← Chapters

အခန်း ၁၇၉၃

Vol. 120 Ch. 1793

အခန်း ၁၇၉၃

Vol. 120 Ch. 1793

အပိုင်း (၁၇၉၃)

ရီရှင်းချန်သည် ကောင်းကင်ဖြတ်သန်းခြင်းလောက၏ ပါရမီရှင်များထဲမှ တစ်ယောက်ကို အနိုင်ယူခဲ့၏။ ထို့ကြောင့် ကုထျန်းရှင်းသည် စကြဝဠာ နတ်တိုက်ပွဲတွင် ပါဝင်ရန် အရည်အချင်းပြည့်မီသည်ဟု သုံးသပ်ခဲ့၏။ ထို့ကြောင့်ပင်လျှင် ကျွင်းချောင်ရှောင်းကို ခေါ်ယူကာဖြင့် စရင်းပေးသွင်းစေခြင်းပင်။

ထို့ပြင် ရီရှင်းချန်၏ မူလဂြိုလ်နာမည်အား ကောင်းကင်ဖြတ်သန်းခြင်းဂြိုလ်ဟုပင် နာမည်ပေးခဲ့သည်။ ကုထျန်းရှင်းနှင့် သူ၏မိန်းမသည် တောင်ပင်လယ်နယ်မြေတွင် သိုသိုသိပ်သိပ်နှင့် သွားရောက်ကာ နေထိုင်ခဲ့ကြသည် ဆိုသော်လည်း ကောင်းကင်ဖြတ်သန်းခြင်းလောကဆီမှ ရောက်ရှိလာကြသည့် လူများ ဖြစ်ကြ၏။ ထို့ပြင် ဤကောင်းကင်ဖြတ်သန်းခြင်း လောကတွင် နယ်မြေသခင်နှင့်ပင် နှိုင်းယှဉ်၍ရသည့် ဂုဏ်ဒြပ်ကို ပိုင်ဆိုင်သူလည်း ဖြစ်၏။ ထို့ကြောင့် အကျိုးကျေးဇူးများ ရရှိရန် သူ၏ဂြိုလ်ကိုသာ နာမည်တပ်ရပေလိမ့်မည်။

သို့ပေမဲ့ သူမထင်မှတ်ထားသည့် အရာသည် ဖြစ်ပေါ်လာခဲ့၏။ စာရင်းပေးသွင်းသည့် နေရာတွင်တော့ ကျွင်းချောင်ရှောင်းသည် ပါးစပ်ကို ဟကာဖြင့် ၎င်း၏တပည့်ပေါင်းများစွာ နာမည်ကို ရွတ်ဆိုနေလေသည်။

ဟမ်

"ကောင်းပြီ။ ပြီးတော့ လင်းရီ၊ ရဲ့ဖန်နဲ့ ချင်လင်းတို့လည်း ပါသေးတယ်"

ကုန်းရှန့်သည် အဆုံးသတ်မှာတော့ လက်ရွေးစင်တပည့်များနှင့် အတွင်းစည်းတပည့်များကို ထည့်သွင်းရသည်ကိုပင် အားမရသေးဘဲ နောက်ဆုံးမှာတော့ သူ၏ တိုက်ရိုက်တပည့်များကိုပါ ထည့်သွင်းခဲ့တော့၏။

ထင်မှတ်ထားသည့် အတိုင်းပင် ပြဿနာလာရောက်ရှာသည်နှင့်ပင် ဆင်တူနေတော့၏။ တာဝန်ယူထားသည့် လူသည် ဆွံ့အနေခဲ့၏။ လူတစ်ယောက်သည် လူတစ်ချို့အစား စာရင်းပေးသွင်းသည်ကို မြင်ဖူးခဲ့ဖူး၏။ သို့ပေမဲ့ ဤကဲ့သို့ လူအများကြီး၏ နာမည်ကို တရစပ် ရွတ်ဆိုကာဖြင့် စာရင်းပေးသွင်းခြင်းကိုတော့ ယခု ပထမဆုံးအကြိမ် မြင်ဖူးခဲ့ခြင်းသာ ဖြစ်တော့၏။

"ခွေးလေး"

ကုထျန်းရှင်းသည် တင်းမာခက်ထန်သည့် မျက်နှာဖြင့် ပြောလိုက်သည်။ "ဘယ်လိုဖြစ်ပြီး လူနာမည်တွေ အများကြီးရွတ်နေရတာလဲ။ ဒါကို ကစားစရာလို့ ထင်နေတာလား"

"ဦးလေး "

ကျွင်းချောင်ရှောင်းသည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ "ကျုပ်က လူအများကြီးကို စာရင်းပေးသွင်းချင်တာ မဟုတ်ရပါဘူး။ ဒါပေမဲ့ ဂိုဏ်းထဲမှာက ပါရမီရှင်တွေ အများကြီးပဲလေ။ သူတို့က အတူတူ အလုပ်ကြိုးစားခဲ့ကြတာ။ တကယ့်ကို ကြီးမားတဲ့ ပြိုင်ပွဲကြီးကျင်းပတဲ့ အချိန်မှာ သူတို့ရဲ့ ပါရမီကို အနည်းဆုံးတော့ ပြသခွင့်ပေးသင့်တယ် မဟုတ်ဘူးလား"

ဟမ့်

ကုထျန်းရှင်း သည် ဂရုမစိုက်တော့ချေ။ သူသည် ရုတ်တရက် ထကာအော်ဟစ်လိုက်မိသည်။ "မင်း ပေါက်ပန်းလေးဆယ်တွေ မပြောနဲ့တော့။ "

"မဟာမိတ်ခေါင်းဆောင်ကု"

ခေါင်းဆောင်သည် ကြောင်အအနှင့် မေးလိုက်၏။ "ဒီလူတွေ အားလုံးကို စာရင်းသွင်းပေးရမှာလား"

"အင်း"

ကုထျန်းရှင်း က ပြောလိုက်သည်။ "ဒီခွေးလေးက သူ့ရဲ့ တပည့်တွေကို အရိုက်ခံစေချင်တယ် ဆိုမှတော့ ထည့်လိုက်တာပေါ့"

သူသည် အနည်းငယ် ဒေါသထွက်လို့ နေ၏။

"ကောင်းပါပြီ"

တာဝန်ယူထားသည့် သူသည် သံလိုက်အိအမ်မြောင်ပေါ်သို့ လက်နှစ်ဖက် တင်ထားလိုက်တော့၏။ ပြီးနောက် ကျွင်းချောင်ရှောင်း ပြောဆိုခဲ့သည့် နာမည်များကို စာရင်းသွင်းတော့သည်။

"ဂိုဏ်း"

"ပြိုင်စံရှားဂိုဏ်း"

"မူလဂြိုလ်"

"ကောင်းကင်ဖြတ်သန်းခြင်းလောက"

"…….."

တာဝန်ယူထားသည့် သူသည် စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လျက် ရှိ၏။ "ငါ ဒီလောက် နှစ်တွေအများကြီး နေလာတာ ဒီဂိုဏ်းကို တစ်ခါမှ မကြားဖူးပါလား။ ထားလိုက်တော့ ထားလိုက်တော့။ မဟာမိတ်ခေါင်းဆောင်ကုကိုယ်တိုင် လိုက်ပို့တယ် ဆိုမှတော့ အနည်းငယ် မျက်နှာသာပေးမှ ဖြစ်မယ်"

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းတစ်ယောက်တည်းသည်သာ စာရင်းလာပေးပါက တာဝန်ယူထားသူသည် အရူးတစ်ယောက် လာရောက်ကာ နှောင့်ယှက်နေသည်ဟုလားပင် သံသယ ဝင်ပေလိမ့်မည်။

................

ဒင် … ဒင် …..။

ခန်းနားကြီးကျယ်လှသည့် ဟောခန်းအတွင်းမှာတော့ ပုံရိပ်ယောင် မြင်ကွင်းတစ်ခုသည် ထင်ပေါ်လျက် ရှိ၏။ နာမည်များသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး နောက်ဆုံးတွင် ပြိုင်စံရှားဂိုဏ်းနှင့် ကောင်းကင်ဖြတ်သန်းခြင်းလောက ဟူသည့် စာတန်းက ပေါ်ပေါက်လာ၏။

"ဒါဘာကြီးလဲ"

အနီရောင်နှင့် အဘိုးအိုသည် ထမင်းပန်းကန်ကို ကိုင်ဆွဲရင်းမှ ပလုပ်ပလောင်းနှင့် ပြောလိုက်သည်။ "ဒီလောက် လူတွေအများကြီး စာရင်းပေးသွင်းတာ ဘာကြောင့်လဲ။ ပြီးတော့ အားလုံးက တူညီတဲ့ ဂိုဏ်းတစ်ခုတည်းကပါလား"

"ပြိုင်စံရှားဂိုဏ်း ဟုတ်လား။ ဒီနာမည်က ထူးခြားလှချည်လား"

ဟုတ်ပေသည်။ သူသည် စကြဝဠာ နတ်တိုက်ပွဲအတွက် စာရင်းသွင်းသည့် တာဝန်ယူထားရသော အဓိကလူပင် ဖြစ်၏။ ဂိုဏ်းတစ်ခု ပေါ်ပေါက်လာပြီး များပြားလှသည့် လူများကို စာရင်းပေးသွင်းခြင်းနှင့် ပတ်သက်၍ သူသည် မနှစ်သက်ခဲ့ချေ။ ဤအရာသည် ကြီးကျယ်မြင့်မြတ်သည့် တိုက်ပွဲကြီးကို လာရောက်ကာ စနောက်နေသည်ဟု သူက ထင်မှတ်မိ၏။

"ကျုပ်ရှာတွေ့ပြီ"

ခနလောက် ကြာပြီးသည့်နောက် အနီရောင်နှင့် အဘိုးအိုက ပြောလိုက်သည်။

"ပြိုင်စံရှားဂိုဏ်းဆိုတဲ့ လူတွေအကုန်လုံးက ကောင်းကင်ဖြတ်သန်းခြင်းလောကရဲ့ ကြယ်ပင်လယ် မဟာမိတ်အဖွဲ့ ဆိုတဲ့ နေရာကနေလာတာ။”

“ကုထျန်းရှင်း မဟုတ်လား" အဘိုးအိုသည် မျက်မှောင်ကုတ်လိုက်မိသည်။

"ဒီလူ သူ့မိန်းမနဲ့ သိုသိုသိပ်သိပ် နေထိုင်နေတာ မဟုတ်လား" အမျိုးသမီးတစ်ယောက်သည် သူမ၏ ဆံပင်ကို အသာသပ်ကာ ပြောလိုက်၏။

အဘိုးအိုက ပြောလိုက်သည်။ “ဒီလူ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကြယ်တာရာ စိတ်ဝိညာဉ် လောကရဲ့ သင်္ဘောပေါင်းများစွာကို ဖျက်စီးခဲ့တယ်လို့ ကြားခဲ့ရတယ်။ အခုလူမြင်ကွင်းကို ပေါ်လာပြီဆိုတော့ လက်စားချေခံရမှာ မစိုးရိမ်ဘူးလား။ "

"ကုထျန်းရှင်းရဲ့ အားအင်အဆင့်နဲ့ ဆိုရင် ကြယ်တာရာ စိတ်ဝိညာဉ်လောက က ပွင့်ပွင့်လင်းလင်းနဲ့ လာပြီးတော့ လက်စားချေရဲမှာ မဟုတ်ဘူး" အဘိုးအိုက ပြောလိုက်သည်။

"သူတို့က ပွင့်ပွင့်လင်းလင်းနဲ့ လာပြီးတော့ လက်စားမချေရဲပေမဲ့ ကြိတ်ပြီးဒုက္ခပေးနိုင်သေးတယ် မဟုတ်လား"

အမျိုးသမီးသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ "ဒါက ကြယ်တာရာ စိတ်ဝိညာဉ်လောကရဲ့ လူတွေ လုပ်လေ့လုပ်ထရှိတဲ့ အလုပ်မျိုးပဲလေ။"

"သူတို့ကို သတင်းပေးလိုက်တော့။ "

တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည့် အဘိုးအိုတစ်ယောက်က ပြောလိုက်သည် "ဂိုဏ်းတစ်ခုအနေနဲ့ နောက်ကို လူပေါင်းများစွာ စာရင်းပေးတာမျိုး လက်မခံတော့ဘူး။ ဒီတစ်ခါတော့ ထားလိုက်တော့"

စကြာဝဠာ နတ်တိုက်ပွဲဆိုသည်မှာ အမှန်ပင် ကြီးကျယ်မြင့်မြတ်လှသော တိုက်ပွဲတစ်ခုဖြစ်၏။ သက်ဆိုင်ရာ ဂြိုလ်အသီးသီးမှ ထပ်တန်း စွမ်းအားမြင့် ကျင့်ကြံသူများသည် ပါဝင်ရန် အရည်အချင်း ရှိသည် ဆိုပါက အားလုံး လာရောက်ကာ ပါဝင်နိုင်စွမ်း ရှိ၏။

သို့ပေမဲ့ ဂိုဏ်းတစ်ခုထဲမှ လူပေါင်းများစွာတို့သည် လာရောက်ကာ စာရင်းပေးသွင်းနေသည် ဆိုပါက ဤအရာသည် ကလေးကစားစရာ ဖြစ်နေသည် မဟုတ်ပါလား။ ပြိုင်စံရှားဂိုဏ်းအတွက်တော့ သူတို့သည် ကုထျန်းရှင်း၏ မျက်နှာဖြင့် ဤကိစ္စကို ခနတာ ခွင့်လွှတ်ပေးရလိမ့်မည်။ ပါဝင်နိုင်သည့် အရည်အချင်း မရှိပါက ထိုသူများ အားလုံးသည် အရည်အချင်းစစ် စာမေးပွဲတွင် ကျဆုံးသွားမှာ သေချာသည်။

……………

ကောင်းကင်ဖြတ်သန်းခြင်း နယ်မြေ၊ ကြယ်ပင်လယ် မဟာမိတ်အဖွဲ့

ကုထျန်းရှင်းသည် ပြန်ရောက်ပြီးနောက် ကျွင်းချောင်ရှောင်းကို ခေါ်ကာ ပြောလိုက်၏။ “ငါးနှစ်အတွင်း စကြာဝဠာ နတ်တိုက်ပွဲက စလိမ့်မယ်။ အဲအချိန်ကြရင် အခုစာရင်းပေးသွင်းထားတဲ့ လူတွေအားလုံးက လာပြီးတော့ ယှဉ်ပြိုင်ရလိမ့်မယ်။ အဲ့အချိန်မှ မလာရင် တစ်ခါတည်း ထုတ်ပယ်ခံရမယ်။ သိထား"

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။

"ကျုပ်တို့အနေနဲ့ ဒီမှာ ငါးနှစ်တိတိ စောင့်ပြီးတော့ နေရမှာလား"

"မလိုဘူး"

ကုထျန်းရှင်းက ပြောလိုက်သည်။ "ဒီအတောအတွင်း မင်းတပည့်တွေကို ခေါ်ပြီးတော့ သွားလေ့ကျင့်နေလို့ရတယ်။ အရည်အချင်းစစ် စာမေးပွဲမစခင် ပြန်လာရင် အဆင်ပြေပြီ"

"ကောင်းပါပြီ"

ကျွင်းချောင်ရှောင်းသည် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်၏။ "ပြဿနာမရှိဘူး။ဒါပေမဲ့ ….."

သူသည် အားပျော့စွာ သတိပေးလိုက်သည်။ "တကယ်လို့ ဦးလေးတို့ ပါရမီရှင်တွေက ဟိုဓားမော့နဲ့ ကစားတတ်တဲ့လူလိုမျိုးဆိုရင် အရည်အချင်းစစ် စာမေးပွဲဆိုတာ ပြိုင်စရာတောင် မလိုဘူးလို့ ထင်တယ်"

"ဘာကြောင့်လဲ"

"သူတို့က ကျိန်းသေပေါက် ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေကို နိုင်မှာမဟုတ်လို့လေ"

ကုထန်းရှစ်သည် ရုတ်တရက် လက်ကိုဆန့်တန်းကာဖြင့် ကျွင်းချောင်ရှောင်း၏ မျက်နှာကို ဆုပ်ကိုင်လိုက်၏။ ပြီးနောက် ခပ်ကြမ်းကြမ်း ဆွဲပွတ်ကာ ပြောလိုက်မိသည်။ "မင်းရဲ့မျက်နာက တခြားလူတွေထက် အရေထူနေတာလား"

"အု အု အု …..လွှတ်ပါတော့ လွှတ်ပါတော့"

ကျွင်းချောင်ရှောင်းသည် သူ၏မျက်နှာကို အသာအုပ်ကာကာဖြင့် ထွက်ပြေးသွားခဲ့၏။

ကျွင်းချောင်ရှောင်း ထွက်သွားပြီးသည့်နောက် ကုထန်းရှစ်သည် သူ၏လက်ကို အသာပွတ်ကာဖြင့် ပြောလိုက်မိသည်။ "ဒီကောင့်မျက်နာက တကယ် အရေထူတာပဲ"

..............

ထာဝရလောကကြီး

ကျွင်းချောင်ရှောင်းသည် လီချင်းယန်နှင့် အခြားသူများကို ခေါ်ဆောင်ကာဖြင့် ၎င်းတို့၏ နာမည်များ ရေးထိုးထားသည့် ကျောက်စိမ်းပြား တစ်ခုစီကို ပေးအပ်ခဲ့၏။ ဤအရာသည် စကြဝဠာ နတ်တိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်းစစ် စာမေးပွဲဝင်ခွင့်ရ အသိအမှတ်ပြု ကတ်ပြားပင် ဖြစ်၏။ အရည်အချင်းစစ် ပြိုင်ပွဲ စသည်နှင့် တစ်ပြိုင်နှက် သူတို့သည် သွားရောက်ကာ စစ်ဆေးရပေလိမ့်မည်။

ဟမ်

လီထျန်းထျန်းသည် ကျောက်စိမ်းပြားကို ကိုင်ကာဖြင့် မယုံကြည်နိုင်စွာ ပြောလိုက်၏။ "ကျုပ်ကိုပါ စာရင်းပေးထားတာလား"

တစ်ချိန်လုံး ဓာတ်ပုံရိုက်သည့်တာဝန်ကိုသာယူထားသည့် အတွင်းစည်းတပည့် ဖြစ်သည်မို့ ပြိုင်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဂိုဏ်းချုပ်က ရွေးချယ်လိမ့်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့၏။ သို့ပေမဲ့ စကြဝဠာနတ် တိုက်ပွဲကဲ့သို့ ကြီးကျယ်လှသည့် တိုက်ပွဲတွင် ပါဝင်ရန် ဂိုဏ်းချုပ်သည် သူ့အား အခွင့်အရေး ပေးခဲ့၏။ သူသည် ထိုအရာကို ဆုပ်ကိုင်ရပေလိမ့်မည်။

"အားလုံးပဲ နားထောင်ကြ"

ကျောက်စိမ်းပြားများကို ဝေပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ အပြင်ဖက်တွင် မတ်တပ်ရပ်ကာ မှာကြားလိုက်၏။ "ဒီငါးနှစ်အတွင်း မင်းတို့ ကြိုစားကြ။ ပြိုင်ပွဲမှာ ပြိုင်စံရှားဂိုဏ်းရဲ့ နာမည်ကို တစ်လောကလုံး သိအောင် လုပ်ကြရမယ်"

"ကောင်းပါပြီ"

တပည့်များ အားလုံးသည် ခေါင်းကိုမော့ ရင်ကိုကော့ကာဖြင့် အော်ဟစ်လိုက်ကြသည်။

အချိန်အတော်ကြာ ပြိုင်ပွဲများကို ယှဉ်ပြိုင်ခြင်း မပြုလုပ်ရသောကြောင့် အားလုံးသောသူများ၏ သွေးများသည် ဆူဝေလျက် ရှိကြ၏။ အဖွဲ့လိုက်တိုက်ခိုက်ခြင်းတွင် ပြိုင်စံရှားဂိုဏ်းသည် အားကောင်းလှသလို တစ်ယောက်ချင်း တိုက်ခိုက်သည့်နေရာတွင်လည်း မည်သို့မျှ အားမနည်းလှချေ။ ၎င်းတို့၏ ကိုယ်ပိုင်စွမ်းရည်ကို ပြသရန် အခွင့်အရေးသည် စကြာဝဠာ နတ်တိုက်ပွဲကြီးတွင် ပေါ်လာလိမ့်မည်။

ခြံဝန်းတစ်ခုအတွင်းမှာတော့ ဟယ်ဝူတီ သည် စားပွဲပေါ်တွင် ရှိနေသော ကျောက်စိမ်းပြားကို ကောက်ယူကာ ပြောလိုက်သည်။ "ဒီပြိုင်ပွဲကို ဝင်ပြီးတော့ မပြိုင်ချင်ဘူး"

သူ့အတွက် ဤကဲ့သို့ ပြိုင်ပွဲများကို ဝင်ရောက်ကာ ယှဉ်ပြိုင်ရသည်မှာ အဓိပ္ပာယ်မဲ့သည်ဟု ခံစားမိ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်က စာရင်းပေးသွင်းထားသည် ဆိုမှတော့ ကျိန်းသေပေါက် တပည့်တစ်ယောက်အနေဖြင့် ပါဝင်ယှဉ်ပြိုင်ရပေတော့မည်။ သူသည် အနည်းငယ် စိတ်စနိုးစနောင့် ဖြစ်လို့နေမိ၏။

ဟယ်ဝူတီ နှင့် ဆန့်ကျင်ဖက်မှာ ရီရှင်းချန်ပင်။ လက်ရှိအချိန်မှာတော့ သူသည် အခန်းတံခါးကို ပိတ်ပြီးနောက် ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်သည်။

"ငါ့နာမည်က စကြဝဠာတစ်ခုလုံးအနှံ့ ပျံ့နှံ့စေရမယ်။ ကျိန်းသေပေါက် ပထမနေရာကို ရရမယ်"

……….

တိမ်ပင်လယ် စကြဝဠာပတ်လမ်းအတွင်းရှိ လောကတစ်ခုအတွင်းမှာတော့ မျက်နာကို အဝတ်ဖြင့် အုပ်ထားသည့် အမျိုးသမီး တစ်ယောက်သည် စကြဝဠာနတ်တိုက်ပွဲ၏ အရည်အချင်းစစ် စာမေးပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လာရောက်ကာ စာရင်းပေးသွင်းနေလေ၏။

"ကျွန်မ စာရင်းသွင်းချင်လို့ပါ"

"နာမည်ပြော "

"ကျဲ့လင်းရောင်"

All Chapters