အခန်း ၁၈၀၀
Vol. 121 Ch. 1800
အပိုင်း (၁၈၀၀)
လီထျန်းထျန်း၏ အော်သံသည် သူ၏ခံစားချက်များပါဝင်လျက်ရှိနေပုံပင်။ လောကကြီးတစ်ခုလုံးအား သူသည် သာမာန်ဖြင့်သာ မွေးဖွားလာခဲ့သည်ဆိုသော်လည်း ကောင်းကင်ယံထက်၌ တောက်ပစွာ တည်ရှိနေမည့်လူ ဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင်။
“ဂျူနီယာ ညီလေး” လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသောသူများသည် ပြုံးမိလိုက်ကြသည်။ ၎င်းတို့သည် လီထျန်းထျန်း၏ အောင်ပွဲအတွက် ဂုဏ်ယူလျက်ရှိနေသည်။ သို့ပေမဲ့ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူတို့သည် မပြုံးနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်ကို အနိုင်ယူတိုက်ခိုက်ပြီးသည့်နောက် လီထျန်းထျန်းသည် စိတ်ကိုလျှော့ချလိုက်၏။ ထို့ကြောင့် ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ငါးနှစ်လုံးလုံးကျင့်ကြံခဲ့သည့်အတောအတွင်း ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် နဂါးကိုးကောင် လက်ဝါးရိုက်ချက်ကို အတော်အတန် နားလည်နေကြပြီးဖြစ်၏။ များပြားလှသည့်အကျိုးကျေးဇူးများကို ရရှိခဲ့သည်ဆိုသော်လည်း တကယ်တမ်းမှာတော့ ပြင်ပနိယာမများကို ထိတွေ့စေရုံလောက်သာ ရှိသေး၏။
ထို့ကြောင့် လက်ရှိ လီထျန်းထျန်းသည် တိုက်ကွက်ကို စတင်ကာထုတ်ဖော်လိုက်ပြီး အနိုင်ယူ တိုက်ခိုက် နိုင်ခဲ့သည်ဆိုသော်လည်း စွမ်းအင်အကုန်လုံးကို ထုတ်ဖော်အသုံးပြုခဲ့ရ၏။ အတိုချုပ်အားဖြင့် သူသည် စောနတုန်းက ဟန်ထုတ်လျက်ရှိသည် ဆိုသော်လည်း သူ့တွင် ရှိနေသည့်စွမ်းအင်များ အားလုံးသည် မရှိတော့ချေ။ ထို့ကြောင့် ပြိုလဲကာကျသွားခြင်းပင်။
“ချီးထဲမှ”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ထိုင်ချလိုက်၏။ ပြီးနောက် သူ၏လက်များကို ယှက်ကာဖြင့် စိတ်ထဲမှာ အော်ဟစ်လျက်ရှိ၏။ “ပွဲစတာနဲ့ ဘယ်လိုဖြစ်ပြီး ဒီလောက်အားကောင်းတဲ့ တိုက်ခိုက်ချက်ကို တစ်ခါတည်း အသုံးပြုရတာလဲ။ နောက်ပွဲတွေ မတိုက်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ”
“ပြိုင်ပွဲဝင်သူ စင်မြင့်ပေါ်ကနေ ကိုယ့်ဘာသာကိုယ်ဆင်းနိုင်မှာလား” ဒိုင်လူကြီးက မေးမြန်းလိုက်သည်။
“ဆင်းနိုင်ပါတယ်” လီထျန်းထျန်းသည် အနည်းငယ်မောပန်းလို့နေခဲ့၏။ ခက်ခက်ခဲခဲဖြင့် မတ်တပ်ထရပ်ပြီး သည့်နောက် စင်မြင့်အောက်သို့ တစ်လှမ်းချင်းစီ ဆင်းလျှောက်သွား၏။
လီချင်းယန်နှင့် ရှောင်ကျီတို့သည့် အလောတကြီး ဖြင့် ရောက်ရှိလာခဲ့ပြီး လီထျန်းထျန်းကို ဖေးဖလိုက်သည်။
“စီနီယာအစ်ကို.... ကျုပ်လက်လွန်သွားလား”
“လွန်တာပေါ့” လီချင်းယန်နှင့် ရှောင်ကျီတို့သည် သံပြိုင်ပြောလိုက်ကြ၏။
.......
အဖွဲ့တစ်ခုချင်းစီ၏ ပထမဦးဆုံးတိုက်ပွဲသည် အဆုံးသတ်သွားခဲ့၏။ သို့ပေမဲ့ တိုက်ခိုက်ရေးတည်နေရာ တစ်ခုလုံးသည် အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏၊ အဓိကအားဖြင့် ဤပွဲကို ကြည့်ရှုလျက်ရှိနေသည့် အမျိုးသားသိုင်းကျင့်ကြံသူများအားလုံးသည် မျက်လုံးပြူးလျက်ရှိနေသလို အမျိုးသမီး သိုင်းကျင့်ကြံသူများအားလုံးသည်လည်း မယုံကြည်နိုင်စွာဖြင့် ပါးစပ်ကို လက်နှင့်အုပ်၍ ကြည့်ရှုနေကြသည်။
ချူဝမ်ဂီကဲ့သို့ ပါရမီရှင်ပင်လျှင် ထမ်းစင်နှင့်ထမ်းကာ ခေါ်ဆောင်သွားခဲ့ရ၏။ ကောင်းကင်ဖြတ်သန်းခြင်း မျှော်စင်၏ မျှော်လင့်ချက်အလင်းရောင်ဖြစ်သော ချူဝမ်ဂီသည် ပြိုင်စံရှားဂိုဏ်း၏အညံ့ဆုံးသော တပည့်ဟုထင်ရသည့်လူ၏ တိုက်ခိုက်မှုကိုခံရပြီး ရှုံးနိမ့်သွားခဲ့၏။
“ဦးလေး”
ကျွင်းချောင်ရှောင်းသည် ကုထျန်းရှင်း၏ မျက်စိရှေ့တွင် လက်ကိုအသာဝှေ့ယမ်းကာ မေးလိုက်သည်။ “အဆင်ပြေရဲ့လား”
......
ဦးလေးကုသည် ခေါင်းကိုအသာလှည့်ကာဖြင့် ပြောလိုက်၏။ “လီထျန်းထျန်းက မင်းရဲ့ပြိုင်စံရှားဂိုဏ်းထဲမှာ ဘယ်လိုအဆင့်လဲ ငါမေးချင်တယ်”
“အတွင်းစည်းတပည့်လေ”
“ဒါဆိုရင် ရီရှင်းချန်ကရော”
“လက်ရွေးစင်တပည့်ပါ”
.........
ကုထျန်းရှင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ရုတ်တရက် သူသည် မတ်တပ်ထရပ်ပြီး ကျွင်းချောင်ရှောင်း၏ အင်္ကျီစကိုဆွဲကာ လှုပ်ခါလျက်ရှိနေ၏။
“အတွင်းစည်းတပည့်က လက်ရွေးစင်တပည့်ထက် ပိုပြီးအားကောင်း တယ်လို့ပြောတော့ ငါယုံမယ်ထင်လို့လား”
ကျွင်းချောင်ရှောင်းသည် ပါးစပ်မှအမြှုပ်များပင်ထွက်လာ၏။ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါခံရသောကြောင့် မျက်လုံးများသည် ချာချာလည်လျက်ရှိနေသည်။
လီထျန်းထျန်းသည် ရီရှင်းချန်ထက် ပိုမိုကာအားကောင်းသည်ဟု ကုထျန်းရှင်းကခံစားမိ၏။ အဘယ်ကြောင့် ဆိုသော် လီထျန်းထျန်းထုတ်ဖော်တိုက်ခိုက်ခဲ့သည့် သိုင်းကျင့်ကြံခြင်း နည်းစနစ်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှကြောင့်ပင်။
အချက်အလက်အားဖြင့် လက်ရွေးစင် တပည့်များအားလုံးတို့သည် နဂါးကိုးကောင် လက်ဝါးရိုက်ချက်ကို အစောကြီးတည်းက နားလည်နှင့်နေပြီးဖြစ်သည်။ သူတို့သည် ထုတ်ဖော်အသုံးမပြုခြင်းသာ ရှိ၏။
.......
ကောင်းကင်ဖြတ်သန်းခြင်းလောက၏ မျှော်လင့်ချက်ရောင်ခြည်သည် ရှုံးနိမ့်သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် သိုင်းကျင့်ကြံသူများ အားလုံးသည် အလန့်တကြားနှင့် ဖြစ်လို့နေ၏။ တစ်ချိန်တည်းမှာပင် ပထမအကျော့ကို အောင်မြင်လာခဲ့သည့် ပြိုင်ပွဲဝင်များသည် တုန်လှုပ်လျက်ရှိနေမိ၏။ သူတို့အားလုံးသည် ပြိုင်စံရှားဂိုဏ်းသားများကို နတ်ဆိုးတစ်ကောင်ကဲ့သို့ လှမ်းကာကြည့်ရှုနေမိ၏။ စိတ်ထဲမှာလည်း ကြိတ်ကာရေရွတ်လျက်ရှိနေ၏။ “နောက်တဆင့်တက်ဖို့ မျှော်လင့်ချက်ကို ငါမမြင်ဘူး”
အမှန်ပဲ။ မည်သည့်မျှော်လင့်ချက်မှ မရှိချေ။ ခေတ္တခဏအတွင်းမှာပဲ လွီရန်ဖု သည် ဒုတိယ၊ တတိယနှင့် စတုတ္ထအလှည့်များအတွက် စတင်ကာကြေညာတော့သည်။
ပြိုင်စံရှားဂိုဏ်း၏တပည့်များသည် တစ်ယောက်ပြီး တစ်ယောက်တက်လာကာ တိုက်ခိုက်အနိုင်ယူခဲ့သည်။ ဟယ်ဝူတီသည်လည်း တူတူပင်ဖြစ်၏။ သူသည် အဆုံးသတ်၌ ပြိုင်ပွဲကို အနိုင်ယူတိုက်ခိုက်ခဲ့သည် ဆိုသော်လည်း လူပေါင်းများစွာတို့အား ကံကောင်း၍အနိုင်ရရှိခဲ့သည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းခဲ့၏။
ညအင်ပါယာမှာမူ ယခင်ကအတိုင်းအားကောင်းလျက်ပင်။ စင်မြင့်ပေါ်သို့လှမ်းတက်ပြီးသည့်နောက် တစ်ဖက်လူကို တစ်ခါတည်းအနိုင်ယူခဲ့၏။ လီထျန်းထျန်းအနေနှင့် ဆက်လက်၍ တိုက်ခိုက်နိုင်မည်လား ဆိုသည်ကို လူတစ်ချို့က စိုးရိမ်ပူပင်နေပေလိမ့်မည်၊။ သို့ပေမဲ့ သံသယရှိစရာမလိုအပ်ပေ။ စိတ်ဝိညာဉ် စွမ်းအင်များ ပြန်လည်ကောင်းမွန်စေသည့် ဆေးလုံးများကို သောက်သုံးပြီးနောက် လီထျန်းထျန်းသည် သံမဏိကဲ့သို့ မာကျောလှသော လက်သီးကိုအသုံးပြု၍ သူ၏ ပြိုင်ဘက်များအားလုံးကို တိုက်ခိုက်အနိုင်ယူ ခဲ့သည်။
ပြောရမည် ဆိုလျှင် စိတ်ဝိညာဉ်စွမ်းအင်များမရှိပါက တိုက်ခိုက်မှုကို ဆက်လက်ပြုလုပ်ရန်ဆိုသည်မှာ ခက်ခဲလှ၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏တပည့်များ၌ မယုံကြည်နိုင်စရာကောင်းလောက်သည့် နတ်ဆေးများ တည်ရှိနေသည် မဟုတ်ပါလား။
ပထမအဖွဲ့ ဟယ်ဝူတီ၊
ဒုတိယအဖွဲ့ ရီရှင်းချန်၊
တတိယအဖွဲ့...
ဆယ့်ငါးဖွဲ့မြောက် လီထျန်းထျန်း။
အလွန်ကြမ်းတမ်းပြီး ပြင်းထန်လွန်းလှသည့် တိုက်ခိုက်မှုမျိုးကို ပြုလုပ်ပြီးသည့်နောက် နောက်တဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် လူငါးဆယ်စာရင်းက ထွက်ပေါ်လာခဲ့၏။ ကျွင်းချောင်ရှောင်းပြောသည်မှာ အမှန်ပင် ဖြစ်သည်။ ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လေးဆယ့်ငါးဦးတွင် လေးဆယ့်ငါးဦးလုံးစာ နေရာကိုရရှိခဲ့၏။ ကံဆိုးစွာဖြင့် လူငါးဆယ်စာကိုမထည့်ခဲ့ချေ။ မဟုတ်ပါက အားလုံးကို မောင်ပိုင်စီးနိုင်မှာ သေချာသည်။
“ဦးလေး”
ကုန့်ရှန်က ပြောလိုက်၏။ “ကျုပ်ဆိုလိုတာသိပြီမလား”
.........
ကုထျန်းရှင်းသည် ဘာတစ်ခုမှမဆိုချေ။ လက်ရှိအချိန်မှာတော့ သူသည် ပြိုင်စံရှားဂိုဏ်းတပည့်များ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ အမှန်ပင်တုန်လှုပ်နေမိ၏။ ပြိုင်စံရှားဂိုဏ်း၏တပည့်များအားလုံးသည် တကယ့်ကို မွန်စတားများကဲ့သို့ပင်။
“ဟား ဟား ဟား” ရုတ်တရက် ကုထျန်းရှင်းသည် ခေါင်းမော့ကာဖြင့်ရယ်မောလိုက်၏။
စကြဝဠာနတ်တိုက်ပွဲပြိုင်ပွဲ၏ အရည်အချင်းစစ်စာမေးပွဲဆိုသည်မှာ အားကောင်းသူသာလျှင် နောက်တဆင့်သို့တက်နိုင်ပြီး အားနည်းသူမှာ ထုတ်ပယ်ခံရမည့်ရည်ရွယ်ချက်ဖြစ်သည်။
ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် အလွန်အားကောင်းလွန်းသောကြောင့် တစ်စက္ကန့်အတွင်းမှာပဲ ကောင်းကင်ဖြတ်သန်းခြင်း နယ်မြေ၏ ပါရမီရှင်များကိုပင် တိုက်ခိုက်အနိုင်ယူခဲ့၏။ ထိုသူတို့သည်သာ စကြဝဠာနတ်တိုက်ပွဲပြိုင်ပွဲသို့ ဝင်ရောက်ကာယှဉ်ပြိုင်ခွင့်ရပါက သာမာန်ထက်ပိုသည့် ရလဒ်များကို ယူဆောင်လာနိုင်မှာ သေချာ၏။ ထိုသို့ဆိုလျှင် သူ၏ လောကကြီးအတွက် ကောင်းမွန်သည့်အကျိုးတရားပင်။
“ဂိုဏ်းချုပ်ကျွင်း”
ကုထျန်းရှင်းက လှည့်ကာပြောလိုက်၏။ " ငါတို့ ကောင်းကင်ဖြတ်သန်းခြင်းနယ်မြေအနေနဲ့ ပိုပြီးကောင်းမွန်တဲ့ ရလဒ်မျိုးကိုရဖို့မျှော်လင့်မိတယ်”
“ဒင်.... အထူးတာဝန်ရဲ့အသက်ဝင်”
“နောက်ထပ်တာဝန်လား။ ချီးထဲမှ... အထူးတာဝန်ပဲ”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံမှ ထ၍ ခုန်လုမတတ်ပင် ဖြစ်သွား၏။ အထက်နယ်မြေ၏ အဓိကတာဝန်ကို ပြည့်စုံပြီးသည့်နောက်မှာ သူသည် နတ်ဘုရားခြေလှမ်းဝက် အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့၏။ သို့ပေမဲ့ အဲဒီနောက်ပိုင်း အထူးတာဝန်ဆိုသည်ကို ပေါ်မလာခဲ့တော့ချေ။ သူ၏အဆင့်သည် အချိန်ပေါင်းများစွာ ကြာမြင့်ခဲ့သည်ဆိုသော်လည်း ဤနေရာ၌ တန့်လို့နေခဲ့၏။
ရွှီး
ကျွင်းချောင်ရှောင်းသည် စနစ်ကိုဖွင့်ကာကြည့်ရှုလိုက်သည်။
“စကြဝဠာ အထူးတာဝန်တစ်
တာဝန်၏အသေးစိတ် - စကြဝဠာနတ်တိုက်ပွဲသည် အထက်စကြဝဠာတစ်ခုလုံးတွင် အကြီးမားဆုံးသော ပြိုင်ပွဲကြီးတစ်ခုလည်းဖြစ်၏။ လက်ခံသူအနေနှင့် စကြဝဠာနတ်တိုက်ပွဲကို ဝင်ရောက်ခွင့်ရရှိရန် ကြယ်တာရာပြိုင်ပွဲဆီသို့ တပည့်များကို ခေါ်ဆောင်သွားရမည်။
တာဝန်၏လိုအပ်ချက် - နတ်တိုက်ပွဲလက်မှတ် ၀/၂
တာဝန်၏ ဆုလာဘ် - ???”
“ကြယ်တာရာပြိုင်ပွဲလား။ နတ်တိုက်ပွဲလက်မှတ်”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကိုပွတ်သပ်ကာ ပြောလိုက်၏။ “ဦးလေး.. အဲဒါက ဘာတွေလဲ”
ကုထျန်းရှင်းကပြောလိုက်၏။ “နောက်သုံးနှစ်အတွင်းမှာ ငါတို့စကြဝဠာပတ်လမ်းကြီးအနေနဲ့ ကြယ်တာရာ ပြိုင်ပွဲကိုကျင်းပလိမ့်မယ်။ အဲ့ဒီမှာ အနိုင်ရရှိတဲ့ ထိပ်တန်းလူဆယ်ယောက်ကသာလျှင် စကြဝဠာနတ်တိုက်ပွဲ ပြိုင်ပွဲကို တိုက်ရိုက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခွင့်အရေးရလိမ့်မယ်”
“ဆယ်ယောက်တည်းလား”
“စကြာဝဠာနတ်တိုက်ပွဲပြိုင်ပွဲကို တိုက်ရိုက်ဝင်ပြိုင်ခွင့်ရတဲ့ ထိပ်တန်း ဆယ်ယောက်ကိုပြောတာ။ ရှုံးနိမ့်သူ စာရင်းကနေ ပြန်ပြိုင်ပွဲဝင်ပြိုင်လို့ရသေးတယ်။”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက်ပြောလိုက်၏။ “နောက်သုံးနှစ်ကြာပြီးရင် ကျုပ်တို့ပြိုင်စံရှားဂိုဏ်းသားတွေကအကောင်းဆုံးကြိုးစားပြီး ဦးလေးကို စိတ်မပျက်စေရပါဘူး”
အထူးတာဝန်သည် တစ်စုံတစ်ယောက်၏အဆင့်နှင့် ပတ်သက်ဆက်နွယ်လျက်ရှိ၏။ အကြာကြီးစောင့်မျှော်ပြီး သည့်နောက် အထူးတာဝန်သည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူ၏တာဝန်ကိုပြည့်စုံရန် သူကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ရမည်ဆိုလျှင်တောင်မှ ဘယ်တော့မှလက်နှေးလိမ့်မည်မဟုတ်ပေ။
.......
ရွှီး
မြင်ကွင်းသည် ကောင်းကင်ဖြတ်သန်းခြင်းလောကဆီမှာ ကျယ်ပြောလှသည့် စကြဝဠာကြီးဆီသို့ရောက်ရှိ သွား၏။ ပြီးနောက် သုံးနှစ်ကြာသော်ဆိုသည့် စာတန်းပေါ်ပေါက်လာ၏။
ရွှီး
အဆုံးမဲ့စကြဝဠာထဲမှာတော့ ထာဝရရွက်သင်္ဘောကြီးသည် မြန်မြန်ဆန်ဆန်နှင့် ပျံသန်းနေခဲ့ပြီး ကောင်းကင် ဖြတ်သန်းခြင်းလောကထက် ပိုမိုကာကြီးမားလွန်းလှသည့် ဂြိုဟ်ကြီးတစ်ခုထဲသို့ ရောက်ရှိသွား၏။ ဤအရာသည် အထက်ပထမံလောကကြီးဖြစ်သည်။
ဤစကြဝဠာပတ်လမ်းကြောင်းမှ အားကောင်းလွန်းသော ဂြိုဟ်များထဲမှ တစ်ခုလည်းဖြစ်လို့နေသည်။ ဤဂြိုဟ်ကြီးသည် ကြယ်တာရာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် မည့် ကြယ်တာရာပြိုင်ပွဲကို လက်ခံကျင်းပမည့်ဂြိုဟ်လည်း ဖြစ်လေ၏။
“ချီးထဲမှ... အရမ်းလှတာပဲ”
ထာဝရရွက်သင်္ဘောကြီးဆီမှ လှမ်းကာကြည့်ပြီးသည့်နောက် စုရှောင်မိုနှင့် အခြားသောသူများသည် ကောင်းကင်ယံတွင် ပျံသန်းလျက်ရှိနေသည့် များပြားလှသည့် ရွက်သင်္ဘောများကို ကြည့်ရှုနေ၏။ ၎င်းတို့၏ မျက်လုံးများသည် အံ့အားသင့်မှုများနှင့်ပြည့်နှက်နေသည်။
“စိတ်ကိုအေးအေးထား” ကျွင်းချောင်ရှောင်းကပြောလိုက်သည်။
အထက်ပထမံလောကကြီးသည် ကောင်းကင်ဖြတ်သန်းခြင်းလောကထက် ပိုမိုကာအားကောင်းသည် ဆိုသည်မှာ မငြင်းပယ်နိုင်ချေ။ ပတ်ဝန်းကျင်တည်နေရာကြီးတစ်ခုလုံးသည် ကောင်းကင်က ငြင်းပယ် ရလောက်သည့် ပတ်ဝန်းကျင်မြေနေရာကြီးအဖြစ် ဖြစ်တည်လို့နေခဲ့၏။ သို့ပေမဲ့ သူတို့အားလုံးသည် နှစ်ပေါင်းများစွာ စကြဝဠာထဲသို့လှည့်လည်ကာခရီးသွားလာခဲ့ပြီးသည့်နောက် တည်ငြိမ်မှုကို သင်ယူသင့်သည် မဟုတ်ပါလား။
ဝေါင်း.. ဝေါင်း
ရုတ်တရက် နဂါးနှင့် ကျားအော်သံများထွက်ပေါ်လာ၏။ ကျွင်းချောင်ရှောင်းသည် အသာမော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ များပြားလွန်းလှသော နဂါးနှင့်ကျားသားရဲများသည် ကောင်းကင်ပေါ် ပျံသန်းလျက်ရှိနေ၏။
ထိုသတ္တဝါများ၏အပေါ်တွင် ချောမောလှသော ယောကျာ်းနှင့်အမျိုးသမီးများ တည်ရှိနေခဲ့ပြီး အားလုံးသော သူတို့သည် အင်မော်တယ်များကဲ့သို့ပင်။
ထိုသူများထဲမှ တစ်ယောက်သည် ထာဝရရွက်သင်္ဘောကြီးကို လှမ်းကြည့်ကာဖြင့် ထူးမခြားနားသလို ပြောလိုက်၏။ “ဒီခေတ်ကြီးထဲမှာ ရွက်သင်္ဘောပျံတွေကို စီးနေတဲ့ လူတွေ ရှိသေးတာပဲ”
“........”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွား၏။ “ဒါ ငါတို့ကို လှောင်တာလား”
ကုထျန်းရှင်းသည် လေးနက်တည်ကြည်သည့် အမူအယာဖြင့် ပြောလိုက်သည်။ “နဂါးတွေ၊ ကျားတွေက အင်မော်တယ်သတ္တဝါတွေလေ။ အထက်စကြဝဠာ တစ်ခုလုံးမှာ အနည်းငယ်ပဲရှိတယ်။ ဒီအရာတွေကို စီးတော်ယာဉ်အဖြစ် အသုံးပြုနိုင်တယ်ဆိုတော့ သူတို့ ရဲ့ဂုဏ်သိက္ခာက သာမာန်မဟုတ်တာ ကျိန်းသေပဲ”
ဟူး...
ထိုအချိန်မှာပဲ သူ၏ ဘေးတစ်ဘက်ဆီမှ ဆန်းကြယ်လွန်းသောအော်သံကြီး တစ်ခု ထွက်ပေါ်လာ၏။ ကုထျန်းရှင်း သည် အလျှင်အမြန်ဖြင့် ခေါင်းကို လှည့်ပြီးကြည့်ရှုလိုက်သည့်အချိန်မှာတော့ ခေါင်းအထက်တွင် ဦးချိုကိုးခု ရှိနေသော ကြီးမားလှသည့် နဂါးသားရဲကြီးတစ်ကောင်သည် လျှပ်စီးများ တလျှပ်လျှပ် လင်းလက်လျက်ရှိစွာဖြင့် သူ၏ဘေးနားတွင်ရှိနေကြောင်း မြင်လိုက်ရ၏။
“ဂျိုကိုးခု မိုးကြိုးတိမ်နဂါးလား” ဖြတ်သွားဖြတ်လာလူများသည် အော်ဟစ်လိုက်ကြသည်။
“ဦးလေး”
ထိုအကောင်ကြီး၏ ခေါင်းအထက်မှာတော့ ကျွင်းချောင်ရှောင်းက ထိုင်လျက်ရှိ၏။ သူသည် ချက်ချင်းပဲ လက်ကိုယမ်းခါကာ ပြောလိုက်၏။ “ဒီကို မြန်မြန်လာခဲ့တော့”
“ ........”
ကုထျန်းရှင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ ဂျိုကိုးခု မိုးကြိုးတိမ်နဂါးဆိုသည်မှာ နဂါးတွေ၊ ကျားတွေ၊ အင်မော်တယ်သတ္တဝါတွေထက် ပိုမိုကာတန်ဖိုးကြီးမား၏။ တစ်ယောက်တည်း နေထိုင်ရသည်ကို နှစ်သက်ပြီး မောက်မာလွန်းလှသည့် ကိုယ်ရည်ကိုယ်သွေးလည်းရှိ၏။ အဘယ့်ကြောင့် လူသားတစ်ယောက်၏ စီးတော်ယာဉ်ဖြစ်နေရသနည်း။
ဤမေးခွန်းကိုဖြေဆိုရမည်ဆိုလျှင် ထောင်ဦးစီးသုံးယောက်ကိုသာ သွားရောက် မေးမြန်းသင့်၏။
ဝေါင်း
ကုထျန်းရှင်းနှင့် တပည့်တချို့ကို သယ်ယူပြီးသည့်နောက် ဂျိုကိုးခုမိုးကြိုးတိမ်နဂါးကြီးသည် ၎င်း၏ခန္ဓာကိုယ် ဆီမှ လျှပ်စစ်ဓါတ်များကို အားလုံးကြည့်ရှု၍ အံချီးနပမ်းဖြစ်အောင် တစ်လျှပ်လျှပ်နှင့် ထုတ်ဖော်လျက်ရှိ၏။ ပြီးနောက် ရှေ့မှ ပျံသန်းသွားခဲ့သော နဂါးနှင့် ကျားသားရဲများဆီသို့ လိုက်ပါပျံသန်းတော့သည်။
“ဟမ့်”
လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ထိုအကောင်များပေါ်သို့ စီးနင်းလျက်ရှိနေသည့် ချောမောလှပသည့် ယောကျ်ားနှင့် အမျိုးသမီးများကို ခေါင်းငုံ့ကြည့်ကာဖြင့် နောက်ပြောင်လိုက်၏။ “သွားတော့မယ် .... တာ့တာ”