အခန်း ၁၇၈၃
Vol. 120 Ch. 1783
အပိုင်း (၁၇၈၃)
လီချင်းယန် ဂျိုကိုးခု မိုးကြိုးတိမ်နဂါးကြီးကို တိုက်ခိုက်အနိုင်ယူပြီးသည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်း သည် ထိုသတ္တဝါကြီးအား ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ထည့်သွင်းခဲ့သည်။ ပြီးသည့်နောက် သီးခြားတာဝန်သည် ပြည့်စုံသွားခဲ့သည်။
သူ့အနေနှင့် ထူးခြားလွန်းလှသော ပစ္စည်းများကို ဆုလာဘ်အဖြစ် ရယူနိုင်ခြင်းမရှိသော်လည်း ဂိုဏ်းဂုဏ်သိက္ခာအမှတ် တစ်ထောင်ကိုတော့ ရရှိခဲ့သည်။ မများလှချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စိတ်ကျေနပ်လျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် အလကားနီးပါး ရသောကြောင့်ပင်။
ဂျိုကိုးခု မိုးကြိုးတိမ်နဂါးကြီးမှာတော့ ငါးမိနစ်လောက် အားသွင်းပြီးသည့်နောက် ၎င်း၏တန်ဖိုးသည် ကြီးမားသည် ဖြစ်ကြောင်းကို သက်သေပြခဲ့ပြီ ဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ ၎င်းသည် မိုးကြိုးတုတ် အား အားဖြည့်သွင်းရန်အတွက် အသုံးပြုလို့ရသည်သာမက ပြိုင်စံရှားဂိုဏ်း၏ တောင်ခြေတွင် အစောင့်အရှောက်သားရဲအဖြစ် ထားရှိ၍လည်း ရနေသေး၏။ အဘယ့်ကြောင့်ဆိုသော် တဖက်သားရဲကြီး သည် အလွန်ကြည့်ကောင်းလွန်းလှသောကြောင့်ပင်။
ကျွင်းချောင်ရှောင်း သည် နတ်ဆိုးသားရဲများ၏ ပုံပန်းသွင်ပြင်ကို အမှန်တကယ်ပဲ ဂရုစိုက်သည့် အလေ့အထ တည်ရှိ၏။ ရုပ်ဆိုးသည်ဆိုပါက တစ်ခါတည်း နတ်ဆိုးတောင်ကြားထဲသို့ ပို့ဆောင်လျက်ရှိနေပြီး ဆန်းကြယ်ကာ ဟိတ်ဟန်ကောင်းလှသည်ဆိုပါက ဂိုဏ်းထဲသို့ခေါ်ဆောင်ကာဖြင့် အစောင့်အရှောက်အဖြစ် ထားရှိမှာသေချာသည်။ ထို့အပြင် ဂျိုကိုးခု မိုးကြိုးတိမ်နဂါးကြီးသည် အားမနည်းလှချေ။ အလွန်တန်ဖိုး ကြီးမားလွန်းလှသော မိုးကြိုးအမျိုးအစား နဂါးသားရဲကြီး တစ်ကောင်ပင်မဟုတ်ပါလား။
ပဲ့ခန်းထဲတွင်ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် လက်ထဲတွင်ရှိနေသော ရေခွက်ကို ဆော့ကစားလျက် ရှိနေ၏။
“……”
အဘိုးအိုသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ တိတိကျကျပြောရမည်ဆိုလျှင် သူသည် ထိတ်လန့်တုန်လှုပ် လျက် ရှိနေသေး၏။ မိုးကြိုးတိမ်နဂါးကြီးဆိုသည်မှာ အလွန်တရာရှားပါးလွန်းလှသည့် မိုးကြိုးအမျိုးအစား နဂါးသားရဲကြီးဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူ၏ တပည့်သည် လွယ်လွယ်ကူကူဖြင့် အနိုင်ယူနိုင်ခဲ့၏။ မည်မျှကြမ်းတမ်းလိုက်သည် လူတွေဖြစ်သနည်း။
“တခြားအန္တရာယ်တွေ ရှိနေသေးလား” ကျွင်းချောင်ရှောင်း က မေးလိုက်သည်။
“နတ်ဆေးနယ်မြေထဲမှာ အရမ်းကို အားကောင်းတဲ့ ဆေးသားရဲတွေ ရှိနေသေးတယ်။ အန္တရာယ်ပေးနိုင်မှု အဆင့်ကတော့ လက်ရှိ ဂျိုကိုးခု မိုးကြိုးတိမ်နဂါးကြီးထက် ဘယ်လိုမှ အားမနည်းဘူး”
“ဆေးသားရဲတွေဟုတ်လား” ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါဖြစ်သွား၏။
“နတ်ဆေးနယ်မြေထဲမှာ တန်ဖိုးရှိတဲ့ ရတနာတွေအကုန်လုံးနဲ့ပြည့်နေတာလေ။ ဒီရတနာတွေအကုန်လုံးက ဆန်းကြယ်တဲ့ဆေးအော်ရာတွေကို တစ်နှစ်ပတ်လုံး ထုတ်လွှင့်နေတာ။ တချို့တွေက အဆိပ်ကောင်တွေ အဖြစ် ပြောင်းလဲသွားခဲ့ပြီး တစ်ချို့ကောင်တွေကတော့ ဆေးသားရဲကောင်တွေအဖြစ် ပြောင်းလဲသွားခဲ့ တယ်” အဘိုးအိုသည် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
“ကျုပ်နားလည်ပြီ” နတ်ဆိုးသားရဲများသည် သာမန်ပင်ဖြစ်၏။ သို့ပေမဲ့ ဆေးသားရဲဆိုသည်ကိုတော့ သူပထမဦးဆုံးအကြိမ် ကြားဖူးခဲ့ခြင်းသာလျှင်။ ထို့ကြောင့် ကျွင်းချောင်ရှောင်သည် မနေနိုင်ဘဲ သက်ပြင်းချလိုက်မိ၏။ “အင်း.. ဒီစကြဝဠာလောကကြီးတစ်ခုလုံးက အရမ်းကို ကြီးမားတယ်လေ။ ထူးဆန်းတယ်ဆိုတာ မရှိပါလား။
……
ဆွစ်
ထာဝရရွက်သင်္ဘောကြီးသည် မိုးကြိုးတိမ်များကြား ဖြတ်သန်းကာ ပျံသန်းလျက်ရှိ၏။ လီချင်းယန်သည် အရှေ့တွင် မိုးကြိုးတုတ်တိုင်ကြီးတစ်ခုကဲ့သို့ပင် နေရာယူပြီး ဝင်ရောက်လာခဲ့သော မိုးကြိုးဓာတ်သဘာဝများ အားလုံးကို ဖမ်းယူနေသည်ဖြစ်သောကြောင့် ထာဝရရွက်သင်္ဘောကြီးသည် လွယ်လွယ်ကူကူဖြင့် နတ်ဆေးနယ်မြေထဲသို့ ဝင်ရောက်ပိုင်ခွင့် ရှိနေ၏။
တဖြည်းဖြည်းနှင့် အလင်းတန်းများ လျော့ပါးသွားခဲ့ပြီးသည့်နောက် ကြီးမားလွန်းလှသည့် ဂြိုဟ််ကြီးတစ်ခုကို မြင်လိုက်ရ၏။ ၎င်းတို့သည် အထဲသို့ မရောက်သေးသည်ဆိုသော်လည်း အလွန်ပေါကြွယ်လွန်းသော ဆေးနံ့များသည် လှိုင်သင်းနေသည်ကို ခံယူမိ၏။ ထွက်ပေါ်လျက်ရှိနေသည့် အစိမ်းရောင်အလင်းတန်းများ ဆိုသည်မှာ အသက်ဓာတ် များကို ကိုယ်စားပြုသည့် အရာပင် ဖြစ်ပေလိမ့်မည်။
“ဝင်ကြရအောင်”
ဆွစ်
ထာဝရရွက်သင်္ဘောကြီးသည် တည်နေရာအတားအဆီးကို ချိုးဖျက်ကာဖြင့် နတ်ဆေးနယ်မြေထဲသို့ ဝင်ရောက်လိုက်သည်။ “သွားကြမယ်”
ပြတင်းပေါက်ရှေ့တွင် ရပ်လျက်ရှိနေသည့် တပည့်များအားလုံးသည် အပြင်ဘက်တွင် ရှိနေသော ရောင်စုံလောကကြီးကို လှမ်းကာကြည့်ရှု့ရင်း ပါးစပ်အဟောင်းသားနှင့် ဖြစ်လို့နေ၏။
နတ်ဆေးနယ်မြေ - ဤအရာသည် ဆေးပင်နှင့် သဘာဝရတနာများ ပြည့်နှက်လျက်ရှိနေသည့် ဂြိုဟ််ကြီးတစ်ခုပင်ဖြစ်၏။ အပြင်ဘက်တွင် ဖြစ်ပေါ်နေသည့် လေများ၌ပင်လျှင် ဆေးနံ့များနှင့် လှိုင်သင်းနေသည်။
ဘုန်း…
ထာဝရရွက်သင်္ဘောကြီးသည် မြေပေါ်သို့ ဆင်းသက်လိုက်၏။ ပဲ့တံခါးကို ဖွင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အပြင်ဘက်သို့ လှမ်းလျှောက်ထွက်သွားခဲ့သည်။ လတ်ဆတ်လျက်ရှိနေသည့် ဆေးရနံ့များကို ရှုရှိုက်ပြီးသည့်နောက် သူသည်လန်းဆန်းသွားသလိုခံစားပင် ခံစားမိ၏။
စနစ်ကပြောလိုက်သည်။ “ဒီလိုဆေးရနံ့မျိုးဆိုတာက လက်ခံသူကို ဘာမှ အန္တရာယ်မဖြစ်စေဘူး ဆိုပေမဲ့ အရမ်းကို အားကောင်းလွန်းတာမို့ သာမန်ကျင့်ကြံသူတွေဆိုရင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
“ဒီတော့”
ကျွင်းချောင်ရှောင်းသည် သူ၏စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် နတ်ဆေးနယ်မြေ၏ တစ်ဝက်လောက်ကို ဖုံးလွှမ်းကာ ကြည့်ရှု့လိုက်၏။ “ဒီမှာနေထိုင်တဲ့ သက်ရှိသတ္တဝါမရှိဘူးလား”
သက်ရှိသတ္တဝါမရှိခြင်းမဟုတ်ပေ။ သက်ရှိသတ္တဝါများ နေထိုင်ရန် သင့်တော်သည့်နေရာ မဟုတ်ခြင်းပင်။ ဂြိုဟ််တစ်ခုသည် အလွန်အားကောင်းလာသည်နှင့်အမျှ သက်ရှိသတ္တဝါများနေထိုင်ရန် လိုအပ်ချက်မှာ ပိုမိုကာ နည်းပါးလာခဲ့၏။ ဤအရာနှင့် အသားမကျသည်ဆိုပါက ကျိန်းသေပေါက် ဖျက်ဆီးခြင်းကို ခံရမှာ သေချာသည်။
နတ်ဆေးနယ်မြေသည် အဆင့်မြင့်ဂြိုဟ်ကြီးတစ်ခုတော့မဟုတ်ချေ။ သို့ပေမဲ့ ထူးခြားလှသည့် ပတ်ဝန်းကျင် နှင့် အဆင့်မြင့်သဘာဝရတနာမျိုးစုံတို့ တည်ရှိနေသည်ဖြစ်သောကြောင့် ရတနာတည်နေရာတစ်ခု အဖြစ်သာ သတ်မှတ်အသုံးပြု၍ရနိုင်ပြီး အိမ်တစ်ခုအဖြစ် နေထိုင်ရန်တော့ သင့်တော်လှသည့်အရာမဟုတ်ချေ။
ထပ်ပြီးပြောရမည်ဆိုလျှင် အပြင်ဘက်တွင် မိုးကြိုးတိမ်များကလည်း အချိန်အတော်ကြာ ဖြစ်တည်လျက်ရှိ၏။ ထို့ကြောင့် အားကောင်းလှသည့် ကျင့်ကြံသူများ မပါဘဲနှင့် အထဲသို့ ဝင်ရောက်သွားဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ခဲ့ချေ။
အဟွတ် အဟွတ်
စုရှောင်မို၊ လီဖေးနှင့်တခြားသောသူများသည် ရွက်သင်္ဘော၏ အပြင်ဘက်ဆီသို့ ထွက်လျှောက်လာခဲ့ကြ၏။ လေထဲတွင်ရှိနေသည့် ဆေးရနံ့များကို ရှုရှိုက်ပြီးသည့်နောက် ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သတိအပြည့်နှင့် ဖြစ်တည်သွားခဲ့၏။ ကံကောင်းစွာဖြင့် သူတို့သည် အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံပြီးသည့်နောက် ဝင်ရောက် လာခဲ့သည့် ဓာတ်သဘာဝများအားလုံးကို အပြင်ဘက်သို့ ပြန်လည်ကာ ထုတ်နိုင်စွမ်းရှိနေ၏။
“ဂိုဏ်းချုပ်”
ဟယ်ဝူတီ သည် လေးလေးနက်နက်ပြောလိုက်သည်။ “ဒီမှာ ကြာကြာနေလို့ မဖြစ်နိုင်ဘူး”
ဤတည်နေရာပတ်ဝန်းကျင်သည် ရေတွက်လို့ မရလောက်အောင် များပြားလွန်းလှသော ဆေးအော်ရာများနှင့် ပြည့်နှက်လျက်ရှိနေသည်ဆိုလျှင်တောင်မှ အစစ်အမှန်ရှာဖွေခြင်းကျင့်ကြံသူများအတွက် ကောင်းမွန်လှသည့် တည်နေရာမဟုတ်ချေ။
“လိုအပ်တဲ့ဆေးပင်တွေကို စုဆောင်းပြီးတော့ ဒီနေရာကနေသွားကြမယ်”
ကျွင်းချောင်ရှောင်းသည် တစ်ယောက်ချင်းစီတိုင်းအား ဆေးပင်ပုံများကို ဖြန့်ဝေပေးလိုက်၏။ “ဒီဆေးပင်တွေ အကုန်လုံးကိုရှာ ပြီးတော့ တူးယူခဲ့ကြ။ မျိုးစေ့ပဲဖြစ်ဖြစ်၊ ပင်ပျိုပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် အကုန်တူးကွာ”
ဤကဲ့သို့ လွတ်လပ်လျက်ရှိနေသည့် ဂြိုဟ်ကြီးတစ်ခုထဲသို့ ရောက်သည့်အချိန်မှာတော့ ပေါက်ရောက်လျက် ရှိနေသည့် သဘာဝရတနာများအားလုံးသည် ပိုင်ရှင်မဲ့သာလျှင် ဖြစ်ရမည်။ သူတို့၏ ကိုယ်ပိုင် အားအင်အဆင့် နှင့် အထဲသို့ ရောက်အောင်လာနိုင်ခဲ့သည်ဆိုမှတော့ ရှိသမျှကို ရအောင် ယူခွင့်ရှိပေလိမ့်မည်။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် သူသည် သူ၏ ကိုယ်ပိုင် အားအင်အဆင့်နှင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သောကြောင့် သူလိုချင်တာယူနိုင်စွမ်းရှိနေသည်။
မနာလိုဘူးလား။ မနာလိုသူတချို့ရှိပါက ကိုယ်ဘာသာကိုယ် လာကြရန်။
“သွားကြရအောင်”
ဆွစ် ဆွစ်
စွန်းပုကုံး၏ ဦးဆောင်မှုနှင့်အတူ ဆေးဟောခန်းဆီမှ အဖွဲ့ဝင်များ အားလုံးသည် တည်နေရာအနှံ့ဆီသို့ ပျံသန်းသွားခဲ့ကြသည်။ ၎င်းတို့သည် အရသာခြောက်ပါးမြေအဆီ ဆေးလုံးကို သန့်စင်နိုင်ရန်အတွက် လိုအပ်သည့် ဆေးပင်များကို စုဆောင်းရုံသာမက တခြားသော ဆေးပင်များအားလုံးကိုလည်း သိမ်းဆည်း လျက် ရှိနေ၏။ သူတို့သည် ဆေးလုံးဖော်စပ်ရန် တာဝန်ရှိသလို ဆေးပင်များ စိုက်ပျိုးရန်လည်း တာဝန်ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် မျိုးစေ့နှင့် ပင်ပျိုများရရှိလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ဆေးဟောခန်းတွင် ရှိနေသော ဆေးဟောခန်းမသခင် ရှစ်ယောက်တို့ကလည်း အလကားမနေကြချေ။ ဆေးပင်များ တည်ရှိရာ လောကကြီးဆီသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ၎င်းတို့သည် ဆေးလုံးများ သန့်စင်ရန်အတွက် လိုအပ်သည့် တန်ဖိုးကြီးဆေးပင်များ အားလုံးကို လိုက်လံစုစည်းလျက်ရှိနေကြ၏။
ပြောရမည်ဆိုလျှင် နတ်ဆေးနယ်မြေကြီးတစ်ခုလုံးသည် ရတနာသိုက်ကြီးတစ်ခုကဲ့သို့ပင်။ ကိုယ်လိုအပ်သည့် ဆေးပင်များ ရှိမလား မရှိမလားဆိုသည်ကိုတော့ ကိုယ်ပိုင်အားအင် ကိုယ်ပိုင်အရည်အချင်းနှင့်လိုက်လံရှာဖွေ ရန်တော့ လိုအပ်နေသည်။
ဝေါင်း
သို့ပေမဲ့ အားလုံးစတင်လှုပ်ရှားပြီး မကြာခင်မှာပဲ ဒေါသတကြီး အော်ဟစ်သံကြီး တစ်ခုသည် အဝေး တစ်နေရာ၏ တောအုပ်ထဲမှ ထွက်ပေါ်လာခဲ့၏။ ကြီးမားလွန်းလှသော လိပ်ပြာကြီးတစ်ကောင်သည် ပျံသန်း ထွက်ပေါ်လာခဲ့၏။ ၎င်း၏ အတောင်ပံပေါ်တွင် မျိုးစုံလှသော ဆေးပင်များသည် ပေါက်ရောက်လျက် ရှိနေ၏။ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တောက်ပလှသည့် အလင်းတန်းများနှင့် ပြည့်နှက်နေ၏။
“ဒါဆေးသားရဲဆိုတာလား”
ကျွင်းချောင်ရှောင်း ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ သူသည် တစ်ဖက်သတ္တဝါကြီး၏ အတောင်ပံဆီသို့ လှမ်းကာ ကြည့်ရှု့လိုက်၏။ တစ်ခုသောအရာကို အတည်ပြုပြီး သည့်နောက် သူသည် ပျော်ရွှင်စွာ ပြောလိုက်မိသည်။ “ဒီပေါ်မှာ ဆေးပင်တွေပါလား။ အရမ်းမိုက်တယ်”
ကြီးမားလွန်းလှသော လိပ်ပြာကြီး၏ အတောင်ပံပေါ်တွင် ဆေးပင်ပေါင်းများစွာဖြင့် ရှိလို့နေ၏။ ထိုဆေးပင် များထဲတွင် အရသာခြောက်မျိုးမြေဆီဆေးလုံးကို သန့်စင်နိုင်သည့် ဆေးပင်နှစ်မျိုးကလည်း တည်ရှိလို့ နေ၏။ ဤအရာသည် သားရဲကြီးတစ်ကောင်မဟုတ်ပေ။ ပျံသန်းနိုင်သော ဆေးဂိုထောင်ကြီးတစ်ခုသာ။
“သူ့ကို ဖမ်းကြ”
ဆွစ် ဆွစ်
လီချင်းယန် နှင့် တခြားသောသူများသည် အပေါ်သို့ ပျံသန်းလိုက်၏။ ဂိုဏ်းချုပ်က အမိန့်ပေးလိုက်ပြီး သည့်နောက် တပည့်များအားလုံးသည် ချက်ချင်းပဲ စတင်လှုပ်ရှားကြတော့၏။
ဇွိ….ဇွိ
ကြီးမားလွန်းလှသော လိပ်ပြာကြီးသည် တစ်စုံတစ်ခု မှားယင်းနေသည်ကို သိရှိပြီးသည့်နောက် သူ၏ အတောင်ပံများကို အားကုန်ခတ်ကာ ထွက်ပြေးရန်ပြင်ဆင်လိုက်၏။ အတောင်ပံဆီမှ အငွေ့များသည် လေထုထဲသို့ ပျံ့နှံ့သွားသည်။ “ဒါအဆိပ်တွေပဲ။ အဆိပ်ဖြေဆေးသောက်ပြီးတော့ မျက်နှာဖုံးတွေ စွပ်ကြ”
တပည့်များသည် တည်တည်ငြိမ်ငြိမ်ဖြင့် မြောင်စိုင်းဖန် ဖန်တီးထားသော အဆိပ်ဖြေဆေးများကို ထုတ်ကာ သောက်လိုက်ကြ၏။ ပြီးနောက် ဓာတ်ငွေ့ကာ မျက်နှာဖုံးများကို ကောက်ကာ စွပ်လိုက်၏။
ထိုဓာတ်ငွေ့ကာ မျက်နှာဖုံးများသည် မည်သည့်နေရာက ရရှိသနည်းဆိုသည်ကို မေးမြန်းစရာမလိုအပ်ချေ။ ကုန်းရှန့် ဆီမှပင်။
ကြီးမားလွန်းလှသော လိပ်ပြာကြီးသည် ဂျိုကိုးခုမိုးကြိုးတိမ်နဂါးကဲ့သို့ပင် ဆင်တူလှ၏။ သူသည် ထူးခြားသည့် စွမ်းအင်ကို အသုံးပြုကာ အသက်ရှင်နိုင်စွမ်းရှိနေ၏။ သို့ပေမဲ့ သူ့ကို ဝင်ရောက် တိုက်ခိုက်ကြသည့် ပစ်မှတ်များသည် အလွန်များပြားလှသည်ဖြစ်သောကြောင့် ချက်ချင်းပဲဖမ်းဆီးခြင်းကို ခံလိုက်ရ၏။
ရီရှင်းချန် သည် မြင်းနီကြီးကို စီးပြီးသည့်နောက် ကောင်းကင်၌ သူ၏ပုဆိန်ကြီးကို သုံးရာခြောက်ဆယ် လှည့်ပတ်လျက်ရှိ၏။ မြေပေါ်တွင် များပြားလွန်းလှသော ဆေးပင်များသည် အပိုင်းပိုင်းခုတ်ပိုင်းခြင်း ကို ခံရသည်။
သူ၏အနောက်မှာတော့ ဆေးဟောခန်းမဆီမှ အဖွဲ့ဝင်များအားလုံးသည် ထိုဆေးပင်များအားလုံးကို ပြန်လည်ကာ သိမ်းဆည်းလို့ နေ၏။
ဝူး
ကြီးမားလွန်းလှသော လိပ်ပြာကြီးသည် မြေပေါ်သို့ ပြုတ်ကျပြီးသည့်နောက် မျက်လုံးထဲတွင် လူသား တစ်ယောက်ကဲ့သို့ နာကျင်သည့် အမူအယာများကို ပြသလာခဲ့သည်။
ဘုန်း….
ထိုအချိန်မှာတော့ ကောင်းကင်ယံဆီမှ ထျန်းယွမ်အကျဉ်းထောင်စေတီကြီး ကျဆင်းလာခဲ့ပြီး ကြီးမားလွန်း လှသော လိပ်ပြာကြီးကို ဖမ်းဆီးသွားခဲ့၏။
ကုန်းရှန့် သည် ပြုံးကာ ပြောလိုက်သည်။ “မင်းရဲ့အတောင်ပံတွေက အမြဲတမ်းသဘာဝရတနာတွေကို စိုက်ပျိုးနိုင်တဲ့ အရာတွေဖြစ်ဖို့ မျှော်လင့်မိတယ်”
ဝေါင်း ဝေါင်း
တစ်ချိန်တည်းမှာပဲ နတ်ဆေးနယ်မြေထဲတွင်ရှိနေသည့် တည်နေရာအသီးသီးဆီမှ ဆေးသားရဲများသည် ပြိုင်စံရှားဂိုဏ်း တပည့်များ ဆေးပင်များ ရှာဖွေမှုကြောင့် အလန့်တကြားဖြစ်ကုန်ကြ၏။ ထိုသတ္တဝါ များထဲတွင် သစ်ပင်သားရဲ၊ ပန်းသားရဲ၊ ပိုးကောင်သားရဲနှင့် များပြားစွာသော သားရဲများ တည်ရှိနေ၏။ ပုံပန်း သွင်ပြင်သဏ္ဍာန်များသည်လည်း ထူးဆန်းလွန်းလှချေသည်။ တူညီသည့်အရာတစ်ခုတော့ ရှိ၏။ ထိုအရာမှာ ထိုသားရဲများအပေါ်တွင် ဆေးပင်များပေါက်လျက်ရှိနေခြင်းပင်။
“တပည့်တို့ နားထောင်ကြ”
ကျွင်းချောင်ရှောင်းသည် တောင်ထွတ်ပေါ်တွင် မတ်တပ်ရပ်ကာပြောလိုက်သည်။ “ဒါတွေ အကုန်လုံးကို သိမ်းကြ”
“ကောင်းပါပြီ”
တပည့်များအားလုံးသည် သံပြိုင်ဆိုသလိုပဲ အော်ဟစ်နေ၏။ ၎င်းတို့၏ အသံသည် နယ်မြေတစ်ခုလုံးသို့ပင် ပျံ့နှံ့လျက်ရှိနေ၏။ တည်နေရာကြီးတစ်ခုလုံးသည်လည်း တုန်ခါလျက်ရှိသည်။
ကြည့်ရှု့ရမည်ဆိုလျှင် ထာဝရရွက်သင်္ဘောကြီးအရှေ့တွင် မတ်တပ် ရပ်လျက်ရှိနေသည့် လမ်းပြ အဘိုးအိုသည် များပြားလွန်းလှသော ဆေးသားရဲများ ဖမ်းဆီးခံခဲ့ရသည့် မြင်ကွင်းကိုကြည့်ရင်း နှလုံးသားများ တဆတ်ဆတ် တုန်ခါလျက်ရှိ၏။
“ငါ... ငါဘယ်လိုလူတွေကို ခေါ်လာမိပါလိမ့်”