ရံဖန်ရံခါဆိုသလို သူမ ငယ်ရွယ်စဉ်က ဖြစ်တည်ခဲ့သည့် မောက်မာမှုများအကြောင်းကို ပြန်လည်ကာ စဉ်းစားမိခဲ့ပြီး နှလုံးသားထဲတွင်လည်း နောင်တတရားများ ပြည့်နှက်နေခဲ့သည်။
မုယုံရှင်းက ပြောလိုက်၏။ “ဆရာပြောခဲ့သလိုပဲ ဒီအရာက ငါ့ရဲ့လက်ကျန်ဘဝတစ်ခုလုံးမှာ ဖြေရှင်းလို့ မရတဲ့ အတွင်းစိတ်မိစ္ဆာဆိုး ဖြစ်နေတာပဲ”
ရုတ်တရက် သူမသည် ရပ်တန့်လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သိုင်းကျင့်ကြံသူတစ်ယောက်သည် သူမကို ကျော်ဖြတ်ကာ လျှောက်သွားသောကြောင့်ပင်။ သူမသည် ထိုသူ၏ ပုံပန်းသွင်ပြင်ကို သေသေချာချာ မမြင်ရသော်လည်း ရင်းနှီးနေသည့် ပုံပန်းသွင်ပြင်များ၊ အရိပ်အယောင် များကို ခံစားလိုက်မိ၏။
မုယုံရှင်းသည် အမှတ်မထင်ဖြင့် လှမ်းကာအော်လိုက်မိသည်။ “ရှောင်ကျီ မဟုတ်လား”
အမဲရောင်ဝတ်စုံနှင့်လူသည် မရပ်တန့်ချေ။ ထို့အတူ ဖြေလည်း မဖြေချေ။ အရှေ့ဆီသို့သာ ဆက်လက်ကာ လျှောက်သွား၏။ မုယုံရှင်းသည် အလျင်အမြန်ဖြင့် ထိုသူ၏နောက်သို့ လိုက်သွားမိ၏။ သို့ပေမဲ့ ၎င်းတို့ နှစ်ယောက်ကြား အကွာအဝေးသည် တဖြည်းဖြည်းနှင့် ကွာဝေးသွားပြီးသည့်နောက် လမ်းတစ်ခု၏ အဆုံးသတ်တွင် အမဲရောင်ဝတ်စုံနှင့်လူသည် ပျောက်ကွယ်သွားခဲ့၏။
“ရှောင်ကျီ”
မုယုံရှင်းသည် အော်ဟစ်လိုက်သည်။ “ရှင်မှန်း ကျွန်မသိတယ်”
တိတ်ဆိတ်ငြိမ်သက်မှု၊ မည်သည့် တုံ့ပြန်မှုကိုမှ မကြားရချေ။
မုယုံရှင်းသည် ဂရုမစိုက်ချေ။ သူမ၏ စိတ်ထဲတွင် ရှိနေသည့် နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့သော စကားလုံးများကို ပြောဆိုလိုက်၏။ “ကျွန်မရဲ့ မောက်မာမှုကို အကြောင်းပြချက်အဖြစ် သုံးချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မ ပြောချင်တာက၊ ကျွန်မ ပြောချင်တာက တောင်း... တောင်းပန်ပါတယ်”
ဟူး..
လေပြင်းများ တိုက်ခတ်ပြီး သစ်ရွက်များသည် ကောင်းကင်ယံ၌ လွင့်မျောသွားခဲ့သည်။ မုယုံရှင်းသည် သူမ၏ ခေါင်းကို ငုံ့ပြီးသည့်နောက် စိတ်ပျက်လက်ပျက် အမူအရာဖြင့် အသာလှည့်ကာ ထွက်ခွာသွားသည်။
အဝေးတစ်နေရာရှိ တောင်ထွတ်တွင် ရပ်တန့်လျက်ရှိသည့် ရှောင်ကျီ၏ အကြည့်များတွင်တော့ မည်သည့် စိတ်ခံစားချက်မှ မရှိချေ။ သူသည် တီးတိုး ရေရွတ်လိုက်၏။ “အတိတ်ဆိုတာကို ကျုပ်မေ့ခဲ့တာ ကြာပြီလေ။ ဘာလို့ ခင်ဗျားက စိတ်ထဲမှာ ထားနေရတာလဲ”
“ဂျူနီယာညီလေး... မြန်မြန် သွားရအောင်” စုရှောင်မိုသည် ဆော်ဩလိုက်သည်။
ရှောင်ကျီသည် တရွေ့ရွေ့ ထွက်ကာသွားခဲ့သည့် ပုံရိပ်ကို ကြည့်ရှုပြီးသည့်နောက် နောက်သို့လှည့်မကြည့်ဘဲ သူ၏ စီနီယာအစ်ကိုနောက်သို့သာ လိုက်သွားတော့၏။
“ဂျူနီယာညီလေး... တစ်ယောက်ယောက် မင်းကို လှမ်းခေါ်လိုက်သလိုပဲ”
“စီနီယာအစ်ကို... နားကြားလွှဲတာပဲ နေလိမ့်မယ်”
“အေး... ငါ မင်းကို မဆူချင်ဘူးနော်။ မင်းက အခု အသက်လေးဆယ်နီးပါးဖြစ်နေပြီ။ ဘဝတစ်လျှောက်လုံး တစ်ယောက်တည်းနေနေလို့ ဘယ်လိုလုပ် ဖြစ်မှာလဲ။ တကယ်ကောင်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ပြီဆိုရင် ရင်းနှီးပတ်သက်မှုရှိအောင် ပြုလုပ်လိုက်တော့။ မင်းသိတယ်မလား။ ဂျူနီယာညီလေးရီလို လူမျိုးတောင်မှ...”
စုရှောင်မိုသည် ချက်ချင်းပဲ ပါးစပ်ကို ပိတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် တစ်နေရာတွင် ခါးထောက်ရပ်ပြီး သူ့အား စူးစိုက်ကြည့်နေသော ရီရှင်းချန်ကို မြင်လိုက်ရသောကြောင့်ပင်။
အချစ်နှင့်အမုန်းဆိုသည်မှာ ဘဝပင်လယ်ထဲ၌ မလွဲမသွေ ကြုံဆုံရမည့် အရာမျိုးပင်ဖြစ်၏။ ထိုအရာမျိုးကို ရှောင်လွှဲကာ ထွက်ခွာသွားဖို့ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
..........
ထာဝရလောကကြီးတွင် ရွှေ့ပြောင်းရောက်ရှိလာခဲ့သည် မျိုးနွယ်စုများ တည်ရှိနေသည်သာမက ကြမ်းတမ်းလွန်း လှသော သားရဲရိုင်းများကလည်း တည်ရှိနေ၏။ ၎င်းတို့အား လူများနေထိုင်ရာ၏ ခပ်ဝေးဝေးတွင် ကျွင်းချောင်ရှောင်းက သီးခြားထားရှိထား၏။
ကျွင်းချောင်ရှောင်း၏ အစီအစဉ်အရဆိုလျှင် မျိုးနွယ်စုတိုင်း၊ မျိုးနွယ်စုတိုင်း သည် ၎င်းတို့၏ ကိုယ်ပိုင်တည်နေရာများ တည်ရှိကြပြီး နတ်ဆိုးသားရဲများသည်လည်း ၎င်းတို့နေထိုင်ရာ တည်နေရာများ တည်ရှိကြ၏။ ထိုမှသာလျှင် ကျင့်ကြံခြင်း၌ သံသရာကွင်းစက်သည် ပြတ်လပ်မသွားမှာပင်။
အားလုံးသောသူများသည် များပြားလွန်းလှသော ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများကို အာရုံခံစားပြီး ကျင့်ကြံခြင်းများ တိုးတက်လာစေနိုင်၏။ သို့ပေမဲ့ တိုက်ခိုက်ရေးစွမ်းအင် မရှိလျှင် ဘာတစ်ခုမှ အဓိပ္ပာယ် မရှိလှချေ။ ထိုကဲ့သို့ သေခြင်းရှင်ခြင်း တိုက်ခိုက်ရေးအတွေ့အကြုံများကို ရရှိနိုင်ရန်အတွက် ဤကဲ့သို့သော နတ်ဆိုး သားရဲများ နေထိုင်ရာ တောများက လိုအပ်နေ၏။ ဥပမာအားဖြင့် နတ်ဆိုးတောင်ကြားပင်။ ဤနေရာသည် နတ်ဆိုးသားရဲမျိုးစုံနေထိုင်သည့် တည်နေရာလည်း ဖြစ်၏။
ဘုတ်
ရီရှင်းချန်၊ ရှောင်ကျီနှင့် စုရှောင်မိုတို့သည် နတ်ဆိုးတောင်ကြား၏ အပြင်ဘက်တွင် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်းတို့သည် ဤတည်နေရာသို့ ရောက်ရှိလာခဲ့ခြင်းမှာ အထဲ၌ရှိနေသော အမဲရောင်ကင်းမြီးကောက်ကြီးကို လာရောက်ကာ သတ်ဖြတ်ခြင်းပင်။ ဟုတ်ပေသည်။ တာဝန်မှာ တစ်ခုတည်းရှိ၏။ သို့ပေမဲ့ အတွင်းစည်းတပည့်များ ရောက်ရှိလာခဲ့၏။ မိမိ၏ တာဝန်များကို ပြုလုပ်ပြီး လမ်းတူသောကြောင့် အတူတူ ရောက်ရှိလာခဲ့ခြင်းပင်။
“သူတို့က ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေပဲ။ ဘာလာလုပ်ကြတာပဲ”
“အရမ်းကြည့်ကောင်းတယ်”
ထာဝရလောကကြီးထဲတွင် အခြေချ နေထိုင်ကြသည့် လူများအားလုံးသည် ဘာတစ်ခုမှ လုပ်စရာမရှိသည့် အချိန်မျိုးတွင် စိတ်လှုပ်ရှားမှုကို ရှာဖွေရန်အတွက် နတ်ဆိုးတောင်ကြားသို့ လာရောက်ကာ တိုက်ခိုက်တတ်ကြ၏။ လက်ရှိအခြေအနေ၌ ထိုတောင်ကြား၏ အဝင်ဝတွင် လူပေါင်းတစ်ရာလောက် စုဝေးနေ၏။
“ဒီထဲက အမဲရောင်ကင်းမြီးကောက်ကြီးက ငါတို့ကို စိတ်မပျက်စေဖို့ မျှော်လင့်မိတယ်” စုရှောင်မိုက ပြောလိုက်သည်။
“ဒီလောက်လွယ်တဲ့ တာဝန်ကို လုပ်ဖို့အတွက် ကျုပ်တို့ကို ခေါ်မလာသင့်ဘူး” ရီရှင်းချန်သည် မပျော်ရွှင်သလို ပြောလိုက်မိ၏။ သူ့အနေနှင့် ကောင်းကင်လျှို့ဝှက်နယ်မြေထဲသို့ သွားရောက်ပြီး နတ်ဆိုးသားရဲများထက် ပိုမိုကာ အားကောင်းသည့် ကွမ်ယုအရှင်ကို သွားရောက်ကာ တိုက်ခိုက်ချင်မိသည်။ ဤတည်နေရာသို့ ရောက်ရှိလာ ခဲ့ခြင်းက သိုင်းကျင့်ကြံခြင်းအတွေ့အကြုံများအတွက် အကူအညီ မဖြစ်နိုင်ခဲ့ချေ။
“လုပ်စရာတစ်ခုရှိသေးတယ်လေ။ သွားကြရအောင်” စုရှောင်မိုက ပြောလိုက်သည်။ သူတို့သုံးယောက်သည် နတ်ဆိုးတောင်ကြားထဲသို့ လှမ်းဝင်လိုက်၏။ အထဲသို့ လျှောက်သွားပြီးနောက် ၎င်းတို့သည် အံ့အား သင့်မိသွား၏။ အထဲတွင် မြွေ၊ ပင့်ကူ၊ ခြင်္သေ့၊ ကျား အမျိုးစုံသော သတ္တဝါများ တည်ရှိနေပြီး တိရစ္ဆာန်ရုံထက်ပင် စုံလွန်းလှ၏။
ဝုန်း ဝုန်း
သားရဲများအော်သံသည် ရံဖန်ရံခါဆိုသလို ထွက်ပေါ်လျက်ရှိပြီး လူများကို ကြက်သီးပင် ထမိစေသည်။
“ကယ်ကြပါ” တောင်ကြား၏ အတွင်းတွင်တော့ ကျင့်ကြံသူတစ်ယောက်သည် အကူအညီ တောင်းလျက်ရှိ၏။ ထိုသူသည် သေးငယ်လှသော ပင့်ကူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရ၏။ နတ်ဆိုး တောင်ကြားထဲတွင် ရှိနေသည့် နတ်ဆိုးသားရဲများသည် အားမကောင်းလှချေ။ သို့ပေမဲ့ အကောင်ပေါင်းများစွာ တည်ရှိနေသည်ဖြစ်သောကြောင့် အမှတ်မထင်နှင့် ထိုအကောင်များကြား ရောက်ရှိသွားပါက သေဆုံးသည်အထိ ကိုက်ခဲခြင်းကို ခံရနိုင်၏။
“ဂျူနီယာညီလေး”
စုရှောင်မိုသည် တည်နေရာတစ်ခုဆီသို့ လက်ညှိုးထိုးပြကာ အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒါက မင်းနဲ့ အရင်ကစေ့စပ်ထားတဲ့ ကောင်မလေးပဲ”
ရှောင်ကျီသည် အသာလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ သုံးပေခန့်ရှိသည့် ထက်ရှလှသည့် ဓားတစ်စင်းကို ကိုင်ဆောင်ထားသော မုယုံရှင်းကို မြင်လိုက်ရ၏။ သူမသည် နတ်ဆိုးသားရဲများနှင့် တိုက်ခိုက်လျက် ရှိ၏။ သူမ၏လက်ကောက်ဝတ်နှင့် နောက်ကျောတစ်ခုလုံးတွင် သွေးများစွန်းပေလျက်ရှိပြီး ကုတ်ခြစ်တိုက်ခိုက် ခံထားရပုံပင်။
စုရှောင်မိုသည် မေးစေ့ကို ထောက်ကာဖြင့် ပြောလိုက်၏။ “ဒီမိန်းမက တည်နေရာချိုးဖြတ်ခြင်းအဆင့်နိမ့်ကို ချိုးဖြတ် ရောက်ရှိခဲ့ပြီပဲ”
“သွားကြရအောင်”
ရှောင်ကျီသည် လှည့်ကာ ပြောလိုက်သည်။ “အမဲရောင် ကင်းမြီးကောက်ကြီးကို သွားရှာကြမယ်”
“ကောင်မလေးက ကြာကြာမခံနိုင်လောက်ဘူး”
စုရှောင်မိုက ပြောလိုက်၏။ “မင်း.. ဒီကနေ ထွက်ခွာသွားပြီး သူမကို သေစေမှာ သေချာလို့လား”
တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ရီရှင်းချန်က ပြောလိုက်သည်။ “သိုင်းကျင့်ကြံသူတွေ အတွေ့အကြုံရအောင်လို့ ဒီနတ်ဆိုးတောင်ကြားကြီးကို ဂိုဏ်းချုပ်က ဖန်တီးထားတာလေ။ သူမ ရောက်လာပြီဆိုမှတော့ သေဖို့အတွက် ပြင်ဆင်ထားပြီး ဖြစ်မှာပေါ့”
“ဒါကတော့ အမှန်ပဲ”
စုရှောင်မိုသည် ရှောင်ကျီကို ကြည့်ကာ ပြောလိုက်၏။ “တာဝန်အရင်လုပ်ကြရအောင်”
ဘုန်း
ရုတ်တရက် နားကွဲလောက်စရာ အသံကြီး ထွက်ပေါ်လာ၏။ မုယုံရှင်းသည် နောက်ဘက်သို့ လွင့်စင်သွားခဲ့ပြီး နံရံ တစ်ခုနှင့် ထိမှန်ကာ အောက်သို့ပြုတ်ကျသွား၏။ ဆံပင်များ ရှုပ်ထွေးလျက်ရှိနေပြီး မျက်နှာတစ်ခုလုံးသည်လည်း ဖြူလျော်နေ၏။ ကြီးမားလွန်းလှသော နတ်ဆိုးသားရဲကြီးသည် ခန္ဓာကိုယ်ကို ရှေ့ဆီသို့ လှမ်းကာဖြင့် ခြေများ၊ လက်များကို မြှောက်၍ သူမကို နင်းချေရန် ကြိုးစားသည်။
ထိုအားအင်လှိုင်းသည် မာကျောလှပါသည်ဆိုသည့် ကျောက်တုံးများကို အမှုန့်အဖြစ်သို့ ဖြစ်တည်သွားစေနိုင်သည့် အားအင်မျိုးပင်ဖြစ်၏။ ဒဏ်ရာရနေသည့် လူဆိုလျှင် ပိုမိုကာ ဆိုးသေး၏။
“သွားကြစို့၊ သွားကြစို့”
စုရှောင်မိုက ပြောလိုက်သည်။ “အမဲရောင်ကင်းမြီးကောက်ကို သွားရှာရအောင်”
“အမ်... ဂျူနီယာညီလေးရှောင် ဘယ်ရောက်သွားလဲ”
ဘန်း
သူတို့၏ အနောက်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။ မုယုံရှင်းကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့် နတ်ဆိုး သားရဲကြီးသည် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွား၏။
ရှောင်ကျီသည် သူမ၏အရှေ့၌ မတ်မတ်ရပ်ကာ အေးစက်စက် ပြောလိုက်သည်။ “ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ မသိဘူးလား။ ဘယ်လိုဖြစ်ပြီး ဒီနေရာထဲကို တစ်ယောက်တည်း ရောက်လာရတာလဲ”
“ဝိုး”
စုရှောင်မိုက ပြောလိုက်သည်။ “သူရဲကောင်းဆိုတာ ဒီလို အလှအပ မိန်းကလေးမျိုးကို ကယ်တင်ရတာမျိုးပဲ”
ပြောပြီးသည့်နောက် သူသည် လက်ပိုက်ရပ်ကာဖြင့် သေသေချာချာ ကြည့်ရှုနေမိ၏။ “အင်း.. တချို့လူတွေကတော့ ......”
ဘန်း
“အမလေးဗျာ”
စုရှောင်မိုသည် လက်သီးချက်ကြောင့် လွင့်စင်သွားခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သစ်ပင်၌ ချိတ်လျက်ရှိသည်။
ရီရှင်းချန်သည် လက်ကို အသာရုတ်ကာ ပြောလိုက်၏။ “တော်တော် နားငြီးတဲ့လူ”