အခန်း ၁၈၀၄
Vol. 121 Ch. 1804
အပိုင်း (၁၈၀၄)
စားသောက်ခန်းဆီ ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စောနက မြင်ခဲ့သည့် မြင်ကွင်းကို ဆက်တိုက် စဉ်းစားလျက်ရှိ၏။ လက်ရွေးစင်တပည့်များအားလုံးသည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်သည့်လူများပင်ဖြစ်၏။ သို့ပေမဲ့ ၎င်းတို့သည် သတ်ဖြတ်ရာတွင် နှောင့်နှေးခြင်းတစ်ချက်မရှိသည့် ဆံပင်ပွစာကျဲလူငယ်နှင့် နှိုင်းယှဉ်၍ မရနိုင်သလို ဖြစ်နေ၏။ ထိုအရာကို ရီရှင်းချန် ပြုလုပ်နိုင်မည်လား။ အစစ်အမှန်တရားအားဖြင့် မလုပ်နိုင်ပေ။
သတ်ဖြတ်ရာတွင် ဖြစ်တည်လာနိုင်သည့် သတ်ဖြတ်လိုခြင်းဆန္ဒများသည် ကြီးမားလွန်းလှသည်ဆိုလျှင် တောင်မှ ညအင်ပါယာ ထုတ်ဖော်လိုက်သည့်အရာသည် သတ်ဖြတ်လိုခြင်းဆန္ဒထက် ဒေါသတရားများ ပါဝင်နေခြင်းသာဖြစ်၏။ သတ်ဖြတ်လိုခြင်းဆန္ဒများ မြင့်မြင့်မားမား ဖြစ်တည်လာခဲ့သည့်အချိန်သည် ဧကရီလင်းရောင်နှင့် ရင်ဆိုင်တိုက်ခိုက်ရသည့် အချိန်တစ်ခါတည်းသာ ရှိခဲ့သည်။
ဆံပင်များ ပွစာကျဲနေသည့်လူမှာတော့ ခြားနားလွန်းလှချေသည်။ တိုက်ခိုက်လိုက်သည် ဆိုသည်နှင့် သတ်ဖြတ်လိုခြင်းဆန္ဒများသည် အလွန်အားကောင်းစွာ ထွက်ပေါ်လာကြောင်း ကျွင်းချောင်ရှောင်းက ကောင်းကောင်းခံစားမိ၏။ ဖော်ညွှန်းရမည်ဆိုလျှင် အချိန်ကြာမြင့်စွာ လှောင်အိမ်ထဲသို့ ထည့်ထားသည့် သားရဲတစ်ကောင်အား တစ်စုံတစ်ယောက်ကို ကိုက်စေရန် ရုတ်တရက် လွှတ်ပေးလိုက်ခြင်းနှင့်ပင် ဆင်တူ၏။
“အင်း… ဒါက ခန့်မှန်းဖို့တောင် ခက်တယ်”
စနစ်သည် လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။ “သေခြင်း၊ ရှင်ခြင်း အခြေအနေကြားမှာ အများကြီး အတွေ့အကြုံ ရရှိခဲ့တဲ့လူပဲဖြစ်မယ်။ မဟုတ်ရင် ဒီလို အားကောင်းတဲ့ သတ်ဖြတ်လိုခြင်းဆန္ဒတွေကို ထုတ်ဖော်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“ဒီတော့”
ကျွင်းချောင်ရှောင်းသည် လေးနက်စွာ ပြောလိုက်၏။ “သူနဲ့ဆုံရမယ့်အတွက် နည်းနည်းတောင် စိတ်ပူနေတယ်”
“ဟင်း.. ဒီပြိုင်ပွဲကို ဗိုလ်စွဲချင်တယ်ဆိုမှတော့ ဒါမျိုးကို ရှောင်လွှဲလို့မရဘူး” စနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “စကြဝဠာနတ်တိုက်ပွဲကို လွယ်လွယ်ကူကူ အနိုင်ရလိမ့်မယ်လို့ ထင်ထားတာ။ ကြည့်ရတာ အဲလောက်မရိုးရှင်းဘူးပဲ”
“ဟင်း”
သူသည် မျက်နှာကို လက်နှင့်ပွတ်ကာ ပြောလိုက်သည်။ “ဘာလို့ ရုတ်တရက်ကြီး ယုံကြည်မှုတွေ ကျဆင်းသွားရတာလဲ”
“ဦးလေး”
ကျွင်းချောင်ရှောင်းသည် ကုထျန်းရှင်း၏ အခန်းဆီသို့ သွားရောက်ကာဖြင့် မေးမြန်းလိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာအကြောင်းကို သိရှိသလောက် ပြောပြနိုင်မလား”
ရွှမ်ယွမ်နယ်မြေသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် ကုရွှမ်ယွမ်ကို သူသည် ကတိပေးခဲ့၏။ သူ့အနေနှင့် ကျိန်းသေပေါက် ဤလူနှင့် သူ၏ မွေးစားသားရှစ်ဆယ်ကျော် အကြောင်းကို သိချင်မိသည်။ တစ်ဖက်လူသည် ကလေးမရှိချေ။ ထို့ကြောင့် မွေးစားသားများကို ခေါ်ယူခဲ့၏။ ဤအရာမှာ သာမန်ပင်ဖြစ်သည်ဆိုသော်လည်း ဤမျှ များပြားလှသော မွေးစားသားများကို ခေါ်ယူထားခြင်း မှာတော့ အနည်းငယ် လွန်လွန်းလှသည်။
“အင်း.. မိုးကောင်းကင်နတ်ဆိုးအင်ပါယာအကြောင်းကို ငါလည်း သေချာတော့မသိဘူး”
ကုထျန်းရှင်းက ပြောလိုက်သည်။ “ဒီလူက ရည်မှန်းချက်ကြီးမားပြီးတော့ အထက်စကြဝဠာ တစ်ခုလုံးကို အုပ်စိုးချင်တယ်”
“ဒါကို အဓိကဂြိုဟ်တွေကကော သဘောတူညီရဲ့လား” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။
“ဘယ်တူပါ့မလဲ”
ကုထျန်းရှင်းက ပြောလိုက်သည်။ “အခုတလောအတွင်းမှာ ထိပ်တန်းဂြိုဟ်အသီးသီး တောင်မှ အတူတူ ပူးပေါင်းပြီးတော့ ခုခံနေရတယ်”
“အတူတူ ပူးပေါင်းတယ် ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် ကြောင်အသွားမိ၏။ “မိုးကောင်းကင်နတ်ဆိုး အင်ပါယာက အဲလောက်တောင် အားကောင်းတာလား”
“အင်း… အထက်စကြဝဠာ တစ်ခုလုံးမှာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ရင်ဆိုင် တိုက်ခိုက်နိုင်တဲ့ တစ်ခုတည်းသောဂြိုဟ်ဆိုတာ မရှိဘူး။ တစ်ခုတည်းသောဂြိုဟ်အနေနဲ့ သွားတိုက်ခိုက်ရင် တစ်ခါတည်း ကုန်သွားမှာပဲ”
“တကယ့်ကို ကြီးမားတဲ့ ဂုဏ်ဒြပ်တွေ ပိုင်ဆိုင်တဲ့ ရွှမ်ယွမ်နယ်မြေကြီးတောင်မှ ဖျက်ဆီးခံလိုက်ရတယ်။ ပြီးတော့ သက်တမ်းတလျှောက်လုံးမှာ အားအကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကုရွှမ်ယွမ်တောင် အသတ်ခံလိုက်ရသေးတယ်”
ကုထျန်းရှင်းသည် ကုရွှမ်ယွမ်အကြောင်း ပြောသည့်အချိန်မှာတော့ မျက်လုံးထဲတွင် လေးစားမှုများ ဖြစ်တည်လာသည် ။
သက်တမ်းအရပဲဖြစ်ဖြစ်၊ စီနီယာအရပဲဖြစ်ဖြစ် သူသည် ဂျူနီယာဖြစ်ပြီး ကုရွှမ်ယွမ်သည် စီနီယာဖြစ်သည်။ ကုရွှမ်ယွမ်နှင့်ပတ်သက်သည့် ဒဏ္ဍာရီလာ အကြောင်းအရာများကို သူက ကြားခဲ့ဖူးသည်။ သို့ပေမဲ့ တစ်ခါမှ မတွေ့ခဲ့ဖူးချေ။
“ဘာလို့ သူက ဒီလောက်များတဲ့ မွေးစားသားတွေကို ခေါ်ထားရတာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“ဘာလို့လဲဆိုတော့”
ကုထျန်းရှင်းက ပြောလိုက်၏ “အင်း.. ဝံပုလွေ မွေးမြူတာမျိုးပေါ့”
“ဝံပုလွေ မွေးမြူတာ ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။
ကုထျန်းရှင်းက ရှင်းပြလိုက်၏။ “နှစ်စဉ်နှစ်တိုင်း မိုးကောင်းကင်နတ်ဆိုးအင်ပါယာက အထက်နယ်မြေ မှာရှိပြီး မိဘမရှိတဲ့ ထူးချွန်ကလေးငယ်တွေကို လိုက်ရှာခဲ့တယ်။ အားလုံးကို ဂြိုဟ်တစ်ခု ထဲမှာ စုစည်းပြီးတော့ မွေးမြူလိုက်တယ်။ ဒါကို ဝံပုလွေ မွေးမြူခြင်းအစီအစဉ်လို့ ခေါ်တယ်။ အဆုံးသတ်မှာ အသက်ရှင် ကျန်ရစ်တဲ့ ဘယ်သူကမဆို သူ့ရဲ့ မွေးစားသား ဖြစ်လာလိမ့်မယ်”
“အသက်ရှင်ကျန်ခဲ့တာ ဟုတ်လား” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။ “ဒါ ဘာကို ဆိုလိုတာလဲ”
“ကလေးပေါင်း ထောင်ချီ၊ သောင်းချီကို ဂြိုဟ်တစ်ခုထဲမှာ စည်းခတ်ပြီး ထည့်ထားတယ်။ သူတို့က အစားအစာအတွက်၊ အရင်းအမြစ်အတွက် ကြိုးစားအသက်ရှင်ရတယ်လေ။ နောက်ဆုံး ဘယ်သူမှ မကျန် တော့ဘဲ တစ်ယောက်တည်း ကျန်တဲ့အထိ အချင်းချင်း ပြန်ပြီး သတ်ကြတယ်”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးဖြင့် ထကာ ဆဲဆိုလိုက်မိသည်။ “ဒါက သောက်ရမ်း ရက်စက်လွန်းတာပဲ”
ကလေးများဆိုသည်မှာ လှပလွန်းလှသော ကလေးဘဝကို ဖြတ်သန်းသွားရန် လိုအပ်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ အသက်ရှင်နိုင်ရန်အလို့ငှာ တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်ခဲ့ရ၏။ မည်မျှ လူသားမဆန်လိုက်သနည်း။
“ဒီတော့”
ကုထျန်းရှင်းက ပြောလိုက်သည်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာက တကယ့်ကို ရည်မှန်းချက် ကြီးမားပြီးတော့ မကောင်းတဲ့လုပ်ရပ်တွေ ပြုလုပ်တတ်တဲ့ နတ်ဆိုးတစ်ပါးပဲ။ သူက အရမ်းကို အားကောင်း လွန်းရုံသာမကဘူး အထက်နယ်မြေတစ်ခုလုံးမှာ သူ့ကို အန္တရာယ်ဖြစ်အောင် ပြုလုပ်နိုင်တဲ့လူ ဘယ်သူမှ မရှိဘူး”
“...........”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်ပြီး ထက်ရှသွားခဲ့၏။ ဤကဲ့သို့ ကြမ်းတမ်းလွန်းလှသော မိစ္ဆာကဲ့သို့လူအား မဖြေရှင်းနိုင်ဘူး ဆိုပါက တရားမျှတမှုကို မည်ကဲ့သို့ ပြသရမည်နည်း။
ဟုတ်ပေသည်။ ကုန်းရှန့်သည် တည်ငြိမ်လျက်တော့ ရှိနေ၏။ အထက်စကြဝဠာရှိ အဓိကဂြိုဟ်အသီးသီးတို့ ပူးပေါင်းပြီး တိုက်ခိုက်ရသည့်သူကို သူ့အနေနှင့် တစ်ယောက်တည်း သွားရောက်ကာ တိုက်ခိုက်ဖို့ မဖြစ်နိုင်ချေ။ အချိန် အတော်ကြာသည်အထိ သူ့ကိုယ်သူ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရန် လိုအပ်နေသေးသည်။ အချိန် ရောက်သည် ဆိုပါက တစ်ဖက်လူနှင့် အကြီးအကျယ် ယှဉ်ပြိုင်တိုက်ခိုက်ရန် စဉ်းစားထားမိသည်။
“အင်း.... ဟိုကောင်လေးရဲ့ ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ရာကောင်းတဲ့ သတ်ဖြတ်လိုခြင်းဆန္ဒတွေ ထွက်ပေါ်နေတာ အံ့အားသင့်စရာ မဟုတ်ဘူးပဲ”
ကျွင်းချောင်ရှောင်းက နားလည်သွားမိသည်။ “ကြည့်ရတာ သူက ငယ်ရွယ်စဉ်ကတည်းက လူပေါင်းများစွာတွေကို သတ်ဖြတ်ပစ်ခဲ့တာပဲဖြစ်မယ်”
ကုထျန်းရှင်းက ပြောလိုက်၏။ “မိုးကောင်းကင်အင်ပါယာ မွေးမြူထားတဲ့ ဝံပုလွေတိုင်း၊ ဝံပုလွေတိုင်းက အရမ်းကို ကြမ်းတမ်းပြီး ရက်စက်လွန်းတယ်”
“ဟမ့်”
ကျွင်းချောင်ရှောင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “သူမွေးထားတဲ့ကောင်တွေကို တခြားသူ လုယူ သွားမှာ မစိုးရိမ်ဘူးလား။ ပြီးတော့... ပုန်ကန်ပြီး သခင်ကို ပြန်ကိုက်မှာကို မစိုးရိမ်ဘူးလား”
ဝံပုလွေများသည် ကြမ်းတမ်းပြီး လောဘလည်း ကြီးလွန်းလှ၏။ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကဲ့သို့ မွေးမြူခြင်းကို ခံထားရမည်ဆိုပါက ရုတ်တရက် ပြန်ကာ ကိုက်ခဲမည်ကို စိုးရွံ့စရာရှိနေ၏။
“မဟုတ်ဘူး”
ကုထျန်းရှင်းက ပြောလိုက်သည်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာက အရမ်းကို သတိရှိတယ်။ အလုံးစုံ မထိန်းချုပ်နိုင်ဘဲ မီးနဲ့ သူကစားမှာ မဟုတ်ဘူး”
“အင်း”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ် အသာမှီချကာ ထိုင်ပြီးသည့်နောက် ရေနွေးတစ်ခွက်ကို ကောက်မော့လိုက်၏။ “သူမွေးထားတဲ့ ဝံပုလွေတွေ အကုန်လုံးကို ကျုပ်ခိုးရင် ခိုးသွားနိုင်တယ်”
“ကောင်လေး”
ကုထျန်းရှင်းသည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်သည်။ “မင်း.. နောက်ထပ် နှစ်နှစ်လောက် အသက်ရှင်ချင်သေးတယ်ဆိုရင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို သွားပြီးတော့ ပြဿနာ မရှာနဲ့”
“အင်း” ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ကုတ်ကာဖြင့် ပြုံးကာ ပြောလိုက်၏။ “စကားအဖြစ် ပြောတာပါ”
...........
စားသောက်ခန်း၏နောက် ဘေးတံခါးမှာတော့ လင်းလီသည် အခန်းတံခါးကို အသာပိတ်လိုက်၏။ မနေ့က ဖြစ်ပျက်ခဲ့သည့် သတင်းများသည် မြို့ထဲတွင် ပျံ့နှံ့နေပြီဖြစ်သောကြောင့် များပြားလှသော သိုင်းကျင့်ကြံသူများသည် ပထမထပ်၌ စုဝေးပြီး တီးတိုးဆွေးနွေးလျက်ရှိနေသည်။
“အခုဝင်လာတာက မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ မွေးစားသားများလား”
“ချီးတဲ့မှ... သူက ဘယ်သားလဲ။”
“ဘယ်သူက သိမှာလဲ” အားလုံးက ဆွေးနွေးနေတုန်းမှာပဲ မျက်လုံးထဲတွင် ကြောက်လန့်မှုများ ဖြစ်တည်နေ၏။
ကုထျန်းရှင်းကဲ့သို့ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ပင်လျှင် ကျွင်းချောင်ရှောင်းအား မိုးကောင်းကင်နတ်ဆိုး အင်ပါယာနှင့် သွားမပတ်သက်ရန် သတိပေးထားသည်ဆိုမှတော့ ဖြတ်သွားဖြတ်လာ လမ်းဘေးတွင် ရှိနေသည့် လူအားလုံးသည် ထိုသူအား ကြောက်လန့်သည်ဆိုသည်မှာ သဘာဝပင်ဖြစ်မည်။
လင်းလီသည် အိပ်ယာပေါ် လှဲပြီးသည့်နောက် မျက်နှာကျက်ကို အသာမော့ကြည့်လိုက်၏။ အထက်ရွှမ် လောကဆီသို့ ရောက်ရှိလာရသည့် ခရီးစဉ်ကြီးသည် အနည်းငယ် ပင်ပန်းနွမ်းနယ်စေ၏။ ထို့ကြောင့် သူသည် အနားယူရန် ဆုံးဖြတ်လိုက်သည်။ သို့ပေမဲ့ သူ၏မျက်လုံးများမှာတော့ ပွင့်လျက်ရှိနေ၏။ ဤအရာမှာ အလေ့ အကျင့်ပင်ဖြစ်သည်။ သူ့အနေနှင့် နေ့ပဲဖြစ်ဖြစ်၊ ညပဲဖြစ်ဖြစ် မျက်လုံးဖွင့်၍သာ အိပ်တတ်သည်။
တချို့က မေးမြန်းစရာ ရှိသည်မှာ မျက်လုံးမခြောက်ဘူးလား ဟူ၍ပင်။ သို့ပေမဲ့ ဤမေးခွန်းကို ဖြေရန် အဖြေ မရှိပေ။ သူသည် နှစ်ဆယ့်လေးနာရီပတ်လုံး သတိအပြည့်ဖြင့် နေထိုင်ရန်အလို့ငှာ ဘယ်သောအခါကမှ မျက်လုံးကိုမှိတ်၍ မအိပ်ချေ။
.............
စွမ်းအားမြင့်ကျင့်ကြံသူများနှင့် ပြိုင်ပွဲဝင်များသည် အဓိကမြို့ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက် လာခဲ့ကြ၏။ ပြိုင်ပွဲ မစသေးခင်မှာပဲ အခြေအနေတစ်ခုလုံးသည် ပိုမိုကာ လေးနက်လာခဲ့သည်။
ရက်အနည်းငယ် ကြာပြီးသည့်နောက် မြို့ထဲတွင် ကျယ်လောင်လှသည့် ဗျောက်အိုးဖောက်ခွဲသံများ ထွက်ပေါ် လာခဲ့ပြီး ကြီးမားလှသည့်ပြိုင်ပွဲကြီးသည် တရားဝင်စတင်ခဲ့၏။
ထုံးစံအတိုင်း မနက်ခင်းစောစောစီးစီး ကျွင်းချောင်ရှောင်းသည် သိုးမွှေးဝတ်စုံကြီးကို ဝတ်၊ နေကာမျက်မှန်ကို တပ်ကာဖြင့် အားလုံးသောသူများကို ဦးဆောင်ကာ လှမ်းလျှောက်လာခဲ့သည်။ လျှောက်လာသည့် ပုံစံများမှာ အချိုးလည်းမပြေလှချေ။
လက်ရှိ ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ဆွံ့အနေခဲ့၏။ ကုထျန်းရှင်းနှင့်အတူ လိုက်ပါလာခဲ့သည့် ဤလူငယ်သည် အမှန်ပင် ရိုက်နှက်ချင်စရာ ကောင်းလွန်းလှသည်။
ပြိုင်ပွဲကျင်းပရာ တည်နေရာမှာတော့ ပွဲကြည့်သူများသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့သည်။ တူညီသည့်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူများလည်း ပါဝင်နေခဲ့၏။ ၎င်းတို့အားလုံးသည် မိမိကိုယ်ပိုင် ဂြိုဟ်များအား လာရောက်ကာ အားပေးခြင်းပင်ဖြစ်၏။
ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် တရားဝင် ယှဉ်ပြိုင်ရမည့် နေရာဆီသို့ ခေါ်ဆောင်သွားခြင်းခံလိုက်ရသည်။
“ဟူး...”
လီထျန်းထျန်းသည် သက်ပြင်းရှည်ကြီးကို ချလိုက်၏။ သူ့အနေနှင့် အနည်းငယ်သော အတွေ့အကြုံ များကို ရယူပြီးသည့်နောက်တွင် စိုးရိမ်ထိတ်လန့်မှုဟူ၍ သိပ်မရှိတော့ချေ။
“ပြိုင်ပွဲဝင်တို့ ကျေးဇူးပြုပြီး ဝင်ခဲ့ကြပါ”
တာဝန်ယူထားသည့် လူတစ်ယောက်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“သွားကြရအောင်” လုချင်းချင်းသည် အရှေ့မှ လှမ်းလျှောက်သွားခဲ့၏။ သူမ၏အနောက်ဆီမှ လီချင်းယန်နှင့် တခြားသောသူများသည် လိုက်ပါလာခဲ့သည်။
“သခင်လေး... လုပ်နိုင်ပါတယ်”
“စီနီယာအစ်ကိုက တကယ်မိုက်တယ်ဟေ့”
ပွဲခင်းထဲသို့ ဝင်လာသော ပြိုင်ပွဲဝင်များကို မြင်ရသည်ဆိုသည်နှင့် သက်ဆိုင်ရာပွဲကြည့်ပရိသတ်များသည် အော်ဟစ်အားပေးလျက် ရှိနေ၏။
မကြာခင်မှာပဲ ထောင်နှင့်ချီသော ပါရမီရှင်များ စုဝေးရောက်ရှိနေခဲ့၏။ စကြဝဠာပတ်လမ်းထဲတွင် များပြား လှသော ဂြိုဟ်များရှိ၏။ ထို့ကြောင့် ၎င်းတို့သည့် တစ်ခုကို လူငါးဆယ်လောက် စေလွှတ်လိုက်သည် ဆိုလျှင်တောင်မှ ကြီးမားလှသည့် ပြိုင်ပွဲကြီးတစ်ခု ဖြစ်တည်လာသည်မှာ သံသယရှိစရာ မလိုချေ။
“အင်း...”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူတို့က အကုန် အားကောင်းလွန်းတာပဲ”
“ဒါဘာမှ မဟုတ်သေးဘူး”
ကုထျန်းရှင်းက ပြောလိုက်၏။ “နောက်ဆုံး တိုက်ပွဲကျရင် အကုန်လုံးက တကယ့်ကို ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူတွေ ဖြစ်လိမ့်မယ်။ တကယ့်ကို ကြည့်ကောင်းလှလိမ့်မယ်”
ကျွင်းချောင်ရှောင်းသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် မြောက်ဘက်ပိုင်းတွင် ရှိနေသော လူအနည်းငယ်ဆီသို့ လှမ်းကြည့်ကာဖြင့် ပြောလိုက်သည်။ “ဘာလို့ ကျောင်းရှစ်က ပြိုင်မယ့်နေရာမှာ မရှိတာလဲ”
“သူက အပိုင်စားနေရာ ရပြီးသားလေ”
ကုထျန်းရှင်းက ပြောလိုက်၏။ “ထိပ်ဆုံးငါးရာစာရင်းထဲကို အလိုလို ဝင်တယ်”
“..........”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုလှည့်ကာ မနာလိုကြီးစွာဖြင့် ပြောလိုက်သည်။ “အားကောင်းလှတဲ့ အဖေ တစ်ယောက်ရှိတာလည်း သက်တောင့်သက်သာ ဖြစ်လိုက်တာ”