အခန်း ၁၈၀၁
Vol. 121 Ch. 1801
အပိုင်း (၁၈၀၁)
ကြယ်တာရာပြိုင်ပွဲအတွက် အဓိကကျင်းပပြုလုပ်သည့် ဂြိုဟ်ကြီးတစ်ခုဖြစ်သည်နှင့်အညီ အထက်ပထမံ လောကကြီးသည် များပြားလှသော ဂြိုဟ်အသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများ၊ ဂိုဏ်းကဏ္ဍအသီးသီးသို့ လာရောက်စုဝေးရာ နေရာကြီးဖြစ်လာခဲ့၏။ သူတို့သည် အဓိကမြို့ဆီသို့ လာရောက်ကာ သတင်းပေးပို့ရ၏၊ ထို့ကြောင့် သာမာန်အားဖြင့် သူတို့သည် ရိုးရှင်းလှသည့်နည်းလမ်းများနှင့် မလာရောက်ကြချေ။
မိမိကိုယ်တိုင်လမ်းလျှောက်လာခြင်း (သို့မဟုတ်) ဓါးပျံများဖြင့် ပျံသန်းလာခြင်းသည် နိမ့်ပါးလွန်းသည်ဟု သတ်မှတ်ကြ၏။ လက်ရှိအချိန်မှာတော့ ကောင်းကင်ယံတွင် အလွန်တန်ဖိုးကြီးမားလှသော ငှက်များ၊ သားရဲ များနှင့် ပြည့်နှက်လျက်ရှိသည်။ တချို့သည် ၎င်းတို့၏ခြေထောက်အောက်တွင် မီးတောက်များတည်ရှိနေပြီး တစ်ချို့မှာတော့ ရေလှိုင်းများဖြစ်တည်နေ၏။ ထိုသူများသည် အမှန်ပင် ချမ်းသာလှသောသူများဖြစ်သော ကြောင့် ထူးဆန်းလွန်းလှသည့် ပျံသန်းနိုင်သောပစ္စည်းများကို ထုတ်ယူလာခဲ့ခြင်းပင်ဖြစ်သည်။
အခြား တစ်ဖက်ကကြည့်ရှုရမည်ဆိုလျှင် ရွက်သင်္ဘောကြီးကို မောင်းနှင်လာသည်ဆိုပါက အခြားသူများကို နှုတ်ဆက်ရန်ပင် ရှက်ရွံ့စရာ ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းက ဥပမာဖြစ်၏။ ထာဝရရွက်သင်္ဘော ကြီးနှင့် ရောက်ရှိလာသည့်အချိန်တွင် ချောမောလှသောအမျိုးသားနှင့်အမျိုးသမီးများအဖွဲ့၏ အထင်အမြင် သေး ကြည့်ရှုပြောဆိုသွားခြင်းကို ခံခဲ့ရ၏။
“အင်း”
ကုန်းရှန့်သည် အကူအညီမဲ့သလိုခံစားခဲ့ရ၏။ ထို့ကြောင့် သူသည် ဂျိုကိုးခုမိုးကြိုးတိမ်နဂါးကြီးကို ဆင့်ခေါ်ရန်သာ တတ်နိုင်ခဲ့၏။ များပြားလွန်းလှသော သားရဲများ၏ကြားတွင် အားလုံးတို့၏ မျက်စိ အစိုက်ခံဆုံးသော အရာသည် မိုးကြိုးဓာတ်သဘာဝသားရဲများသာဖြစ်၏။ ၎င်းတို့၏ အထူးသက်ရောက်မှု သည် လျှပ်စီးများ တဖျက်ဖျက် နှင့် လင်းလက်လျက်ရှိနေခြင်းပင်။
ရွှီး ရွှီး ....။
ဂျိုကိုးခုမိုးကြိုးတိမ်နဂါးကြီးသည် ကုန်းရှန့်နှင့်အခြားသူများကိုသယ်ဆောင်ကာ ကောင်းကင်ယံ၌ ပျံသန်း နေ၏။ ၎င်းသွားရာလမ်းတွင် လျှပ်စီးအလင်းတန်းများဖြင့် တောက်ပနေ၏။
“ကောင်းတယ်။ အရမ်းမိုက်တယ်”
“သွားလိုက်ဦးမယ်။ တာ့တာ”
“.......”
ချောမောလှသောယောက်ျားနှင့် အမျိုးသမီးများတို့၏ မောက်မာမှုများသည် ချက်ခြင်းပဲပျောက်ကွယ် သွားရ၏။ ၎င်းတို့၏ မျက်နှာအမူအယာများသည်လည်း ပျက်ယွင်းသွားခဲ့ကြ၏။ နဂါးနှင့် ကျား အင်မော်တယ် သားရဲများသည် မဆိုးဝါးလှချေ။ သို့ပေမဲ့ ဂျိုကိုးခုမိုးကြိုးတိမ်နဂါးကြီးမှာတော့ အမှန်ပင် အားကောင်းလွန်း လှချေ၏။ နဂါး၏ အော်ရာများသည် သန့်စင်စွာထွက်ပေါ်နေသည်သာမက အသွင်အပြင်အမူအယာပိုင်း တွင်လည်း ဟိတ်ဟန်ကောင်းပြီး ခန့်ညားလွန်းလှချေ၏။
သို့ပေမဲ့ ဤအရာသည် အစသာ ရှိနေသေးသည်။
ဝေါင်း
ကောင်းကင်ယံထက်တွင် ကျယ်လောင်လှသည့် အသံကြီးထွက်ပေါ်လာ၏။ ချောမောလှသည့်အမျိုးသားနှင့် အမျိုးသမီးတို့သည် ထိုအသံကြီးကိုကြားရသည့်အချိန်မှာတော့ အံ့အားသင့်စွာနှင့် လှည့်ကြည့်လိုက်၏။
ရွှီး ရွှီး
တစ်ခြားသော မိုးကြိုးသတ္တဝါသားရဲကြီးသည် ပျံသန်းလာခဲ့၏။ လီချင်းယန်သည် သူ၏ အသက်သွေး သားရဲ၏ ဦးခေါင်းပေါ်တွင် မတ်မတ်ရပ်လျက်ရှိနေပြီး လက်နှစ်ဖက်ကို နောက်သို့ပစ်ထားသည်။ “ဂိုဏ်းချုပ်... စောင့်ပါဦး”
“ဒါ....ဒါက”
ကုထျန်းရှင်းသည် အံ့အားသင့်သွား၏။ “ဒါ မိုးကြိုးကြံ့သားရဲလား”
မိုးကြိုးကြံ့သားရဲဆိုသည်မှာ အထက်စကြဝဠာထဲတွင် ရှားပါးလှသည့်သားရဲတော့မဟုတ်ချေ။ အဆင့်အတန်း သည် နဂါးနှင့်ကျားသားရဲတို့ထက်ပင် ပိုမိုကာ နိမ့်ပါးလွန်း၏။ သို့ပေမဲ့ တစ်ဖက်လူစီးနင်းထားသည့် မိုးကြိုးကြံ့သားရဲကြီးသည် နတ်ဘုရားခြေလှမ်းဝက်အဆင့် သားရဲကြီးဖြစ်လို့နေလေသည်။ ထို့ကြောင့် လူကြီးမင်းကုသည် အံ့အားသင့်မိနေခြင်းဖြစ်သည်။
“မဖြစ်နိုင်ဘူး။ ဘယ်လိုဖြစ်ပြီး ဒီလိုသားရဲမျိုးက နတ်ဘုရားခြေလှမ်းဝက်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ရတာလဲ”
ကုထျန်းရှင်း၏ ဗဟုသုတနှင့် အသိအမြင်အရဆိုလျှင် မိုးကြိုးကြံ့မျိုးနွယ်၏ အဆင့် အမြင့်ဆုံးသော အားအင်အဆင့်သည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်သာရှိ၏။
မှန်ပေ၏။ ခေတ်အဆက်ဆက် မိုးကြိုးကြံ့မျိုးနွယ်၏ အားအကောင်းဆုံးသော စွမ်းအားမြင့်ကျင့်ကြံသူသည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်နှင့် နှိုင်းယှဉ်၍ရသည့်အဆင့်သာတည်ရှိ၏။ နတ်ဘုရားခြေလှမ်းဝက် အဆင့်ဆိုသည်မှာ သူတို့ဘယ်သောအခါကမှ မရောက်ရှိဖူးသော အဆင့်ပင်။
များပြားလှသော မျိုးနွယ်စုများသည် ထိုနေရာတွင်ပင် တစ်လို့နေခဲ့၏။ သူတို့အနေနှင့် ကြိုးကြိုးစားစားနှင့် ကျင့်ကြံခြင်းကို မပြုလုပ်သောကြောင့်မဟုတ်ပေ။ ၎င်း၏ ခန္ဓာကိုယ်နှင့် သွေးအမျိုးအစား၏ ကန့်သတ်ချက် များ တည်ရှိနေသောကြောင့် ဤကဲ့သို့သော အဆင့်မြင့်အဆင့်ကို မရောက်ရှိနိုင်ခဲ့ခြင်းသာဖြစ်၏။
ယနေ့ မိုးကြိုးကြံ့မျိုးနွယ်သားရဲသည် လေထုထဲတွင် ပျံသန်းလာခဲ့တော့၏။ ၎င်းဆီမှ နတ်ဘုရားလျှို့ဝှက် ခြေလှမ်းဝက်အဆင့်ထက် မည်သို့မျှမနိမ့်ပါးသည့် အော်ရာများကို ထွက်ပေါ်နေခဲ့၏။ ထိုအချင်းအရာသည် ကုထျန်းရှင်းနှင့် အခြားသောဂြိုဟ်အသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများကို အံ့အားသင့်စေခဲ့သည်။
လီချင်းယန်၏ ပဋိညာဉ်သားရဲကြီးသည် အလွန်အားကောင်း၏။ အဘယ်ကြောင့်ဆိုသော် အသက်သွေး ပဋိညာဉ်ကို ချုပ်ဆိုထားသည် ဖြစ်သောကြောင့် လီချင်းယန် အားကောင်းလာသည်နှင့်အမျှ ၎င်း၏ပဋိညာဉ်သားရဲသည် ကလည်း အားကောင်းလာခဲ့သောကြောင့်ပင်။
ပြိုင်စံရှားဂိုဏ်း၏ ဒုတိယတပည့်သည် နတ်ဘုရားလျှို့ဝှက်အဆင့်သို့ ခြေလှမ်းဝက်ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ယောက်မှန်း ကုထျန်းရှင်းက မသိချေ။ ထို့ပြင် ဤနှစ်ယောက်သည် အသက်သွေးပဋိညာဉ်ကို ချုပ်ဆိုထားသည်မှန်းလည်း မသိရှိပေ။ မဟုတ်ပါက ယခုထက်ပင် ပိုမိုကာ အံ့အားသင့်မှာသေချာ၏။
“မြန်မြန် မြန်မြန်”
ကျွင်းချောင်းရှောင်းသည် ရှေ့မှပျံသန်းရင်း ပြောလိုက်သည်။ “လိုက်ခဲ့ကြတော့”
“......”
ချောမောလှသည့်လူနှင့် အမျိုးသမီးများ၏မျက်နှာတွင် နဝေတိမ်တောင်အမူအယာများ ဖြစ်လာခဲ့၏။ ကျွင်းချောင်ရှောင်းဆိုသည့်လူသည် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်မှန်း တစ်ဖက်လူ၏အော်သံကို နားထောင်ရင်း သူတို့ကသိရှိခဲ့၏။ အလွန်ရှားပါးလွန်းလှသည့် နဂါးမျိုးနွယ်သားရဲကြီးကို စီးနင်းထားသည်။ တပည့်သည် ကလည်း အားကောင်းလွန်းလှသည့် သားရဲတစ်ကောင်ကို စီးနင်းလာခဲ့၏။ ဤအရာမှာ..
ဝူး...
ဝေါင်း...
ရုတ်တရက် နောက်ထပ် သားရဲပေါင်းများစွာတို့၏ အော်သံထွက်ပေါ်လာ၏။ ချောမောလှသည့်လူနှင့် အမျိုးသမီးများသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်စွာဖြင့် လှည့်ကြည့်လိုက်မိ၏။ အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်နှင့် မည်သို့မျှအားမနည်းလှသော သားရဲပေါင်းများစွာတို့သည် သူတို့၏မြင်ကွင်း၌ပေါ်လာ၏။ ထိုထဲတွင် ရေခဲပန်းပုတစ်ခုကဲ့သို့ပင် ဖြစ်တည်နေသည့် ဖီးနစ်ငှက်၊ ခြေထောက်တွင် လေလှိုင်းများ ဖြစ်တည်နေသော သားရဲများ၊ ဟက်စကီးခွေးနှင့် တူသည့် ကြီးမားလှသည့်သားရဲများ၊ ထို့ပြင် ကဏန်း၊ ပုစွန် စသည့် သတ္တဝါများ လည်း ပါဝင်နေ၏။
ဝှစ် ဝှစ်
၎င်းတို့သည် မြန်မြန်ဆန်ဆန်နှင့် ပျံသန်းလာခဲ့ပြီး နဂါးနှင့် ကျား အင်မော်တယ်သားရဲများကို ဝိုင်းပတ်ကာ အမြန်ဆုံးနှုန်းဖြင့် ကျော်ဖြတ်သွားခဲ့သည်။ စုရှောင်မို၊ ရှောင်ကျီနှင့် အခြားသောသူများအားလုံးသည် ၎င်းတို့၏ ပဋိညာဉ်သားရဲပေါ်တွင် မတ်မတ်ရပ်လျက်ရှိနေပြီး သံပြိုင်ဆိုသလို အော်ဟစ်လိုက်သည်။ “ဂိုဏ်းချုပ်... တပည့်တို့ကိုစောင့်ပါအုံး”
“.......”
ချောမောလှသည့်လူနှင့် အမျိုးသမီးတို့သည် မျက်ရည်ထွက်လုမတတ်ပင် အံ့အားသင့်လျက်ရှိနေကြ၏။ သူတို့ စနောက်ခဲ့သည့်လူ၏ ကိုယ်ပိုင်ပဋိညာဉ်သားရဲကြီးမှာ ကြောက်ဖို့ကောင်းလှသည်မက ၎င်း၏ တပည့်များ အားလုံးသည်လည်း ကိုယ်ပိုင်စီးတော်ယာဉ်အသီးသီးနှင့် ဖြစ်လို့နေခဲ့၏။ သောက်ကျိုးနည်းလှချေသည် တကား။
ဝှစ် ဝှစ်
ဂျိုကိုးခုမိုးကြိုးတိမ်နဂါးကြီးသည် အမြန်ဆုံးသောနှုန်းထားဖြင့် ကောင်းကင်ယံ၌ ပျံသန်းနေခဲ့၏။ ကျွင်းချောင်ရှောင်းသည် ဂြိုဟ်များကြားတွင် မတ်မတ်ရပ်လျက်ရှိနေပြီး လက်ကိုပိုက်ထား၏။ လေများသည် သူ၏ဆံပင်ကို တိုက်ခတ်လျက်ရှိနေပြီး လေနှင့်အတူ လွင့်မျောနေသည်။ တပည့်များသည် ၎င်းတို့၏ပဋိညာဉ် သားရဲများကို စီးနင်းကာ သူ၏နောက်မှာ လိုက်ပါလာခဲ့ကြ၏။
“ဘယ်သူလဲ”
“ဂျိုကိုးခုမိုးကြိုးတိမ်နဂါးကြီးပေါ်မှာ ထိုင်နေသည့်လူက ကြယ်ပင်လယ်မဟာမိတ်အဖွဲ့ခေါင်းဆောင် ကုထျန်းရှင်း မဟုတ်လား”
“အင်း... သူက မာနကြီးနေတာ အံ့အားသင့်စရာမဟုတ်ဘူးပဲ”
ကျွင်းချောင်ရှောင်းသည် အလွန်အားကောင်းလွန်းလှသည့် ဂျိုကိုးခုမိုးကြိုးတိမ်နဂါးကြီးကို စီးနင်းလာခဲ့၏။ သူ၏ နောက်တွင်လည်း ဆန်းကြယ်လွန်းလှသော သားရဲများပါဝင်လျက်ရှိနေ၏။ အားလုံးသောသူတို့သည် သူတို့အား ဂရုစိုက်ကြည့်ရှုလျက်ရှိနေကြသည်။
“အင်း”
ကုထျန်းရှင်းသည် ခေါင်းကို ခါယမ်းလိုက်၏။ သူ့အနေနှင့် ဤကဲ့သို့ လူအများကြားထဲတွင် မြောက်ကြွ မြောက်ကြွ နေထိုင်ရခြင်းကို နှစ်သက်လှသူတစ်ယောက်မဟုတ်သော်လည်း လက်ရှိအခြေအနေမှာတော့ အမှန်ပင် ဂုဏ်ယူဝံ့ကြွားလျက်ရှိ၏။
“ကောင်လေး... အဓိကပြိုင်ပွဲကြီးမှာ မင်းတပည့်တွေက ရလဒ်ကောင်းကောင်းကိုရမယ်ဆိုရင် ငါပိုပြီးတော့ သဘောကျကျေနပ်မိမှာပဲ”
“စိတ်ချပါ”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်ပြောလိုက်၏။ “ဒီပြိုင်ပွဲမှာ သူတို့အားလုံးက အကောင်းဆုံး အစွမ်းပြလိမ့်မယ်”
ပြောပြီးသည့်နောက် လီချင်းယန်နှင့် အခြားသောသူများ လှမ်းကာ ကြည့်ရှုလိုက်မိ၏။ သူ၏တပည့်များသည် ကြမ်းတမ်းလှသောတိုက်ပွဲနှင့် အားကောင်းလှသောပြိုင်ဘက်များကို လိုချင်တောင့်တ နေသည်မှာ ကြာမြင့်လှပြီဖြစ်၏။ ယခုပြိုင်ပွဲသည် သူ၏တပည့်များ၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန် မျှော်လင့်မိသည်။
ဝှစ် ...။
ရုတ်တရက် ဓားအလင်းတစ်ခုသည် အဝေးတစ်နေရာစီမှ ပျံသန်းလာပြီး ကောင်းကင်ယံသို့ လွင့်မျောသွား၏။
“ဟမ်”
ကျိုးဟုန်သည် အသာလှည့်ကြည့်လိုက်၏။ ကြည့်ကောင်းလွန်းလှသော အမျိုးသမီးတစ်ယောက်သည် ဆံနွယ်များလေထဲမှာလွင့်ရင်း ပျံသန်းလျက်ရှိနေ၏။ လေများတိုက်ခတ်နေသည်ဖြစ်သောကြောင့် သူမ၏ ပြည့်စုံသော ခန္ဓာကိုယ်သည် အတိုင်းသား ထင်ပေါ်နေ၏။ သူမ၏ခြေထောက်အောက်တွင်ရှိနေသော ဓားလက်နက်သည် မူလထက်ပိုမိုကာ သာမာန်မဟုတ်သည့် အော်ရာများကို ထုတ်ဖော်လျက်ရှိနေသည်။
ဝှစ်
ဓါးပျံသည် အရှိန်မြှင့်တင်လာခဲ့ပြီးသည့်နောက် အရှေ့ကို ကျော်ဖြတ်တက်သွား၏။ ထိုကဲ့သို့ ကျော်ဖြတ် သွားသည့် အချိန်အတောအတွင်း သူမသည် ခေါင်းကိုအသာလှည့်ကာဖြင့် ဂျိုကိုးခုမိုးကြိုးတိမ်နဂါးကြီး ပေါ်တွင် ရှိနေသော ကျိုးဟုန်ကို မျက်စိတစ်ဖက်မှိတ်ပြသွားခဲ့၏။
ဤဖြစ်စဉ်သည် အလွန်လျှင်မြန်စွာဖြစ်ပျက် သွားခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ ကျိုးဟုန်သည် သေသေချာချာ ကြည့်ရှုလိုက်မိ၏။ ဓါးပျံသည် သူ့ကိုကျော်ဖြတ်သွားခဲ့ပြီးဖြစ်ပြီး တစ်ဖက်လူ၏ အမူအယာသည် သူ၏ စိတ်ထဲတွင် ပန်းချီရေးဆွဲထားသလို ထင်ကျန်ခဲ့သည်။
“အင်း”
ကျွင်းချောင်ရှောင်းသည် ဓါးပျံစီးနင်းသွားသည့်လူကို လှမ်းကာကြည့်ရှုပြီးနောက်ပြောလိုက်၏။ “ခပ်ဆိုးဆိုး ကောင်မလေးပဲ”
“ဒီမိန်းကလေး၏ နာမည်က ကျန့်ရှောင်ဟုန်လို့ ခေါ်တယ်” ကုထျန်းရှင်းက ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အင်း... ရိုးရှင်းတဲ့နာမည်ပဲ”
“နာမည်ကသာမာန်ဆိုပေမဲ့ မျိုးရိုးကတော့အရမ်းကို နက်ရှိုင်းလွန်းတယ်” ကုထျန်းရှင်းကပြောလိုက်သည်။
“ဟမ်”
ကျွင်းချောင်ရှောင်းသည် အစဖော်ပေးလိုက်၏။ “အသေးစိတ်လေးပြောပြပေးပါဦး”
“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက ကျန့်ကွေ့ရှုလို့ခေါ်တဲ့ သိုင်းကျင့်ကြံသူတစ်ယောက် ပေါ်လာခဲ့ တယ်။ သူက ကွေ့ရှု့ဓားနည်းစနစ်ကိုဖန်တီးခဲ့ပြီး ထိပ်တန်းဓားသမားအဖြစ် ရပ်တည်ခဲ့၏။ များပြားလွန်းတဲ့ ဂြိုဟ်အသီးသီးသို့ သွားပြီး ယှဉ်ပြိုင်တဲ့အချိန်မှာ တစ်ခါမှ မရှုံးခဲ့ဖူးဘူး။ ကွေ့ရှုဓားသူတော်စင် လို့ အားလုံးရဲ့ လေးစားသမှုနဲ့ ဂုဏ်ပြုခြင်းကိုခံခဲ့ရတယ်”
ကုထျန်းရှင်း ပြောလျက် ရှိနေတုန်းမှာပဲ ကျိုးဟုန်သည် သေသေချာချာ နားထောင်လျက်ရှိ၏။ သူသည် ဓားတာအိုနှင့်ပတ်သက်သည့် အရာအားလုံးကို စိတ်ဝင်စား သောကြောင့်ပင်။
“ပြီးတော့”
ကုထျန်းရှင်းက ထပ်ပြောလိုက်သည်။ “ကျန့်ကွေ့ရှုက ပြိုင်ဘက်ကို ရှာမတွေ့ခဲ့ဘူးလေ။ သူက တစ်ဦးတည်းသော အဆင့်မြင့်ဓားကျင့်ကြံသူအဖြစ် ရပ်တည်နေခဲ့တယ်။ သူရဲ့ဓားက လေဟာနယ်ကြီး တစ်ခုလုံးကိုတောင် ခုတ်ပိုင်းနိုင်တယ်။ နောက်ဆုံးမှာတော့ သူဟာ စိတ်ပျက်ပြီး ဓားကို စည်းခတ်ခဲ့တယ်။ တံခါးပိတ် ကျင့်ကြံမှုပြုလုပ်ပြီး ဘယ်တော့မှပြန်ထွက် မလာခဲ့တော့ဘူး။”
“အင်း... အဲလောက်တောင်အားကောင်းတာလား” ကျွင်းချောင်ရှောင်းသည် မေးလိုက်မိ၏။ အောက်နယ်မြေ တုန်းက သူသည် ကြယ်တာရာစိတ်ဝိညာဉ်လောကမှ စစ်သည်တော်များကို သတ်ဖြတ်ခဲ့၏။ ထိုစဉ်က လေဟာနယ်ကြီး တစ်ခုလုံးကို ပိုင်းပြတ်သည်အထိ ဓားဖြင့်ခုတ်ပိုင်းခဲ့သည်ဆိုသော်လည်း အဆင့်နိမ့် ပတ်ဝန်းကျင်တွင် တိုက်ခိုက်ခဲ့သည့်အရာလည်းဖြစ်၏။ အထက်နယ်မြေတွင် ဆိုပါက ဤကဲ့သို့ လေဟာနယ်ကြီး ပိုင်းပြတ်အောင် သူပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။
“ဒီကျန့်ရှောင်ဟုန်က ကျန့်ကွေ့ရှုရဲ့မြေးပဲ။ သူမ စီးနင်းသွားတဲ့ ဓားပျံကတော့ ကွေ့ရှုဓားလို့ခေါ်တယ်” ကုထျန်းရှင်း က ပြောလိုက်သည်။
"အင်း....အဲဒါကြောင့်အရမ်းမြန်တာကိုး”
“ပြီးတော့”
ကုထျန်းရှင်းက ထပ်ပြောလိုက်သည်။ “ဒီမိန်းကလေးက ဒီနှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးသူတွေထဲက တစ်ယောက်ပဲ”
“သူမကလည်း ပြိုင်ပွဲဝင်ပေါ့”
ကျွင်းချောင်ရှောင်းသည် ကျိုးဟုန်ကို လှည့်ကြည့်ကာမေးလိုက်၏။ “ဘယ်လိုခံစားရလဲ”
“အင်း... အရမ်းအားကောင်းတယ်”