အခန်း ၁၇၈၁
Vol. 120 Ch. 1781
အပိုင်း (၁၇၈၁)
စုရှောင်မိုသည် ရှောင်ကျီနှင့်အတူ ထွက်ခွာသွားခဲ့၏။ ဂိုဏ်းမှ တခြား တပည့်များသည် ဆက်လက်ကာ လေ့ကျင့်လျက် ရှိနေကြ၏။ တာဝန်များကို ပြည့်စုံအောင် ပြုလုပ်ကြပြီး များပြားလှသည့် နယ်မြေအတွင်းသို့ သွားရောက်၍လည်း အတွေ့အကြုံ ယူကြ၏။ ၎င်းတို့၏ နေ့စဉ်လုပ်ဆောင်မှုများသည် သမားရိုးကျပြီး ပျင်းရိဖွယ်ရာ ကောင်းလွန်းလှသည်။
ကျွင်းချောင်ရှောင်းသည်လည်း အလကားမနေလှချေ။ ထာဝရ ရွက်သင်္ဘောကြီးကို မောင်းနှင်ကာဖြင့် စကြာဝဠာပတ်လမ်းကြောင်းထဲသို့ လှည့်လည်ကာ သွားလာနေ၏။ ဂြိဟ်တစ်ခုကို သွားလာသည့် အချိန်တိုင်း အထဲသို့ ဝင်ရောက်ကာ ကြည့်ရှုသည်။ ဘာတစ်ခုမှ မရှိလျှင် သူ့အနေဖြင့် ဆေးပင်များကို ဝယ်ယူခြင်း ပြုလုပ်၏။ ထာဝရလောကကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူသည် အစစ်အမှန် ကြိုးစားလျက်ရှိနေ၏။
ဆေးပင်များ စိုက်ပျိုးရန် ဆေးမျိုးစေ့များလည်း လိုအပ်နေ၏။ တစ်ချိန်တည်းမှာပဲ အရသာခြောက်ပါး ဆေးလုံးကို သန့်စင်နိုင်ရန်အတွက် လိုအပ်သည့် ဆေးပင်များကိုလည်း သူသည် တွေ့သည့်အချိန်တိုင်း ဝယ်ယူလျက် ရှိနေသေး၏။ ဆေးနည်းများအတိုင်း ဖော်စပ်နိုင်ရန်အတွက် အဆင့်မြင့်ဆေးမျိုးစေ့၊ ဆေးပင်များကို လိုအပ်သည်။ ထိုကဲ့သို့သော အဆင့်မြင့် ကုန်ကြမ်းများကို သာမန်ဂြိုဟ်တစ်ခုတွင် ဝယ်ယူရန် ခက်ခဲလှသည် ဆိုသည်မှာ သဘာဝပင် ဖြစ်၏။ ဤအရာသည် ကျွင်းချောင်ရှောင်းကို စိတ်တိုစေ၏။ ဤအတောအတွင်း သူသည် စတိုးဆီသို့ အခေါက်ပေါင်းများစွာ သွားခဲ့၏။ သို့ပေမဲ့ သူ၏ကံတရားသည် ဆိုးရွားလှချေသည်။ ရှိရှိသမျှ အရာအားလုံးကို အသုံးပြုသည် ဆိုလျှင်တောင်မှ အသုံးဝင်သည့် အရာဟူ၍ တစ်ခုမှ မတွေ့ခဲ့ချေ။
"ဒီတိုင်းဆိုရင် မင်းကို ဘယ်လိုယုံကြည်ရတော့မလဲ" ကျွင်းချောင်ရှောင်းက စောဒက တက်လိုက်၏။
စနစ်ကပြောလိုက်သည်။ "ဆိုရိုးတစ်ခု ရှိတယ်လေ။ အစစ်အမှန် အောင်မြင်မှုရဲ့ သော့ချက်က လေးနက်မှုပဲ ။ လက်ခံသူက လေးနက်မှုလိုအပ်နေတာ "
"…….." ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွား၏။
"ဒီနေ့ ကောင်းကင်တိမ်နယ်မြေရဲ့ ပန်းတစ်သောင်းပွဲတော် ရှိတယ်လေ။ ရှင်ကျွန်မနဲ့အတူ သွားပြီးတော့ ကြည့်ချင်လား" နှင်းဆီဧကရီသည် လာရောက်ကာ မေးမြန်းလိုက်သည်။ တနည်းဆိုရလျှင် လိုက်ပို့ပေးရန် လာရောက် ပူဆာခြင်းလည်း ဖြစ်သည်။
သူတို့ရောက်ရှိနေရာ ဂြိုဟ်အား ကောင်းကင်တိမ်နယ်မြေဟု ခေါ်ဆို၏။ ဤဂြိုလ်သည် သာမန်ဂြိုဟ်တစ်ခုသာ ဖြစ်၏။ သို့ပေမဲ့ နှစ်စဉ်နှစ်တိုင်း ပန်းပွဲတော်ကို ပြုလုပ်တတ်၏။ ၎င်းတို့နှစ်ယောက် ရောက်ရှိလာသည့် အချိန်သည် အချိန်ကိုက်ပင် ဖြစ်လို့နေ၏။
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဘာမှလုပ်စရာမရှိမဲ့အတူတူ သွားကြတာပေါ့"
၎င်းတို့နှစ်ယောက်သည် အခန်းထဲမှ လျှောက်ထွက်ပြီးသည့်နောက် စားသောက်ခန်းအပြင်သို့ ထွက်သွားခဲ့ကြ၏။ ပန်းပွဲတော်ကျင်းပသည့် နေရာဆီသို့ တည့်တည့်ပင် သွားလိုက်ကြ၏။ လမ်းတစ်လျှောက်တွင် မီးအိမ်များ အလံတိုင်များဖြင့်အလှဆင်ထားပြီး အမှန်ပင် လှုပ်ရှားတတ်ကြွလျက် ရှိနေ၏။
အမျိုးသား၊ အမျိုးသမီး ၊ လူငယ်လူရွယ် အားလုံးတို့သည် တောက်ပသည့် အဝတ်အစားများကို ဝတ်ဆင်ကာ ပွဲတော်ကို ကျင်းပလျက် ရှိနေကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် အပြုံးများ ဖြစ်တည်နေသည်။
"မမလှလှ"
မိန်းကလေးတစ်ယောက်သည် ဆွဲကြိုးတစ်ခုကို ကိုင်ဆောင်ကာ ပြေးလာ၏။ ပြီးနောက် အသာ ခေါင်းမော့ကြည့်ကာ ပြုံးလိုက်၏။ "ဒါကို လိုချင်လား"
ဟွာချင်းရှင်း၏ ရောင်စုံသက်တန့် ဓာတ်တစ်ထောင် ဝိညာဉ်ကို အမွေဆက်ခံပြီးသည့်နောက် နှင်းဆီဧကရီသည် ဝိညာဉ်မျိုးနွယ် တစ်ခုလုံးတွင် အလှပဆုံးသောသူ ဖြစ်လာခဲ့၏။ ထို့ပြင် ပြင်ပလောကတွင်လည်း အလွန်ပင် ချောမောလှပသည် မိန်းကလေးတစ်ယောက်ဟု မှတ်တမ်းဝင်နိုင်၏။ ကလေးသူငယ်များသည် သူမအား နတ်သမီးတစ်ပါးဟု ထင်မှတ်နေကြသည်။
ကျွင်းချောင်ရှောင်းသည် ပြုံးလိုက်မိ၏။
"ဟိုခပ်ချောချော အစ်ကိုကြီး တစ်ခုလိုချင်သေးလား" ထိုမိန်းကလေးက ထပ်မေးလိုက်သည်။
‘ခပ်ချောချော’ ဟု ပြောဆိုလိုက်သော စကားလုံးသည် ကုန်းရှန့်အား အမှန်ပင် စိတ်ကျေနပ်စေ၏။ ထို့ကြောင့် ထိုကလေးမ၏ ဦးခေါင်းကို အသာပွတ်သပ်ကာ ပြုံး၍ ပြောလိုက်၏။ "နှစ်ခုပေး"
သူတို့နှစ်ယောက်သည် ပန်းပွဲတော်ကို လာရောက်ဆင်နွဲနေသည် ဆိုမှတော့ စုံတွဲလည်ဆွဲကို ဝတ်ဆင်မှ ဖြစ်ပေလိမ့်မည်။ ထိုအရာသည် ပျော်ရွှင်ခြင်းနှင့် ကျန်းမာခြင်းကို ကိုယ်စားပြုသည့် သင်္ကေတပင်။ ပန်းပွဲတော်ကို လာကြည့်သည် ဆိုသော်လည်း ဤဂြိုလ်ကြီးတွင် ရှိနေသော ဓလေ့ထုံးစံများကို လိုက်နာရမှာ သဘာဝပင် ဖြစ်သည် မဟုတ်ပါလား။
"နတ်သမီးလိုအမနဲ့ အင်မော်တယ် အစ်ကိုကြီးတို့ အတူတကွ နေထိုင်ပေါင်းဖက်နိုင်ကြပါစေ" ထိုမိန်းကလေးသည် ပျော်ရွှင်စွာဖြင့် ဆုတောင်းပေးလိုက်သည်။
ထိုအချိန်မှာပဲ သူမဆီမှ ဆွဲကြိုးတစ်ခုကို ဝယ်သွားသော ကောင်လေးသည် ဘေးတစ်ဖက်တွင် ရှိနေသော မိန်းကလေး ကို ကြည့်ကာ မေးမြန်းလိုက်၏။ "ရှောင်ယု … ငါမင်းကို ဝတ်ပေးရမလား"
"အင်း" ဘေးတစ်ဖက်ရှိ မိန်းကလေးက ရှက်ရွံ့စွာဖြင့် ဦးခေါင်းကို ငုံ့ထားသည်။
ထိုမြင်ကွင်းကို ဟွာမင်ကွေ့ က မြင်လိုက်ရ၏။ ထို့ကြောင့် အသာလှည့်ကာ ပြောလိုက်၏။ "ရှင်ရော ကျွန်မကို ကူပြီးဝတ်ပေးမှာလား"
"…...."
"ထားလိုက်တော့ ထားလိုက်တော့”
“ဝတ်ပေးရတော့မှာပေါ့။ ခေါင်းကို ငုံ့အုံး….."
ဂျွတ် ….။
ကျွင်းချောင်ရှောင်းသည် ရှက်နေသောကြောင့် အားသုံးတာ နည်းနည်း များသွားခဲ့၏။ နှင်းဆီဧကရီသည် စွမ်းအားမြင့် ကျင့်ကြံသူဖြစ်နေသည်မှာ ကံကောင်း၏။ သာမန်မိန်းကလေးဆိုပါက အားအသုံးလွန်၍ ဇက်ကျိုးပြီး သေသွားနိုင်သည်။
……..........
ပန်းတစ်ထောင်ပွဲဆိုသည် ပန်းများပြသရသော ပွဲဖြစ်ကြောင်း သိသာလှ၏။ မြို့၏ အလယ်ဗဟိုတွင် များပြားလှသော ပန်းပင်များ၊ စိုက်ခင်းများ တည်ရှိလို့နေခဲ့ပြီး တစ်ခုနှင့်တစ်ခု အလှချင်းပြိုင်လျက် ရှိနေ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့ ရောက်ရှိလာသည့် အချိန်မှာတော့ ရိုးရှင်းလှသည့် ဝတ်စုံကို ဝတ်ဆင်ထားသည် ဆိုသော်လည်း နှင်းဆီဧကရီသည် အလွန်လှပလွန်းသောကြောင့် ပွဲခင်းထဲရှိ လူများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ငေးမောနေမိကြသည်။
"နတ်မိမယ်လေးပဲ"
ဖြတ်သွားဖြတ်လာများ အားလုံးသည် အံ့အားသင့်စွာဖြင့် ချီးမွမ်းလျက် ရှိနေ၏။ ဤကဲ့သို့သော အလှတရားကို ကဗျာဖွဲ့ဆိုရလျှင် များစွာသော ကဗျာတို့သည် အထပ်ထပ် ပေါ်ပေါက်လာမှာ အသေချာပင်။
"သေချာပြီ"
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာပြောလိုက်၏။ "လှပတဲ့ မိန်းကလေးတစ်ယောက်က ဘယ်နေရာကိုသွားသွား အားလုံးရဲ့ ချီးကျူးမှုကို ခံရမှာပဲ"
"ရှင်ကျွန်မကို ချီးကျူးနေတာလား"
"အင်း"
သူတို့နှစ်ယောက်သည် နှစ်နာရီကြာသည် အထိ ပန်းပွဲတော်ထဲ၌ လျှောက်ကြည့်ခဲ့ကြ၏။ ပြီးသည့်နောက် အနီးအနားတွင် ရှိနေသော မုန့်ဆိုင်များ၊ မိတ်ကပ်ဆိုင်များသို့ ဝင်ရောက်ပြီး လိုချင်တာများကို ဝယ်ယူတတ်သေးသည်။
ထာဝရလောကကြီးဆီသို့ ပြန်ရောက်ပြီးနောက် ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒါက ခင်ဗျားကို ခေါ်ပြီးတော့ မြင်ကွင်းသွားကြည့်တာပဲနော်"
"တစ်ခါပဲလား"
"ခင်ဗျားက ဘယ်နှစ်ခါတောင် သွားချင်လို့လဲ"
"အနည်းဆုံး ရှောင်မိုလိုမျိုး လအနည်းငယ်လောက် အပြင်ကို ထွက်ချင်တာပေါ့"
"တော်ပါတော့ ….. ကျုပ်က ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်လေ"
အနီးအနား ပန်းခြုံထဲတွင် ခိုးနားထောင်လျက် ရှိနေသော ယွမ်ဖန်သည် ချက်ချင်းပဲ ဦးခေါင်းကိုမော့ကာ ပြောလိုက်သည်။ "သွားချင်ရင် သွားလို့ရပါတယ်။ ဂိုဏ်းကိစ္စတွေ ကျုပ်တာဝန်ယူသွားပေးမယ်"
ဘန်း …..
စိတ်ဝိညာဉ်သားရဲတောင်ထွတ်ပေါ်မှာတော့ ဂိုဏ်းဝတ်စုံအသစ်ကို ဝတ်ဆင်ထားသည့် ဟောခန်းသခင်ကျိသည် အပြင်ဖက်သို့ ဟန်ပါပါဖြင့် လှမ်းလျှောက်နေတုန်းမှာပဲ `ဘုန်း´ ဟူသည့် အသံကို ကြားလိုက်ရသည်။ သေချာ ကြည့်ရှုလိုက်သည့် အခါမှာတော့ သူ၏ရှေ့မြေပြင်ပေါ်သို့ ခေါင်းဖြင့် ပြုတ်ကျလာသည့် လူတစ်ယောက်ကို မြင်လိုက်ရ၏။
"ဟာ …. ယွမ်သခင်လေးပဲ" အကြီးအကဲညိုက လှမ်းပြောလိုက်သည်။
ဟောခန်းသခင်ကျိသည် ဝတ်ထားသည့် အဝတ်အစားများကို လှမ်းကြည့်လိုက်သည်နှင့် တစ်ခါတည်း နားလည်၏။ သူ့အား သားရဲဆေးလုံးတစ်သောင်း ဒဏ်ရိုက်ခဲ့သည့် ယွမ်သခင်လေး ဤသို့ဖြစ်နေသည်ကို မြင်ရသည့်အခါမှာတော့ မည်သို့မှ ခံစားချက်ကို မထိန်းသိမ်းနိုင်တော့ချေ။ အားရပါးရ ထကာ ရယ်မောလိုက်မိ၏။
“ဟားဟားဟားဟားဟား”
ဇွီ ဇွီ ……။
အရယ်လွန်သွားသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တင်းကျပ်သွားခဲ့၏။ အားတင်းသွားသောကြောင့် အသစ်တဖန် ဝယ်ယူထားခဲ့သော ဂိုဏ်းဝတ်စုံသည် ပြန်လည်စုတ်ပြဲသွား၏။ ဟောခန်းသခင်ကျိ၏ မျက်နှာပေါ်တွင် ရှိနေသော ပျော်ရွှင်ခြင်းများသည် ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားရလေသည်။
............
ထာဝရရွက်သင်္ဘောကြီးသည် စကြဝဠာပတ်လမ်းအတွင်းတွင် လှည့်လည်ကာ ခရီးသွားလာနေ၏။ သူတို့သည် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ အလျင်အမြန် သွားရန် အလျင်လိုခြင်းတော့ မရှိကြချေ။
ကျွင်းချောင်ရှောင်း အနေဖြင့် ကြီးမားလှသည့် ဂြိုဟ်တစ်ခုခု တွေ့သည်နှင့် တစ်ပြိုင်နှက် အထဲသို့ဝင်၍ ဆေးပင် သတင်းအချက်အလက်များကို စုံစမ်းတတ်သည်။
နတ်ဆေးတောင်ကြားနယ်မြေ ….။
ဤနေရာသည် ဆေးပင်အများအပြား တည်ရှိနေသည့် နေရာပင် ဖြစ်သည်။ တန်ဖိုးကြီးလှသော သဘာဝဆေးပင်များသည် နေရာအနှံ့တွင် ပေါက်ရောက်နေ၏။
"အရမ်းကောင်းတယ်"
ကျွင်းချောင်ရှောင်း၏ မျက်လုံးသည် တောက်ပသွားခဲ့သည်။ "အရမ်းကောင်းတယ်"
သူသည် နတ်ဆေးနယ်မြေ မည်သည့်နေရာတွင် ရှိနေကြောင်းကို ရှန့်ကွမ်းရှင်းရောင်နှင့် အခြားသောသူများကို ခေါ်ဆောင်ကာဖြင့် ရှာဖွေခိုင်း၏။ ဟုတ်ပေ၏။ သူတို့သည် ဂြိုလ်တစ်ခုကို ဖြတ်သွားသည့် အချိန်တိုင်းတွင် အထဲသို့ဝင်ကာ စုံစမ်းလေ့ရှိ၏။
"ရောင်ရင်းလေး … နတ်ဆေးတောင်ကြား နယ်မြေကို သွားချင်တာလား"
တစ်ရက်မှာတော့ ကျန့်ရာသည် အဓိကမြို့တစ်ခု၌ မေးမြန်းစုံစမ်းလျက်ရှိသည်။ ထိုအချိန်မှာပဲ အဘိုးအို တစ်ယောက်သည် လှမ်းလျှောက်ကာလာသည်။
"ဟုတ်ပါတယ်"
နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားခဲ့၏။ သို့ပေမဲ့ သူသည် မြန်မြန်ဆန်ဆန်နှင့် ပြန်လည်ကာ ထိန်းချုပ်လိုက်နိုင်၏။
အဘိုးအိုသည် တီးတိုးပြောလိုက်သည် "ဒီအဘိုးကြီးက လမ်းသိတယ်။ ဒါပေမဲ့ …… "
"ဒါပေမဲ့ ဘာဖြစ်လဲ"
"ဒီဂြိုဟ်ကနေ ထွက်ခွာသွားနိုင်ဖို့ ပျံသန်းနိင်တဲ့ ရတနာတွေ မရှိဘူးလေ"
"ကျုပ်ဆီမှာ ရှိတယ်"
ကျွင်းချောင်ရှောင်းက ဝင်ပြောလိုက်သည်။ "ခင်ဗျားအနေနဲ့ လမ်းပြပေးဖို့ပဲ လိုတာ "
အားလုံး ဆွေးနွေးပြီးသည့် နောက်မှာတော့ ကျန့်ရာသည် အဘိုးအို၏ ပုခုံးပေါ်သို့ လက်တင်ကာ ခေါ်ဆောင်လာခဲ့၏။ ဂြိုလ်၏ အပြင်ဖက် အတားအဆီးကို ဖြတ်သန်းပြီးသည့်နောကိ ထာဝရရွက်သင်္ဘောကြီးဆီသို့ ရောက်ရှိခဲ့၏။ ဖြစ်စဉ်တစ်ခုလုံးသည် အလွန်လျင်မြန်လွန်းလှ၏။
အဘိုးကြီးသည် ရွက်သင်္ဘောကြီး၏ ပဲ့ခန်းဆီသို့ ရောက်ရှိနေသည့် အခါမှာတော့ အံ့အားတသင့်ဖြင့် ဖြစ်လို့နေလေသည်။
"ရောင်းရင်းလေး"
အဘိုးအိုသည် အလျင်အမြန်ပဲသတိထားကာ ပြောလိုက်၏။ "တကယ်ပဲ သာမန်ထက် ပိုတာကို"
ဤရောင်းရင်းလေးသည် သူ့အား ခေါ်ဆောင်လာကာဖြင့် ဂြိုလ်၏ အတားအဆီးကို လွယ်လွယ်ကူကူနှင့် ဖြတ်သန်းနိုင်စွမ်း ရှိ၏။
"ပြတော့"
ကျွင်းချောင်ရှောင်းသည် အချိန်မဆွဲတော့ချေ။ ထို့ကြောင့် အဘိုးအိုသည် သူငယ်စဉ်က မှတ်သားထားခဲ့သော စကြဝဠာအတွင်းရှိ လမ်းကြောင်းကို ပြန်လည်ကာ စဉ်းစားတော့၏။ ပြီးနောက် အရှေ့ဖက်ဆီသို့ လက်ညိုးထိုး ကာ ပြောလိုက်သည်။
"အဲဖက်ကို သွားမယ်"
စကြဝဠာပတ်လမ်းကြောင်းကြီးသည် အမှန်ပင် ကြီးမားလွန်းလှ၏။ ကိုးဆယ်ရာခိုင်နှုန်းသော တည်နေရာများသည် ဘယ်သူမှ မရောက်ဘူးသော တည်နေရာများအဖြစ် တည်ရှိနေခဲ့၏။ မိမိကိုယ်သာ အားကိုးပြီး ရှာဖွေပါက မည်သည့်အချိန်မှ နတ်ဆေးတောင်ကြားနယ်မြေကို ရှာဖွေတွေ့နိုင်မည်မှန်း မသိရှိနိုင်ချေ။ ကျွင်းချောင်ရှောင်းအနေဖြင့် သူ၏ကံတရားကို စမ်းသပ်ရန် ထိုသူကို ခေါ်ဆောင်လာခဲ့တော့သည်။ ထာဝရ ရွက်သင်္ဘောကြီးသည် မဲမှောင်နေသော စကြဝဠာအတွင်းသို့ ဖြတ်သန်းသွားနေ၏။
"ရောင်းရင်း ရောင်ရင်းလေး"
လမ်းတစ်လျှောက်မှာတော့ အဘိုးအိုသည် ရွက်သင်္ဘော၏ အမြန်နှုန်းကို အံ့အားသင့်လျက် ရှိနေ၏။ သူသည် လေးလေးနက်နက် ပြောလိုက်သည်။ "နတ်ဆေးနယ်မြေထဲမှာ မရေတွက်အောင် များပြားလှတဲ့ ရတနာတွေ ရှိတယ်ဆိုပေမဲ့ မင်းတို့အနေနဲ့ ကပ်ဘေးပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ရမယ်။ "
"ဘယ်လိုကပ်ဘေးမျိုးလဲ"
"ဂိုဏ်ချုပ်"
ထိုအချိန်မှာပဲ ရှန်ကွမ်းရှင်းရောင်သည် ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။ "ဂြိုလ်တစ်ခုကို ရှာတွေ့ပြီ။ သတင်းအရဆိုရင် အထဲမှာ ရှိနေတဲ့ အသက်ဓာတ်တွေက ပေါကြွယ်နေတယ်။ ပျက်စီးနယ်မြေပဲ ဖြစ်ရမယ်"
လက်ရှိအချိန်မှာတော့ အရှိန်ကို ပြန်လည်လျော့လိုက်၏။ ထာဝရရွက်သင်္ဘောကြီး၏ ရှေ့တွင် အစိမ်းရောင်တောက်ပလျက် ရှိနေသော ဂြိုလ်ကြီးတစ်ခုသည် တည်ရှိလို့နေသည်။
"အမှန်ပဲ"
အဘိုးအိုသည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ "ဒါက နတ်ဆေးနယ်မြေကြီးပဲ။ ဒါပေမဲ့"
သူသည် ရပ်တန့်လိုက်၏။ ပြီးသည့်နောက် "အနားကို သွားမယ်ဆိုရင် မိုးကြိုးတိမ်ကိုးလွှာကို ဖြတ်သန်းသွားရလိမ့်မယ်။ "
ဝုန်း ဝုန်း ဝုန်း
ထိုအချိန်မှာတော့ သူတို့ရှေ့တွင် မိုးကြိုးများ ပစ်ခတ်နေသည်ကို မြင်လိုက်ရတော့၏။ လေဟာနယ်တစ်ခုလုံးမှာပင် မိုးကြိုးရာများ ထင်ပေါ်လျက် ရှိနေသည်ကို မြင်လိုက်ရသည်။
ထိုအရာကိုမြင်ချိန်မှာတော့ အဘိုးအိုသည် ကြောက်ရွံ့စွာဖြင့် နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်၏။ ၎င်း၏ မျက်လုံးများထဲရှိ ကြောက်ရွံ့မှုများသည် ပိုမိုကာ များပြားလာခဲ့၏။ ဤအရာကို သူငယ်ငယ်တုန်းက တွေ့မြင်ခဲ့ဖူးသည်။ ထို့ကြောင့် ဤအရာသည် ထာဝရအရိပ်မဲကြီးအဖြစ် သူ၏နှလုံးသားထဲတွင် တည်ရှိလို့နေ၏။
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်တော့ အထင်သေးသည့် အရိပ်ယောင်များ ဖြစ်တည်လာ၏။ “ဟမ့်”