အခန်း ၁၇၈၀
Vol. 120 Ch. 1780
အပိုင်း (၁၇၈၀)
ဂိုဏ်းတစ်ခုလုံး၏ သတင်းဖြန့်ဝေသူဖြစ်သော စုရှောင်မိုကြောင့် သူ၏အကြောင်းအရာအား တစ်ဂိုဏ်းလုံးသိရှိ သွားပြီဖြစ်ကြောင်း သိရှိပြီးသည့်နောက်မှာတော့ ကျွင်းရှောင်ချောင်းသည် ကျိန်းသေပေါက် သင်ခန်းစာ ပေးခြင်း အမှုကိုပြုလုပ်ခဲ့တော့၏။
“ဟင်း”
ဆေးရုံအခန်းထဲမှာတော့ ရှရွှေယွင်သည် စုရှောင်မို၏ ပါးစပ်နားတွင်ရှိနေသော အမြှုပ်များကို လက်သုတ်ပုဝါ ဖြင့် အသာသုတ်ကာပြောလိုက်၏။ “ရှင် ဒီအကျင့်ကို ဘယ်တော့ပြောင်းမှာလဲ”.
“........”
စုရှောင်မိုသည် နာနာကျင်ကျင်နှင့် ပြောလိုက်၏။ “ကိုယ်လည်း ပြောင်းချင်တယ်။ ဒါပေမဲ့ ပြောင်းလို့ မရတာလေ”
သူ့အနေနှင့် ရည်ရွယ်ချက်ရှိရှိ လျှောက်ကာပြောဆိုနေခြင်းမဟုတ်ချေ။ ပြောဆိုနေရင်းတန်းလန်းနှင့် အလိုလို ပါးစပ်ထဲမှထွက်သွားခဲ့ခြင်းဖြစ်သည်။
“ကျွန်မအထင်အရဆိုရင်”
ရှရွှေယွင်သည် ဆန်ပြုတ်တစ်ဇွန်းကို အသာခပ်ကာဖြင့် ပါးစပ်ထဲသို့ ထိုးထည့်၍ ပြောလိုက်၏။ “ရှင့်အနေနဲ့ ကုသဖို့လိုအပ်နေတဲ့ ရောဂါတစ်ခုလို့ ထင်လာပြီ။ ဒါကို စီနီယာ အစ်ကိုစွန်းကို သေချာကုခိုင်းမှဖြစ်မယ်”
“အင်း အမှန်ပဲ”
စုရှောင်မိုသည် သူမ၏လက်လေးကို အသာကိုင်ကာဖြင့် မေတ္တာသက်ဝင်ကာပြောလိုက်၏။ “ကိုယ့်ဆီမှာ ရောဂါတစ်ခုရှိနေတယ်။ ဘာရောဂါလဲဆိုတော့ နေ့တိုင်းမင်းကို မမြင်ရရင် မနေနိုင်တဲ့ရောဂါပဲ”
“တော်စမ်းပါ”
ရှရွှေယွင်သည် မျက်လုံးများချာချာလည်သွားမိ၏။ သူမသည် စုရှောင်မို၏ ချစ်စကားများနှင့် အသားကျနေပြီ ဖြစ်သောကြောင့် ရှက်ရွံ့မှုတော့မရှိခဲ့ချေ။ အတိတ်တုန်းကသာဆိုရင် ဦးခေါင်းကိုငုံ့ကာ ရှက်သွေးဖြာမိမှာ သေချာသည်။
“အင်း”
စုရှောင်မိုသည် ၎င်း၏ပါးစပ်ကိုဟကာ ပါးစပ်ထဲသို့ရောက်ရှိလာခဲ့သော ဆန်ပြုတ်အား ဝါး၍ ချီးကျူးလိုက်မိ၏။ “ရှယွင်.... မင်းရဲ့လက်ရာ တစ်ဖြည်းဖြည်း ပိုပိုပြီးကောင်းလာပြီလေ။ စားသောက်ခန်းကို တာဝန်ယူထားတဲ့ ဂျူနီယာ ညီမလေးလျှို အစားတောင်မှ ဝင်ပြီးချက်ပြုတ်လို့ရနေလောက်ပြီ”
“ဟောခန်းသခင်လျှိုသာ ဒီအရာကို ကြားမယ်ဆိုရင် စားသောက်ခန်းထဲကို ကျွန်မကို ဝင်ခွင့် မပေးမှာတောင် စိုးရိမ်ရတယ်” ရှရွှေယွင်သည် မနှစ်သက်သလိုပြန်ပြောလိုက်သည်။
“သူ လုပ်ရဲလား”
စုရှောင်မိုက ပြောလိုက်၏။ “ကိုယ်က ဒီဂိုဏ်းရဲ့ တတိယမြောက် စီနီယာအစ်ကိုပါကွ”
“အင်း”
ထိုအချိန်တော့ လျှိုဝမ်ရှစ်သည် ကြက်ဥတစ်ခြင်းကို ကိုင်ဆောင်ကာဖြင့် ဆေးရုံခန်းထဲသို့ဝင်လာ၏။ ပြီးနောက် ပြောလိုက်သည်။ “စီနီယာ အစ်ကို... ကြည့်ရတာ ဟောင်ဖွာဟောင်ဖွာနဲ့တောင် စကားပြောနေနိုင်ပါလား”
စောနတုန်းက မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားသည့် ဟန်ပန်မျိုးတည်ရှိနေသည့် စုရှောင်မိုသည် ချက်ခြင်းပဲ ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ “ဂျူနီယာ ညီမလေးလျှို ဘယ်လို့ရောက်လာရတာလဲ”
“.........”
ရှရွှေယွင်သည် ဆွံ့အသွားမိ၏။ စောနတုန်းကတည်ရှိလျက်ရှိသော ဂုဏ်ယူ၍မောက်မာလှသည့် အကြည့်နှင့် ပုံပန်းသွင်ပြင်များသည် ဘယ်ရောက်သွားသနည်း။
ပြိုင်စံရှားဂိုဏ်းတွင် သေသေချာချာ ရေးချထားခြင်း မရှိသောစည်းမျဉ်းစည်းကမ်းတစ်ခု တည်ရှိ၏။ ထိုအရာသည် ဂိုဏ်း၏အကြီးအကဲ (သို့မဟုတ်) ဂိုဏ်းရဲ့ ကာကွယ်စောင့်ရှောက်သူများပင်လျှင် ချိုးဖောက်၍မရနိုင်သည့်စည်းမျဉ်းဖြစ်သည်။
ဟောခန်းသခင်လျှိုသည် စားသောက်ခန်းကို တာဝန်ယူထားရသည့်လူတစ်ယောက်ဖြစ်ပြီး တစ်ဂိုဏ်းလုံး အနေနှင့် မည်သူ့ကိုမဆို ပြဿနာရှာ၍ ရသည်ဆိုသော်လည်း သူမကိုတော့ ပြဿနာရှာ၍မရနိုင်ချေ။ မဟုတ်ပါက အနာဂတ်တွင် ဆီနှင့်ဆားနှင့် နယ်စားရမည့် အခြေအနေမျိုးသို့ရောက်ရှိသွားနိုင်၏။
“အင်း... ဒီကိုလာပါပြီဆိုမှတော့ စီနီယာအစ်ကိုဆီ လာလည်တာပေါ့”
လျှိုဝမ်ရှစ်သည် စားပွဲပေါ်သို့ ကြက်ဥများကို တင်လိုက်၏။ ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်တီးများပတ်ထားသည့်ကို မြင်လိုက်ရသည့် အချိန်မှာတော့ သူမက ပြောလိုက်သည်။ “ဒီတစ်ခါတော့ ဂိုဏ်းချုပ်က နည်းနည်း လက်လွန်သွားတယ်နဲ့ တူတယ်”
“အင်း” စုရှောင်မိုသည် သက်ပြင်းချလိုက်၏ လျှိုဝမ်ရှစ်ထွက်ခွာသွားသည့်အချိန်မှာတော့ တခြားသော တပည့်များသည်လည်း လာရောက်ကာလည်ပတ်ကြသည်။ ၎င်းတို့အားလုံးသည် တတိယစီနီယာကို စာနာသနားစွာဖြင့် ကြည့်ရှုလိုက်ကြ၏။ သို့ပေမဲ့ စိတ်ထဲတွင် ကြိတ်ကာပျော်ရွှင်လျက်ရှိနေသည့် လူများလည်း တည်ရှိနေသေး၏။
မည်သူများဖြစ်မည်နည်း။ လီချင်းယန်နှင့် ရှောင်ကျီတို့ပဲဖြစ်သည်။
“ရှင့်အနေနဲ့ အနာဂတ်မှာ ပိုပြီး ဂရုစိုက်ဖို့လိုပြီ”
ရှရွှေယွင်သည် စားသောက်ပန်းကန်များကို သေသေချာချာပြန်လည်သိမ်းဆည်းကာ မတ်တပ်ထရပ်လိုက်၏။ “ကျွန်မ အရင် ပြန်နှင့်တော့မယ်”
“နေပါအုံး”
စုရှောင်မိုသည် သူမလက်လေးကို အသာလှမ်းဆွဲကာပြောလိုက်သည်။ “အခု ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားတာလေ။ မင်းက ဘယ်ကိုသွားမို့လဲ”
“စောစောစီးစီးထပြီးတော့ ရှင့်အတွက် ဆန်ပြုတ်တွေထပြုတ်ထားရတယ်လေ။ ဒီလောက်နဲ့ မလုံလောက် သေးဘူးလား” ရှရွှေယွင်ကပြောလိုက်၏။
“အဲ့ဒါကိုဆိုလိုတာမဟုတ်ဘူး”
“ဒါဆိုရင် ဘာကိုဆိုလိုတာလဲ”
“အင်း.....ဒါက ပဲ့ခန်းထဲမှာ ဂိုဏ်းချုပ်နဲ့ ဆရာကတော်တို့လုပ်သလိုပေါ့”
“အိမ်မက်ထဲမှာပဲရမယ်” ရှရွှေယွင်သည် ပြူးပြဲကာ စူးစိုက်ကြည့်ရှုရင်း လျှင်လျှင်မြန်မြန် ပြန်လည်ထွက်ခွာသွားခဲ့သည်။
ဂိုဏ်းချုပ်နှင့် ဆရာကတော်တို့သည် ပဲ့ခန်းထဲတွင် တစ်ယောက်နှင့် တစ်ယောက်ဖက်ကာ နမ်းလျက် ရှိနေသည်ကို သူမက သိရှိပြီးဖြစ်၏။ ထို့ကြောင့် ဆေးရုံအခန်းထဲမှ ပြန်လည်ထွက်ခွာသွားသည့်အချိန်တွင် သူမ၏မျက်နှာလေးသည် နီမြန်းနေခဲ့၏။
ပြိုင်စံရှားဂိုဏ်းတွင် ပထမဦးဆုံးစေ့စပ်ရသည့် စုံတွဲတစ်ခုဖြစ်သည်နှင့်အညီ ၎င်းတို့သည် တစ်ယောက်နှင့် တစ်ယောက် နက်နက်နဲနဲဖြင့် ချစ်မြတ်နိုးကြ၏။ သို့ပေမဲ့ လက်မထပ်ရသေးသည် ဖြစ်သောကြောင့် ဖြူစင်သန့်ရှင်းသည့် အချစ်ကိုသာ တည်ဆောက်ထားခဲ့ကြသည်။ လက်ကိုင်၍ ချစ်စကားများ ပြောဆိုသည် ကလွဲ၍ ထူးခြားသည့်အဆင့်ကို တက်လှမ်းခြင်းမရှိကြချေ။
သူတို့ နမ်းခဲ့သည်လား။ ကျိန်းသေပေါက် နမ်းခဲ့သည်ပေါ့။ သို့ပေမဲ့ ဤကဲ့သို့နမ်းခြင်းသည် စုရှောင်မိုက အစပျိုးကာဖြင့် တစ်ဖက်သက် နမ်းရှိုက်ခဲ့ခြင်းကိုသာဖြစ်သည်။ စုံတွဲများ နေရောင်အောက်တွင် အပြန်အလှန်နမ်းရှိုက်ခြင်း ဆိုသည်မှာ သဘာဝပင်ဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ စုရှောင်မိုသည် တစ်ဖက်သတ်ဆန်လွန်းနေခဲ့၏။
“အင်း” စုရှောင်မိုသည် အိပ်ရာပေါ်သို့အသာလှဲကာဖြင့် ပြတင်းပေါက်မှတဆင့် အပြင်ဘက်မှာ ရှိနေသော မြင်ကွင်းများကို လှမ်းကာကြည့်ရှုလိုက်၏။ ဂိုဏ်းချုပ်နှင့် လီချင်းယန်တို့၏ အပြုအမူများကို ပြန်လည် စဉ်းစားမိသည့်အချိန်မှာတော့ သူသည် မည်သို့မျှမနေနိုင်ဘဲ ရှက်ရွံ့ခဲ့မိသည်။ “ငါ တကယ့်ကို ညံ့တာပဲ”
လီချင်းယန်၏ ပြုမူဆောင်ရွက်ပုံသည် ထင်မှတ်ထားသည်ထက် ပိုမိုကာသာလွန်းလှ၏။ သို့ပေမဲ့ ကုန်းရှန့်က တော့မဟုတ်ချေ။ ကုန်းရှန့်ကို ထည့်သွင်းပြောဆိုရန် မထိုက်တန်သည်ကို သူ၏ တပည့်များတောင် မသိရှာပေ။
........
နောက်တစ်ရက်မှာတော့ ရှရွှေယွင်သည် မနက်ခင်းတိုင်း ၊မနက်ခင်းတိုင်း အစားအသောက်များကို လာရောက် ကာပေးပို့၏။ မနက်၊ နေ့လည်နှင့် ညများတွင် အစားအသောက်များကို လာရောက်ကာပေးပို့၏။ သူမသည် ထိုကဲ့သို့သော အပြုအမူများကိုပြုလုပ်၍ စုရှောင်မိုကို မည်မျှချစ်ခင်နှစ်သက်ကြောင်း ပြသခဲ့တော့၏။
သက်ဆိုင်ရာဌာနများ၏ သတင်းပေးပို့ချက်များအရဆိုလျှင် ဤစာအုပ်ကို ဖတ်ရှုကြသည့် စာဖတ်သူ ၉၉ ရာခိုင်နှုန်းသည် တစ်ကိုယ်တည်း စော်မရှိ၊ ဘဲမရှိများဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ ချစ်ခန်း၊ ကြိုက်ခန်း များကို သေသေချာချာရေးသားလျှင် သိမ်ငယ်ကြမည်ဆိုသောကြောင့် ဤတည်နေရာတွင်ပင် ရပ်တန့်ရ ပေလိမ့်မည်။
“ရွှေယွင်”
ထိုနေ့မှာပဲ စုရှောင်မိုကပြောလိုက်၏။ “ဒီလိုပြန်ပြီး အားမွေးရတဲ့အတောအတွင်းမှာ စဉ်းစားတွေးတောစရာတွေ အများကြီးရှိခဲ့တယ်။ မင်းကို အတူတူခေါ်ပြီးတော့ ဒီလောကကြီးထဲအနှံ့ကို လှည့်လည်ပြီးတော့ လျှောက်သွားချင်တယ်။ ထာဝရ လောကကြီးရဲ့နေရာအနှံ့မှာ ခြေရာမကျန်အောင်လို့ လျှောက်ပြီးသွားချင်သေးတယ်”
အချက်အလက်အားဖြင့် သူသည် ဒဏ်ရာများမှ ပြန်လည်သက်သာနေသည်မှာ ကြာမြင့်နေပြီဖြစ်၏။ သို့ပေမဲ့ တစ်ချိန်လုံး အိမ်ရာပေါ်မှာလဲလျောင်းနေခြင်းမှာမူ သူ၏ စေ့စပ်ထားသည့်မိန်းကလေးနှင့် အချိန်ပိုမိုကာ နေထိုင်ခွင့်ရစေသလို ယွမ်သခင်လေးကို ရှောင်ရှားချင်သောကြောင့်လည်းဖြစ်၏။ ချစ်ခင်နှစ်သက်ရသည့် မိန်းကလေးတစ်ယောက်သည် နေ့စဉ်နေ့တိုင်းလာရောက်ကာ ပြုစုစောင့်ရှောက်မှုကို မလိုချင်သည့်သူ မည်သူ ရှိမည်နည်း။
စုရှောင်မိုသည် လတ်တလောတွင် စိတ်ပိုင်းဆိုင်ရာအရ ပြောင်းလဲသွားခဲ့၏။ ဂိုဏ်းချုပ်နှင့် လီချင်းယန် တို့၏ အစွမ်းအစကို မြင်ရပြီးသည့်နောက် သူသည်အမှန်ပင်ပိုမိုကာ ရှက်ရွံ့လာခဲ့၏။ ရီရှင်းချန်နှင့် ပြဿနာ တက်ခဲ့စဉ်ကလည်း လူသားတစ်ယောက်တွင် ချစ်ရေးချစ်ရာကိစ္စနှင့် မေတ္တာတရားများကို တန်ဖိုးထား ရမည်ဟု သူက ကြီးကြီးကျယ်ကျယ် ပြောဆိုခဲ့ဖူးသည်။ သို့ပေမဲ့ ဘာတစ်ခုမှ လက်တွေ့အကောင်အထည် မဖော်နိုင်ခဲ့ချေ။
“ဂိုဏ်းချုပ်က သဘောတူပါ့မလား” ရှရွှေယွင်က မေးလိုက်သည်။
“အင်း.....တူတာပေါ့”
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ဆေးရုံ၏ အခန်းတံခါးရှေ့၌ ပေါ်ပေါက်လာခဲ့၏။ “လောကကြီးက အကြီးကြီးပဲလေ။ မင်းတို့ ဂိုဏ်းထဲမှာ နေနေမဲ့အစား အပြင်ဘက်ကို ထွက်ပြီးလည်း လျှောက်သွားသင့်တယ်”
“ဂိုဏ်းချုပ်” စုရှောင်မိုသည် စိတ်လှုပ်ရှားသွားမိသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အိပ်ရာအပေါ်မှာ လှဲနေစရာတော့မလိုဘူးမလား”
ဆွစ်
စုရှောင်မိုသည် ချက်ခြင်းပဲအိပ်ရာပေါ်က ခုန်ချလိုက်၏။ ပြီးသည့်နောက် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “ပြန်ကောင်းနေတာကြာပါပြီ”
ဘုတ်
ဟန်ထုတ်ကာ ဂါရဝပြုလိုက်သည့်အချိန်မှာတော့ အရှိန်မထိန်းနိုင်ဘဲ နဖူးနှင့် မြေပြင် ရိုက်မိလေ၏။ “အမလေးဗျာ”
“ယွမ်သခင်လေး”
ကျွင်းချောင်ရှောင်းသည် နောက်ဖက်မှ လိုက်ပါလာခဲ့သည့် ယွမ်ဖန်ကို လှည့်ကြည့်ကာဖြင့် ခံစားချက်မဲ့စွာ ပြောလိုက်သည်။ “မှတ်ထား။ စုရှောင်မိုရဲ့လစာကို တစ်နှစ်စာဖြတ်မယ်”
“ကောင်းပါပြီ”
ယွမ်သခင်လေးသည် သူ၏ မှတ်စုစာအုပ်လေးကို ထုတ်ယူကာဖြင့် သေသေချာချာ မှတ်သားလျက် ရှိ၏။ ရေးသားထားတဲ့ စာအုပ်ကို သေသေချာချာလှမ်းကာ ကြည့်ရှုလိုက်မည်ဆိုလျှင် ဟောခန်းသခင်ကျိအား ဂိုဏ်းယူနီဖောင်း မိုးကြိုးပစ်ကာ ပျက်စီးခဲ့စေသည့်အတွက် သားရဲဆေးလုံး ၁၀၀၀၀ ပြစ်ဒဏ်ဖြင့် ချမှတ်ခဲ့ကြောင်းလည်း ပါဝင်နေ၏။.
.....
နောက်တစ်ရက်မှာတော့ စုရှောင်မိုသည် သာမာန်အဝတ်အစားများကို ပြောင်းလဲပြီးသည့်နောက် ရှရွှေယွင်နှင့် အတူ ပြိုင်စံရှားဂိုဏ်းထဲမှ ထွက်ခွာသွားခဲ့၏။ ဂိတ်တံခါးရှိရာသို့ လှမ်းလျှောက်ပြီးသည့်နောက်မှာတော့ ဂိုဏ်းတူရောင်းရင်းများအားလုံးကို လက်ဝှေ့ယမ်း နှုတ်ဆက်ရန် မမေ့လျော့ ကြချေ။
“သူတို့နှစ်ယောက်တည်းထွက်ခွာသွားဖို့ ဘာကြောင့်ခွင့်ပြုလိုက်ရတာလဲ” အဓိကဟောခန်းကြီး အရှေ့မှာတော့ နှင်းဆီဧကရီက မေးလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အကြီးအကဲဝေ ကပြောခဲ့ဖူးတယ်လေ။ ရှောင်မို့အနေနဲ့ လုံလောက်တဲ့ အတွေ့အကြုံမျိုးကိုရဖို့ လိုအပ်နေသေးတယ်။ ဒါမှ ချစ်ခြင်းတရားရဲ့သဘောတရားတွေကို နက်နက်နဲနဲ နဲ့ ပိုပြီးနားလည်လာလိမ့်မယ်”
“အဲဒီတော့”
နှင်းဆီဧကရီသည် ခြံစည်းရိုးကို အသာမှီကာဖြင့် လက်ပိုက်ကာ ပြောလိုက်သည်။ “ရှင်က သူတို့နှစ်ယောက်ကြားမှာရှိတဲ့ ချစ်ခြင်းတရားတွေ ပိုပြီးတော့ခိုင်မြဲလာစေဖို့အတွက် အပြင်ဘက်ကို လွှတ်လိုက်တာပေါ့”
“သိပ်မှန်တာပေါ့” ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်သည်။
နှင်းဆီဧကရီက ပြောလိုက်၏။ “ရှင်က ရှင့်တပည့်တွေရဲ့ အချစ်ရေးတွေကိုပဲ စဉ်းစားပေးလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့မိဘူး”
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့ကာဖြင့် ပြောလိုက်သည်။ “ကျုပ်လို ဂိုဏ်းချုပ်မျိုး ဘယ်မှာရှိမှာလဲ”
“အင်း ဒါနဲ့ ရှင်ကျွန်မကို ဘယ်အချိန်ခေါ်ပြီးတော့ အပြင်ဘက်ကို လျှောက်သွားမှာလဲ” နှင်းဆီဧကရီသည် ကျွင်းချောင်ရှောင်း၏ မျက်လုံးတွေကို စူးစိုက်ကြည့်ကာ မေးမြန်းလိုက်၏။
“ကျုပ် မအားသေးဘူး” ကျွင်းချောင်ရှောင်းသည် အသာလှည့်ကာဖြင့် အဓိကဟောခန်းထဲသို့ ဝင်ရောက် သွားသည်။
နှင်းဆီဧကရီသည် ဦးခေါင်းကို ခါယမ်းလိုက်မိ၏။ ဤအဖြေသည် သူမမျှော်မှန်းထားသည့်အဖြေသာလျှင် ဖြစ်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ ဝင်ပေါက်သို့ရောက်ရှိသည့်ချိန်မှာတော့ နောက်သို့လှည့်မကြည့်ဘဲ ပြောလိုက်၏။ “နောက်ရက်သွားကြမယ်”
နှင်းဆီဧကရီက ကြောင်အသွား၏။ ‘မအားဘူး’ ဆိုသည့်အဖြေသည် ရိုးရှင်းလှသည့် အဖြေတစ်ခုသာ ဖြစ်၏။ သို့ပေမဲ့ ငြင်းပယ်ခဲ့သည်မဟုတ်ချေ။ နောက်ရက်ဟု ထပ်မံကာပြောဆိုခဲ့သည်ဖြစ်သောကြောင့် ဒီနေ့ မအားဘဲ နောက်ရက်အားလျှင် လိုက်ပို့ပေးမည်ဟု ဆိုလိုခြင်းပင်။
........
ထို့နေ့မှာပဲ စုရှောင်မိုသည် ရှရွှေယွင်နှင့်အတူ ပြိုင်စံရှားဂိုဏ်းမှ ထွက်ခွာသွားခဲ့၏။ ၎င်းတို့နှစ်ယောက် မည်သည့်အချိန်တွင် ပြန်ရောက်လာမည်ကိုမသိခဲ့ချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်၏ ခွင့်ပြုမှုကိုရရှိခဲ့ပြီ ဖြစ်သောကြောင့် ၎င်းတို့အနေနှင့် အပြင်ဘက်တွင် မိသားစုတစ်ခုကို တည်ထောင်ခဲ့သည်ဆိုလျှင်တောင်မှ ဂိုဏ်းချုပ်က အပြစ်ဆိုလိမ့်မည်မဟုတ်ချေ။
အကြီးအကဲဝေ၏ ပညာဆက်ဆံသူတစ်ယောက်အနေနှင့် စုရှောင်မိုသည် ချစ်ခြင်း မေတ္တာတရားများကို အလွန်ပင်တန်ဖိုးထားလှ၏။ သူ၏စေ့စပ်ထားသည့်မိန်းကလေးနှင့်အတူ တစ်လောကလုံးကို လှည့်လည် သွားလာပြီးသည့်နောက် နတ်ဘုရားလျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်းလှမ်းသည့် အဆင့်သို့ တိုးတက် သွားနိုင်ရန် မျှော်လင့်နေမိသေးသည်။
“ရှောင်မို”
တောင်ထွတ်တစ်ခု၏ရှေ့တွင် မတ်တပ်ရပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မင်းပြန်လာတဲ့အချိန်မှာ ငါ့ကို အံ့အားသင့်စရာတွေပေးမယ်လို့ ထင်တယ်”