အခန်း ၁၇၇၃
Vol. 119 Ch. 1773
အပိုင်း (၁၇၇၃)
လမ်းတလျှောက်မှာတော့ စုရှောင်မို၏ မျက်နှာတစ်ခုလုံးသည် ရောင်ကိုင်းလျက်ရှိနေပြီး မျက်လုံးများဆိုလျှင် မျဉ်းကြောင်းတစ်ခုကဲ့သို့ပင် ကျဉ်းမြောင်းနေလေ၏ ။
“ဟင်း ...... ငါက ငါ့ရဲ့ လောကအမြင်နဲ့ပတ်သက်ပြီး ပြောတာလေ”
စုရှောင်မိုသည် သူ၏ မျက်နှာကိုအုပ်ကာ ပြောလိုက်၏။ “ယောက်ျားဆိုတာ ယောက်ျားလိုပဲဖြစ်ရမှာပေါ့။ ယောက်ျားတွေမှာ ခံစားချက် ခုနှစ်မျိုးနှင့် အလိုဆန္ဒ ခြောက်မျိုး ဆိုတာရှိတယ်”
“……”
ရှေ့မှလျှောက်လျက်ရှိနေသည့် ရီရှင်းချန်သည် ခပ်တည်တည်မျက်နှာဖြင့် လှည့်ကြည့်လိုက်၏။ သို့ပေမဲ့ သူသည် တစ်ချက်ကလေးမျှ မလှုပ်ရှားခဲ့ချေ။ မနေ့က စုရှောင်မိုကို ရိုက်နှက်ခဲ့သည်ဆိုခြင်းမှာ သူဂိုဏ်းထဲသို့ စဝင်ခဲ့သည့်အချိန်က ဤလူသည် အရှေ့ဆုံးမှ ဦးစွာ သူ့ကို ရိုက်နှက်ခဲ့သူဖြစ်ကြောင်း ရုတ်တရက် သတိရခဲ့သောကြောင့်ပင်။
နှစ်သုံးဆယ်ကြာမြင့်ပြီးသည့်နောက် သူ၏စိတ်ထဲတွင် ပြန်လည် ရိုက်နှက်ခြင်းစိတ်များ တဖွားဖွား ဖြစ်တည်လာခဲ့သည်။ ထို့ကြောင့် သူသည် ရုတ်တရက် ထကာ ရိုက်နှက်ခဲ့ခြင်းပင်။
“ခင်ဗျားရဲ့ လောကအမြင်နဲ့ ကျုပ်ကို မနှိုင်းယှဉ်နဲ့” ရီရှင်းချန်က အသာပြောလိုက်၏ ။
“ကောင်းပြီ”
စုရှောင်မိုသည် ပြောလိုက်သည်။ “ဂျူနီယာညီလေးရီ ..... မင်းရဲ့လောကအမြင်ကို ဂျူနီယာညီလေးရှောင် အပေါ် အသုံးမပြုနဲ့လေ။ မနှိုင်းယှဉ်နဲ့လေ။ ပြီးတော့ လူတိုင်းက မတူညီတဲ့ အခြေအနေတွေရှိနေကြတယ်။ မင်းအနေနဲ့ ထိခိုက်ခံစားရတဲ့အတွက်ကြောင့် နှလုံးသားကင်းမဲ့တဲ့ လူတစ်ယောက်ဖြစ်လာမယ်ဆိုရင်တောင် သူ့ကို အဲလိုမျိုးဖြစ်စေလို့ မဖြစ်ဘူး။”
“ဒါက အကြံပြုချက်ပဲလေ”
ရီရှင်းချန် သည် စိတ်မရှည်သလို ပြောလိုက်၏။ “လက်ခံခြင်း၊ လက်မခံခြင်းက သူ့ကိစ္စပဲ”
ထိုနှစ်ယောက်၏ အလယ်တွင်ရှိနေသော ရှောင်ကျီ သည် တွေးဝေငေးငိုင်စွာဖြင့် ပြောလိုက်သည်။ “စီနီယာအစ်ကို၊ ဂျူနီယာညီလေး ထပ်ပြီးရန်မဖြစ်ပါနဲ့တော့။ ဘာလုပ်ရမလဲ ကျုပ်သိပါတယ်”
“ငါဆိုလိုတာ မင်း၏အရင်စေ့စပ်ထားတဲ့မိန်းကလေးရော မုယုံရှင်းနှင့် ချစ်ကြိုက်ဖို့ဆိုလိုတာ မဟုတ်ဘူး။ လောကကြီးမှာ နေထိုင်တဲ့အတောအတွင်းမှာ သိုင်းပညာထက် ပိုပြီးတော့ အရေးကြီးတဲ့ကိစ္စရပ်တွေ အများကြီး ရှိတယ်ဆိုတာ သိစေချင်တာ။ ဂျူနီယာညီလေးရီအတွက်ကတော့”
စုရှောင်မိုသည် အသံကိုတိုးကာ ပြောလိုက်၏။ “သူ့ရဲ့ ခန္ဓာကိုယ်ကတောင်မှ သူရဲ့စိတ်ကို မလိုက်နာခဲ့ဘူးလေ။ ဒါကို သူ့ကိုယ်သူ သိသင့်တယ်။ ဒါတောင် မကသေးဘူး။ သူက ဂိုဏ်းချုပ်ပုံစံမျိုးဖြစ်နေပြီ”
“……”
ရှောင်ကျီ၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ တတိယစီနီယာအစ်ကိုသည် ရိုက်နှက်ခံရသည်ကို မကျေနပ် သေးပုံပဲ။ ဂျူနီယာညီလေးရီအကြောင်း ပြောဆိုရုံနှင့် မလုံလောက်သေးဘဲ ဂိုဏ်းချုပ်အကြောင်းကိုပါ ပြောဆိုလျက် ရှိ၏။ မြောင်ရှောင်တောင် နေရာတွင် အစားထိုးကာ အိမ်သာဆေးရမည်ကို မစိုးရွံဘူးလားမသိပေ။
ထူးဆန်းလှချေ၏။ ရီရှင်းချန် သည် စုရှောင်မို၏ ရှင်းရှင်းလင်းလင်းကြားသည် ဆိုသော်လည်း စိတ်ဆိုးဒေါသ ထွက်ခြင်းတော့ မရှိချေ။ ခေါင်းကိုသာငုံ့၍ ရှေ့ကိုသာ ဆက်လက် လျှောက်လျက်ရှိ၏။ ကျောက်အခန်းထဲတွင် ဖြစ်ခဲ့သည့် အကြောင်းအရာကို သူပြန်လည်ကာ စဉ်းစားနေ၏။ သို့ပေမဲ့ သူ ဘာတစ်ခုကိုမျှ သေသေချာချာ မမှတ်မိခဲ့ချေ။
……………….
“ပြန်လာကြပြီလား”
စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် လက်သည်းညှပ်တစ်ခုကို ကိုင်ကာဖြင့် လက်သည်း ညှပ်လျက်ရှိနေ၏။ သူ၏မျက်နှာပေါ်တွင် အလှကပ်သည့် မျက်နှာကပ်ခွာတစ်ခု တည်ရှိနေ၏။ ထိုအရာသည် မျက်နှာအသားအရေကို ပိုမိုကာ လှပစေသည့် ကပ်ခွာပင် ဖြစ်သည်။
“ဂိုဏ်းချုပ်”
စုရှောင်မိုက ပြောလိုက်၏။ “တာဝန် သုံးခုလုံးကို ပြည့်စုံအောင် လုပ်ခဲ့ပြီ”
“အင်း”
ကျွင်းချောင်ရှောင်းက မေးလိုက်သည် “မင်းရဲ့မျက်နှာက ဘာဖြစ်လာတာလဲ”
“ဂျူနီယာညီလေးရီ ရိုက်ခဲ့တာလေ”
“ဘာလို့လဲ။ မင်းသူ့ကိုသွားပြီး ဘာသွားလုပ်လို့လဲ”
“ပြောမနေပါနဲ့တော့”
စုရှောင်မိုသည် ဂိုဏ်းချုပ်၏ဘေးတွင် ရှိနေသော ထိုင်ခုံပေါ်သို့ အသာထိုင်ချလိုက်၏။ တင်ပလင်ချိတ် ထိုင်လိုက်ပြီးသည့်နောက် လက်ကို မြှောက်၍ ဟန်ပါပါဖြင့် ဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ် ပြန်လည်ကာ ပြောဆိုလေတော့၏။ ရှောင်ကျီအနေနှင့် သူ့အား မမြင်တွေ့သလို နေထိုင်ရန် ကတိတောင်းခဲ့သည့် အကြောင်းအရင်းကိုပင် အလုံးစုံ မေ့လျော့လို့သွားခဲ့၏။
ကျွင်းချောင်ရှောင်းသည် ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ သူ၏မျက်နှာကို အသာပွတ်သပ်ကာ ပြောလိုက်သည်။ “အင်း.. နတ်ဆိုးတောင်ကြားထဲမှာ စေ့စပ်ထားတဲ့ မိန်းကလေးနှင့်တွေ့ဆုံတယ်ဆိုတာ အရမ်းတိုက်ဆိုင် မနေဘူးလား။ ဖြစ်နိုင်တာက”
သူ၏မျက်လုံးများသည် ရုတ်တရက် အေးစက်ကာ ကြမ်းတမ်းလာခဲ့၏။ “တမင် ရည်ရွယ်ချက်နှင့်လား”
သတ်ဖြတ်လိုခြင်းအော်ရာများသည် ပိုမိုကာအားကောင်းလာခဲ့၏။ တစ်စုံတစ်ယောက်သည် သူ၏ တပည့်အား အစီအစဉ် ချမှတ်ကာ အကောက်ကြံမည်ကို စဉ်းစားမိလိုက်သည်နှင့်တစ်ပြိုက်နက် သူ၏မျက်နှာသွင်ပြင် တစ်ခုလုံး သည် ပြောင်းလဲသွားခဲ့၏။ သူသည် သူ၏တပည့်ကို ထိခိုက်ခဲ့မည် ဆိုပါက ကျိန်းသေပါက် တပည့်ပေါင်း တစ်သိန်း ကျော်ကို ခေါ်ယူသွားကာ ပြဿနာရှာမှာ အမှန်ပင်။
“ဒါက”
စုရှောင်မိုက ပြောလိုက်သည်။ “အဲဒါမဖြစ်လောက်ပါဘူး”
မုယုံရှင်းသည် ထိုအချိန်တုန်းက သေလုမြောပါး ဖြစ်နေခဲ့၏။ သူမသည် သရုပ်ဆောင်နေခြင်းနှင့် မတူညီလှပေ။
“ရှောင်မို”
ကျွင်းချောင်ရှောင်းသည် သူ၏မျက်နှာဖုံးကို အသာချွတ်ကာ ပြောလိုက်သည်။ “လူတွေရဲ့ နှလုံးသားဆိုတာ ခန့်မှန်းရခက်တယ်လေ။ သတိအပြည့်ထားမှဖြစ်မယ်”
“…….”
“ရှောင်ကျီ ဘယ်မှာလဲ”
“သူ့အိပ်ခန်းကို ပြန်သွားပါပြီ”
“ဒါဆိုရင် သူ့ကို ဒီလာဖို့ပြောလိုက်။ သူ့ကို ပြောစရာရှိတယ်”
“ကောင်းပါပြီ”
စုရှောင်မိုသည် စာကြည့်ခန်းထဲမှ လျင်လျင်မြန်မြန် ထွက်ခွာသွား၏။ လမ်းတဝက်မှာပဲ သူသည် သတိဝင်သွားမိ၏။ “ငါပြောတာများ များသွားလားမသိဘူး”
“ဂိုဏ်းချုပ်” ရှောင်ကျီ သည် အထဲသို့ လျှောက်ဝင်လာခဲ့သည်။
“ထိုင်အုံး” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
ရှောင်ကျီသည် အနည်းငယ် စိုးရွံနေသလိုမျိုးနှင့် ထိုင်ချလိုက်သည်။
“ရှောင်ကျီ”
ကျွင်းချောင်ရှောင်း သည် အသာပြောလိုက်၏။ “မင်းနတ်ဆိုးတောင်ကြားထဲမှ မုယုံရှင်းနှင့် တွေ့ခဲ့တယ်လို့ ငါကြားတယ်”
“ ……”
ရှောင်ကျီ သည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လျက်ရှိနေသည်။ ဂျူနီယာညီလေးရီ အစ်ကိုစုကို ရိုက်တုန်းက ငါဝင်ပြီး ရိုက်လိုက်ရမှာ။
“အမှန်ပါပဲ”
“မင်းဘယ်လိုထင်လဲ” ကျွင်းချောင်ရှောင်း သည် ရှောင်ကျီ၏ နှလုံးသားထဲကို ထွင်းဖောက်မြင်နေရသလိုပင် ကြည့်ရှု နေမိ၏။
ရှောင်ကျီက ပြောလိုက်သည်။ “တစ်စုံတစ်ယောက်က အန္တရာယ်ကျရောက်နေတယ်။ ဒါကြောင့် ကူညီခဲ့တယ်။”
“ဒါပဲလား”
“ဒါပါပဲ”
ကျွင်းချောင်ရှောင်း သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ရှင်းချန်ရဲ့ လောကအမြင်နှင့် ပတ်သက်ပြီး ငါသဘော မတူဘူး ဆိုပေမဲ့ မင်းအနေနှင့်လည်း မိန်းကလေး တစ်ယောက်ရဲ့ ထောင်ချောက်ထဲကို မဝင်သွားမိအောင် ဂရုစိုက်ဖို့လိုတယ်”
ရှောင်ကျီ သည် ဂိုဏ်းချုပ်၏ ဆိုလိုရင်းကို ကောင်းကောင်းနားလည်၏။ ထို့ကြောင့် ချက်ခြင်းပင် ပြောလိုက်သည်။ “ဂိုဏ်းချုပ်.. ကျုပ်နဲ့သူမနဲ့ကြားမှာ ဘာရန်ငြိုးမှ မရှိတော့ပါဘူး။ အနာဂတ်မှာဆိုလည်း မတူညီတဲ့ လောကကြီးမှာ အသက်ရှင်နေထိုင်သွားကြမှာပဲလေ။ ကျုပ်တို့နှစ်ယောက်ကြားမှာ ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး”
“အင်း...မင်းသွားလို့ရပြီ” ကျွင်းချောင်ရှောင်း သည် လက်ကိုယမ်းခါလိုက်၏။
“ကောင်းပါပြီ”
ရှောင်ကျီ သည် စာကြည့်ခန်းမှ ထွက်လျှောက်သွားပြီးနောက် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ငါသူမကို မကယ်သင့်ခဲ့ဘူး”
ကျွင်းချောင်ရှောင်း သည် သူ၏ လက်ချောင်းများဖြင့် စားပွဲကို လက်ဖြင့် တတောက်တောက် ခေါက်ခါ စဉ်းစားလျက်ရှိ၏။ ခဏလောက် ကြာပြီးသည့်နောက် အသံပို့လွှတ်လိုက်၏။ “ ဟောခန်းသခင်လီ... ခဏလောက် လာခဲ့အုံး”
“ညသန်းခေါင်ယံကြီးလေ ဂိုဏ်းချုပ်၊ ဆရာကတော် အထင်မှားသွားရင် ဘယ်လိုလုပ်မလဲ”
“........”
ကျွင်းချောင်ရှောင်း သည် ရုတ်တရက်ထကာ အော်ဟစ်လိုက်၏။ “အလုပ်ကိစ္စပြောမလို့၊ ဘာကိစ္စနားလည်မှု လွဲရမှာလဲ”
…………………..
နောက်တစ်ရက် လီထျန်းထျန်း ဦးဆောင်သော မိုးဆွေဟောခန်းထဲမှ အဖွဲ့ဝင်များအားလုံးသည် ထွက်ခွာသွားခဲ့ကြ၏။ ၎င်းတို့သည် မနက်ခင်း အစောကြီးတည်းက မုယုံရှင်းကို တိတ်တဆိတ် ကြိတ်ကာ စုံစမ်းရန် အမိန့်ကို ရရှိခဲ့ကြ၏။ သုံးနှစ်တာကတိစကား တိုက်ခိုက်မှုပြီးသည့်နောက် မုယုံရှင်းတစ်ယောက် ကြုံတွေ့ခဲ့ရသော အရာအားလုံးကို စုံစမ်း ရှာဖွေရန်ပင်။
“ဒီတပည့်တွေအားလုံးကို ငါအရမ်းကြိုက်တယ်”
ကျွင်းချောင်ရှောင်းသည် ဟောခန်း၏ ရှေ့လက်ရန်းပေါ် အသာမီကာဖြင် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “ငါ့တပည့်တွေကို တခြားလူ အကွက်ချပြီး ဒုက္ခပေးမှာကို ဘယ်လိုမှ မခံနိုင်ဘူး”
“သတိထားတာ ကောင်းပါတယ်” စနစ်က ချီးကျူးလိုက်မိသည်။
ရှောင်ကျီနှင့် မုယုံရှင်းတို့သည် နတ်ဆိုးတောင်ကြားထဲမှာ တွေ့ဆုံသည့်အချိန်၌ တိုက်ဆိုင်မှုတစ်ခုဟု သူက သိပ်ပြီး မထင်မှတ်ခဲ့ချေ။ တစ်စုံတစ်ခုပါနေမလား၊ ဖြစ်တည်နေမလားဆိုသည်ကို စိုးရွံ့နေမိ၏။ ပြိုင်စံရှားဂိုဏ်း၏ မိဘတစ်ယောက်အနေနှင့်အညီ တပည့်များ၏ အကြောင်းအရာကိစ္စရပ်များ အားလုံးကို ကျွင်းချောင်ရှောင်းက တွေးတောပူပင်လျက်ရှိ၏ ။ သူသည် သူ၏သားသမီးများ ဒုက္ခရောက်မည်ကို စိုးရွံမိသည့် ဖခင်တစ်ယောက်ကဲ့သို့ပင်။
ဒွီ ဒွီ
ရုတ်တရက် သူ၏နားထဲတွင် အသံတစ်ခုထွက်ပေါ်လာခဲ့သည်။ “စကြဝဠာပတ်လမ်းကြောင်းထဲက ခွာပြီး တခြား စကြဝဠာပတ်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားပါပြီ”
ကျွင်းချောင်ရှောင်း သည် ပဲ့ခန်းဆီသို့ ပြန်လာပြီးသည့်နောက် သူ၏ အရှေ့၌ရှိနေသော လေဟာနယ်ကြီးကို ကြည့်ရှုနေ၏။ ထိုအရာကြီးသည် တွန့်လိမ်နေလျက်ရှိပြီး ရောင်စုံအလင်းတန်းများ ထုတ်ဖော်နေသည်။ စကြဝဠာပတ်လမ်းကြောင်း၏အဆုံးတွင် တခြားသော စကြဝဠာပတ်လမ်းကြီးက တည်ရှိနေ၏။
“အရမ်းလှတာပဲ” ဟွာမင်ကွေ့ သည် ပြတင်းပေါက်အနားဆီသို့ အသာလျှောက်လှမ်းသွားပြီးသည့်နောက် လှပလွန်းသော စကြဝဠာပတ်လမ်း နဂါးငွေ့တန်များ၏ အရောင်ကို ကြည့်ရှုနေသည်။
“ဟမ့်...”
ကျွင်းချောင်ရှောင်း က ပြောလိုက်၏။ “ဘာတွေများ တကူးတကကြည့်စရာရှိလို့လဲ”
ဟွာမင်ကွေ့ သည် အသာလှည့်ကာ ပဲ့ခန်း၏ နံရံကို မှီလိုက်၏။ လက်ကိုပိုက်ကာဖြင့် ပြုံးလိုက်သည်။ “ရှောင်ကျီ က အရင်က စေ့စပ်ူးတဲ့ကောင်မလေးနဲ့တွေ့ခဲ့တယ်လို့ ကြားတယ်”
“ခင်ဗျားကို ဘယ်သူပြောလဲ”
ကျွင်းချောင်ရှောင်း သည် သူ၏မေးခွန်းမှာ အဓိပ္ပာယ်မရှိသည်ကြောင်းကို နားလည် လိုက်၏။ စဉ်းစား တွေးတောစရာပင် မလိုအပ်ချေ။ ဤအရာသည် ဂိုဏ်း၏ သတင်းဖြန့်ဝေသူဖြစ်သော အစ်ကိုကြီးစု လျှောက်ပြောခြင်းသာ ဖြစ်ပေလိမ့်မည်။
“ရှင်က ဟောခန်းသခင်လီကို လွှတ်ပြီးတော့ ဒီမိန်းမ အနေနဲ့ ရှောင်ကျီအပေါ် အကွက်ချစီစဉ်နေတာလားဆိုတာ စုံစမ်းခိုင်းထားတယ်ဆို” နှင်းဆီဧကရီ က မေးလိုက်၏
“အင်း... ဟုတ်တယ်” ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။
“တကယ်လို့ အကွက်ချပြီး လုပ်ထားတာမဟုတ်ဘူးဆိုရင်ရော” နှင်းဆီဧကရီ က မေးလိုက်၏။
“ဒါက” ကျွင်းချောင်ရှောင်း က တိတ်တဆိတ် ငြိမ်သက်သွားသည်။
နှင်းဆီဧကရီ က ပြောလိုက်၏။ “ကျွန်မက မငယ်တော့ဘူးလေ။ ရှင်သာ ကျွန်မကို မကြိုက်ဘူးဆိုလျှင် ကျွန်မက ဘဝတစ်ခုလုံးကို တစ်ယောက်တည်း ရင်ဆိုင်ပြီး ကျော်ဖြတ်ပြီး နေထိုင်သွားမှာပဲ။ ရှင့်သာ ကောင်းမွန်တဲ့၊ ချစ်တဲ့မိန်းကလေးတစ်ယောက်ကို တွေ့တယ်ဆိုရင် ကြိုးစားကြည့်လို့ရပါတယ်”
“မဟုတ်ဘူး”
ကျွင်းချောင်ရှောင်း သည် အလန့်တကြား ဖြစ်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “ကျုပ် နောက်ထပ် မိန်းမတစ်ယောက်ကို ချစ်မိမှာမဟုတ်ဘူး”
ဤနေရာတွင် စာဖတ်သူများကလည်း သဘောတူလိမ့်မည်ဖြစ်၏။ မိမိကိုယ်ပိုင် အချစ်ရေး ပြဿနာကိုပင် မဖြေရှင်းနိုင်သည့် ကုန်းရှန့်သည် အဘယ်ကြောင့် တပည့်များ၏အချစ်ရေးကို ဝင်ရောက်ကာ ရှုပ်ထွေးချင်နေသနည်း။
ဘုန်း……………
ရုတ်တရက် ကြမ်းတမ်းလှသော လှုပ်ခါမှုကြီး တစ်ခုသည် ထာဝရရွက်သင်္ဘောကြီး၌ ဖြစ်ပေါ်လာခဲ့၏။ အဘယ့်ကြောင့် ဆိုသော် အခြားသော စကြဝဠာ ပတ်လမ်းကြောင်းထဲကို ဝင်ရောက်သည့်အချိန်တွင် အတွင်းမှ ဖြစ်တည်သည့် စွမ်းအင်များနှင့် ထိပ်တွေ့သောကြောင့် ရွက်သင်္ဘောကြီး တစ်ခုလုံး လှုပ်ခါသွားခဲ့ခြင်းပင်။
ပဲ့ခန်းကြီး တစ်ခုလုံးသည် ရှုပ်ပွသွား၏။ အရှေ့နားတွင် မတ်မတ်ရပ်လျက်ရှိနေသည့် နှင်းဆီဧကရီ သည် ထိုကဲ့သို့လှုပ်ခါမှု၏ အရှိန်ကြောင့့် နံရံဆီသို့ အရှိန်ပြင်းပြင်းနှင့် လွင့်စင်သွားသည်။
ကျွင်းချောင်ရှောင်းသည် ချက်ခြင်းပင် သူမကို ခါးမှ လှမ်းဆွဲကာ တားဆီးလိုက်၏။
ဤမြင်ကွင်း သည် အသေးစိတ် ဖော်ညွှန်းရန် ခက်ခဲလှချေ၏။ အဘယ့်ကြောင့်ဆိုသော် လက်ရှိအခြေအနေမှာတော့ နှင်းဆီဧကရီ သည် အခွင့်အရေးကို အရယူပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ လည်ကုပ်ပေါ်သို့ လက်နှစ်ဖက်ဖြင့် သိုင်းဖက်ထား၏။ သူမသည် တောက်ပလှသည့် မျက်လုံးများကို အသာမှိတ်ကာဖြင့် ရှေ့သို့ လှမ်းတိုးလိုက်၏။ သူမ၏ နီထွေးသော နှုတ်ခမ်းပါးလေးများသည် တဖြည်းဖြည်းနှင့် ရှေ့ဆီသို့ တိုးလာပြီးသည့်နောက် နှုတ်ခမ်းနှစ်ခု ထိကပ်သွားခဲ့သည်။
“ဂိုဏ်းချုပ်”
စုရှောင်မိုသည် ရုတ်တရက် ပေါ်ပေါက်လာ၏။ ပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဘာတွေ ဖြစ်ကုန်တာလဲ”
နှင်းဆီဧကရီ သည် သူမ၏ လက်ကိုအသာမြှောက်လိုက်၏။ လက်ဆီမှ အားကောင်းလွန်းလှသော စွမ်းအင်များ ဖြစ်တည်လာခဲ့ပြီး စုရှောင်မို ၏ ရင်ဘတ်ကို တည့်တည့် ထိမှန်လေသည်။
ဘုန်း………….
စုရှောင်မိုသည် ပဲ့ခန်းအတွင်းမှ အပြင်ဘက် ပဲ့ပိုင်းဆီသို့ အမြောက်ဆန်တစ်ခုကဲ့သို့ လွင့်စင်သွားခဲ့၏။ ပြီးနောက် သူသည် ခေါင်းကိုငဲ့စောင်းကာဖြင့် ပါးစပ်မှ အမြုပ်များထွက်လျက်ရှိ၏။ “ငါ.. ငါ အချိန်မှားပြီး ရောက်သွားတာပဲ”