အခန်း ၁၇၇၆
Vol. 119 Ch. 1776
အပိုင်း (၁၇၇၆)
တိမ်ပြာစကြဝဠာပတ်လမ်းထဲတွင် သန်းနှင့်ချီ၊ သိန်းနှင့်ချီသော သက်ရှိများ တည်ရှိနေ၏။ သို့ပေမဲ့ စိတ်ဝိညာဉ် မျိုးစေ့မှာတော့ သုံးဆယ့်နှစ်ခုသာလျှင်ရှိ၏။ ထိုအရာကို ပေါင်းစပ်နိုင်သည့်လူများသည် အလွန် ကံကောင်းလှသည့် လူများဟု အားလုံးက သတ်မှတ်ကြ၏။
လက်ရှိအခြေအနေမှာတော့ တိမ်ပြာစကြဝဠာပတ်လမ်းကြောင်းထဲ၌ ပထမဆုံး တွေ့ရှိသူသည် ဓားပြခေါင်းဆောင် တစ်ယောက် ဖြစ်လို့နေသည်။ ထိုလူသည် မိုးကြိုးငါးပါး စိတ်ဝိညာဉ် ကိုတောင်မှ အမှိုက်တစ်ခုဟု ပြောဆိုနေပြီး ၎င်းနှင့် ပေါင်းစပ်ရန်အတွက် လုံလောက်သည့် အရည်အသွေး မရှိဟု ဝါကြွားနေလေသည်။
ဤအရာသည် ဟန်ထုတ်သည့်နေရာတွင် အလွန်အားကောင်းသော ကျွင်းချောင်ရှောင်းကိုပင် ရှက်ရွံ့သွားစေခဲ့၏။ “အင်း... လောကကြီးမှာ တစ်ထောင်ထက် တစ်တောင် ပိုမြင့်တယ်ဆိုတာ အမှန်ပဲ။ ငါ့ထက် ဟန်ထုတ် ကောင်းတဲ့လူ ရှိနေတာပဲ။ ရှေးလူကြီးတွေက မညာခဲ့ဘူး”
“ဒါက..”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျား မလိုချင်ဘူးဆိုရင်လည်း ကျုပ်ကို ပေးလိုက်လေ။ ကျုပ်က အဲလိုမျိုး အမှိုက်စိတ်ဝိညာဉ်မျိုးကိုလည်း လက်ခံပေးပါတယ်”
သမ့်မူဟိုင်သည် အတွေးနက်သွား၏။
“ခေါင်းဆောင်”
နောက်လိုက်တစ်ယောက်သည် သူ့အား ချက်ချင်းပဲ သတိပေးလိုက်သည် “ကျုပ်တို့က ဓားပြတိုက်နေတာလေ”
သမ့်မူဟိုင်သည် သတိဝင်သွား၏။ ပြီးနောက် ခက်ထန်တင်းမာလွန်းသော မျက်နှာဖြင့် ပြောလိုက်သည်။ “ကောင်လေး... မင်း အခုသေတော့မယ်။ ဘယ်လိုဖြစ်ပြီးတော့ ဒီအမှိုက်လိုမျိုး စိတ်ဝိညာဉ်မျိုးစေ့ကို လက်ခံယူဖို့ စဉ်းစားဖို့ အချိန်ရှိနေသေးတာလဲ”
“............”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ ဒီလူက တကယ် ဉာဏ်ကောင်းတာပဲ။
“ဉာဏ်ကောင်းတယ် ဟုတ်လား”
သမ့်မူဟိုင်က ပြောလိုက်သည်။ “မင်း ငါ့ကို ချီးကျူးနေတာလား”
“မှန်ပါတယ်” ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။
ဟား ဟား ဟား
သမ့်မူဟိုင်သည် ဆိုးရွားစွာဖြင့် ရယ်မောလိုက်၏။ “မြှောက်ပင့်တာ အလုပ်မဖြစ်ဘူး။ မင်းခုနတုန်းက ငါ့ကို လှောင်ပြောင်ခဲ့တဲ့အတွက် မင်းကို သတ်ချင်လောက်တဲ့အထိ ငါ ဒေါသထွက်သွားခဲ့ပြီးပြီ။ သေဆုံးခြင်းတရား ကသာလျှင် မင်းရဲ့ နောက်ဆုံးခရီးလမ်းပဲ ဖြစ်လိမ့်မယ်”
“ကျုပ်သိချင်တာ တစ်ခုရှိတယ်”
ကျွင်းချောင်ရှောင်းသည် ရယ်မောကာ မေးလိုက်၏။ “ကျုပ် တွေးနေတာကို ခင်ဗျား ကြားနိုင်တယ် ဟုတ်လား”
“ဟုတ်တယ်... ငါဆီမှာ စိတ်ဖတ်နိုင်တဲ့ဝိညာဉ် ရှိတယ်လေ”
သမ့်မူဟိုင်သည် မျက်လုံးကို စုံမှိတ်ကာဖြင့် ဂုဏ်ယူ ဝံ့ကြွားစွာ ပြောလိုက်သည် “လောကကြီးမှာရှိတဲ့ အရာအားလုံးရဲ့ အတွေးတွေကို ငါကြားနိုင်တယ်”
“စိတ်ဖတ်နိုင်တဲ့ဝိညာဉ် ဟုတ်လား”
“အင်း.. ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် တိမ်ပြာစကြဝဠာပတ်လမ်းထဲမှာ မတူညီတဲ့ စိတ်ဝိညာဉ်မျိုးစေ့တွေ ရှိတယ်လေ။ ဒီအရာတွေက စကြဝဠာပတ်လမ်းကြောင်းထဲမှာ ဖြစ်တည်လာခဲ့ပြီး အဆင့်လည်း အရမ်းမြင့်တယ်။ တကယ့် တော်ဝင်ခန္ဓာကိုယ်မှသာ ပေါင်းစပ်နိုင်တဲ့အရာပဲ။ ဒီလိုအရာမျိုးနဲ့ ပေါင်းစပ်နိုင်ဖို့ဆိုတာ ငါ့လိုမျိုး ဉာဏ်ကောင်းပြီးတော့ စွမ်းအားမြင့်တဲ့လူတွေကသာလျှင် လုပ်နိုင်တယ်”
ဟုတ်ပေသည်။ တစ်ဖက်လူသည် သူ့ကို မြှောက်ပင့်နေသည်ဆိုမှတော့ ဆက်လက်ကာ ဟန်ထုတ်ရပေမည်။
“ကောင်လေး”
သမ့်မူဟိုင်က ပြောလိုက်၏။ “မင်း ဘယ်လိုပုံစံမျိုးနဲ့ သေချင်လဲ”
သူသည် ယင်ယန်မျက်နှာကို ပိုင်ဆိုင်ပြီး ယောက်ျားတစ်ဝက်၊ မိန်းမတစ်ဝက် မျက်နှာမျိုး ဖြစ်နေသောကြောင့် ဟိတ်ဟန်ထုတ်ကာ မေးလိုက်သည့်အချိန်တိုင်းတွင် ရယ်ရွှင်ဖွယ်ရာပုံစံမျိုး ဖြစ်လို့နေသည်။
ဟူး ဟူး
ဒါဇင်နှင့်ချီသော ရွက်သင်္ဘောများသည် ကြီးမားလှသော ဖိအားကို စတင်ကာ ထုတ်ဖော်လာကြ၏။ အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် သူတို့သည် ကျွင်းချောင်ရှောင်းကို ရင်ဆိုင်တိုက်ခိုက်ရုံသာမက ထာဝရရွက်သင်္ဘောကြီးကိုပါ တိုက်ခိုက်ဖို့ ရည်ရွယ်ထားပုံပင်။
ဟုတ်ပေသည်။ သူတို့အားလုံးသည် စကြဝဠာပတ်လမ်းကြောင်းထဲတွင် မိုးကြိုးငါးပါးစိတ်ဝိညာဉ်ကို ငါးစာအဖြစ် နှစ်ပေါင်းများစွာ ထားရှိခဲ့၏။ လက်ရှိအခြေအနေမှာတော့ ငါးတစ်ကောင်ကို ဖမ်းမိနိုင်ခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့် လက်လွှတ်ပေးရမည်နည်း။
“ဟင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “တိမ်ပြာစကြဝဠာ ပတ်လမ်းကြောင်းက ကျုပ်ကို ကြိုဆိုတာ ဒီလိုမျိုးလား”
သူ့အနေနှင့် တခြားသော စကြဝဠာပတ်လမ်းထဲသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ ဓားပြများနှင့် လာရောက်ကာ တွေ့ဆုံခဲ့၏။ သူ၏ကံတရားသည် အမှန်ပင်ဆိုးရွားပေ၏။ ထို့အပြင် တစ်ဖက်လူ ချပေးထားသော ငါးစာအနောက်သို့ လိုက်ပါမိသည့်အတွက် သူ့ကိုသူ အံ့အားသင့်မိနေသည်။ ထိုမျှမကသေးပေ။ ထိုငါးစာကို လိုက်ရန်အတွက် ပထမအဆင့် မီးကျောက် တော်တော်များများကို ထုတ်ဖော်အသုံးပြုခဲ့ရသေး၏။ “မဖြစ်နိုင်ဘူး။ ငါကုန်သွားတဲ့ စွမ်းရည်တွေအတွက် ပြန်ပြီးလျော်ကြေးတောင်းမှဖြစ်မယ်”
ဆွစ်
ထိုအချိန်မှာပဲ သမ့်မူဟိုင်သည် အပေါ်ဆီသို့ ပျံသန်းလာပြီး သူ၏သိုလှောင်လက်စွပ်ထဲတွင်ရှိနေသော တူကြီး နှစ်လက်ကို ထုတ်ယူကာ ချက်ချင်းတိုက်ခိုက်လိုက်သည်။ “ကောင်လေး... သေစမ်း”
ဝုန်း
တူကြီး နှစ်လက်သည် လေဟာနယ်ကို ထုနှက်သွား၏။ ကြီးမားပြင်းထန်လွန်းသော လှိုင်းများသည် တည်နေရာ ထဲတွင် ဖြစ်တည်ကုန်၏။
ဆွစ်
ကျွင်းချောင်ရှောင်းသည် အသာခုန်ကာ ရှောင်ရှားလိုက်၏။ တစ်ဖက်လူသည် သူ့အား လှည့်စားခဲ့သည်ကို ပြန်လည်ကာ စဉ်းစားလိုက်ပြီးသည့်နောက် သူသည် အစစ်အမှန်ပဲ ဒေါသထွက်လာခဲ့သည်။ “လာခဲ့စမ်း”
ဆွစ် ဆွစ်
ချက်ချင်းပဲ များပြားလွန်းလှသော အလင်းတန်းများ ဖြစ်ပေါ်လာခဲ့ပြီး ယုစီနန် ဦးဆောင်သည့် ပြိုင်စံရှားဂိုဏ်းမှ အထက်ပိုင်း အကြီးအကဲများ အားလုံးသည် ကြေးမှန်ကို အားကိုးကာဖြင့် အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။ ၎င်းတို့ အားလုံးသည် မတူညီသည့် ပုံပန်းသွင်ပြင် အသီးသီးဖြင့် လေဟာနယ်ထဲတွင် ရပ်တန့်လျက်ရှိနေသောကြောင့် စကြဝဠာ ပတ်လမ်းကြောင်းထဲ၌ သံမဏိကဲ့သို့ မာကျောလှသည့် စိတ်ဓာတ်အဟုန်များသည် ပေါ်ပေါက်လျက် ရှိနေတော့သည်။
“ကျုပ်သွားမယ်”
“ဟမ်”
သမ့်မူဟိုင်သည် မျက်လုံးပြူးသွားမိ၏။ တစ်ဖက်လူများသည် စကြဝဠာ၏ ချုပ်နှောင်ခြင်းကို မခံကြရချေ။ ထို့ကြောင့် သူနှင့်တူညီသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်မှာဖြစ်၏။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များဆီမှ ရရှိထားသည့် ကြေးမှန်နှင့် ဟယ်ဝူတီ ထောက်ပံ့ပေး ထားသော ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်ကို အသုံးပြု၍ ပြိုင်စံရှားဂိုဏ်းမှ အထက်ပိုင်းအကြီးအကဲ များသည် နတ်ဘုရားလျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်း လှမ်းပြီးသားလူများကဲ့သို့ ဟန်ဆောင်နေနိုင်ခဲ့သည်။
“ခေါင်းဆောင်”
နောက်လိုက်တစ်ယောက်သည် အသံပို့လွှတ်လိုက်တော့၏။ “ဒီကောင်တွေက ကြမ်းတဲ့ပုံပဲ”
သမ့်မူဟိုင်၏ ယောက်ျားတစ်ဝက်၊ မိန်းမတစ်ဝက်မျက်နှာသည် လေးနက်သွားခဲ့၏။ ဤတည်နေရာတွင် နတ်ဘုရား လျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်းဝင်ပြီးသား လူအနည်းငယ်ဆိုလျှင် သူ စိတ်ပူလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ရုတ်တရက် ပေါ်ပေါက်လာသည့် လူများသည် အလွန်များပြားနေ၏။ နှစ်ပေါင်းများစွာ စောင့်မျှော်ပြီးသည့်နောက် သူသည် ငါးတစ်ကောင်ကို ဖမ်းမိခဲ့၏။ သို့ပေမဲ့ မထင်ထားသည်မှာ ငါးသည် တော်တော်ကြီးသည့်ငါးကြီး ဖြစ်လို့ နေလေသည်။
“နောက်ကိုဆုတ်”
သမ့်မူဟိုင်သည် အမှန်ပင် ဉာဏ်ကောင်းလွန်းလှ၏။ ပြဿနာသည် သူကိုင်တွယ်၍ မရနိုင်သည့် အရာမျိုး ဖြစ်ကြောင်း သိရှိပြီးသည့်နောက် ချက်ချင်းပဲ ထွက်ပြေးရန် စဉ်းစားတော့၏။ ကျွမ်းကျင်သော ဓားပြတစ်ယောက်ဖြစ်သည်နှင့်အညီ ကြမ်းတမ်းလှသော ရန်သူများနှင့် ရင်ဆိုင်သည့်နေရာတွင် ဤကဲ့သို့ ဆုတ်ခွာ ထွက်ပြေးခြင်းကသာလျှင် အကောင်းမွန်ဆုံးသော အသက်ရှင်သည့်နည်းလမ်းဖြစ်ကြောင်းကို သူသိရှိပြီးဖြစ်၏။ မဟုတ်ပါက မနှေးနှင့် မမြန်ဆိုသလို သတ်ဖြတ်ခံရပေမည်။
ဆွစ်
ရွက်သင်္ဘော ဒါဇင်ချီတို့သည် လျင်လျင်မြန်မြန်ဖြင့် အနောက်သို့လှည့်ကာ ပြေးရန်ပြင်၏။
“ထွက်ပြေးချင်တာလား”
ကျွင်းချောင်ရှောင်းက အေးစက်စက် ပြောလိုက်သည်။ “မဖြစ်နိုင်ဘူး”
သမ့်မူဟိုင်သည် တစ်ဖက်လူတစ်ယောက် ဟိတ်ဟန်ထုတ်ကာ ဝါကြွားလျက်ရှိသည်ဟု ပထမတုန်းက ထင်မှတ်ခဲ့၏။ သို့ပေမဲ့ အားကောင်းလွန်းလှသောလူများ ရုတ်တရက် ထွက်လာခဲ့ပြီး စကြဝဠာ၏ တည်နေရာကိုပင် လှုပ်ခါနိုင်စွမ်းရှိသည့် အားအင်မျိုးကို ထုတ်ဖော်လျက်ရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့ ကျိန်းသေပေါက် ဤလူများအားလုံးသည် နတ်ဘုရားလျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်း လှမ်းဝင်ပြီးသားလူများဖြစ်ကြောင်း ကောင်းကောင်း နားလည်လိုက်မိ၏။
“နောက်ကိုဆုတ်”
သူက အော်ဟစ်လိုက်သည်။ ဒါဇင်နှင့်ချီသော ရွက်သင်္ဘောများသည် နောက်ကိုဆုတ်၍ ထွက်ပြေးရန် ပြင်ဆင်လိုက်ကြသည်။
ဘုန်း
ရုတ်တရက် ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ရွက်သင်္ဘောတစ်စင်းသည် ရုတ်တရက် ဆိုသလိုပဲ ထက်ပိုင်း ပိုင်းဖြတ်ခြင်းကို ခံလိုက်ရပြီး မီးခိုးငွေ့များပင် တအူအူနှင့် ထွက်ပေါ်နေ၏။
သူ၏ ရွက်သင်္ဘောကြီး ဆုံးရှုံးသွားသည့်အတွက် သမ့်မူဟိုင်သည် စိတ်မကောင်းဖြစ်ရန် အချိန်မရှိလှချေ။ လေထုထဲတွင် ပေါ်ပေါက်လာခဲ့သည့် ကိုယ်လုံးတီးကျွတ် ခရမ်းရောင်ဘုရင်နှင့်လူကို ကြောင်အအနှင့် ကြည်ရှုနေမိသည်။
“စကြဝဠာထဲမှာ အားအကောင်းဆုံး ဟုတ်လား” ဟောခန်းသခင်ကျိသည် ခေါင်းကိုအသာမော့ကာဖြင့် ၎င်း၏ ချွန်ထက်လျက်ရှိနေသည့် သွားစွယ်များကို ထုတ်ဖော်ပြသနေ၏။ ရွက်သင်္ဘောကို ဖျက်ဆီးပြီးသည့်နောက် ဟောခန်းသခင်ကျိသည် တစ်ဖက်လူများအတိုင်း ဟိတ်ဟန်ထုတ်လျက်ရှိ၏။ သူသည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်၌သာ ရှိနေသေး၏။ သို့ပေမဲ့ ကြေးမှန်၏ ကာကွယ်ပေးမှုအောက်မှာတော့ ဤတည်နေရာတွင် ရှိနေသော ရွက်သင်္ဘောများကို လွယ်လွယ်ကူကူဖြင့် ဖျက်ဆီးပစ်ရန်အတွက် တတ်နိုင်သည့်လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
သမ့်မူဟိုင်၏ ရွက်သင်္ဘောကြီးသည် ရှေးရွက်သင်္ဘောကြီးထက် အနည်းငယ်သာလျှင် အားကောင်း၏။ ထို့ကြောင့် စကြဝဠာထဲမှာ အားအကောင်းဆုံးဟု ခေါ်ဆိုရခြင်းသည် အလကားမြှောက်ပင့်ပြောဆိုနေခြင်းပင် ဖြစ်ပေလိမ့်မည်။
“...........”
ကျွင်းချောင်ရှောင်းက ဆွံ့အသွား၏။ “ဒါ နည်းနည်း မများဘူးလား”
“လှောင်ချိုင့်.. ချုပ်နှောင်စမ်း”
ထိုအချိန်မှာတော့ ယုစီနန်သည် သူ၏လက်များကို စုစည်းကာဖြင့် တည်နေရာ အတားအဆီးများကို အသုံးပြု၍ လှောင်ချိုင့်တစ်ခုကဲ့သို့ ဖန်တီးကာ တည်နေရာတစ်ခုတည်းတွင် ရှိနေသော ရွက်သင်္ဘောတစ်ဒါဇင်ကျော်တို့ အားလုံးကို ပိတ်လှောင်လိုက်၏။ ရွက်သင်္ဘောများအားလုံးသည် ဖိနှိပ်ခံရခြင်း ကြောင့် တစ်ခုနှင့်တစ်ခုပင် ပွတ်တိုက်လျက် ရှိနေ၏။
“သေစမ်း”
သမ့်မူဟိုင်သည် ဒေါသတကြီးဖြင့် အသာလှည့်ကာ အော်ဟစ်လိုက်သည်။ “မင်းတို့စောင့်နေ”
သူ၏ အဓိက ရွက်သင်္ဘောကြီး တည်ရှိနေသေး၏။ ထို့ကြောင့် အောင်အောင်မြင်မြင်ဖြင့် ထွက်ပြေးလွတ်မြောက်နိုင်သည်။ သို့ပေမဲ့ သူသည် ရွက်သင်္ဘော၏အောက် တံခါးပေါက်ဆီသို့ ပျံသန်းသွားရန် ပြင်နေသည့်အချိန်မှာပဲ အစိမ်းရောင် နဂါးကြီးပုံ ရေးထွင်းထားသည့် ကြီးမားလွန်းလှသော ဓားကြီးကို ကိုင်ဆောင်ထားသည့် တစ်ဖက်လူကို မြင်လိုက်ရ၏။
ကျွင်းချောင်ရှောင်းသည် အင်္ကျီလက်ကို အသာတင်ကာဖြင့် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ရွက်သင်္ဘောကြီးကို ခုတ်ပိုင်းလိုက်တော့သည်။
သမ့်မူဟိုင်သည် နှာခေါင်းရှုံ့လိုက်၏။ သူနှင့်အတူ လိုက်ပါလာခဲ့သည့် ရွက်သင်္ဘောများသည် အမှိုက်ကဲ့သို့ပင် အသုံးမကျသည့်အရာဖြစ်ကြောင်းကို သူမငြင်းချေ။ သို့ပေမဲ့ သူ၏ အဓိက ရွက်သင်္ဘောမှာတော့ ရေကြောင်းစက်ရုံမှ ဈေးကြီးကြီးပေးကာ ဝယ်ယူထားသည့်အရာဖြစ်၏။ တစ်ဖက်လူသည် လက်နက်လေးတစ်ခုနှင့် ဖျက်ဆီးပစ်ရန် ကြိုးစားနေသည်ကို ကြည့်ရသည့်အချိန်မှာတော့ ငတုံးပင် ဖြစ်ပေလိမ့်မည်။
ဆွစ်
ရုတ်တရက် အစိမ်းရောင်အလင်းတန်းများသည် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကိုပင် ထိုးခွင်းသွားခဲ့၏။ သူသည် တောက်ပလွန်းလှသောကြောင့် မျက်လုံးပင် ကောင်းကောင်း မဖွင့်နိုင်ချေ။
ဂျွီး .....
သူ၏နားထဲတွင် တစ်စုံတစ်ခု ကျိုးပဲ့သည့်အသံ ထွက်ပေါ်လာ၏။ သမ့်မူဟိုင်သည် ချက်ချင်းပဲ ပါးစပ်အဟောင်းသား ဖြစ်လို့နေခဲ့၏။ မျက်လုံးများသည်လည်း အပြင်ဘက်သို့ ပြူးထွက်နေ၏။ သူ၏အမြင်တွင် သူအလွန်တရာ အထင်ကြီးသည့် ရွက်သင်္ဘောကြီးသည် ထက်ပိုင်း ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။ ဤလူသည် အမှန် ကျွမ်းကျင်လှသည့် လက်သမားတစ်ဦးကဲ့သို့ပင်။ ညီညီညာညာ ပိုင်းဖြတ်ထားသည်။
“မဖြစ်သေးဘူး။ ဒီအချိန်မှာ ဘယ်လိုလုပ် တစ်ဖက်လူရဲ့ စွမ်းရည်ကို ချီးကျူးနေမိတာလဲ”
သမ့်မူဟိုင်သည် ရုတ်တရက် သတိဝင်သွားပြီးသည့်နောက် သူ၏ခေါင်းကိုဆုတ်ကိုင်ကာ အော်ဟစ်လိုက်မိသည်။ “ငါ့ရဲ့ ရွက်သင်္ဘောကြီး”
ဆွစ် ဆွစ်
ကျွင်းချောင်ရှောင်းသည် ဓားမော့ကို အသာမြှောက်ကာဖြင့် လေဟာနယ်ထဲသို့ ဝှေ့ယမ်းလိုက်၏။ သူခုတ်ပိုင်းလိုက် သည့် ရွက်သင်္ဘောကြီးသည် နှစ်ပိုင်းပြတ်သွားခဲ့ပြီဖြစ်၏။ အဆင့်မြှင့်တင်ထားသည့် နဂါးစိမ်းလခြမ်းဓားမော့ကြီး၏ စွမ်းအင်သည် ကြီးကြီးမားမား တိုးတက်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာလှည့်ကာဖြင့် သိမ်းငှက် ကဲ့သို့ စူးရှလှသည့် မျက်လုံးဖြင့် ကြည့်လိုက်၏။