အခန်း ၁၇၉၉
Vol. 121 Ch. 1799
အပိုင်း (၁၇၉၉)
ပြိုင်ပွဲ၏ ပထမဦးဆုံးအလှည့်မှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များသည် အောင်အောင်မြင်မြင်ဖြင့် နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ကြသည်။ ကုထျန်းရှင်းသည် အနည်းငယ်ကြောင်အလို့ နေခဲ့၏။ သူတင်မဟုတ် ပွဲကြည့်ပရိသတ်များအားလုံးသည်လည်း ကြောင်အနေခဲ့၏။ အဓိကအားဖြင့် ဟယ်ဝူတီပင်ဖြစ်သည်။ ၎င်းသည် အလွန်ပင် အားနည်းနေသည့်ပုံပေါ်သည် မဟုတ်ပါလား။ သို့ပေမဲ့ ပြိုင်ပွဲတစ်ခုလုံးကို အနိုင်ယူခဲ့ပြီး ကံတရား၏ မျက်နှာသာပေးမှုနှင့်အတူ နောက်တစ်ဆင့်ဆီသို့ တက်ရောက်သွားခဲ့သည်။
ပြိုင်ပွဲ၏ ပထမအကျော့ကို ကြည့်ရှုပြီးသည့်နောက် ပါဝင်ယှဉ်ပြိုင်သူများသည် အနည်းနှင့်အများ ဆိုသလို စိတ်သက်သာရာ ရရှိခဲ့ကြသည်။ ဤတပည့်သည် ကံကောင်းလွန်းလှချေ၏။ သို့ပေမဲ့ တခြားသော တပည့် များသည် မည်ကဲ့သို့ ကံကောင်းကြမည်နည်း။ သူတို့အနေနှင့် လေးလေးနက်နက်နှင့် တိုက်ခိုက်ပြီး တုဟိုင် ကဲ့သို့ အမှားအယွင်းမျိုး မပြုလုပ်သည်ဆိုပါက ကျိန်းသေပေါက် အနိုင်ယူနိုင်မှာ သေချာသည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ၎င်းတို့အားလုံးသည် စင်မြင့်အောက်ဆီသို့ ကန်ချခြင်းကို ခံခဲ့ရ၏။
ကောင်းကင်ဖြတ်သန်းခြင်းလောက၏ ပါရမီရှင်များအားလုံးသည် ဆွံ့အလျက် ရှိနေကြသည်။ သူတို့၏ စိတ်ထဲတွင် တစ်ခုတည်းသောအရာသာရှိ၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် အားကောင်းသည်ဆိုခြင်းပင်။ အားအင်အဆင့်သည့် ကြောက်ခမမ်းလိလိပင်။
ဥပမာအားဖြင့် လီချင်းယန်ပင်ဖြစ်သည်။ ၎င်းသည် ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားသည်ဆိုသော်လည်း ဟယ်ဝူတီကဲ့သို့ အမြင်မဆိုးရွားလှဘဲ တည်တည်ငြိမ်ငြိမ်နှင့် တိုက်ခိုက် ခဲ့၏။ ၎င်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားများကို ထုတ်လွှတ်ပြီး သူ၏ပြိုင်ဘက်များကို ဖိနှိပ်ထားခဲ့သည်။
"အမှိုက်"
ကုထျန်းရှင်းသည် လေးလေးနက်နက် အကြည့်ဖြင့် ကြည့်ကာပြောလိုက်၏။ "မင်း ဒီတပည့်တွေကို ဘယ်လိုများ လေ့ကျင့်ပေးထားတာလဲ"
တစ်ယောက်၊ နှစ်ယောက်လောက် အားကောင်းသည်ဆိုလျှင် ကိစ္စမရှိပေ။ သို့ပေမဲ့ ရှိရှိသမျှ တပည့်ပေါင်းများစွာ အားကောင်းနေခြင်းဆိုသည်မှာတော့ မယုံကြည်နိုင်ဖွယ်ရာပင်။
"ဦးလေး"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ ဖြတ်လမ်းနည်း မရှိဘူးလေ။ ဒီနေ့ သူတို့ရရှိခဲ့တဲ့ အရာတွေအားလုံးက သူတို့ ဇွဲ၊ နဘဲနဲ့ ကျင့်ကြံခဲ့တဲ့ ရလဒ်တွေပဲ"
"......."
စနစ်သည် ရုတ်တရက် ထကာ စောဒက တက်ချင်၏။ သို့ပေမဲ့ မည်သည့်နေရာကစကာ ပြောဆိုရမည်မှန်းပင် မသိခဲ့ချေ။
"ဒါက အဓိပ္ပာယ်ရှိတယ်"
ကုထျန်းရှင်းသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်၏။ ပြိုင်စံရှားဂိုဏ်း၏ လူငယ်များသည် ၎င်းတို့၏ ဘဝသက်တမ်းတိုတိုလေးတွင် မည်မျှခက်ခဲလှသည့် ကျင့်ကြံခြင်းများကို ပြုလုပ်ပြီး ဤကဲ့သို့အဆင့်ရောက်အောင် ပြုလုပ်ခဲ့ကြသနည်းဆိုသည်ကို သူသည် စတင်ကာ စိတ်ကူးယဉ်မိ၏။ ပူပြင်းလှသည့် နေပူဒဏ်၏အောက်တွင် ချွေးသံတလုံးလုံးဖြင့် ကြိုးစားနေကြသည့် ပြိုင်စံရှားဂိုဏ်း၏ တပည့်များကို မြင်ယောင်ရင်း သူသည် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်မိ၏။
ကံဆိုးစွာဖြင့် ကုထျန်းရှင်းသည် စင်မြင့်၏ တစ်နေရာတွင် မတ်တပ်ရပ်လျက်ရှိနေသည့် လီထျန်းထျန်းကိုကြည့်ကာ ခေါင်းခါယမ်းမိသည်။ "ဘယ်လောက်ကြိုးစား၊ ကြိုးစား အလကားပဲ။ တကယ့် ပါရမီရှင်တွေရဲ့ ရှေ့မှာတော့ ကြိုးစား နိုင်ခြင်းကလည်း အလကားပဲ မဟုတ်လား"
သူသည် ချူဝမ်ဂီကို အမှန်ပင် အထင်ကြီး၏။
ကျွင်းချောင်ရှောင်း မှာတော့ ဘာတစ်ခုမှ မပြောချေ။ ကုထျန်းရှင်း၏ စကားလုံးများကို မငြင်းပယ်ချင်ပေ။ အဘယ်ကြောင့်ဆိုသော် လုပ်ရပ်သည်ကသာလျှင် အကောင်းဆုံး သက်သေပြနိုင်သည့် နည်းလမ်းပင်။
.........
စင်မြင့်ပေါ်မှာတော့ လီထျန်းထျန်းသည် အပေါ်သို့ ခုန်တက်ပြီးသည့်နောက် သူ၏ ဘယ်ခြေနှင့် စင်မြင့်ထိပ် ခလုတ်တိုက်ကာ လဲကျလေ၏။
"........."
များပြားလှသော လူများအားလုံးသည် စပ်ဖြီးဖြီးနှင့် ဖြစ်ကုန်ကြသည်။ တိုက်ပွဲသည် မစသေးပေ။ တစ်ဖက်လူသည် တုန်တုန်ယင်ယင်ဖြင့် ချော်ပင်လဲလျက် ရှိနေသည်။ သူတို့သည် လီထျန်းထျန်း ကြောက်လန့်နေသည်ဟု အထင်မှား မိ၏။
သို့ပေမဲ့ တကယ်တမ်းမှာတော့ စိုးရိမ်မိနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးသည့် အမှားသေးသေးလေးကိုပင် ပြုလုပ်ခဲ့သည်။
အဘယ်ကြောင့် စိုးရွံ့နေသနည်း။ သူသည် ကြီးမားလှသည့် ပြိုင်ပွဲကြီးကို ပထမဦးဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်၏။ အထူးသဖြင့် သူ၏ရောင်းရင်း၊ ဂိုဏ်းသူဂိုဏ်းသားများအားလုံးသည် အောင်မြင်စွာဖြင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့သည် ဖြစ်သောကြောင့် သူ့အနေနှင့် ကြီးမားသည့် ဖိအားကြီးကို ရရှိခံစားလာခဲ့၏။
"စိတ်ကို သက်တောင့်သက်သာထား"
လီထျန်းထျန်းသည် ကြိတ်ကာ ပြောလိုက်သည်။ "မကြောက်နဲ့။ မကြောက်နဲ့"
"ဂျူနီယာညီလေး"
စင်မြင့်၏ အပြင်ဘက်မှာတော့ လီချင်းယန်သည် အသံပို့လွှတ်ကာဖြင့် အားပေးလိုက်၏။ "မင်းလုပ်နိုင်ပါတယ်"
နံရံကိုမှီကာ လက်ပိုက်လျက် ရှိနေသည့် ရီရှင်းချန်သည် လှမ်းကာ ပြောလိုက်သည်။ "မင်း သူ့ကို ရှုံးသွားတယ်ဆိုရင် ငါ သူ့ကို နောက်တစ်ကြိမ်ကျရင် သတ်ပေးမယ်"
".............."
လီချင်းယန်နှင့် တခြားသောသူများ၏ အမူအရာများသည် နဝေတိမ်တောင်နှင့် ဖြစ်သွားခဲ့၏။ ရီရှင်းချန်နှင့် အတူတကွ နှစ်ပေါင်းများစွာ နေထိုင်လာပြီးသည့်နောက်မှာတော့ သူတို့သည် သူ၏ဂျူနီယာညီလေးအကြောင်းကို ကောင်းကောင်းသိရှိပြီးသားဖြစ်၏။ စကားနှင့်အတူ အမှန်ပင် ပြုလုပ်တတ်သည့် လူမျိုးပင်ဖြစ်၏။
ဟူး...
လီထျန်းထျန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ၏ စိုးရွံ့နေသည့်စိတ်များသည် ပျောက်ကွယ်သွားခဲ့သည်။ သူသည် ချူဝမ်ဂီကို လှမ်းကြည့်ကာဖြင့် လက်သီးကို ဆုပ်လိုက်သည်။ "ပြိုင်စံရှားဂိုဏ်းရဲ့တပည့် လီထျန်းထျန်း.. ကျေးဇူးပြုပြီး ဉာဏ်အလင်း ပြပါအုံး"
ရိုးရှင်းလှသည့် မိတ်ဆက်မှုတစ်ခုသာဖြစ်သည်။ သို့ပေမဲ့ မဖျက်ဆီးနိုင်သည့် သံမဏိကဲ့သို့ သန်မာလှသည့် စိတ်ဓာတ်မျိုး တည်ရှိနေသည်။ သိုပေမဲ့ ပွဲကြည့်ပရိသတ်များနှင့် ကုထျန်းရှင်း၏ မျက်လုံးထဲမှာတော့ ဤကောင်လေးသည် တစ်ဖက်လူ ရိုက်နှက်သမျှကို ငြိမ်ခံနေရမည့် လူစားမျိုးပင်။
"ကျေးဇူးပြုပြီး"
ချူဝမ်ဂီ၏ လေသံသည် ငြင်သာလွန်းလှသည်။ သူသည် ကောင်းကင်ဖြတ်သန်းခြင်းလောက၏ နံပါတ်တစ် ပါရမီရှင်အဖြစ် လူသိများလှသည်ဆိုသော်လည်း မောက်မာသည့် လူတစ်ယောက် မဟုတ်ပေ။ စင်မြင့်ပေါ်သို့တက်ရင်း ခလုတ်တိုက်လဲကျခဲ့သည့် လီထျန်းထျန်းကိုပင် အထင်သေးခဲ့ခြင်း မရှိပေ။ အမှန်ပင် နှိမ့်ချ၊ ရိုကျိုးပြီး၊ ယဉ်ကျေးသည့် လူသားတစ်ယောက်ပင် ဖြစ်တော့သည်။
ဤကဲ့သို့သော ပါရမီရှင်တစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်သည့်နေရာတွင် လီထျန်းထျန်းသည် အနိုင်ယူနိုင်မည့်လူမျိုး မဟုတ်ကြောင်း ကုထျန်းရှင်း သုံးသပ်ခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။
"အင်း... မဆိုးဘူးပဲ" ကျွင်းချောင်ရှောင်းကလည်း ကောင်းမွန်သည့် မှတ်ချက်ကို ပေးလိုက်မိသည်။ တခြားကမ္ဘာသို့ ဝိညာဉ်ကူးပြောင်း ရောက်ရှိပြီးကတည်းက သူသည် ပုံပန်းသွင်ပြင်မျိုးစုံနှင့် ပါရမီရှင်ပေါင်းများစွာကို မြင်ခဲ့ဖူး၏။ ဤကဲ့သို့ သိုသိုသိပ်သိပ်နှင့် ယဉ်ယဉ်ကျေးကျေး နေထိုင်တတ်သည့် ပါရမီရှင်မျိုး တွေ့ဖို့ဆိုသည်မှာ အလွန် ရှားပါးလွန်းလှသည်။
ဟုတ်ပေ၏။ မည်မျှသည် နိမ့်ချသည်၊ ယဉ်ကျေးသည်ပဲဆိုဆို စင်မြင့်ပေါ်သို့ ရောက်သည့်အချိန်မှာတော့ နောက်ဆုံး ကျန်ရှိနေမည့်သူသည် အနိုင်ရရှိသူသာလျှင်ဖြစ်၏။ လီထျန်းထျန်းသည်လည်း ထိုအရာကို ကောင်းကောင်း သဘောပေါက်သည်။ မိတ်ဆက်ပြီးသည့်နောက် သူသည် ရှေ့ဆီသို့ လှမ်းလာခဲ့၏။
"ကောင်းကင်လက်ဝါးရိုက်ချက်"
ဆွစ် ဆွစ်
လက်ဝါးရိုက်ချက်သည် လေထုထဲတွင် စုဝေးလာခဲ့ပြီးသည့်နောက် ချူဝမ်ဂီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။
ဘုန်း ဘုန်း ဘုန်း
တိုက်ခိုက်ရေးစင်မြင့် တစ်ခုလုံးသည် ကြမ်းတမ်းလွန်းလှသော တိုက်ခိုက်မှု၏အောက်တွင် တုန်ခါလျက်ရှိ၏။ သို့ပေမဲ့ ပြိုကျပျက်စီးသွားမည့် အရိပ်အယောင်တော့ မတည်ရှိချေ။ အဆင့်မြင့်မားလွန်းလှသော အစီအရင်ဆရာများ ပူးပေါင်း၍ ကြိုတင်ပြင်ဆင်ထားသောအရာဖြစ်သောကြောင့်ပင်။
"ဒီကောင် အားမနည်းဘူးပဲ"
တိုက်ပွဲကြောင့် ဖြစ်တည်ခဲ့သည့် လေလှိုင်းများကို ကြည့်ပြီးသည့်နောက် ပွဲကြည့်ပရိသတ်များက တွေးလိုက်မိသည်။
"..........."
ကုထျန်းရှင်း၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိ၏။
"ဦးလေး..."
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ပွဲက အခုမှစတာ"
ဝှစ်
လီထျန်းထျန်းသည် လေလှိုင်းနှင့်အတူ လိုက်ပါလာခဲ့၏။
ဘုန်း ဘုန်း ဘုန်း
ကြမ်းတမ်းလွန်းလှသော လေလှိုင်းများနှင့်အတူ တိုက်ခိုက်ချက်များသည် အမှန်တကယ် ကြောက်ခမမ်းလိလိ ဖြစ်လို့နေခဲ့ပြီး တိုက်ခိုက်ရေးတည်နေရာ၏ တစ်ဝက်လောက်ကိုပင် ဖုံးလွှမ်းသွားခဲ့သည်။
ဘုန်း .....။
ခဏလောက် ကြာပြီးသည့်နောက် လက်ဝါးချင်းရိုက်သည့် ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာပြီး လီထျန်းထျန်နှင့် ချူဝမ်ဂီတို့သည် အနောက်ဘက်ဆီသို့ လွှင့်စင်သွားခဲ့၏။ တစ်ယောက်သည် ခုနှစ်မီတာ၊ ရှစ်မီတာခန့် လွင့်စင်သွားခဲ့ပြီး တစ်ယောက်မှာတော့ ဆယ်မီတာခန့် လွင့်စင်သွား၏။
"သခင်လေးချူ.. ရှုံးပြီလား။ ဘယ်လိုဖြစ်တာလဲ" အားလုံးသောသူတို့သည် မျက်လုံးပြူးသွားမိသည်။
ယခင် ပြိုင်ဆိုင်မှုများအရဆိုလျှင် ချူဝမ်ဂီသည် တခြားသောသူများကို တစ်ခါတည်း တိုက်ခိုက်အနိုင်ယူနိုင်ခဲ့သူသာ ဖြစ်၏။ ယခုအခြေအနေကို သုံးသပ်ရမည်ဆိုလျှင် မနိုင်ရုံသာမက အောက်စည်းသို့ပင် ရောက်ရှိနေလေ၏။
ဟူး ....။
လီထျန်းထျန်းသည် စိတ်သက်သာရာရသလို သက်ပြင်းချပြီးသည့်နောက် ပြောလိုက်သည်။ "သူက စီနီယာအစ်ကိုရီ လောက် အားကောင်းလိမ့်မယ်လို့ ထင်ထားတာလေ။ ကြည့်ရတာ ငါ့လောက်တောင် အားမကောင်းပါလား"
သူ၏ စကားကို တခြားသောသူများသာ ရှင်းရှင်းလင်းလင်း ကြားလိုက်မည်ဆိုပါက ကျိန်းသေပေါက် သွေးအန်မိမှာ သေချာ၏။
အချက်အလက်အားဖြင့် ချူဝမ်ဂီသည် အားကောင်းလွန်းလှ၏။ အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် ကျွမ်းကျင်သူလည်း ဖြစ်သည်။ သို့ပေမဲ့ အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် ရှိနေသော လီထျန်းထျန်းသည် ပိုမိုအားကောင်း၏။ တိတိကျကျ ပြောရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းမှ ထွက်ပေါ်လာသည့် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့် သိုင်းကျင့်ကြံသူများသည် ခန့်မှန်း၍ မရနိုင်အောင် အားကောင်းလွန်းလှ၏။
ထို့အပြင် ၎င်းတို့အားလုံးသည် ဂိုဏ်းထဲတွင်ရှိသော လျှို့ဝှက်နယ်မြေများ၊ မျှော်စင်အသီးသီးသို့ ဝင်ရောက်ကာ မတူညီသည့် အတွေ့အကြုံများကို ရရှိခဲ့သည့်လူများ ဖြစ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် တစ်ဖက်လူသည် ပါရမီရှင်များ ဖြစ်သည်ဆိုလျှင်တောင် သူတို့သည် ဆာဗာခိုးယူထားသည့်လူများ ဖြစ်လို့နေသည်။
ဟုတ်ပေသည်။ ဤနေရာတွင် ပြောစရာရှိနေသည်မှာ ပြိုင်စံရှားဂိုဏ်း၏ လက်ရွေးစင်တပည့် သို့မဟုတ် အတွင်းစည်းတပည့်၊ မည်သည့်တပည့်ပင်ဖြစ်ဖြစ် တူညီသည့်အရင်းအမြစ်များကို ရရှိခဲ့၏။ ထို့ကြောင့် တခြားသော သူများထက် အဆပေါင်းများစွာ ပိုမို၍ အားကောင်းသည် ဆိုသည်မှာ သံသယရှိစရာ မလိုပေ။
"ဒီလိုဆိုမှတော့"
လီထျန်းထျန်းသည် သူ၏ပခုံးကို လှုပ်ခါကာ ပြောလိုက်၏။ "တိုက်ပွဲကို ဘာလို့ မြန်မြန် အဆုံးမသတ် ရမှာလဲ"
ချူဝမ်ဂီသည် အနည်းငယ် မျက်မှောင်ကုတ်မိသွားသည်။
ဝှစ်
ထိုအချိန်မှာပဲ လီထျန်းထျန်းသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏လက်များ သည် ရှုပ်ထွေးလှသော လက်စည်းသင်္ကေတများကို ပြုလုပ်ပြီး လေထုထဲတွင် အားကောင်းလွန်းလှသော စွမ်းအင်လှိုင်း များကို စတင်ကာ စုစည်း၏။
"နဂါးကိုးကောင်လက်ဝါး" ဟယ်ဝူတီက ပြောလိုက်မိသည်။
"......."
လီချင်းယန်က ဆွံ့အသွားမိ၏။ "ဂျူနီယာညီလေးက တကယ့်ကို အဆင်ခြင်မဲ့တာပဲ"
ဝှစ် ဝှစ်
လီထျန်းထျန်း၏ လက်ဆီမှ ရှုပ်ထွေးလွန်းလှသော လက်စည်းသင်္ကေတများ ဖြစ်တည်လာပြီး လေလှိုင်းများသည် တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ နဂါးအော်ရာများပင် ထွက်ပေါ်နေသည်။
ပွဲကြည့်စင် တစ်ခုလုံး သည်လည်း တိတ်ဆိတ်ငြိမ်သက်သွား၏။ အလွန် အားကောင်းလှသော အော်ရာများသည် ရုတ်တရက် ပျံ့နှံ့လာသည်ကို အာရုံခံမိသည့်အချိန်မှာတော့ အားလုံးသောသူတို့သည် ထိတ်လန့် အံ့အားသင့်လျက်ရှိ၏။ ထိုလူများထဲတွင် ကုထျန်းရှင်းလည်း အပါအဝင်ပင်။
"လုတောင်တန်းမှ နဂါး"
ထိုအချိန်မှာတော့ လုထျန်းထျန်းသည် သူ၏ လက်များကို လေထုထဲသို့ ယမ်းခါကာ ရိုက်နှက်လိုက်၏။
"အင်း... ဒါက နဂါးကိုးကောင် လက်ဝါးရိုက်ချက်ပဲ" ဟယ်ဝူတီသည် ထကာ အော်ဟစ်လိုက်မိသည်။
ဘုန်း
ချက်ချင်းပဲ နားကွဲလောက်စရာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ တိုက်ခိုက်ရေးတည်နေရာ တစ်ခုလုံးသည် တလက်လက် လင်းလက်လျက် ရှိနေသည့် အလင်းတန်းများနှင့် ရုတ်တရက် ဖုံးလွှမ်းသွားခဲ့၏။
ပွဲကြည့်ပရိသတ် များအားလုံးတို့သည် စူးရှသည့်အလင်းတန်းများကို ကာကွယ်ရန် ၎င်းတို့၏ လက်များကို အသုံးပြု၍ မျက်လုံးကို ကာထားရ၏။ တစ်ချိန်တည်းမှာပဲ ၎င်းတို့၏ စိတ်ထဲတွင် ကြီးမားလွန်းလှသော လှိုင်းအဟုန်များ ဖြစ်တည်လာ၏။ ဤအရာသည် မည်ကဲ့သို့သော သိုင်းနည်းစနစ်နည်း။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
တိုက်ခိုက်ရေး တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းလျက် ရှိနေသည့် အလင်းတန်းများသည် တဖြည်းဖြည်းနှင့် ပြန်လည်ကာ အားပျော့လာခဲ့၏။ အားလုံးသော ပွဲကြည့်ပရိသတ်များသည် ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ မူလတည်နေရာမှာတင် ရပ်လျက်ရှိနေသည့် လီထျန်းထျန်းကို မြင်လိုက်ရ၏။
အလွန် နက်ရှိုင်းပြီး ကြီးမားလွန်းလှသော မြောင်းကြီးတစ်ခုသည် သူ၏ရှေ့တွင် ပေါ်ပေါက်နေသည်။ ထိုမြောင်းကြီးသည် ချူဝမ်ဂီ ရှိနေသည့် တည်နေရာကြီးကို ဖုံးလွှမ်းသွားသည်သာမက အပြင်ဘက် ပွဲကြည့်စင်၏ နံရံဆီကိုပါ ရောက်ရှိနေသည်။
"ပြီးသွားပြီ" ကျွင်းချောင်ရှောင်းသည် မျက်နှာပေါ်တွင် တပြုံးပြုံးနှင့် မတ်တပ်ထရပ်လိုက်၏။
"..........."
ကုထျန်းရှင်းသည် မည်သည့်စကားကိုမှ မဆိုချေ။ အဘယ်ကြောင့်ဆိုသော် အပြင်ဘက်နံရံတွင် မူးဝေလျက် သတိလစ် မေ့မျောနေသူမှာ ချူဝမ်ဂီ ဖြစ်နေသောကြောင့်ပင်။
ကောင်းကင်ဖြတ်သန်းခြင်းနယ်မြေ၏ နံပါတ်တစ် ပါရမီရှင် တစ်ကွက်တည်းချူဟု အမည်ပေးခံရသော ချူဝမ်ဂီသည် ပြိုင်စံရှားဂိုဏ်းတပည့်၏ တစ်ချက်တည်းသော တိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်ခဲ့ရသည်။
"အနိုင်ရရှိသူ လီထျန်းထျန်း"
တိုက်ပွဲ၏ ရလဒ်ကို ဒိုင်လူကြီးက ကြေညာလိုက်သည့်အချိန်မှာတော့ တည်နေရာ ထဲတွင် မတ်မတ်ရပ်လျက်ရှိနေသည့် လီထျန်းထျန်းသည် ပထမဦးဆုံး သူ၏စီနီယာအစ်ကိုနှင့် အစ်မများဆီ လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ပွဲကြည့်စင်တွင် ရှိနေသော ဂိုဏ်းချုပ်ကို လှမ်းကြည့်ကာ အော်ဟစ်လိုက်၏။ "တပည့်က အားလုံးကို စိတ်မပျက်စေခဲ့ဘူးမလား"