အခန်း ၁၇၇၂
Vol. 119 Ch. 1772
အပိုင်း (၁၇၇၂)
နတ်ဆိုးတောင်ကြား၏ အပြင်ဘက်မှာတော့ စုရှောင်မိုသည် ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်လျက်ရှိပြီး သူ၏ မျက်နှာကို ပွတ်သပ်ကာဖြင့် စိတ်ထဲ၌ ကြိတ်ကာ ရေရွတ်နေ၏။ “ဂျူနီယာညီလေးရီက အရမ်းကို လက်လွန်နေပြီပဲ”
များပြားလွန်းလှသော ကလန်အသီးသီးမှ သိုင်းကျင့်ကြံသူများသည် ချီးကျူးသလိုဖြင့် လှမ်းကာကြည့်ရှုနေ ကြ၏။ အဘယ်ကြောင့်ဆိုသော် တောင်ကြားထဲမှ လှမ်းကာထွက်လာသည့်အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်သည် အမဲရောင်ကင်းမြီးကောက်ကြီးအား ၎င်း၏လက်များဖြင့် တစ်စစီဆွဲကာ ဖြုတ်နေသော ကြောင့်ပင်။ အမှန်ပင် ရက်စက်သည့်မြင်ကွင်းတစ်ခုဖြစ်သော်လည်း ကြည့်ရှု၍လည်း ကောင်းလှသည်။
“အရမ်းအားကောင်းတာပဲ” အားလုံးတို့သည် အမှတ်မထင်ဆိုသလိုပဲ ရီရှင်းချန်ကို လှမ်းကာကြည့်ရှုနေမိ၏။ ၎င်းတို့၏ မျက်လုံးထဲမှာတော့ ချီးကျူးလိုသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေ၏။
“ဂျူနီယာညီလေးရီ”
စုရှောင်မိုသည် ခြေချိတ်ထိုင်ကာဖြင့် ပြောလိုက်သည်။ “ဂျူနီယာညီလေးရှောင်နဲ့ သူရဲ့ အရင်စေ့စပ်ထားတဲ့ ကောင်မလေးနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာ ကံကြမ္မာရေစက်ပဲလေ။ ဘာကိစ္စ စာနာ နားလည် မပေးနိုင်ရတာလဲ”
အခြားသူများ သေချာ မသိရှိလျှင်တောင်မှ သူသည် ထိုအရာကို သေသေချာချာ နားလည်မိ၏။ ရှောင်ကျီ သည် မုယုံရှင်းကို လေးလေးနက်နက်နှင့် ကယ်တင်ခဲ့သည်အချိန်၌ ရီရှင်းချန်၏ မျက်နှာတစ်ခုလုံးသည် ဒေါသ တရားများနှင့် မဲပြာသွားခဲ့သည်ကို သူသတိပြုမိခဲ့၏။ ထူးဆန်းလွန်းလှချေ၏။
“စာနာ နားလည်ပေးရမယ် ဟုတ်လား”
ရီရှင်းချန်သည် နှာခေါင်းကို ရှုံ့ကာဖြင့် ပြောလိုက်၏။ “ခင်ဗျား အတွေးလွန်နေပြီ”
သူ၏ မျက်နှာမဲပြာသွားရသည့် အကြောင်းအရင်းသည် ရှောင်ကျီနှင့် သူ၏အရင်စေ့စပ် ထားသည့် မိန်းကလေးတို့ တွေ့ဆုံခြင်းကြောင့် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော်.. မည်သို့ပြောရမည်နည်း။ ဤကဲ့သို့သော အရာမျိုးသည် ရှင်းပြရန် ခက်ခဲလွန်းလှ၏။ ရှင်းပြလေ ပိုမိုရှုပ်ထွေးလေ ဖြစ်ပေလိမ့်မည်။
“ကောင်းပြီ”
စုရှောင်မိုသည် ထပ်မံရိုက်နှက်ခံရမည်ကို စိုးရွံ့နေ၏။ ထို့ကြောင့် ဘာတစ်ခုမှ မပြောတော့ချေ။ သို့ပေမဲ့ စိတ်ထဲမှာတော့ ကြိတ်ကာ တွေးလျက်ရှိသည်။ ဂျူနီယာညီလေးရီနဲ့ ဂျူနီယာညီလေးရှောင်တို့က လေးနက်တဲ့ပက်သတ်ဆက်နွယ်မှုတွေ ရှိနေတဲ့ပုံပဲ။ ဒီကောင်တွေ ဖြစ်နိုင်တာ........
အဝေးတစ်နေရာမှာတော့ မုယုံရှင်းသည် သစ်ပင်အောက်တွင် ထိုင်လျက်ရှိ၏။ သူမ၏ ဒဏ်ရာများသည် ပြင်းထန်လွန်း၏။ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ဖြူလျော်နေခဲ့သည်။ သို့ပေမဲ့ ထိုအရာများသည် သူမ၏ အလှအပတရားများကိုတော့ မဖုံးကွယ်နိုင်ခဲ့ချေ။
အောက်နယ်မြေရှိ ပြိုင်စံရှားဂိုဏ်းဆီသို့ ပထမဦးဆုံးအကြိမ် လာရောက်လည်ပတ်စဉ်က မုယုံရှင်းသည် မိန်းကလေးငယ်လေးတစ်ယောက်အသွင်သာ ဖြစ်၏။ လက်ရှိအချိန်မှာတော့ မတူညီသည့် ခံစားချက်များကို ဖြတ်ကျော်ပြီး မတူညီသည့် အတွေ့အကြုံများကို ရင်ဆိုင်ခဲ့ရ၏။ ထို့ကြောင့် သူမသည် ပိုမိုကာ ရင့်ကျက်လာခဲ့ပြီး လောကကြီးတစ်ခုလုံးနှင့်ပတ်သက်၍ များပြားလှသည့် အတွေ့အကြုံကို ပိုင်ဆိုင်သည့် အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
အားလုံးသော သူတို့သည် ရှင်သန်ကြီးထွားလာရသည်မှာ သဘာဝပင်ဖြစ်၏။ ဥပမာအားဖြင့် သူမ၏ဘေးတွင် ရပ်တန့်လျက်ရှိနေသည့် ရှောင်ကျီပင်။ ရှောင်ကျီသည် အရွယ်ရောက်လာသည်နှင့်အမျှ ကြီးမားလွန်းလှသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သည့် ယောက်ျားကောင်းကြီး တစ်ယောက်အသွင်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် လိုအပ်သည်နှင့်တပြိုင်နက် သူ၏ ဂိုဏ်းတူရောင်းရင်းများအားလုံးကို ကူညီပေးရန် အဆင်သင့် ဖြစ်လို့ နေ၏။
“ကျေးဇူးပါပဲ” မုယုံရှင်းသည် မနည်းကြိုးစားကာဖြင့် ပြည့်စုံသည့် စကားစုတစ်ခုကို စတင်ပြောဆိုရန် ကြိုးစား လိုက်ရ၏။ သို့ပေမဲ့ သူမသည် ဤကဲ့သို့ ဆိုးဆိုးရွားရွား အခြေအနေမျိုးဖြင့် ရှောင်ကျီကို မတွေ့စေချင်ပေ။
ရှောင်ကျီသည် ဆေးလုံးတစ်လုံးကို လှမ်းကာပစ်ပေးရင်း ပြောလိုက်၏။ “ဒီနေရာမှာ ကျုပ်မသိတဲ့ တခြားသူ ဆိုရင်လည်း ကူညီပေးမှာပဲ။ ဒီတော့ အများကြီး စဉ်းစားမနေနဲ့”
“စဉ်းစားမနေပါဘူး”
မုယုံရှင်းသည် ခေါင်းကိုငုံ့ကာဖြင့် ရှောင်ကျီပေးခဲ့သည့် ဆေးလုံးကို ကြည့်လိုက်၏။ ပြီးနောက် သူမသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ “လိုင်လီနတ်ဂိုဏ်းထဲမှာ ရှင့်ကို ရှုံးပြီးကတည်းက ကျွန်မရဲ့ ကံတရားကို လက်ခံပြီးသားပါ။ နှစ်တွေ ဘယ်လောက်ပဲ ကြာသွားကြာသွား လူတွေက ရှင့်အကြောင်း ပြောတဲ့အချိန်တိုင်းမှာ ကျွန်မကို လူဆိုးမကြီးတစ်ယောက်လို၊ မောက်မာတတ်တဲ့လူ တစ်ယောက်လို ပြောဆိုကင်ပွန်းတပ်နေတာကို ဘယ်တုန်းကမှ ရှောင်လွှဲလို့ မရခဲ့တာ”
ရှောင်ကျီသည် ပြန်မပြောဆိုခဲ့ပေ။ မှန်ပေ၏။ ယခင် လီရန်မြို့ထဲတွင် ရှိတုန်းကလည်း ပုံပြောသူသည် သူ၏ အကြောင်းကို ပြောဆိုသည့်အချိန်၌ မုယုံရှင်းအား မောက်မာပြီး ခက်ထန်လွန်းလှသည့် မိန်းမတစ်ယောက် အဖြစ် ပုံဖော်ခဲ့သေး၏။
“အရင်တုန်းက ကျွန်မ ရှောင်မိသားစုဆီသွားပြီး စေ့စပ်ပွဲကို ဖျက်သိမ်းတဲ့အချိန်မှာ ရှင့်ကို နာကျင်အောင် ပြုလုပ်ခဲ့မိတယ်။ ဒါကြောင့်ပဲ အခုလို နေထိုင်ရှင်သန်နေရတဲ့ ဘဝတလျှောက်လုံးမှာ အရှက်တရားတွေ ရအောင် ကံတရားက ဖန်တီးပေးထားတာ နေမှာပါ”
မုယုံရှင်းသည် ခက်ခက်ခဲခဲဖြင့် ပြုံးလိုက်သည်။ “ဒီတော့ ညီတူ၊ ညီမျှပဲပေါ့”
“ဒီမှာ ရှင်းရှင်းလင်းလင်း ပြောထားမယ်”
ရှောင်ကျီက ပြောလိုက်၏။ “အရာအားလုံးက ခင်ဗျားနဲ့ပဲ သက်ဆိုင်တာလေ”
စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့တာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကိစ္စမရှိချေ။ သူမသည် သူ့အား အလွန်ခက်ခဲလှသည့် အခြေအနေမျိုးကို ဖြတ်သန်းစေခဲ့၏။ ဤအရာမှာ အမှန်ပင်ဖြစ်တော့သည်။ သူသည် သုံးနှစ်တာ ကတိစကားကြောင့်သာ ဤကဲ့သို့သော အခြေအနေမျိုးကို ပြန်လည်ဖြစ်တည်လာခဲ့ခြင်းပင်။
“ဟုတ်ပါပြီ”
သူမ၏ ဒဏ်ရာများကို ဖိနှိပ်နိုင်ရန်ဆိုသည်မှာ အလွန်တရာ ခက်ခဲလှ၏။ ထို့ကြောင့် မုယုံရှင်း၏ လေသံသည် အားပျော့လျက်ရှိ၏။ သူမက ပြောလိုက်သည်။ “ကျွန်မက ငယ်ရွယ်ပြီး မောက်မာခဲ့တယ်လေ။ ဒါကြောင့်ပဲ လွတ်လပ်မှုကိုလည်း မြတ်နိုးခဲ့တယ်။ ခွင့်လွှတ်ပေးလို့မရတဲ့ အမှားမျိုးကို ပြုလုပ်ခဲ့တာပေါ့။ နှစ်တွေ ဒါဇင်ချီပြီး ကျော်ဖြတ်ခဲ့တယ်ဆိုရင်တောင်မှ ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ စိတ်တွေက ညအိမ်မက်ဆိုးတွေ ထဲမှာ ရှင်သန်နေထိုင်ခဲ့ရသလိုပဲ”
“ဒါက ခင်ဗျားကိစ္စလေ” ရှောင်ကျီသည် အသာလျှောက်သွား၏။ သူ့အနေနှင့် ဤအမျိုးသမီးနှင့် ဆက်လက်ကာ ပြောဆိုချင်စိတ် မရှိတော့ပေ။
“ရှောင်ကျီ”
မုယုံရှင်းသည် သစ်ပင်ကို အသာမှီလိုက်သည်။ သူမသည် ဒဏ်ရာဆီမှ နာကျင်မှုများကို ဖိနှိပ်ကာဖြင့် ခေါင်းကိုမော့ကာ ပြောလိုက်သည်။ “ကျွန်မ တောင်းပန်ပါတယ်”
ဤစကားစုကို သူမသည် လွန်ခဲ့သည့် သုံးနှစ်တာ ကတိစကားတိုက်ခိုက်မှုကတည်းက ပြောဆိုချင်မိ၏။ သို့ပေမဲ့ ထိုအချိန်တုန်းက မပြောလိုက်ရချေ။ ယခု နှစ်ယောက်ကြားတွင် ရှိနေသော ကွာခြားချက်သည် တဖြည်းဖြည်းနှင့် ကြီးမားလာခဲ့၏။ ထို့ကြောင့် အနာဂတ်တွင် တွေ့ဆုံခွင့်၊ ပြောဆိုခွင့် ရမလားဆိုသည်မှာ မသေချာလှချေ။ ထို့ကြောင့် လက်ရှိအချိန်တွင် ပြောဆိုခဲ့ခြင်းသည် အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။
“ခင်ဗျားနဲ့ ကျုပ်ရဲ့ကြားမှာရှိတဲ့ ရန်ငြှိုးရန်စ အကုန်လုံးက ဖြေရှင်းပြီးသွားခဲ့ပြီ”
ရှောင်ကျီက ပြောလိုက်၏။ “အခု ခင်ဗျား ကျုပ်ကို ဘာတစ်ခုမှ မကောင်းတာ မလုပ်ခဲ့သလို ကျုပ်ကလည်း ခင်ဗျားကို ဘာတစ်ခုမှ မကောင်းတာ မလုပ်ခဲ့ဘူး”
တဖြည်းဖြည်း ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်ရှုပြီးသည့်နောက် မုယုံရှင်းသည် အားတင်းကာ ပြုံးလိုက်၏။ “သူ ငါ့ကို ခွင့်လွှတ်ပေးလိုက်တာလား”
................
“ဂျူနီယာညီလေးရှောင်”
ဂိုဏ်းဆီသို့ ပြန်ရာလမ်းမှာတော့ စုရှောင်မိုသည် အသာလှမ်းလာပြီးသည့်နောက် ပြုံးကာပြောလိုက်၏။ “မင်းတို့ ဘာတွေ ပြောနေတာလဲ”
“ဘာမှတော့ မဟုတ်ပါဘူး”
ရှောင်ကျီသည် ဂိုဏ်းဆီသို့ ပြန်လာသည့်အချိန်၌ ဤလူ၏ ပေါက်ပန်းလေးဆယ် ပြောဆိုတတ်သည့်အကျင့်ကို ရုတ်တရက် သတိရလိုက်မိ၏။ ထို့ကြောင့် အလျင်အမြန်နှင့် ပြောလိုက်သည်။ “စီနီယာအစ်ကို.. တာဝန်ထမ်းဆောင်ဖို့ အပြင်ကို ထွက်တဲ့အချိန်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ဘာမှ မမြင်သလို နေပေးနိုင်မလား”
“ကောင်းပြီ”
စုရှောင်မိုသည် ရှောင်ကျီ၏ ပခုံးကို အသာပုတ်ကာဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ ဂျူနီယာညီလေး အနေနဲ့ အချစ်ရေးအချစ်ရာနဲ့ ပတ်သက်ပြီး ပြဿနာရှိလာပြီဆိုရင် ငါ့ကို အချိန်မရွေး မေးလို့ရတယ်။ ဟုတ်ပြီလား”
...........
ညရောက်ချိန်မှာတော့ ၎င်းတို့သုံးယောက်သည် လှိုဏ်ဂူထဲတွင် အနားယူလျက် ရှိနေ၏။ အကြီးအကဲဝေ၏ ဆက်ခံသူတစ်ယောက်ဖြစ်သည်ကို သက်သေပြနိုင်ရန်အလို့ငှာ စုရှောင်မိုသည် ရှောင်ကျီအား ချစ်ခြင်းတရား နှင့်ပတ်သက်သည့် အကြောင်းအရာများကို ထပ်တလဲလဲ ပြောဆိုလျက် ရှိနေသည်။
“နားငြီးလိုက်တာဗျာ” ခြေချိတ်ကာ ထိုင်လျက်ရှိနေသည့် ရီရှင်းချန်သည် ခပ်တည်တည် မျက်နှာဖြင့် ပြောလိုက်၏။
.........
စုရှောင်မိုသည် အလျင်အမြန်ဖြင့် ပါးစပ်ကို ပိတ်လိုက်၏။ ပြီးနောက် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “အင်း... ငါခဏ သွားလိုက်အုံးမယ်”
၎င်းထွက်ခွာသွားပြီးသည့်နောက် အခြေအနေတစ်ခုလုံးသည် ပြန်လည်ကာ တည်ငြိမ်သွားခဲ့ပြန်၏။
ရှောင်ကျီနှင့် ညအင်ပါယာတို့သည် နှစ်ပေါင်းများစွာ အတူတူ လေ့ကျင့်ခြင်းများကို ပြုလုပ်ခဲ့ဖူး၏။ ထို့ကြောင့် ဤကဲ့သို့ နေထိုင်ရခြင်းကို အသားကျနေပြီဖြစ်သည်။ မီးပုံရှေ့မှာ ထိုင်ပြီးသည့်နောက် ၎င်းတို့သည် အတိတ်က အကြောင်းအရာများကို ပြန်လည်းတွေးတောနေမိသည်။
ညအင်ပါယာသည် မျက်လုံးကိုမှိတ်ကာ အနားယူလျက် ရှိနေ၏။ သို့ပေမဲ့ ရှောင်ကျီကို သေသေချာချာ ဂရုစိုက်ကာ ကြည့်ရှုလျက် ရှိနေသေး၏။ ရှောင်ကျီတစ်ယောက် အတွေးနက်နေသည်ကို မြင်ရသည့်အချိန်မှာ တော့ ဘေးဘက်တွင် ရှိနေသော ကျောက်ခဲလေးကို ကောက်ယူကာ ပစ်လိုက်၏။
ဘုတ်
ရှောင်ကျီ၏ ဦးခေါင်းကို တည့်တည့် ထိမှန်ခဲ့၏။ သို့ပေမဲ့ ရှောင်ကျီသည် တစ်ချက်ကလေးမှ မတုန့်ပြန်ခဲ့ချေ။
...........
ရီရှင်းချန်သည် နောက်ထပ် ကျောက်ခဲကြီးကြီးကိုယူ၍ တစ်ခါထပ်ပစ်လိုက်၏။
ဘုတ်
အား
ရှောင်ကျီသည် သူ၏ခေါင်းကို အသာအုပ်ကိုင်ကာဖြင့် ရှုံ့မဲ့မဲ့ဖြင့် ပြောလိုက်သည်။ “ဂျူနီယာညီလေးရီ... ဘာလုပ်တာလဲ”
ရီရှင်းချန်က ထူးမခြားနားသလို ပြောလိုက်၏။ “မှတ်ထား။ ချစ်ခြင်းမေတ္တာဆိုတာက သိုင်းကျင့်ကြံသူ တစ်ယောက်ရဲ့လမ်းမှာ အကြီးမားဆုံးသော အနှောက်အယှက်ပဲ။ သိုင်းကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်နှလုံးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် မလိုအပ်တဲ့ အရာတွေအတွက် အားကုန်မခံနဲ့”
ဤကိစ္စသည် ဖြေရှင်းခဲ့ပြီးပြီဖြစ်၏။ ရှောင်ကျီ မုယုံရှင်းကို ကယ်တင်လိုက်သည့်အချိန်၌ ညအင်ပါယာ၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏ စီနီယာအစ်ကိုအား အချစ်ဆိုသော လှောင်အိမ်ထဲ ပိတ်မိနေမည်ကို စိုးရိမ်သောကြောင့်ပင်။
လူတချို့က ပြောစရာရှိသည်မှာ ထိုကိစ္စသည် သူနှင့် မည်သို့ ပတ်သက်နေသနည်း။ အဘယ်ကြောင့်ဆိုသော် သူနှင့် ရှောင်ကျီတို့သည် မိန်းမတစ်ယောက် အတွက် တူညီသည့်ခံစားချက်များကို ကြုံတွေ့ခဲ့ရဖူးသည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် ဖေးမကာ ကူညီနေခြင်းပင်။
“ဂျူနီယာညီလေးရီ”
ထိုအချိန်မှာပဲ စုရှောင်မိုသည် အပြင်ဘက်ဆီမှ လျှောက်ဝင်လာ၏။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။ “မင်းရဲ့အမြင်ကို ငါသဘောမတူဘူး”
ရီရှင်းချန်သည် ခပ်တည်တည်မျက်နှာဖြင့် မော့ကြည့်လိုက်၏။
စုရှောင်မိုမှာ မစိုးရွံ့ချေ။ မီးပုံရှေ့တွင် ထိုင်ချကာ ပြောလိုက်သည်။ “လူသားတွေဆိုတာ ခံစားချက် ခြောက်မျိုးနဲ့ အလိုဆန္ဒ ခုနှစ်မျိုးဆိုတာရှိတယ်။ ငါတို့ရဲ့ ခံစားချက်တွေကို ဘာကြောင့် ဖိနှိပ်ပြီး နေထိုင်နေရမှာလဲ။ လောကကြီးမှာ သိုင်းပညာအတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်စတေးပစ်ဖို့ လိုလို့လား”
“လိုတယ်” ရီရှင်းချန်က ပြောလိုက်၏။
“ဂျူနီယာညီလေးရီ... မင်းက မင်းရဲ့ခံစားချက်တွေကို ဖိနှိပ်ထားနိုင်တယ်ပေါ့။ ဒါပေမဲ့ မင်းဆီမှာတော့ ချစ်ခြင်း မေတ္တာနဲ့ပတ်သက်တဲ့ ခံစားချက်တွေ မရှိဘူးလား။ မင်းရဲ့ဂိုဏ်း၊ မင်းရဲ့ဂိုဏ်းတူညီအစ်ကိုတွေ အကုန်လုံးက မင်းရဲ့စိတ်ထဲမှာ ရှိနေတဲ့ အရာတွေ မဟုတ်ဘူးလား” စုရှောင်မိုက မေးလိုက်သည်။
“............”
“တော်တော့” ရီရှင်းချန်က အော်လိုက်၏။
စုရှောင်မိုက ပြောလိုက်သည်။ “ခံစားချက်တွေကို ဖိနှိပ်သိမ်းဆည်းထားတာကမှ ပိုပြီးတော့ ရင်ထဲမှာ ပြည့်သိပ်ညှပ်စေတာ”
“တတိယစီနီယာအစ်ကို.... ဘာမှ မပြောပါနဲ့တော့”
“မဟုတ်ဘူး”
စုရှောင်မိုသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ဆက်ပြောလိုက်၏။ “ဒီနေ့မှာ ယောက်ျားတွေဆိုတာက ခံစားချက်တွေ၊ အလိုဆန္ဒတွေနဲ့ တည်ရှိနေသူဖြစ်ကြောင်း သူ့ကို ငါပြောချင်တယ်။ အရာအားလုံးကို စွန့်လွှတ်စတေးပြီး နေရအောင် ငါတို့က သွေးအေးသတ္တဝါ သားရိုင်းတွေမှ မဟုတ်တာ”
ရှောင်ကျီသည် ဆွံ့အလျက်ရှိ၏။ တတိယစီနီယာအစ်ကိုသည် အရက်မူးနေ၍များ ဤမျှ ပြောဆိုနေလေ သည်လား။
“ခင်ဗျား ပြောပြီးပြီလား” ရီရှင်းချန်၏ အသံသည် အေးစက်လျက်ရှိသည်။
စုရှောင်မိုသည် အမှတ်မထင်ဖြင့် မြေပေါ်သို့ လှဲပြီးသည့်နောက် ပြောလိုက်သည်။ “ချရင်လည်း ချတော့။ ဒါပေမဲ့ မျက်နှာကို မထိစေနဲ့”
ဘုန်း ဘုန်း ဘုန်း
အား အား အား