အခန်း ၁၇၇၈
Vol. 119 Ch. 1778
အပိုင်း (၁၇၇၈)
ကျွင်းချောင်ရှောင်းသည် မိုးကြိုးငါးပါးစိတ်ဝိညာဉ်ကို ရရှိပြီးသည့်နောက် ပေါင်းစပ်ရန် ကျရှုံးခဲ့၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်ထဲတွင် စိတ်ဝိညာဉ်နှစ်ကောင် တည်ရှိနေသေး၏။ မီးဓာတ်စိတ်ဝိညာဉ်သည် သူနှင့် အစစ်အမှန် ပေါင်းစပ်ခဲ့သည်ဆိုသော်လည်း မိစ္ဆာစိတ်ဝိညာဉ်မှာတော့ အမှတ်မထင်နှင့် ရရှိခဲ့သည့်အရာသာ ဖြစ်၏။
ထို့ကြောင့် စနစ်၏ အထောက်အပံ့၊ အကူအညီသာ မရှိသည်ဆိုပါက ကျွင်းချောင်ရှောင်း၏ ပင်ကိုယ် စွမ်းရည်သည် မဆိုးလှသော်လည်း သာမန်ကျွမ်းကျင်သူများထက် သိပ်ထူးခြားလှသည့် လူတစ်ယောက် မဟုတ်ချေ။ သူသည် များပြားလှသည့် ရတနာများနှင့် အကြောင်းအရာများ အားလုံးကို လိုချင်သည်ဆိုပါက ကံတရားအပေါ် မှီခိုရပေမည်။
ဟုတ်ပေသည်။ ကုန်းရှန့်သည် စိတ်ဓာတ်မကျချေ။ သူ့အနေနှင့် ထိုအရာနှင့် မပေါင်းစပ်နိုင်ဘူး ဆိုလျှင် ပေါင်းစပ် နိုင်သည့် တပည့်များနှင့် အထက်ပိုင်းအကြီးအကဲများ တည်ရှိလို့နေသေးသည်။ မိုးကြိုးငါးပါးစိတ်ဝိညာဉ်အား ပေါင်းစပ်နိုင်သည့် တစ်စုံတစ်ယောက် မတွေ့ဘူးဆိုသည်ကို သူ မယုံကြည်နိုင်ပေ။
လီချင်းယန်၏ ခန္ဓာကိုယ်၊ ကိုင်ကွဲထားသည့်လက်နက်နှင့် အသက်၊ သွေး၊ ဝိညာဉ်များ အားလုံးသည် မိုးကြိုး၊ လျှပ်စီးတို့နှင့် ပတ်သက်သည့်အရာများဖြစ်လို့နေခဲ့၏။ ထို့ကြောင့် အောင်အောင်မြင်မြင် ပေါင်းစပ်နိုင်မည်ဟု သူက မျှော်လင့်ခဲ့မိသည်။
ဟူး ဟူး
နောက်တစ်ရက်မှာတော့ ပြိုင်စံရှားဂိုဏ်းထဲတွင် ရုတ်တရက် လေများ တဟူးဟူးနှင့် တိုက်ခတ်လာခဲ့၏။
“ဟ.. ငါ့ရဲ့ ဂိုဏ်းဝတ်စုံ”
အပြင်ဘက်တွင် ဂိုဏ်းဝတ်စုံကို လှမ်းထားသော အတွင်းခံတစ်ခုတည်းသာ ဝတ်ဆင်ထားသည့် ခရမ်းရောင်ဘုရင်သည် အပြင်ဘက်သို့ ပြေးထွက်လာခဲ့၏။ သူ၏ ဂိုဏ်းဝတ်စုံ လေထဲသို့ လွင့်စင်သွားကြောင်း မြင်လိုက်ရသည်မို့ အနောက်မှ လိုက်ဖမ်းခြင်းပင်။ ဤဂိုဏ်းဝတ်စုံသည် နှစ်ပေါင်းများစွာ သူဝတ်ဆင်ခဲ့သည့် အရာဖြစ်ပြီး အကြိမ်ကြိမ်အခါခါ ပြန်လည်ကာ ကိုယ်တိုင်ချုပ်လုပ်ထားရသည့် အရာမျိုး ဖြစ်သောကြောင့် တန်ဖိုးထားရသည့် ဂိုဏ်းဝတ်စုံလည်း ဖြစ်သည်။
ဆွစ်
ဟောခန်းသခင်ကျိသည် အနောက်မှ လိုက်ပါလာပြီးသည့်နောက် သူ၏ဂိုဏ်းဝတ်စုံကို အသာဖမ်းဆွဲရန် ပြင်လိုက်၏။
ဘုန်း
ရုတ်တရက် ကောင်းကင်ဆီမှ မိုးကြိုးတစ်ခု ကျဆင်းလာပြီး သူ၏ လေထဲတွင် လွင့်လျက်ရှိသည့် ဂိုဏ်းဝတ်စုံကို တည့်တည်ထိမှန်လေသည်။ ချက်ချင်းပဲ ဂိုဏ်းဝတ်စုံသည် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“မဟုတ်ဘူး”
ဟောခန်းသခင်ကျိသည် လေထဲတွင် လွင့်လျက်ရှိနေသည့် ပြာများကို အသာလှမ်းဆွဲပြီးသည့်နောက် အမြတ်တနိုးဖြင့် ဆုပ်ကိုင်လျက် ရှိနေသည်။ သူ၏မျက်လုံးထဲမှ မျက်ရည်များသည် ထိန်းချုပ်၍ မရနိုင်အောင် ကျဆင်းလာ၏ “ငါ.. ငါ သေသေချာချာ ချုပ်ထားတဲ့ဟာလေး သွားပြီ”
“ဘယ်သူလဲ” ခရမ်းရောင်ဘုရင်သည် ရုတ်တရက် ခေါင်းကိုမော့လိုက်၏။ သတ်ဖြတ်လိုခြင်း အော်ရာများသည် မိုင်တစ်ထောင်ပတ်လည်အတွင်း ပျံ့နှံ့လျက် ရှိ၏။ သို့ပေမဲ့ ကောင်းကင်ယံတွင် စုဝေးလျက်ရှိနေသည့် မိုးကြိုးတိမ်များသည် သူ့ကို နည်းနည်းလေးမှ ဂရုမစိုက်လှချေ။ ဆက်တိုက်ဆိုသလိုပဲ လှမ်းကာ ပစ်ချနေသည်။
ဘုန်း ဘုန်း ဘုန်း
မိုးကြိုးများသည် ဆက်တိုက်ဆိုသလိုပဲ ပစ်၏။ မြင်ကွင်းတစ်ခုလုံးသည်လည်း တလက်လက်နှင့် တောက်ပလျက် ရှိနေ၏။
“ချီးတဲ့မှ”
ခရမ်းရောင်ဘုရင်သည် မျက်လုံးများ ပြူးထွက်သွားခဲ့၏။ မိုးကြိုးများသည် သူ့ဆီသို့ တည့်တည့်ပင် ကျဆင်းနေသည်။ “ဒါ ဘယ်လိုဖြစ်ရတာလဲ”
“ဘာလို့ရုတ်တရက်ကြီး ရာသီဥတုက ပြောင်းလဲသွားရတာလဲ”
စုရှောင်မိုနှင့် တခြားသူများသည် အခန်းထဲမှ ထွက်လျှောက်လာခဲ့၏။ ကောင်းကင်ယံတွင် မိုးကြိုးတိမ်များ စုဝေးလျက်ရှိသည်ကို မြင်ရသည့်အချိန်မှာတော့ မည်သို့မှ မတတ်နိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွားမိ၏။
ဘုတ်
ထိုအချိန်မှာတော့ တစ်စုံတစ်ခုသည် တပည့်များ နေထိုင်ရာ တောင်ထွတ်ပေါ်သို့ ပြုတ်ကျလာ၏။ အနီးကပ် သေချာသွားရောက်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ဟောခန်းသခင်ကျိ ဖြစ်လို့နေခဲ့သည်။ ဟောခန်း သခင်ကျိ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မဲတူးလျက်ရှိနေပြီး ပါးစပ်ထဲမှ အမြှုပ်များ ထွက်နေ၏။ အခြေအနေကို ကြည့်ရှုရသည်မှာ မိုးကြိုးအပစ်ခံလိုက်ရပုံပင်။
ဆွစ်
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲမှ ထွက်ပေါ်လာပြီး အော်ဟစ်လိုက်၏။ “တပည့်တွေ… မိုးကြိုးတည်နေရာထဲက မြန်မြန်ရှောင်ကြ”
ရွှီး
ချက်ချင်းပဲ ဤတောင်ကြီးပေါ်တွင် ဟာလာဟင်းလင်း ဖြစ်သွားသည်။
ဘုန်း ဘုန်း
မိုးကြိုးများသည် ဆက်တိုက်ဆိုသလိုပဲ ပစ်လွှတ်နေ၏။ ယခင်ကထက် ပိုမိုကာ အားကောင်းလာပြီး တစ်လုံးနှင့် တစ်လုံးကြားသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဝါများကို ထုတ်ဖော်နေ၏။ ပြောရမည်ဆိုလျှင် ထူးဆန်းလွန်းလှချေ၏။ ဤအဆင့် စွမ်းအင်မျိုးသည် တောင်ကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်သည့် စွမ်းအင်များ ဖြစ်၏။ သို့ပေမဲ့ အဆောက်အဦတစ်ခုဆီသို့ ကျဆင်းသည့်အချိန်မှာတော့ ဘာတစ်ခုမှ ဖြစ်မလာခဲ့ပဲ ပျောက်ကွယ်သွားခဲ့သည်။
“ဒါ ဒုတိယစီနီယာအစ်ကိုရဲ့အခန်းပဲ”
မိုးကြိုးများသည် လီချင်းယန် ရှိရာခြံဝန်းဆီသို့ ပစ်မှတ်ထားကာ ကျဆင်းနေခြင်းဖြစ်သည်။ ဟောခန်းသခင်ကျိ မိုးကြိုးအပစ်ခံရသည်မှာတော့ အင်္ကျီကို လိုက်ဖမ်းရင်း လီချင်းယန် ရှိရာ အိမ်ဆောင်ဆီသို့ ရောက်ရှိသွားခဲ့သောကြောင့်ပင်။
“ချီးတဲ့မှ… ဘာတွေဖြစ်ကုန်တာလဲ” တပည့်များအားလုံးသည် ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။
အဓိကဟောခန်းရှေ့တွင် မတ်တပ်ရပ်လျက်ရှိသည့် ကျွင်းချောင်ရှောင်းမှာတော့ လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြုံးလိုက်မိသည်။ သူသာ အထင်မမှားဘူးဆိုလျှင် သူ၏ ဒုတိယတပည့်သည် မိုးကြိုးငါးပါးစိတ်ဝိညာဉ်နှင့် ကံကြမ္မာ ရေစက်ပါသည့်ပုံပေါ်၏။ လက်ရှိအချိန်မှာတော့ ပေါင်းစပ်သွားခဲ့လေသည်။
မိုးကြိုးများ ပစ်ခတ်မှုသည် နှစ်နာရီခန့် ကြာမြင့်၏။ အတွင်းစည်းတပည့်များ နေထိုင်ရာ တောင်တန်းကြီး တစ်ခုလုံးတွင် မိုးကြိုးဓာတ်သဘာဝများနှင့် တဟုန်းဟုန်း တောက်ပနေသည်။ ဤအရာသည် မိုးကြိုးများ တည်ရှိ နေသောကြောင့် မည်သူမှ မဝင်နိုင်သည့် တားမြစ်တည်နေရာကြီးတစ်ခုကဲ့သို့ပင် ပြောင်းလဲသွားခဲ့၏။
“သူအောင်မြင်သွားတာလား” ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိသည်။
ဝှစ်
ထိုအချိန်မှာတော့ ဆန်းကြယ်လွန်းလှသော လေလှိုင်းများသည် လီချင်းယန်၏ ခြံဝန်းထဲမှ ထွက်ပေါ်လာ၏။ ချက်ချင်းပဲ ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး သံမဏိအရိုးမြို့နှင့် ချင်းယန်မြို့ဆီသို့ပင် ပျံ့နှံ့သွား ခဲ့သည်။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို ခံစားမိ၏။ ထို့ကြောင့် အံ့အားတသင့်ဖြင့် ပြောလိုက်မိသည်။ “သူ အဆင့်တက် တော့မှာပဲ”
အလွန် အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းများနှင့် နိယာမ သဘောတရားများသည် အဆင့်ကြီး တစ်ခု တက်ရောက်တော့မည်ဖြစ်ကြောင်း အမှတ်သင်္ကေတပင် ဖြစ်လေ၏။
လီချင်းယန်သည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်၌ တည်ရှိနေ၏။ ယခု အဆင့်တက်တော့မည် ဆိုသောကြောင့် နတ်ဘုရားလျှို့ဝှက်အဆင့်သို့ ခြေတစ်လှမ်းလှမ်းသော ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိသွားပေ လိမ့်မည်။
“ချီးတဲ့မှ”
စုရှောင်မိုသည် ရုတ်တရက် ထကာ အော်လိုက်မိ၏။ “ဒုတိယစီနီယာအစ်ကိုက အဆင့်ချိုးဖြတ်တော့မှာပဲ”
“ချီးပဲ”
စမ်းသပ်မှုမျှော်စင်၏ အပြင်ဘက်တွင် မတ်တပ်ရပ်လျက်ရှိသော ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာဖြင့် ပြောလိုက်သည်။ “ဒုတိယစီနီယာအစ်ကိုကတောင် ငါ့ကို ကျော်တက်သွားပြီပဲ”
ဟယ်ဝူတီက တွေးလိုက်မိသည်။ “ဒီလို ရုတ်တရက်ကြီး အဆင့်တက်လာတယ်ဆိုတာက မိုးကြိုးငါးပါး စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်လိုက်နိုင်တာနဲ့ ပတ်သက်မယ် ထင်တယ်”
အစစ်အမှန်ရှာဖွေခြင်းအဆင့်နှင့် နတ်ဘုရားလျှို့ဝှက်အဆင့်တို့သည် လောက၏ ဓာတ်သဘာဝများကို စုပ်ယူသည် နှင့် ဖြစ်တည်လာသည့်အရာ မဟုတ်ချေ။ ကြီးမားလွန်းလှသည့် အခွင့်အရေး၊ ကောင်းမွန်လွန်းလှသည့် အမွေအနှစ် များကို ရရှိမှသာလျှင် ထိုကဲ့သို့ အဆင့်များကို တက်မှာဖြစ်၏။
……………
ချင်းယန်မြို့၊ လီမိသားစု
ချောင်အာသည် ဥယျာဉ်ထဲတွင် ဟင်းသီးဟင်းရွက်များကို ချွေလျက်ရှိ၏။ ရုတ်တရက် လေလှိုင်းတစ်ခု ဖြစ်တည် လာသည်ကို ခံစားမိပြီးနောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အေးစက်သွား၏။ ပြိုင်စံရှားဂိုဏ်းရှိရာ တည်နေရာ ဆီသို့ အသာခေါင်းလှည့်ကြည့်လိုက်၏။ သူမသည် ပျော်ရွှင်စွာဖြင့် ပြောလိုက်မိသည်။ “ချင်းယန်”
လီမိသားစုခေါင်းဆောင်ကလည်း အဓိကဟောခန်းထဲမှ ထွက်လျှောက်လာ၏။ အဝေးတစ်နေရာတွင် ရှိနေသော မိုးကြိုးတိမ်များကို ကြည့်ရှုပြီးသည့်နောက် သူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့၏။
“ဒီအော်ရာ”
ဤအော်ရာများသည် သူ၏သားဆီမှဖြစ်သည်။
“ရောင်းရင်းကြီး”
မာဆာတိုကီတာနို သည် လှိုဏ်ဂူထဲမှ အသာလျှောက်ထွက်လာပြီးသည့်နောက် ပြောလိုက်၏။ “ခင်ဗျားတပည့်ဂိုဏ်းက တစ်ယောက်ယောက်ကတော့ နတ်ဘုရားလျှို့ဝှက်အဆင့်ကို ခြေတစ်လှမ်း လှမ်းနိုင်ပြီပဲ”
“ဟင်း”
ကြီးမြတ်သူတုံးကုသည် ခေါင်းကိုခါယမ်းကာဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ အဘိုးကြီးတွေကတော့ လူငယ်တွေ ကျော်တက်ကာ ခံနေရပြီ။ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး”
ကြီးမြတ်သူကုဟုန်နှင့် ကြီးမြတ်သူချင်းဝေတို့သည်လည်း ၎င်းတို့၏ သက်ဆိုင်ရာလှိုဏ်ဂူများဆီမှ ထွက်လျှောက် လာခဲ့ကြသည်။ အားလုံးတို့သည် ပြိုင်စံရှားဂိုဏ်းရှိရာ တည်နေရာဆီသို့ လှမ်းကြည့်ပြီးသည့်နောက် မျက်လုံးထဲတွင် မနာလိုမှုများ ပြည့်နှက်နေခဲ့သည်။ သူတို့သည် အချိန်အတော်ကြာမြင့်အောင် နေထိုင်ခဲ့ရ၏။ ထို့အတူ အချိန် အတော်ကြာမြင့်စွာပဲ ဤအစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့်၌ ပိတ်မိနေခဲ့သည်။ ထာဝရလောကကြီးထဲသို့ ရွေ့ပြောင်းရောက်ရှိပြီး ကောင်းမွန်လွန်းလှသည့် ကျင့်ကြံခြင်းပတ်ဝန်းကျင်၌ ပြောင်းရွေ့ နေထိုင်ခဲ့ရသည် ဆိုသော်လည်း အဆင့်တက်ဖို့ဆိုသည်မှာ ခပ်ဝေဝေ၊ ခပ်ဝါးဝါးသာလျှင်။
………
ပြိုင်စံရှားဂိုဏ်းထဲတွင် ဖြစ်တည်နေခဲ့သည့် အဆင့်တက်သည့် အရှိန်အဟုန်များသည် ထာဝရလောကကြီး တစ်ခုလုံးကိုပင် ပျံ့နှံ့သွားခဲ့၏။ သက်ရှိ၊ သက်မဲ့များ အားလုံးသည် ထိုအရာကို ခံစားနားလည်နိုင်သည်။ အံ့အားသင့် စရာကောင်းလွန်းလှ၏။ ဤကဲ့သို့သော မြင်ကွင်းမျိုးသည် နေ့ဝက်နီးပါးခန့် ကြာမြင့်လှ၏။ အားလုံးသောသူ တို့သည် တန်ခိုးကျင့်ကြံရင်းဖြင့် တစ်စုံတစ်ခုကို နားလည်နိုင်ရန် ကြိုးစားကြတော့သည်။
ပြီးသည့်နောက် လီချင်းယန်သည် ခြံဝန်းထဲမှ ပျံသန်းထွက်ခွာလိုက်၏။
ရွှီး
မိုးကြိုးနှင့် လျှပ်စီးကဲ့သို့သော အလင်းတန်းများသည် ပြိုင်စံရှားဂိုဏ်း၏အထက်တွင် ဖြစ်တည်နေခဲ့ပြီး အလွန် အားကောင်းလှသည့် မိုးကြိုးနတ်ဘုရားတစ်ပါး ကောင်းကင်ပေါ်တွင် မားမားမတ်မတ် ရပ်တည်နေသကဲ့သို့ပင်။
အားလုံး၏ မြင်ကွင်းထဲတွင် လီချင်းယန်သည် ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့၏။ ၎င်း၏ အသွင်အပြင်သည် ပြောင်းလဲမှု မရှိချေ။ သို့ပေမဲ့ မျက်လုံးထဲတွင် မိုးကြိုးအလင်းတန်းများ တဖျပ်ဖျပ် ဖြစ်တည်နေခဲ့၏။ ကြည့်ရှုရ သည်မှာ ပိုမိုရင့်ကျက်၍ အားကောင်းလာသည့်ပုံပေါ်သည်။ အမဲရောင်ဆံနွယ်များသည် လျှပ်စီးတန်းများနှင့် တလက်လက် လင်းလက်နေခဲ့၏။
လီချင်းယန်သည် ချောမောလှသည့် လူတစ်ယောက်ဖြစ်၏။ ထိုအရာကို သံသယရှိစရာ မလိုပေ။ လက်ရှိ အခြေအနေမှာတော့ မိုးကြိုးငါးပါး စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ပြီးသည့်နောက် သူသည် နတ်ဘုရားလျှို့ဝှက် နယ်မြေသို့ ခြေတစ်လှမ်း လှမ်းတက်ခဲ့၏။ သူ၏အသွင်အပြင်၊ အမူအရာများသည် ယခင်ကထက် ပိုမိုကာ အားကောင်းလာခဲ့သည်။
“ငါအမှန်ပြောမယ်”
စုရှောင်မိုက ပြောလိုက်၏။ “ငါ တကယ့်ကို မနာလို ဖြစ်နေပြီ”
“ကျုပ်လည်း တူတူပဲ” လီဖေးက ပြောလိုက်သည်။
“စိတ်မပူနဲ့”
ကျွင်းချောင်ရှောင်းသည် အသာလျှောက်လာပြီးသည့်နောက် ၎င်းတို့၏ ပခုံးပေါ်သို့ လက်တင်ကာ ပြောလိုက်၏။ “မကြာခင်မှာ မင်းတို့အားလုံးကလည်း ချင်းယန်လိုပဲ ကောင်းကင်ပေါ်မှာ မားမားမတ်မတ်ရပ်ပြီး လောကကြီးတစ်ခုလုံးက ချီးကျူးရတဲ့လူ ဖြစ်လာလိမ့်မယ်”
စနစ်က ပြောလိုက်၏။ “လက်ခံသူ မိုးကြိုးငါးပါး စိတ်ဝိညာဉ်နဲ့ မပေါင်းစပ်နိုင်ခဲ့လို့ ချင်းယန် အဆင့်တက်နိုင်ခဲ့တာ မဟုတ်လား။ ဘယ်လိုလာ ဂုဏ်မောက်နေတာလဲ။”
……..
“အဖေ”
ချင်းယန်မြို့၊ လီမိသားစုအတွင်းမှာတော့ ချောင်အာသည် ပျော်ရွှင်စွာ ပြောလိုက်၏။ “ဒါ တကယ့်ကို ချင်းယန်ပဲ”
သူမသည် လီချင်းယန်နှင့် စေ့စပ်ခဲ့ပြီးသားဖြစ်သောကြောင့် လီမိသားစုတွင် သွားရောက်ကာ နေထိုင်ခဲ့၏။ ထို့ကြောင့် လီမိသားစုခေါင်းဆောင်အား ခေါ်ဆိုသည့် နာမည်သည် အဖေဟုပင် ပြောင်းလဲသွားခဲ့၏။ လီမိသားစုခေါင်းဆောင်သည်လည်း သူ၏ သာမန်ဆန်လှသော ချွေးမကို လက်ခံခဲ့ပြီဖြစ်သည်။
ဆွစ်
ထိုအချိန်မှာတော့ ကောင်းကင်ပေါ်မှာ မတ်မတ်ရပ်လျက် ရှိနေသည့် လီချင်းယန်သည် လက်ကို အသာဆန့်တန်း လိုက်၏။ လျှပ်စီးကဲ့သို့အရာများ ဖြစ်တည်လာခဲ့ပြီး လီမိသားစုဆီသို့ ရောက်ရှိသွား၏။ ထိုအရာသည် ချောင်အာ အား အသာရစ်ပတ်ပြီးသည့်နောက် ကောင်းကင်ယံဆီသို့ အသာဆွဲတင်လိုက်၏။
လေထုထဲမှာတော့ လီချင်းယန်သည် ချောင်အာအား ခပ်တင်းတင်း ပွေ့ဖက်ပြီးသည့်နောက် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ တရှိုက်မက်မက် နမ်းရှိုက်လျက် ရှိနေတော့သည်။
စုရှောင်မိုသည် မျက်လုံးအပြူးသားနှင့် ဖြစ်သွား၏။ ခဏလောက်ကြာပြီးသည့်နောက် သူသည် လက်မထောင်ကာ ပြောလိုက်၏။ “အင်း ကျုပ်အရှုံးပေးပါပြီ”
သူသည် လူမြင်ကွင်းတွင် ရှရွှေယွင်ကို ချစ်စကားများ ပြောဆိုတတ်သည် ကလွဲလျှင် သူ၏ ဒုတိယစီနီယာအစ်ကို ကဲ့သို့ ရဲရဲတင်းတင်း ပြုလုပ်ဆောင်ရွက်ရဲခြင်း မရှိလှပေ။
“မဆိုးဘူး။ မဆိုးဘူး”
အကြီးအကဲဝေသည် သဘောတကျဖြင့် ပြုံးလိုက်သည်။ ပြီးနောက် အဓိကဟောခန်းထဲတွင် ရှိနေသော ကျွင်းချောင်ရှောင်းကို လှည့်ကြည့်ကာဖြင့် စိတ်သက်သာရာ ရသလို ပြောလိုက်သည်။ “ဂိုဏ်းချုပ်ရဲ့ ဦးဆောင်မှုအောက်မှာ တပည့်တွေ အကုန်လုံးက ဉာဏ်အလင်းရသွားကြပြီပဲ”
“ကျုပ်ရဲ့ဦးဆောင်မှု ဟုတ်လား”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “အကြီးအကဲဝေ… ခင်ဗျား ဘာကို ဆိုလိုတာလဲ”
အကြီးအကဲဝေသည် ပြုံးကာပြောလိုက်၏။ “ဂိုဏ်းချုပ်နဲ့ ဆရာကတော်တို့ ပဲ့ခန်းထဲမှာ နမ်းနေတဲ့ အကြောင်း တစ်ဂိုဏ်းလုံးသိပြီးသားလေ။ ဒါပေမဲ့ ဒီကိစ္စက ရှက်စရာ မဟုတ်ပါဘူး။ ဖုံးကွယ်ထားစရာ မလိုဘူး”
“…………”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွားခဲ့တော့၏။ “ဒါကို ဘယ်သူပြောတာလဲ”