← Chapters

အခန်း ၁၈၀၆

Vol. 121 Ch. 1806

အခန်း ၁၈၀၆

Vol. 121 Ch. 1806

အပိုင်း (၁၈၀၆)

ကြယ်တာရာတိုက်ပွဲဆီသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသူများသည် ထိပ်တန်းပါရမီရှင်များဖြစ်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ အမြင်အရဆိုလျှင် သူ၏တပည့်များအား ခြိမ်းခြောက်နိုင်မှု အရှိဆုံးလူသည် ဤဆံပင်ပွစာကျဲ နှင့် လင်းလီဟု ခေါ်သောလူထက် တခြား မရှိချေ။ အကြောင်းအရာမှာ ရိုးရှင်းလွန်းလှ၏။ တစ်ဖက်လူသည် ရက်စက်လွန်းလှသော ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ခဲ့ရသော ဝံပုလွေတစ်ကောင် ဖြစ်နေသောကြောင့်ပင်။

အထူးသဖြင့် ငွေညှစ်ခြိမ်းခြောက်ခဲ့သည့်လူအား လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည့် အချိန်တွင် ၎င်း၏ မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ကြမ်းတမ်းရက်စက်မှုများသည် အရှိန်အဟုန် ပြင်းပြင်းနှင့် တည်ရှိနေခဲ့သည်။

ဘုတ်

လင်းလီသည် စင်မြင့်ပေါ်သို့ လှမ်းလျှောက်တက်လိုက်၏။ လက်ရှိအခြေအနေမှာတော့ မည်သို့ပင်ကြည့်ကြည့် သာမန်ဖြစ်သည်ဟူသော ခံစားချက်များကို ပေးစွမ်း၏။ တဖက်လူသည် သာမန်ဖြစ်သည်ဟူသော ခံစားချက်မျိုး ထွက်ပေါ်လေ ကျွင်းချောင်ရှောင်းက ပိုမိုကာ စိတ်ပူလေပင်။

“ကောင်လေး”

ကုထျန်းရှင်းသည် လေးနက်စွာ ပြောလိုက်၏။ “စိတ်ပိုင်းဆိုင်ရာအစ ကြိုပြီးပြင်ဆင်ထားဖို့ သင့်တယ်”

လီထျန်းထျန်းသည် ချူဝမ်ဂီအား တိုက်ခိုက်အနိုင်ယူနိုင်ခဲ့သည့် လူတစ်ယောက်အဖြစ် မိမိကိုယ်ကို သက်သေ ပြနှင့်ပြီး ဖြစ်သည်ဆိုသော်လည်း တစ်ဖက်ပြိုင်ဘက်သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသား တစ်ယောက်ဖြစ်နေသည်။ တစ်ဖက်ရင်ဆိုင်ရမည့်လူသည် လီချင်းယန် သို့မဟုတ် ရီရှင်းချန်သာဆိုလျှင် တော်သေးသည်။

“ဒီကောင် တကယ်ကြမ်းမယ့်ပုံပဲ” ဟယ်ဝူတီသည် မျက်မှောင်ကုတ်လိုက်မိ၏။

လီထျန်းထျန်းသည် သူ၏ ပြိုင်ဘက်မှာ အလွန်တရာ အားကောင်းလှသည်ဖြစ်ကြောင်းကို နားလည်ပုံပေါ်၏။ မူလအားဖြင့် စိုးရွံ့လျက် ရှိနေသည့် စိတ်များကို တည်ငြိမ်အောင် ပြန်လည်ထိန်းချုပ်လိုက်သည်။

“လီထျန်းထျန်း”

ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ “သူ့ကို မနိုင်ဘူးဆိုရင် အရှုံးပေးလို့ရတယ်”

လီထျန်းထျန်းသည် မျက်ရည်ပင် ဝိုင်းသွားမိ၏။ ဂိုဏ်းချုပ်ပင်လျှင် သူ့အတွက် မျှော်လင့်ချက် မထားချေ။

ကျွင်းချောင်ရှောင်းအနေဖြင့် မျှော်လင့်ချက် မရှိခြင်းမဟုတ်ပေ။ သူ၏တပည့် နာကျင်မည်ကို မမြင်ချင် သောကြောင့်ပင်။ တစ်ဖက်လူသည် သိုးအရေခွံခြုံထားသည့် ဝံပုလွေတစ်ကောင် ဖြစ်သည်။ ရုတ်တရက် ရိုင်းစိုင်းကြမ်းတမ်းသည့် တိုက်ခိုက်ချက်များကို ထုတ်ဖော်လာနိုင်သည်။

ဤအရာသည် တိုက်ခိုက်ပွဲတစ်ခုသာလျှင် ဖြစ်၏။ ရှုံးနိမ့်သွားမည်ဆိုလျှင်တောင်မှ တခြားသောတပည့်များ တည်ရှိနေသေး၏။ ဝံပုလွေတစ်ကောင်နှင့် ခေါင်းချင်းဆိုင်ဝှေ့၍ တိုက်ခိုက်ရန် မလိုအပ်ချေ။

သို့ပေမဲ့ လီထျန်းထျန်း ကတော့ ထိုကဲ့သို့ မထင်ချေ။ သူသည် ပြိုင်စံရှားဂိုဏ်းကို ကိုယ်စားပြုသည်ဆိုမှတော့ ရှုံးလျှင်တောင်မှ ဂုဏ်သိက္ခာ ရှိရှိနှင့် အရှုံးပေးရပေမည်။ အညံ့ခံရန်လား။ မဖြစ်နိုင်ချေ။

ဆွစ်

လီထျန်းထျန်းသည် သူ၏ ခန္ဓာကိုယ်ကိုယ် မတ်မတ်ထားလိုက်၏။ “ပြိုင်စံရှားဂိုဏ်းရဲ့တပည့် လီထျန်းထျန်း.. ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါအုံး”

“ဒီကောင် တကယ်ကြီး ထိပ်တိုက် တိုက်တော့မှာလား” ကျွင်းချောင်ရှောင်းအနေဖြင့် သူ၏တပည့်အား လက်လျော့ သွားစေချင်စိတ်ရှိ၏။ သို့ပေမဲ့ ချက်ချင်းပဲ ထိုအကြံအစည်ကို ပယ်ချလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် လီထျန်းထျန်းဆီမှ သံမဏိကဲ့သို့ ခိုင်မာလှသည့် စိတ်ဓာတ်အဟုန်၏ အော်ရာများ ထွက်ပေါ်လာသောကြောင့်ပင်။ သူ့တပည့်၏ ဆုံးဖြတ်ချက်အား သူအဘယ်ကြောင့် ဝင်ရောက်ကာ နှောက်ယှက်ရမည်နည်း။

“ဂျူနီယာညီလေး”

စုရှောင်မိုသည် လီထျန်းထျန်းအား ကြိတ်ကာ ချီးကျူးလိုက်မိ၏။ “မင်းလုပ်နိုင်တယ်”

လင်းလီသည် အစမှ အဆုံးအထိ တစ်ခွန်းမှ စကားမပြောချေ။ သူ၏မျက်လုံးထဲတွင်လည်း မည်သည့် ခံစားချက်မှ မရှိချေ။ သစ်သားရုပ်ထုကြီးတစ်ခုကဲ့သို့ပင် မတ်မတ်ရပ်လျက်ရှိသည်။

“တိုက်ပွဲ စမယ်”

ဆွစ်

ဒိုင်လူကြီး အော်လိုက်သည်နှင့်တပြိုင်နက် လင်းလီသည် ရုတ်တရက် လီထျန်းထျန်း၏ရှေ့၌ ပေါ်ပေါက်လာ၏။ သူ၏ ညာဘက်လက်တွင် အားကောင်းလွန်းလှသော စွမ်းအင်များ စုဝေးလျက်ရှိပြီး လီထျန်းထျန်းကို တိုက်ခိုက် တော့၏။ အမြန်နှုန်းသည် အလွန် မြန်ဆန်သောကြောင့် ကုထျန်းရှင်းကဲ့သို့သော လူပင်လျှင် အံ့အားသင့်မိနေ၏။

“မကောင်းတော့ဘူး” ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လိုက်မိသည်။

ဘုန်း .....။

ရုတ်တရက် တိုက်ခိုက်ရေးတည်နေရာတွင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လေလှိုင်းများသည် တဟုန်းဟုန်းနှင့် ဖြစ်တည်နေ၏။

“ချီးတဲ့မှ... ကြမ်းလိုက်တာ”

ပွဲကြည့်ပရိသတ်များ အားလုံးသည် ဆွံ့အသွားခဲ့၏။ စောနတုန်းက ဟယ်ဝူတီ၏ တိုက်ခိုက်ချက်သည် အလွန်ကြမ်းတမ်းနှင့်နေပြီဖြစ်၏။ သို့ပေမဲ့ ယခု တိုက်ခိုက်ချက်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ကွာခြားချက် ကြီးကြီးမားမား ဖြစ်တည်နေသည်။ ကြည့်ရသည်မှာ ဤပြိုင်ပွဲကို အနိုင်ရရှိရန်အတွက် လေးလေးနက်နက်ထားကာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့ပုံပေါ်သည်။

ဟူး...

စင်မြင့်ပေါ်ရှိ လေလှိုင်းများသည် တဖြည်းဖြည်း အားလျော့လာ၏။ လီထျန်းထျန်းသည် စင်မြင့်၏ အစပ်တွင် မတ်မတ်ရပ်လျက်ရှိပြီး သူ၏ လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တွင် တင်ထား၏။ မျက်နှာပေါ်၌ နာကျင်နေသည့် အမူအရာများ တည်ရှိနေ၏။

“သူ ပြုတ်ကျမသွားဘူးလား” လင်းလီသည် အနည်းငယ် အံ့အားသင့်သွားသည်။

လီထျန်းထျန်းသည် သူ၏ ရင်ဘတ်ကို အသာပွတ်ကာ ရှေ့ဆီသို့ အသာလှမ်းတက်လိုက်၏။ “ကျုပ်က အားမနည်းဘူး”

“ဟုတ်လား” လင်းလီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။

ကျွင်းချောင်ရှောင်း၏ မျက်မှောင်ကုတ်မှုများသည်လည်း ပိုမိုကာ လေးနက်လာခဲ့သည်။ လက်ရှိအချိန်မှာတော့ တစ်ဖက်လူသည် သိုးအရေခွံကို ဖြည်းဖြည်းချင်း ချွတ်နေပြီဖြစ်ကြောင်းကို သူက နားလည်မိ၏။ တကယ့်ကို ကြမ်းတမ်းလှသည့် ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီဆိုလျှင် ပိုမိုကြမ်းတမ်းသည့် တိုက်ခိုက်ချက်များကို ထုတ်ဖော်တော့မှာ သေချာ၏။

ဆွစ်

ရုတ်တရက် လင်းလီသည် ပျောက်ကွယ်သွား၏။ ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူကို အာရုံစိုက်ကာ ကြည့်ရှု နေ၏။ တစ်ဖက်လူသည် လီထျန်းထျန်း၏ ရှေ့တွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီး ၎င်း၏ ဒူး၊ တံတောင်များကို အသုံးပြုကာ တိုက်ခိုက်၏။ မြန်ဆန်သည်။ ကြမ်းတမ်းသည်။ တိကျသည်။

ဘုန်း

လီထျန်းထျန်းသည် တစ်ဖက်လူ၏ အမြန်နှုန်းကို မလိုက်နိုင်ချေ။ တစ်ချက်ထိမှန်ပြီးသည့်နောက် နောက်ဘက်သို့ လွင့်စင်သွားပြန်၏။

ဆွစ်

လင်းလီသည် ရုတ်တရက် မျက်နှာကို ထပ်မံကာ တိုက်ခိုက်ပြန်သည်။

ဘုန်း ဘုန်း

ကြမ်းတမ်းလှသော လက်ဝါးရာများသည် တိုက်ခိုက်ရေးတည်နေရာတွင် အထင်းသား ပေါ်ပေါက်လာခဲ့၏။ လီထျန်းထျန်းသည် ဟန်ချက်ညီအောင် ထိန်းချုပ်ထားနိုင်သည့် အခြေအနေ မဟုတ်သောကြောင့် အချိန်ကိုက် ရှောင်ရှားခြင်းကို မလုပ်နိုင်ချေ။ ထို့ကြောင့် နောက်ကိုဆုတ်ရင်း တောက်လျှောက်ဆိုသလို ရိုက်နှက်ခံနေရ၏။

“ဂျူနီယာညီလေး” စုရှောင်မိုသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

ရီရှင်းချန်သည် ထိုင်လျက်ရှိ၏။ သူသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လျက်ရှိ၏။ မျက်လုံးထဲတွင် ဒေါသတရားများ စုဝေးလားခဲ့၏။

လင်းလီသည် လီထျန်းထျန်းအား ဆက်တိုက်ဆိုသလို လိုက်လံတိုက်ခိုက်နေပြီး တိုက်ခိုက်မှုများသည်လည်း မထင်မှတ်ထားသည့် နေရာများသို့ ကျရောက်နေသည်။ ထို့အပြင် လီထျန်းထျန်းအား စင်မြင့်ပေါ်မှ တစ်ခါတည်း ပြုတ်ကျသွားအောင် တိုက်ခိုက်ချင်စိတ်ရှိပုံ မပေါ်ချေ။ ကြောင်က ကြွက်ကို ကစားနေသလို စင်မြင့်ပေါ်တွင် ကစားနေခြင်းပင်။

ဘုန်း

ဘုတ် ဘုတ်

တောက်လျှောက် တိုက်ခိုက်မှုများ ပြုလုပ်ခံရပြီးသည့်နောက် လီထျန်းထျန်းသည် နောက်သို့ ခြေလှမ်းတစ်ဒါဇင် ကျော် ဆုတ်လိုက်၏။ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ရန် ကြိုးစားလိုက်သည့်အချိန်မှာတော့ သူ၏ သွေးများကို မည်သို့မှ မဖိနှိပ်နိုင်တော့ဘဲ အန်ထွက်လာတော့၏။

“ကောင်လေး”

ကုထျန်းရှင်းက ပြောလိုက်သည်။ “သူ့ကို အရှုံးပေးခိုင်းလိုက်တော့”

မည်သူက အားကောင်းသည်။ မည်သူက အားနည်းသည်ဆိုသည်ကို ထင်ထင်ရှားရှား သိနေပြီဖြစ်၏။ တစ်ဖက်လူကို ကြည့်ရသည်မှာ ရည်ရွယ်ချက်ရှိရှိနှင့် ဆော့ကစားနေခြင်းပင် ဖြစ်ရမည်။ စင်မြင်ပေါ်မှ ခုန်ချကာ အရှုံးပေး လိုက်ခြင်းသည် ပညာရှိသော ဆုံးဖြတ်ချက်ပင် ဖြစ်လိမ့်မည်။

“သူ့ရဲ့ ရွေးချယ်မှုက သူ့ဘဝပဲ”

ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ လီထျန်းထျန်း ကို အရှုံးပေးခိုင်းချင်စိတ် သူ့၌ ရှိ၏။ သို့ပေမဲ့ ဤကဲ့သို့ ကြီးမားလှသည့် ပြိုင်ပွဲကြီးတွင် လူပေါင်းများစွာ ကြည့်ရှု နေသည် ဖြစ်သောကြောင့် လီထျန်းထျန်းသည် လွယ်လွယ်ကူကူနှင့် ဘယ်တော့မှ အရှုံးပေးလိမ့်မည် မဟုတ်ချေ။

“အားကောင်းတယ်”

နှုတ်ခမ်းထောင့်တွင်ရှိသော သွေးများကို အသာသုတ်ပြီးသည့်နောက် လီထျန်းထျန်းသည် သွားဖြီးကာ ရယ်လိုက်၏။ တစ်ဖက်လူသည် သူ့အား ဆော့ကစားသလို တိုက်ခိုက်နေသည်ဖြစ်ကြောင်း အားလုံးက မြင်နေ၊ တွေ့နေရသည်ဆိုလျှင်တောင်မှ သူသည် တစ်ချက်ကလေးမှ အလျော့ပေးလိမ့်မည် မဟုတ်ချေ။

“ခင်ဗျား အရှုံးပေးပြီးတော့ စင်မြင့်ပေါ်က ဆင်းသွားတော့” လင်းလီက ပြောလိုက်သည်။ သူ၏ စကားလုံးများသည် ခံစားချက် ကင်းမဲ့နေ၏။ အလွန်တရာမောက်မာလှပါသည်ဆိုသော ခံစားချက်မျိုးကိုလည်း ပေးစွမ်းနေသည်။

ရီရှင်းချန်၏ မျက်လုံးထဲတွင် ရှိနေသော ဒေါသတရားများသည် ပိုမိုကာ ကြမ်းတမ်းလာခဲ့၏။ “ကောင်လေး... ငါနဲ့ မတွေ့စေနဲ့”

လင်းလီသည် တခြားသော တစ်စုံတစ်ယောက်ကို ရိုက်နှက်သည်ဖြစ်စေ သို့မဟုတ် မည်မျှ မောက်မာသည်ဖြစ်စေ ရီရှင်းချန်က ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ တစ်ဖက်လူ ရိုက်နှက်နေသည်မှာ သူ၏ဂိုဏ်းတူရောင်းရင်း ဖြစ်လို့နေခဲ့၏။ ဤအရာသည် သူသည်းခံနိုင်သော အရာမျိုး မဟုတ်ချေ။

“ကျုပ် ရှုံးမှပဲ ရှုံးသွားလိမ့်မယ်။ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး” လီထျန်းထျန်းသည် အသက်ကို ပြင်းပြင်းရှူ လိုက်၏။ ခန္ဓာကိုယ်တွင် ဖြစ်နေသော နာကျင်မှုများကို ဖိနှိပ်ပြီးသည့်နောက် ခေါင်းကိုမော့ကာ ရင်ကိုကော့ လိုက်၏။ လက်ရှိအခြေအနေမှာတော့ သူ၏ သံမဏိကဲ့သို့ ခိုင်မာလွန်းလှသော သတ္တိအဟုန်သည် ပွဲကြည့် ပရိသတ် များကိုပင် သက်ရောက်စေခဲ့တော့၏။

“ကောင်းပြီ”

လင်းလီက ပြောလိုက်သည်။ “ဒါ ခင်ဗျားသဘောပဲ”

ဘုန်း ဘုန်း ဘုန်း ဘုန်း

လီထျန်းထျန်းသည် တစ်ဖက်လူ၏ လှုပ်ရှားမှုများကို မဖမ်းနိုင်ချေ။ ထို့ကြောင့် တစ်ချိန်လုံး ရိုက်နှက်ခြင်းကို ခံနေရ၏။

ဘယ်မှညာကို ရိုက်နှက်၏။ အပေါ်မှအောက်သို့ ရိုက်နှက်ပြန်သည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် စင်မြင့်ပေါ်တွင် ဟိုဘက်ကိုရောက်လိုက်၊ ဒီဘက်ကိုရောက်လိုက် လွင့်စင်လျက်ရှိ၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့် တစ်ယောက်သည် ဆိုးဆိုးရွားရွား ရိုက်နှက်ခြင်းကို ခံနေရသည်။

“...........”

လီချင်းယန်၊ စုရှောင်မိုနှင့် တခြားသောသူများသည် စင်အောက်မှ အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်သည်။ သူတို့၏ ဂိုဏ်းတူရောင်းရင်းတစ်ယောက် ပက်ပက်စက်စက် ရိုက်နှက်ခံနေရသည်ကို မြင်ရသည့်အချိန်မှာတော့ လက်သီးကိုသာ ကျစ်ကျစ်ဆုပ်ထားမိသည်။ တက်ကာ ကူညီ၍လည်း မရနိုင်ချေ။

ဟူး

ရီရှင်းချန်၏ အသက်ရှူနှုန်းများသည် ပိုမိုကာ မြန်ဆန်လာ၏။ လက်ရှိအခြေအနေမှာတော့ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ထိုင်လျက်ရှိနေ၏။ မျက်လုံးထဲတွင် ရှိနေသော ဒေါသတရားများသည် အလွန် စူးရှလွန်း သောကြောင့် မီးပင် တောက်လုမတတ်ပင်။

ဘုန်း

လီထျန်းထျန်းသည် ထပ်မံကာ ရိုက်နှက်ခံရ၏။ စင်မြင့်၏ အစပ်နားသို့ ရောက်သည့်အချိန်မှာတော့ သူသည် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မနည်းဆုတ်ခွာလိုက်၏။ နောက်ထပ်သွေးတစ်လုတ် အန်ထွက်ပြန်သည်။ သူ၏ မရီဒန်များသည် ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာ ရရှိထား၏။ အဆုံးသတ် အခြေအနေသို့ ရောက်လုမတတ်ပင်။

“ယောက်ျားပဲ။ တကယ့်ကို ကြမ်းတယ်” ပွဲကြည့်ပရိသတ်များသည် ချီးကျူးသလို ကြည့်လိုက်မိ၏။ ဤမျှ အချိန်ကြာမြင့်စွာ ရိုက်နှက်ခံထားရသည်ဆိုသော်လည်း မတ်တပ်ရပ်နိုင်သေး၏။ ဤလူသည် သူတို့၏ လေးစားမှုနှင့် ထိုက်တန်လှသောသူဖြစ်သည်။

“ဂိုဏ်းချုပ်”

လီထျန်းထျန်းသည် ခေါင်းကို မော့လိုက်၏။ မျက်နှာပြင်တစ်ခုလုံးသည် ဆိုးရွားစွာ ရိုက်နှက်ခံထားရ သောကြောင့် ကြည့်ရှု၍ပင် မရနိုင်ချေ။ သူက ပြောလိုက်သည်။ “တောင်း..တောင်းပန်ပါတယ်။ မဟန်နိုင်တော့ဘူး”

ဘုတ်

သူ၏ခန္ဓာကိုယ်သည် မြေပေါ်သို့ ပြုတ်ကျသွားသည်။ ဒိုင်လူကြီးသည် အလျင်အမြန် ရောက်ရှိလာ၏။ စစ်ဆေးပြီး သည့်နောက် အော်လိုက်၏။ “တစ်ဆယ်၊ ကိုး၊ ရှစ်..”

ဤကဲ့သို့ ရေရွတ်နေသောအသံသည် လီထျန်းထျန်း၏ နှလုံးသားကို ချွန်ထက်သည့်အရာနှင့် ထိုးနေသကဲ့သို့ပင်။ သူသည် မတ်တပ်ထရပ်မိချင်၏။ သို့ပေမဲ့ သူ၏ ဒဏ်ရာ များသည် ဤကဲ့သို့ ပြုလုပ်ရန် အခွင့်အရေး မပေးခဲ့ချေ။

ပက်လက်လှန်ကာ ကောင်းကင်ပေါ်သို့မော့ကြည့်ရင်း မျက်ရည်များသည် ထိန်းချုပ်မရနိုင်အောင် ကျဆင်းလျက် ရှိ၏။ သူ လီထျန်းထျန်းက ပြိုင်စံရှားဂိုဏ်းအတွက် တကယ့်ကို ကျက်သရေမဲ့စေခဲ့ပေပြီ။

ဒိုင်လူကြီးက ရေတွက်ပြီးသည့်နောက် ချက်ချင်းကြေညာလိုက်သည်။ “အနိုင်ရရှိသူ လင်းလီ”

“ချီးတဲ့မှ...” ရီရှင်းချန်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူ၏ဒေါသတရားများသည် ခေါင်းဆီသို့ပင် ရောက်ရှိလာခဲ့၏။ ပေါက်ကွဲထွက်တော့မည်သကဲ့သို့ပင်။

ရီရှင်းချန်သည် စိတ်မထိန်းနိုင်ဘဲ စင်မြင့်ပေါ်သို့ လှမ်းတက်တော့မည် အချိန်တွင် သူ၏ ပခုံးထက်သို့ လက်တစ်ဖက်က ရောက်ရှိလာ၏။ ဟယ်ဝူတီသည် သူ၏ရှေ့သို့ ရောက်ရှိလာပြီး အေးစက်သည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ဒီကောင့်ကို ကျုပ်တာဝန် ထားလိုက်တော့”

“အရမ်းကောင်းတယ်”

ကျွင်းချောင်ရှောင်းသည် မှတ်ချက်ပေးလိုက်မိ၏။ “ဝူတီ တကယ့်ကို လေးနက်ပြီပဲ”

ကုထျန်းရှင်းနှင့် တခြားသော လူပေါင်းများစွာတို့ သူ့အနားသာ မရှိသည်ဆိုပါက သူသည် မတ်တပ်ထရပ်ကာ ရူးရူးမူးမူး အော်ဟစ်မိပေလိမ့်မည်။ “ဝူတီ.. ဒီကောင်ကို သေတဲ့အထိ ရိုက်စမ်း”

All Chapters