← Chapters

အခန်း ၁၈၁၁

Vol. 122 Ch. 1811

အခန်း ၁၈၁၁

Vol. 122 Ch. 1811

အပိုင်း (၁၈၁၁)

စင်မြင့်ပေါ်မှာတော့ လုချင်းချင်းသည် နှင်းများကြားထဲတွင်ရှိနေသော နှင်းပန်းတပွင့်ကဲ့သို့ပင် ဝင့်ကြွားစွာဖြင့် ရပ်လျက်ရှိ၏။ လေထုထဲတွင်ရှိနေသော လေများအားလုံးသည် အေးစက်လာခဲ့ပြီး မြေပြင်ပေါ်တွင် ရေခဲလွှာများပင် ဖြစ်တည်လာခဲ့၏။

ပတ်ဝန်းကျင်တစ်ခုလုံးသည် နှင်းကဲ့သို့ အေးစက်လျက် ရှိနေသည် ဆိုသော်လည်း ဆယ်မီတာ အဝေးတွင်ရှိနေသည့် လင်းလီမှာမူ ဂရုမစိုက်ချေ။ ထို့ပြင် သူသည် ခန္ဓာကိုယ်အားအင် အလွန်တရာအားကောင်းသည့် လူတစ်ယောက်ဖြစ်သောကြောင့် အအေးဓာတ်ကို ခုခံနိုင်သည်။

နှစ်ယောက်လုံး နေရာယူပြီးသည့်နောက်မှာတော့ ဒိုင်လူကြီးသည် အော်ဟစ်လိုက်၏။ “တိုက်ခိုက်ကြမယ်”

ဘန်း..

အသံထွက်ပေါ်လာချင်းမှာပဲ လင်းလီ သည် လေးညှို့မှ ပစ်လွှတ်လိုက်သည့် မြားတစ်စင်းကဲ့သို့ပင် ရှေ့ဆီသို့ လှမ်းတက်လာခဲ့သည်။

ဝှစ်... ဝှစ်...

တစ်ချိန်တည်းမှာပဲ ၎င်းသည် ညာဘက်လက်ကို ရုတ်တရက် ယမ်းခါလိုက်၏။ အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းများသည် တည်နေရာကိုပင်လှုပ်ခါစေခဲ့၏။ လက်သီးကြီးသည် အေးစက်လှသည့် လေထုကို ထိုးခွင်းကာဖြင့် ရောက်ရှိလာ၏။

သူသည် အမျိုးသမီးတစ်ယောက်နှင့် တိုက်ခိုက်နေရသောကြောင့် အမှန်ပင် မကျေမနပ် ဖြစ်လို့နေခဲ့၏။ ဖြစ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ပစ်ရန်လည်း ဆုံးဖြတ်ထားခဲ့၏။ သို့ပေမဲ့ ကြမ်းတမ်းလှသည့် စွမ်းအင်များသည် လှိုင်းအဖြစ်သို့ ရှေ့ဆီသို့ တိုးသွားသည့် အချိန်မှာတော့ မြေပေါ်တွင် ရှိနေသည့် ရေခဲများသည် ရုတ်တရက် ပိုမိုကာ အေးစက်လာခဲ့ပြီးသည့်နောက် ပတ်ဝန်းကျင်လေထုကြီးတစ်ခုလုံးပင်လျှင် အေးခဲလာစေသည်။

ခလွပ် ခလွပ်

ပထမဦးဆုံးတိုက်ခိုက်လိုက်သည့် လက်သီးချက်ကြီးသည် တဖြည်းဖြည်းအရှိန်လျော့ကျလာခဲ့၏။ ပြီးသည့်နောက် ရှေ့ဆီသို့ လှမ်းလာရင်းမှာပဲ ရေခဲရုပ်ထုကြီးကဲ့သို့ပင် တဖြည်းဖြည်းဖြစ်တည်လာခဲ့၏။

ဖောက်

လုချင်းချင်းသည် သူမ၏ အပြစ်အနာအဆာကင်းမဲ့လွန်းလှသည့် ကျောက်စိမ်းကဲ့သို့ လက်လေးအား အသာ လှမ်းမြှောက်လိုက်၏။ ပြီးနောက် ရေခဲပြင်ပေါ်သို့ အသာလှမ်းကာ တို့ထိလိုက်သည်။

ဘုတ်...

ရေခဲလျက်ရှိနေသည့် လက်သီးလှိုင်းကြီးသည် ရေခဲအပိုင်းအစအဖြစ်သို့ ချက်ချင်းပဲ ကွဲကြေပျောက်ကွယ် သွားခဲ့၏။ ပတ်ဝန်းကျင်တွင်ရှိနေသည့် ပွဲကြည့်ပရိတ်သတ်များအားလုံသည် ထိုအချင်းအရာကို မြင်သည့် အချိန်မှာတော့ ဤအမျိုးသမီး၏ ရေခဲဓာတ်သဘာဝမှာ ထိန်းချုပ်မှုမှာ အံ့အားသင့်စရာ အခြေအနေမျိုးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သိရှိလိုက်ရ၏။

အထူးသဖြင့် နန်းကုန်းချင်းရှန် ပင်ဖြစ်သည်။ လုချင်းချင်းအနေနှင့် လက်သီးချက်ကို လွယ်လွယ်ကူကူ ချိုးဖျက်လိုက်သည် မြင်ရသည့်အချိန်မှာတော့ သူက ချီးကျူးလိုက်မိသည်။ “တကယ့်ကို ရှားပါးတဲ့ ရေခဲကျင့်ကြံသူတစ်ယောက်ပဲ”

ဘုတ်

လင်းလီ သည် ရှေ့သို့ ထပ်မံကာ တိုးလိုက်၏။ သူသည် ကြမ်းတမ်းလှသည့် စွမ်းအင်လှိုင်းများကို အသုံးပြုကာ ရှေ့ဆီသို့ လှမ်းတက်လိုက်သည်။ ရေခဲဓာတ်သဘာဝများသည် အချိန်ကိုနှေးကွေးစေပြီး သူ၏ စွမ်းအင်လှိုင်းများကို ထိန်းချုပ်နိုင်စွမ်း ရှိသည်ဆိုလျှင်တောင်မှ သူသည်ကြမ်းတမ်းလွန်းလှသည့် အားအင်ကို အသုံးပြုကာ ချိုးဖျက်ရပေလိမ့်မည်။

ဤနည်းလမ်းသည် ကြမ်းတမ်းလှသည်ဆိုသော်လည်း အကျိုးသက်ရောက်မှုမှာတော့ ပြင်းထန်လှ၏။ သို့ပေမဲ့ သူသည် အရှေ့ဆီသို့ လှမ်းတက်လိုက်သည်နှင့်တပြိုင်နက် စင်မြင့်ထက်ရှိ လေထုတစ်ခုလုံးသည် ပိုမိုကာ အေးခဲလာခဲ့၏။ ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား တဖြည်းဖြည်းနှင့် လွှမ်းခြုံသွားခဲ့ပြီး သူ၏ အမြန်နှုန်းကိုလည်း တဖြည်းဖြည်းလျော့ကျသွားစေ၏။

လုချင်းချင်း၏ အရှေ့ဆီသို့ ရောက်ရှိသွားသည့်အချိန်မှာတော့ လင်းလီ ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲများဖြင့် ဖုံးလွှမ်းလျက်ရှိနေ၏။ သူ၏ ခြေလက်များသည် လှုပ်ရှား၍မရနိုင်တော့ချေ။

“ကောင်လေး”

ကုထျန်းရှင်း သည် အံ့အားသင့်မိသွား၏။ “မင်းတပည့်ရဲ့ ရေခဲဓာတ်သဘာဝ ထိန်းချုပ်မှုက တောက်ယွမ်ဂိုဏ်းရဲ့ အကြီးဆုံးတပည့်ထက်တောင် အားမနည်းဘူးပဲ”

“ဟုတ်တာပေါ့” ကျွင်းချောင်ရှောင်း သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးလိုက်မိသည်။

လုချင်းချင်းသည် ကျိုးဟုန်ကဲ့သို့ပင် မျက်စိရှေ့သို့ ထင်ထင်ပေါ်ပေါ်နှင့် ပေါ်ပေါက်လာတတ်သူ မဟုတ်သော်လည်း သူမ၏ ကျင့်ကြံခြင်းကိုတော့ တစ်ခါမှ မရပ်တန့်ခဲ့ချေ။

မည်မျှကျင့်ကြံနေသနည်းဆိုသော် သူမ၏ ဂိုဏ်းတူရောင်းရင်းများကိုမဆိုနှင့် ဂိုဏ်းချုပ်သည်ပင် သူမကို မြင်တွေ့ရန် ခက်ခဲလှ၏။ သို့ပေမဲ့ သူမသည် မည်မျှအားကောင်းလှသည်ကို ပြောရန်ပင် ခက်ခဲလွန်းလှ၏။ အနည်းဆုံးအနေနှင့် ရေခဲဓာတ်သဘာဝများအပေါ် နားလည်မှုသည် ပြည့်စုံသည့်အဆင့် ထိပ်ဆုံးသို့ပင် ရောက်ရှိလို့နေလောက်၏။

ရွှီး…

လုချင်းချင်းသည် သူမ၏ လက်ကို ထပ်ကာမြှောက်လိုက်၏။ သူမ၏ လှုပ်ရှားမှုများကို ကြည့်ရှု့ရသည်မှာ နှေးကွေးလှသည် ဆိုသော်လည်း လေထဲတွင်ရှိနေသည့် လင်းလီကို ရိုက်နှက်လိုက်သည့်အချိန်မှာတော့ ကျယ်လောင်သည့် အသံကြီးပင် ထွက်ပေါ်လာခဲ့သည်။

ဘုန်း

…….

လင်းလီ သည် သူရပ်နေရာမှာပင် ရှိနေခဲ့၏။ ရေခဲဓာတ်သဘာဝများနှင့် ချုပ်နှောင်ခြင်းကိုခံထားရပြီး မလွတ်မြောက်နိုင်သည်ဖြစ်သောကြောင့် စောနတုန်းက တိုက်ခိုက်မှုသည့် သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို ထိခိုက်စေခဲ့ပြီး လည်မျိုမှသွေးများပင် အန်ထွက်လုမတတ်ဖြစ်နေခဲ့၏။

ဤအမျိုးသမီး၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။ သာမန်အဆင့်ဆိုလျှင် ရေခဲဓာတ်သဘာဝများသည် ထိန်းချုပ်ရန်အတွက်အသုံးပြုပြီး ကြမ်းတမ်းသည့်တိုက်ခိုက်မှုမျိုးကို အသုံးပြု သည့်အရာမျိုးမဟုတ်ချေ။ သို့ပေမယ့် လုချင်းချင်း၏ အဝေးရောက် တိုက်ခိုက်ချက်သည် လင်းလီ အား အစစ်အမှန်ပင် ထိခိုက်နာကျင်စေခဲ့၏။ မကြာသေးခင်က စုရှောင်မို ကန်ခဲ့သည့် နေရာများမှ နာကျင်မှု ကလည်း ပိုမိုလာသည်။

ရွှီး…

ထိုအချိန်မှာတော့ လုချင်းချင်းသည် လူမ၏ လက်ကို ထပ်မံကာ မြှောက်လိုက်ပြီးသည့်နောက် မျက်နှာကို တည့်တည့်ပင် ပိတ်ရိုက်လိုက်၏။

လင်းလီ သည် အလွန်အမင်းဒေါသထွက်သွား၏။ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးသည် သူ့အား အစစ်အမှန် အရှက်ခွဲနေခြင်းပင် မဟုတ်ပါလား။ သို့ပေမဲ့ ဒေါသထွက်နေသည် ဆိုသော်လည်း သူသည် ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်ချေ။

ဘုန်း.. ဘုန်း… ဘုန်း….

စင်မြင့်ပေါ်တွင် ကျယ်လောင်လွန်းသော ရိုက်နှက်သည့်သံကြီးက အဆက်မပြတ် ထွက်ပေါ်လျက်ရှိ၏။

ပွဲကြည့် ပရိတ်သတ်များအားလုံးတို့သည် ထိုပြိုင်စံရှားဂိုဏ်း၏ အမျိုးသမီးတပည့်တစ်ယောက် လင်းလီ ၏ မျက်နှာကို ဘယ်ပြန်ညာပြန် ရိုက်နှက်လျက်ရှိသည်ကို ကြည့်ရင်း ကြက်သီးများပင် ထလာမိကြသည်။

ရိုက်နှက်မှု၏ အရှိန်အဟုန်သည် အားကောင်းလွန်းလှသောကြောင့် ဖြောင်း ဖြောင်း ဟူသည့် အသံမထွက်ဘဲ ဘုန်း ဘုန်း ဟူသည့် အသံပင် ထွက်လို့နေခဲ့၏။

ခဏလောက်ကြာပြီးသည့်နောက် လုချင်းချင်းသည် ရပ်တန့်လိုက်သည်။

ဝေါ့..

အကြိမ်ပေါင်းများစွာ ပါးပိတ်ရိုက်ခံရသော လင်းလီ သည် မည်သို့မျှ မခံစားနိုင်တော့ချေ။ သွေးများ ချက်ချင်းပဲ အန်ထုတ်လိုက်မိ၏။ သွေးအန်သည်ဆိုသည်မှာ ကိစ္စသေးသေးလေးသာဖြစ်၏။ အရေးကြီးသည့် ကိစ္စမှာ သူ၏ မရီဒန်နေရာတော်တော်များများသည် ပျက်စီးထိခိုက်သွားခဲ့ပြီဖြစ်ပြီး သူ၏အကာအကွယ်များ သည်လည်း လျော့ကျသွားခဲ့၏။ လက်ရှိအေးခဲနေသည့် အခြေအနေဆီမှ ဖောက်ထွင်းထွက်သွားရန် သူသည် အလွန်အမင်းခက်ခဲသွားခဲ့၏။

“စီနီယာအစ်မကြီးက တကယ့်ကို ကြမ်းတာပဲ” စုရှောင်မိုက တွေးလိုက်မိသည်။ သူ လင်းလီနှင့် တိုက်ခိုက်သည့်အချိန်၌ ရီရှင်းချန် ကို ကတိပေးထားသောကြောင့် အားအင်အဆင့်ကို လျော့ချပေးခဲ့၏။ ထို့ကြောင့် သူ၏တိုက်ခိုက်ကြောင့် ဖြစ်ပေါ်နိုင်သည့် ထိခိုက်မှုသည် တစ်ဖက်လူအတွက် ကြီးကြီးမားမား မဟုတ်ချေ။

လုချင်းချင်းမှာတော့ ခြားနားလို့ နေ၏။ လင်းလီ၏ မျက်နှာအား ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေထိ ရောက်အောင် တစ်ချက်ပြီး တစ်ချက် ပါးပိတ်ရိုက်ခဲ့သည်။ လင်းလီ မပြောနှင့် လက်ရှိ အခြေအနေတွင် ကျွင်းချောင်ရှောင်းသာဖြစ်သည်ဆိုပါကလည်း ၎င်း၏ မျက်နှာတစ်ခုလုံး ရစရာပင်ရှိလိမ့်မည် မဟုတ်ချေ။

သွေးအန်ရုံနှင့် ပြီးသွားပြီလား။ ဤအရာသည် အစသာ ရှိသေး၏။

ဘုန်း…ဘုန်း…ဘုန်း….

လုချင်းချင်းသည် တူညီသည့် တည်နေရာမှာတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူမ၏ လက်ဝါးများသည် လေထုထဲတွင် ယမ်းခါလျက်ရှိနေပြီး အေးစက်လှသည့် စွမ်းအင်လှိုင်းများသည် လင်းလီ၏ မျက်နှာကို ပက်ပက်စက်စက် ရိုက်နှက်နေပြန်၏။

ဤတိုက်ပွဲသည် ကြည့်၍ကောင်းသည့်တိုက်ပွဲမျိုးမဟုတ်တော့ချေ။ တစ်ယောက်သည် မတ်တပ်ရပ်ကာ အပြစ်ပေးခံနေရခြင်းနှင့်ဆင်တူပြီး အခြားတစ်ယောက် မှာတော့ ရူးရူးမူးမူး ရိုက်နှက်လျက်ရှိသည်။

……..

ကြည့်ရှုနေသူများတို့၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိ၏။ သူတို့သည် ဆက်လက်ကာ မကြည့်ရက်တော့သောကြောင့် ခေါင်းကိုပင် ဘေးတဖက်ဆီသို့လှည့်ထားရ၏။

ဝေါ့.. ဝေါ့…

ဖောင်း…ဖောင်း ….

လင်းလီ၏ ခေါင်းသည် ဘယ်ပြန်ညာပြန် လှုပ်ခါလျက်ရှိနေ၏။ သွေးများသည်လည်း အောက်သို့ကျဆင်း လာခဲ့ပြီး မြေပြင်တစ်ခုလုံး နီရဲလို့နေသည်။ လင်းလီ၏ မျက်နှာသည် မည်မျှဆိုးဝါးလိုက်သည့် အခြေအနေ တစ်ခုသို့ ရောက်ရှိခဲ့သနည်းဆိုသော် စကားလုံးနှင့် ဖော်ညွှန်းရန်ပင် ခက်ခဲလွန်းလှချေသည်။

ဤတည်နေရာတွင် လုချင်းချင်း၏ အားအင်အဆင့်ထိန်းချုပ်မှုကို ချီးကျူးသင့်သည်။ အစမှအဆုံးထိ သူမသည် စက်ရုပ်ကြီးတစ်ခုကဲ့သို့ပင် မတ်မတ်ရပ်ကာ တစ်ဖက်လူအား အဝေးမှ လှမ်းကာ ရိုက်နှက်နေခြင်းပင် ဖြစ်၏။

ဝဋ်လည်နေလေသည်လား။

မှန်ပေ၏။ လင်းလီသည် ယခင်တုန်းက လီထျန်းထျန်းအား ထိုကဲ့သို့ပင် ရိုက်နှက်ခဲ့၏။ တစ်ဖက်လူ ရှုံးနိမ့်နေသည်ကို သိရှိသော်လည်း အားလုံးသောလူများ၏ ရှေ့တွင် အရှက်ရအောင် အားအင်အဆင့်ကိုထိန်းချုပ်ကာဖြင့် တမင်တကာရိုက်နှက်ခဲ့သည့်အကျိုးသည် လက်ငင်းပြန်လည် ခံစားနေရပြီ ဖြစ်သည်။

……

ပွဲကြည့်ပရိတ်သတ်များသည် ကြောက်ရွံ့မှုများနှင့်အတူ ကျောရိုးမကြီးပင် စိမ့်တက်သွားမိ၏။ မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ မွေးစားသားသည် အမှန်ပင်မောက်မာပြီး အားကောင်းလွန်းလှ၏။ ဤကဲ့သို့ အမျိုးသမီးတစ်ယောက်၏ ပက်ပက်စက်စက်ရိုက်နှက်ခြင်းကို ခံနေရလိမ့်မည်ဟု သူတို့တစ်ခါမှ မထင်မှတ်ခဲ့ချေ။

“ဟင်း..” ဟယ်ဝူတီသည် ခေါင်းခါယမ်းလိုက်မိ၏။ သူ့အနေနှင့် ရှားရှားပါးပါး လေးနက်သည့် အခိုက်အတန့်မျိုး ဖြစ်တည်ခဲ့သော်လည်း အကြီးဆုံးအစ်မကြီးသည် သူ့အား အခွင့်အရေး မပေးခဲ့ချေ။ “ထားလိုက်တော့၊ ငါဒီတိုင်းဆိုရင် ဆက်ပြီး သိုသိုသိပ်သိပ်နေရမှာပဲ။

“ချီးထဲမှ” ရီရှင်းချန် သည် လက်သီးကို ဆုပ်လိုက်မိ၏။ အကြီးဆုံး စီနီယာအစ်မကြီးသည် သူမ၏ ဒေါသတရားများကို လင်းလီအား နှိပ်စက်ရင်း ဖြေဖျောက်နေသလို ဤတည်နေရာ တွင် သူသာဖြစ်လျှင် ပိုမိုကာ ကောင်းမွန်မည်ဟု တွေးတောနေမိ၏။

ဘုန်း..ဘုန်း..

စင်မြင့်ပေါ်မှာတော့ လုချင်းချင်းသည် လင်းလီအား အဆုံးစွန်သောအားအင်အဆင့်များဖြင့် နှိပ်စက် ရိုက်နှက်လျက် ရှိနေ၏။ ရက်စက်လှသည့် မြင်ကွင်းသည် ဖော်ညွှန်းကာဖြင့် ခက်ခဲလှချေ၏။ ဤကဲ့သို့သော အဖြစ်အပျက်ကြီးသည် တစ်နာရီခန့်နီးပါး ကြာမြင့်သည်။

အချိန်ကို သေသေချာချာကြည့်ရှု့ရမည်ဆိုလျှင် လင်းလီတစ်ယောက် လီထျန်းထျန်းအား ရိုက်နှက်ခဲ့သည့် အချိန်နှင့် ဆင်တူလွန်းလှ၏။ ကွာခြားချက်ဟူ၍ လုံးဝမရှိချေ။

ဟုတ်ပေ၏။ အချိန်သည် တူညီလှသည်ဆိုသော်လည်း အားအင်အဆင့်မှာတော့ ကွာခြားလို့နေသည်။ လုချင်းချင်း သည် သူမ၏လက်ကို ပြန်လည်သိမ်းလိုက်သည့်အချိန်မှာတော့ လင်းလီ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဘေးတစ်ဖက်ဆီသို့ ရုတ်တရက်ပြုတ်ကျသွားခဲ့၏။ မျက်နှာတစ်ခုလုံးသည် ရစရာပင်မရှိခဲ့ချေ။

“……”

ပွဲကြည့်သူများသည် ကြက်သီးများပင် ထသွားမိ၏။ ဤအမျိုးသမီးသည် ရက်စက်လွန်းလှသည်။

ဟူး..

ထိုအချိန်မှာတော့ ပတ်ဝန်းကျင်တွင် ဖြစ်တည်နေသည့် ရေခဲလွှာများသည် ချက်ချင်းအရည်ပျော်သွားခဲ့ပြီး သည့်နောက် လင်းလီ၏ ခန္ဓာကိုယ်ကို လွတ်မြောက်သွားစေခဲ့၏။ သူသည် နောက်ဘက်သို့ လန်ပြီး စင်မြင့်အောက်သို့ ပြုတ်ကျလေ၏။

“ကောင်းတယ်” ကုန်းရှန့်က ရယ်မောလိုက်၏။ လက်ရှိအခြေအနေမှာတော့ ဖြစ်ပေါ်လာနိုင်သည့် ရလဒ်သည် ရှင်းလင်းသွားခဲ့ပြီဖြစ်၏။ တစ်ဖက်လူ မြေပေါ်သို့ ကျဆင်းသွားသည်ဆိုသည်နှင့် အနိုင်ရရှိသူသည် …….

ကျွင်းချောင်ရှောင်းသည် တွေးလျက်ရှိနေတုန်းမှာပင် သူ၏ မျက်နှာပေါ်တွင်ရှိနေသည့် အပြုံးက ရုတ်တရက် အေးခဲသွား၏။ အဘယ့်ကြောင့်ဆိုသော် အကြီးဆုံးစီနီယာတပည့်ကြီးသည် စင်မြင့်ပေါ်မှ ခုန်ချသွားခဲ့သော ကြောင့်ပင်။

ဘုတ်.. ဘုတ်…

လုချင်းချင်း အရင်ဆုံး ကျဆင်းသွားခဲ့ပြီးနောက် လင်းလီက လိုက်ပါကျဆင်းလာသည်။

“ဟမ်” ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

“ဒါက..” ကုထျန်းရှင်းသည် ဆွံ့အသွားမိသည်။

ဒိုင်လူကြီးနှင့် ကျန်သည့်သူများအားလုံးတို့သည် ချက်ချင်း တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးပြီးသည့်နောက် ဖြစ်ပေါ်ခဲ့သည့်အရာအား သေသေချာချာပြန်လည် ဆန်းစစ်နေကြ၏။ မိနစ် အနည်းငယ်ကြာပြီးသည့်နောက်မှာ ဒိုင်လူကြီးသည် စင်မြင့်ပေါ်သို့တက်လာပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။ “လုချင်းချင်းက စင်မြင့်ပေါ်ကနေ အရင်ဆုံးကျတယ်။ ဒီတော့ စည်းမျဉ်းအရ အနိုင်ရရှိသူက လင်းလီပါ”

ဝေါ့..

ဤတစ်ကြိမ် သွေးအန်လျက်ရှိနေသူမှာတော့ ကျွင်းချောင်ရှောင်းပင် ဖြစ်လေတော့သည်။

All Chapters