← Chapters

အခန်း ၁၈၀၅

Vol. 121 Ch. 1805

အခန်း ၁၈၀၅

Vol. 121 Ch. 1805

အပိုင်း (၁၈၀၅)

ကုထျန်းရှင်းသည် တိမ်ပြာစကြဝဠာပတ်လမ်းကြောင်းထဲတွင် နာမည်ကျော်ကြားလှသည့်လူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူ၏သား ကုကျောင်းရှစ်အနေနှင့် ဇကာတင်ရွေးချယ်မှုများကို ဝင်ရောက်ယှဉ်ပြိုင်ရန်မလိုဘဲ တိုက်ရိုက် တက်လှမ်းခွင့်ရှိသည်။ ထိပ်တန်းငါးယောက်စာရင်းတွင် ဝင်ရောက်နိုင်သူဟုပင် အသိအမှတ် ပြုခြင်းကို ခံရ၏။

ဤအရာသည် ကျွင်းချောင်ရှောင်းအား မနာလို ဖြစ်စေခဲ့သည်။ ထင်မှတ်ထားသည့်အတိုင်းပင်။ အဖေကောင်း တစ်ယောက် ရှိသည်မှာ အားလုံးထက် ခြေတစ်လှမ်းရောက်နှင့်နေပြီဖြစ်သည်။

“ငါ စကြဝဠာထဲမှာ အားအကောင်းဆုံးဖြစ်အောင် အလုပ်ကြိုးစားရမယ်။ ပြီးတော့ ငါ့သားကို စကြဝဠာ နတ်တိုက်ပွဲကို ပြိုင်ဆိုင်ပြီး တိုက်ရိုက်ဗိုလ်လုပွဲဆီ ပို့နိုင်တဲ့အဖေ ဖြစ်ရမယ်” ကျွင်းချောင်ရှောင်းသည် ကြိတ်ကာ ဆုံးဖြတ်လိုက်မိ၏။

“ဟား ဟား ဟား ဟား” စနစ်သည် ရယ်မောလိုက်သည်။ ဤကဲ့သို့ အရည်အချင်းစစ်မှုကို အခြေခံမှ ယှဉ်ပြိုင်စရာ မလိုဘဲ တက်ရောက်သွားသည့် လူများသည် ကုကျောင်းရှစ် တစ်ယောက်တည်း မဟုတ်ပေ။ ကျန့်ရှောင်ဟုန်၊ နန်းကုန်းရှင်းချန်နှင့် တခြားသောလူများလည်း တည်ရှိနေ၏။ ၎င်းတို့သည် ၎င်းတို့၏ နောက်ခံကို အခြေပြု၍ ဝင်ရောက်ခွင့်ရရှိခဲ့သည်လူများ ဖြစ်သည်ဆိုသော်လည်း တိမ်ပြာစကြဝဠာပတ်လမ်းထဲတွင် ထိပ်တန်းပါရမီရှင်များ ဖြစ်သည်ကိုတော့ ငြင်းဆန်၍ မရနိုင်ချေ။

“ဦးလေး”

ကျွင်းချောင်ရှောင်းသည် တစ်ကောင်တည်းသော ဝံပုလွေအဖြစ် ကြောင်တောင်တောင်နှင့် မတ်တပ် ရပ်လျက်ရှိသည့် ဆံပင်ပွစာကျဲလျက်ရှိနေသော လူငယ်ဆီသို့ လှမ်းကြည့်ကာ မေးလိုက်၏။ “သူက မိုးကောင်းကင် နတ်ဆိုးအင်ပါယာရဲ့ မွေးစားသားပဲလေ။ ဘာလို့ တစ်ခါတည်း ဝင်ခွင့်မရတာလဲ”

“ဘာလို့လဲဆိုတော့ သူက တိမ်ပြာစကြဝဠာပတ်လမ်းကြောင်းရဲ့ ဒေသခံ မဟုတ်လို့ပေါ့” ကုထျန်းရှင်းက ရှင်းပြ လိုက်သည်။

“ဪ” ကျွင်းချောင်ရှောင်းက တုံ့ပြန်လိုက်၏။

“ပါဝင်ယှဉ်ပြိုင်သူများ ကျေးဇူးပြုပြီး စင်မြင့်ပေါ်ကို တက်လာပြီး မဲနှိုက်ကြပါ” တာဝန်ယူထားသည့်လူက ကျယ်လောင်စွာ ပြောလိုက်သည်။ ယခင်ပြိုင်ပွဲနှင့်မတူဘဲ ကြယ်တာရာပြိုင်ပွဲတွင်တော့ မဲနှိုက်သည့်စနစ်ကို ပြုလုပ်ထားသည်။

“ကောင်လေးတို့”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကိုယ့်အချင်းချင်း ပြန်မကျအောင်လို့တော့ နှိုက်ကြ”

အဓိကပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းအရဆိုလျှင် စကြဝဠာနတ်တိုက်ပွဲအတွင်းသို့ တိုက်ရိုက်ဝင်ခွင့်ရနိုင်သည့် လက်မှတ်သည် ဆယ်စောင်သာလျှင်ရှိ၏။ ထို့ကြောင့် တပည့်များအနေနှင့် များများစားစား နေရာကို ရချင်သည် ဆိုပါက အချင်းချင်း ပြန်လည်တိုက်ခိုက်ရသည့် အခြေအနေမျိုး မဖြစ်အောင် ရှောင်ရှားနိုင်မှ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ရင်း ရရှိနိုင်သည့် အခွင့်အရေးကို ဆုံးရှုံးသွားပေလိမ့်မည်။

...........

ပွဲခင်း၏ အလယ်တည်နေရာ

ယှဉ်ပြိုင်သူများ အားလုံးသည် အစီအရင်ပေါင်းများစွာဖြင့် စီရင်ထားသည့် သေတ္တာကြီးထဲတွင် ရှိနေသော မဲများကို စတင်ကာ နှိုက်ကြ၏။ ကျွင်းချောင်ရှောင်း တောင်းဆုကြောင့်ပင်။ လီချင်းယန်နှင့် တခြားသောသူတို့သည် သူတို့၏ ဂိုဏ်းတူရောင်းရင်းများနှင့် မတွေ့ခဲ့ကြချေ။ အချင်းချင်းတိုက်ခိုက်မှုကို အစပိုင်း၌ အောင်မြင်စွာ ရှောင်ရှား နိုင်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် လူပေါင်းထောင်ချီ တည်ရှိနေသည်ဖြစ်သောကြောင့် တစ်ယောက်နှင့် တစ်ယောက် မဲနှိုက်၍ ကျခြင်းဆိုသည်မှာ ဖြစ်နိုင်ချေ အလွန်နည်းပါးသည်။

............

“ကြယ်တာရာတိုက်ပွဲ အခု စတင်ပြီ”

တာဝန်ယူထားသည့်လူသည် ကျယ်လောင်စွာ ပြောလိုက်၏။ “နံပါတ်တစ် ဟယ်ဝူတီနှင့် နံပါတ်နှစ် လီထျန်းကျူး... တိုက်ခိုက်ရန် စင်မြင့်ပေါ်သို့တက်ပါ”

“..............”

ဟယ်ဝူတီသည် ဆွံ့အနေသည့် မျက်နှာအမူအရာဖြင့် လျှောက်တက်လာခဲ့သည်။ သူသည် ပထမတိုက်ပွဲတုန်းက လည်း အရင်ဦးဆုံး စင်မြင့်ပေါ်သို့ တက်ရသည်။ ယခုတိုက်ပွဲတွင်လည်း ပထမဦးဆုံး စင်မြင့်ပေါ်သို့ တက်ရ ပြန်သည်။ သူသည် သိုသိုသိပ်သိပ် နေချင်သည်ဆိုသည်မှာ ရှင်းလင်း၏။ သို့ပေမဲ့ သူဖြစ်စေချင်သည့်အတိုင်း အရာကိစ္စများသည် အဘယ့်ကြောင့် မဖြစ်ရသနည်း။

“ကောင်လေး”

စင်မြင့်ပေါ်သို့ တက်ပြီးသည့်နောက် ကုထျန်းရှင်းက ပြောလိုက်သည်။ “ဒီ လီထျန်းကျူး က အရမ်း အားကောင်းတယ်လေ။ မင်းတပည့်အနေနဲ့ တစ်ခါတည်း ထွက်သွားမှာ စိုးရိမ်ရတယ်”

“မဖြစ်နိုင်ဘူး”

ကျွင်း‌‌‌ချောင်ရှောင်းသည် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်၏။ “ဝူတီက အရမ်း အားကောင်းတယ်”

ဟယ်ဝူတီ၏ စွမ်းဆောင်ရည် အစစ်အမှန်ကို ဦးလေးကုက မသိချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည့် သူကတော့ ကောင်းကောင်းသိလို့နေသည်။

ဟယ်ဝူတီသည် အစစ်အမှန် လေးနက်သည့် နေရာမျိုးတွင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် တိုက်ခိုက်ရေး သမားအဖြစ် ပြောင်းလဲသွားခဲ့၏။ တကယ်တမ်းသာ တိုက်ခိုက်မည်ဆိုပါက ဤပြိုင်ပွဲတွင် ပြိုင်စံရှားတစ်ယောက် ဖြစ်ပေလိမ့်မည်။

ဘုတ်

ဟယ်ဝူတီသည် စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်၏။ ပထမဦးဆုံး တိုက်ခိုက်ရန် တာဝန်ရှိသည်ဖြစ်သောကြောင့် အားလုံးသောသူများ၏ အာရုံသည် သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။

ဘုန်း

ထိုအချိန်မှာပဲ နံပါတ်နှစ် ကတ်ပြားကို ကိုင်ဆောင်သူ လီထျန်းကျူးသည် တခြားသော တစ်ဖက်ဆီသို့ မြန်မြန်ဆန်ဆန် ရောက်ရှိလာ၏။ ၎င်းသည် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး နောက်ကျောတွင် ကြီးမားလှသည့် ဓားကြီး တစ်စင်းကို လွယ်ပိုးထား၏။ လက်ချောင်းများ၌လည်း တန်ဖိုးရှိသည့် ရတနာကွင်းများကို ဝတ်ဆင် ထားသေးသည်။ ထိုအရာများသည် ဓာတ်သဘာဝများကို ပိုမိုအားကောင်းစေသည့် ရတနာလက်စွပ်များလည်း ဖြစ်၏။

အခြားတစ်ဖက်မှာတော့ ဟယ်ဝူတီသည် ရိုးရှင်းလှသည့် ဂိုဏ်းဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး ပုံပန်းသွင်ပြင်သည် ရိုးရှင်းပြီး ခြားနားလွန်းလှချေသည်။

“အင်း... ဘယ်သူနိုင်မလဲ”

“ခန့်မှန်းစရာ လိုလို့လား။ နံပါတ်နှစ်ပဲ ဖြစ်ရမှာပေါ့” ပွဲကြည့်သူများ အားလုံးသည် သီးသန့်ဆွေးနွေးလျက်ရှိ၏။ ဟယ်ဝူတီသည် အားကောင်းလွန်းလှသော အော်ရာများကို ထုတ်ဖော်ထားခြင်း မရှိချေ။ ထို့ကြောင့် ဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် လီထျန်းချူးသည် အမြင်အားဖြင့် တစ်ပန်းသာလျက်ရှိ၏။

“ဟေး”

လီထျန်းကျူးက ပြောလိုက်သည်။ “မင်းရဲ့လက်နက်ကိုပြ”

“အားနာပါတယ်”

ဟယ်ဝူတီသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကျုပ်က လက်သီးကိုပဲသုံးတယ်”

လီထျန်းချူးက ပြောလိုက်သည်။ “တကယ့်ကို မောက်မာတာပဲ”

ဟယ်ဝူတီက မောက်မာခြင်း မဟုတ်ပေ။ သို့ပေမဲ့ သူ၏ သီးသန့်လက်နက်သည် တံခါးကြီးနှစ်ချပ် ဖြစ်လို့နေ၏။ ဤကဲ့သို့အခြေအနေမျိုးတွင် တံခါးကြီးကိုထုတ်ကာ တိုက်ခိုက်မည်ဆိုလျှင် မည်မျှ ရယ်ရွှင်ဖွယ်ရာ ကောင်းလိုက် မည်နည်း။

“ဟမ့်.. ကောင်းပြီ”

လီထျန်းကျူးသည် သူ၏နောက်ကျောဆီမှ ကြီးမားလှသည့် ဓားကြီးကို ထုတ်ယူလိုက်သည်။ မျက်လုံးတွင် တိုက်ခိုက်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်နေခဲ့၏။ “မင်း လက်နက်မသုံးဘူး ဆိုပေမဲ့ ငါ့ကို လက်နက် သုံးတယ်ဆိုပြီး အနိုင်ကျင့်တယ်လို့ အပြစ်မတင်နဲ့နော်”

“တိုက်ပွဲ... စပြီ” ထိုအချိန်မှာတော့ ဒိုင်လူကြီးက အော်ဟစ်လိုက်သည်။

ဆွစ်

လီထျန်းကျူး သည် အချိန်ကို ဖြုန်းမနေချေ။ ဒိုင်လူကြီး စကားပြောဆို၍ မပြီးသေးခင်မှာပဲ ရှေ့ဆီသို့ လှမ်းတက်ပြီး ဖြစ်၏။ သူသည် ကြီးမားလှသည့် ဓားကြီးကို မြှောက်ကာ ရုတ်တရက် လေထုထဲသို့ ခုတ်ပိုင်းလိုက်၏။

“တောက်ပနေ ခုတ်ပိုင်းချက်”

ဆွစ် ဆွစ်

အားကောင်းလှသော ဓားချီများသည် ကြီးမားလှသည့် အရှိန်အဟုန်နှင့်အတူ ပေါက်ကွဲထွက်ပေါ်လာ၏။ ဘာလုပ် ရမည်နည်း။ ဟယ်ဝူတီသည် သိုသိုသိပ်သိပ်နှင့် နေရမည်လား။ သို့မဟုတ်...

ဓား၏အော်ရာ ရောက်လာခါနီးမှာပဲ ဟယ်ဝူတီသည် ဂိုဏ်းချုပ်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူ့အား ပြုံးပြုံးကြီး စိုက်ကြည့်နေသည့် ဂိုဏ်းချုပ်ကို မြင်ရသည့်အချိန်မှာတော့ ချက်ချင်း ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်၏။ သူသည် ရှေ့ကို လှမ်းတက်ပြီးသည့်နောက် ညာဘက်လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။ သူ၏ လှုပ်ရှားမှုသည် မမြန်လွန်းသလို၊ မနှေးလွန်းပေ။ အားအင်အဆင့်ကလည်း အားကောင်းလွန်းသည် မဟုတ်သလို အားနည်းလွန်းသည် မဟုတ်ချေ။ ဓားအော်ရာနှင့် ရင်ဆိုင်တွေ့သည့်အချိန်မှာတော့ ထိုအရာများသည် ကြမ်းကြမ်းတမ်းတမ်း ဖြိုခွင်းပစ်လိုက်တော့၏။

“ချီးတဲ့မှ”

ကုထျန်းရှင်းသည် ရုတ်တရက် မတ်တပ်ထရပ်လုမတတ်ပင် အံ့အားသင့်သွားသည်။ ပထမပြိုင်ပွဲတုန်းက ကံကောင်း၍ ရိုးရိုးရှင်းရှင်းနှင့် တိုက်ခိုက်အနိုင်ယူနိုင်ခဲ့သော ပြိုင်စံရှားဂိုဏ်း၏ တပည့်သည် လက်ရှိအချိန်မှာတော့ လက်သီးချက်တစ်ခုနှင့် ဓား၏အော်ရာများ အားလုံးကို အစစ်အမှန် ဖြိုခွင်းပစ်လိုက်သည်။

“ဦးလေး”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “စိတ်ကို အေးအေးထား။ ဒါက သာမာန်ပဲ”

ဘုန်း

ထိုအချိန်မှာပဲ နောက်ထပ်ပေါက်ကွဲသည့်အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝတ်စုံအပြည့် ဝတ်ဆင်ထားသော လီထျန်းကျူးသည် အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး တိုက်ခိုက်ရေးစင်မြင့်၏ အပြင်ဘက်သို့ ပြုတ်ကျသွားခဲ့ သည်။ သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ဟယ်ဝူတီသည် သူ၏လက်ဝါးကို အသာပြန်ရုတ်ကာဖြင့် လက်သီးဆုပ်လိုက်၏။ “အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“............”

ပွဲကြည့်သူများ အားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ အားလုံးတို့သည် မယုံကြည်နိုင်စွာဖြင့် သူ့ကို စူးစိုက် ကြည့်နေသည်။ လီထျန်းကျူး အနိုင်ရလိမ့်မည်ဟု အားလုံးက ထင်မှတ်ခဲ့၏။ သို့ပေမဲ့ သူတို့ မြင့်မြင့်မားမား မတွေးတောထားသည့် တစ်စုံတစ်ယောက်သည် တကယ်ပဲ တိုက်ခိုက် အနိုင်ယူခဲ့သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ” ကုထျန်းရှင်းသည် မတ်တပ်ထရပ်နှင့်ပြီဖြစ်၏။ သူ၏နှလုံးသားထဲတွင် ရှိနေသော အံ့အားသင့်မှုများသည် အလွန် အားကောင်းစွာဖြင့် ဖြစ်တည်နေ၏။

လီထျန်းကျူးသည် အားနည်းနေသည်လား။ အားမနည်းပေ။ အလွန်တရာပင် အားကောင်းလျက်ရှိ၏။ အဆုံးသတ်မှာတော့ ဟယ်ဝူတီ၏ လက်ဝါး ရိုက်ချက်တစ်ခုနှင့်ပင် ရှုံးနိမ့်ခဲ့ရ၏။ ဤအရာသည် သူ့အား အိမ်မက် မက်နေသကဲ့သို့ပင် ခံစားနေရသည်။

“အင်း” ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။ သူ၏ဤတပည့်သည် အမှန်ပင် သိုသိုသိပ်သိပ် နေချင်၏။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ ရှားရှားပါးပါး ထွန်းတောက်ရမည့် အချိန်သို့ ရောက်ရှိနေ၏။ ဦးလေးကု၏ မေးရိုးများပင်လျှင် အောက်သို့ ပြုတ်ကျလုမတတ် ဖြစ်နေသည် မဟုတ်ပါလား။

“ချီးတဲ့မှ”

တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့တက်ရန် စောင့်စားလျက်ရှိနေသည့် စုရှောင်မိုသည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “ဂျူနီယာညီလေးဟယ်.. ဘာလို့ အဲလောက်ကြီး လေးလေးနက်နက် တိုက်ခိုက်နေရတာလဲ”

ကုထျန်းရှင်းသည်သာမဟုတ် ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသည့် တခြားသော တပည့်များအားလုံးသည် ဟယ်ဝူတီ၏ သိုသိုသိပ်သိပ် နေထိုင်ခြင်းနှင့် အသားကျနေပြီဖြစ်၏။ သူ၏ပြိုင်ဘက်အား ရုတ်တရက် တိုက်ခိုက်အနိုင်ယူ လိုက်သည်ကို မြင်ရသည့်အချိန်မှာတော့ သူတို့အားလုံး အံ့အားသင့်မိ၏။

“ပြဿနာပဲ” ရီရှင်းချန်၏ အကြည့်များသည် လေးနက်သွားခဲ့၏။ သူသည် အဓိက ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ချင်သည်ဆိုသော်လည်း တခြားပါဝင်ယှဉ်ပြိုင်သူများသည် သူ့အတွက် ခြိမ်းခြောက်အန္တရာယ်ပေးနိုင်သည့်လူများ မဟုတ်ချေ။ သူ့အတွက် အဓိက ပြိုင်ဘက်သည် ဟယ်ဝူတီပင် ဖြစ်သည်။

“ဒီကောင် နည်းနည်း အားကောင်းတယ်” နောက်တစ်ဆင့်၌ ကြိုတင်စောင့်စားနေသည့် ပါရမီရှင်များ အားလုံးသည် ကြည့်ရှုလိုက်ကြ၏။ စင်မြင့်ပေါ်သို့ ပထမဦးဆုံး ဝင်ရောက်ပြီးသည့်နောက် ပြိုင်ဘက်အား တစ်ခါတည်း တိုက်ခိုက်အနိုင်ယူခဲ့၏။ ထို့ကြောင့် ဟယ်ဝူတီသည် တခြားသူများ၏ အာရုံကို ဆွဲဆောင်ပြီးသား ဖြစ်နေ၏။

“ဒါက ပြိုင်ပွဲလေးတစ်ခုပဲ ဆိုပေမဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ တိုက်ခိုက်သွားကြဖို့ပဲ။ ဘာလို့ ချက်ချင်းကြီး အနိုင်ယူလိုက်ရ တာလဲ” ကျန့်ရှောင်ဟုန်သည် ထိုင်ခုံပေါ်သို့ လက်တင်ကာဖြင့် နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

“မိန်းကလေးကျန့်”

နန်းကုန်းရှင်းချန်က ပြောလိုက်၏။ “ခင်ဗျားသာ ခင်ဗျားရဲ့ ပြိုင်ဘက်ထက် အားကောင်း နေမယ်ဆို တိုက်ခိုက်ပွဲကို ဖြစ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ရင်းနဲ့ လေးစားသမှုကို ပြသသင့်တယ် မဟုတ်လား”

“ဟမ့်”

ကျန့်ရှောင်ဟုန်သည် နှာခေါင်းကိုရှုံ့ကာ ပြောလိုက်၏။ “ကိုယ်ဘာကိုယ်ပြောနေတာ။ ရှင်က ဘာတွေ လာဝင်ပြောနေတာလဲ”

“..............”

နန်းကုန်းရှင်းချန်သည် ယဉ်ကျေးစွာဖြင့် ပြုံးလိုက်မိ၏။ ဤဓားသူတော်စင်၏ မြေးသည် စိတ်ဆတ်တတ်သည့် လူတစ်ယောက်ဖြစ်ကြောင်း အားလုံးက ပြောဆိုခဲ့ပြီးပြီဖြစ်၏။ ယနေ့မှာတော့ ကောလဟလများ အားလုံးသည် မှန်ကန်သည်ဖြစ်ကြောင်း သူသိရှိခဲ့သည်။

အနိုင်ယူပြီးသည့်နောက် ဟယ်ဝူတီသည် စင်မြင့်အောက်သို့ ဆင်းလျှောက်သွားသည်။ သူ၏နှလုံးသားထဲတွင်တော့ နာကျင်လျက်ရှိသည်။ အားလုံး၏ မျက်စိရှေ့တွင် သူသည် အားကောင်းလှသော ပြိုင်ဘက်တစ်ယောက်ကို တိုက်ခိုက် အနိုင်ယူခဲ့၏။ သူ၏ မူလရည်မှန်းချက်ဖြစ်သော သိုသိုသိပ်သိပ်နေထိုင်ခြင်းဆိုသည့်အရာသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

“မဖြစ်သေးဘူး။ နောက်တလှည့်ကျရင် ငါ့ကိုယ်ငါ ထိန်းမှဖြစ်မယ်” ဟယ်ဝူတီသည် အားလုံးသော သူတို့၏ မျက်လုံးအကြည့်အောက်သို့ ရောက်ရှိနေခြင်းအား မနှစ်မျို့ချေ။ ထို့ကြောင့် သရုပ်ဆောင်ရန် စီစဉ်လိုက်မိတော့ သည်။

.......

ဘုန်း ဘုန်း

တခြားသောစင်မြင့်များတွင်လည်း တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လျက် ရှိနေကြ၏။ ဤကြယ်တာရာ တိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့်လူများသည် ထိပ်တန်းပါရမီရှင်များဖြစ်၏။ ထို့ကြောင့် တိုက်ခိုက်မှုသည် အမှန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှ၏။

ပွဲကြည့်ပရိသတ်များသည် ရုတ်တရက် မတ်တပ်ရပ်ကာ လက်ခုပ်တီး၍ အားပေးလျက်ပင် ရှိနေကြသည်။

“လီထျန်းထျန်း... ပြိုင်ပွဲဝင်နံပါတ် ရှစ်ဆယ့်ခြောက်၊ လင်းလီ... ပြိုင်ပွဲဝင်နံပါတ် ရှစ်ဆယ့်ခုနှစ် စင်မြင့်ပေါ်သို့ တက်ခဲ့ပါ”

“ဟူး..”

လီထျန်းထျန်းသည် အသက်ကို ပြင်းပြင်းရှူပြီးနောက် စင်မြင့်ပေါ်သို့ တက်လိုက်၏။

သူတပည့်၏ ပြိုင်ဘက်သည် ဆံပင်များ ပွစာကျဲလျက် ရှိနေသည့်လူဖြစ်ကြောင်း သိရှိရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မျက်မှောင်ကုတ်လိုက်မိသည်။

All Chapters