အခန်း ၁၈၂၃
Vol. 122 Ch. 1823
အပိုင်း (၁၈၂၃)
ကျွင်းချောင်ရှောင်းသည် အားလုံးကို ခေါ်ဆောင်ကာဖြင့် ကောင်းကင်ဖြတ်သန်းခြင်းလောကဆီသို့ ပြန်လည် ရောက်ရှိလာ၏။ ပြီးနောက် နှစ်အနည်းငယ်ကြာတွင် ကျင်းပမည့် စကြဝဠာ တိုက်ပွဲကို စောင့်မျှော်နေ၏။
ပြိုင်စံရှား ဂိုဏ်းမှ တပည့်များသည် ပြိုင်ပွဲ၏ တည်နေရာနှစ်ဆယ်စာကို ရယူပိုင်ဆိုင်ခဲ့သည်ဆိုသော်သတင်းသည် စကြဝဠာကြီးတစ်ခုလုံးကို ပျံ့နှံ့ပြီး တစ်လောကလုံး၏ ပြောစရာ ဖြစ်လာခဲ့၏။ ယခင်ပြိုင်ပွဲတုန်းကဆိုလျှင် တူညီသည့် ဂိုဏ်းအသီးသီးမှ လူများသည် တက်ရောက်ခဲ့ကြဖူး၏။ သို့ပေမဲ့ ဤကဲ့သို့ များပြားလှသည့်လူများ အတူတကွ တက်ရောက်ခဲ့သည်မှာ မယုံကြည်နိုင်ဖွယ်ရာပင်။
“ဒီဂိုဏ်းကို ကျုပ်တို့ သေသေချာချာ ဂရုစိုက်ရမယ်”
“အင်း... ပေါ့သေးသေးတော့ သတ်မှတ်လို့မရဘူး။ သူတို့နဲ့ ပွဲမှာတွေ့ပြီဆိုရင် ကျိန်းသေပေါက် လေးလေးနက်နက် တိုက်ခိုက်ရမယ်”
တိမ်ပြာစကြဝဠာပတ်လမ်းတွင် ရှိနေသည့် ပြိုင်ပွဲ၏သတင်းသည် တခြားသော စကြဝဠာပတ်လမ်းများဆီသို့ ရောက်ရှိပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းနှင့်ပတ်သက်၍ အားလုံးက သတိအပြည့်နှင့် ဖြစ်နေကြသည်။
များပြား လှသော တပည့်များ ပြိုင်ပွဲကို ဝင်ရောက်ခွင့် ရရှိခဲ့သောကြောင့် မဟုတ်ပေ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားသည် တိမ်ပြာစကြဝဠာပတ်လမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတပည့်များ၏ ရိုက်နှက်မှုကို ဆိုးဆိုးရွားရွား ခံခဲ့ရခြင်းကြောင့်ပင်။ ရှုံးခြင်း၊ နိုင်ခြင်း ဆိုသည်မှာ သာမန်ပင်ဖြစ်၏။ သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားတစ်ယောက် ရှုံးနိမ့်မှု ဆိုသည်မှာတော့ သာမန်မဟုတ်တော့ချေ။
အားလုံးရရှိထားသည့် သတင်းအရဆိုလျှင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားများသည် ၎င်းတို့၏ သက်ဆိုင်ရာ စကြဝဠာပတ်လမ်းထဲတွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အားလုံးသော သူတို့သည် အနိုင် ရရှိခဲ့ကြ၏။ တိမ်ပြာစကြဝဠာပတ်လမ်းထဲတွင် ရှိနေသော လင်းလီတစ်ယောက်တည်းကသာလျှင် အနိုင်မယူနိုင်ခဲ့ ခြင်းပင်။
ထိုကဲ့သို့သော မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားကို တိုက်ခိုက်အနိုင်ယူနိုင်ခဲ့သည်ဆိုသောကြောင့် ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် အားကောင်းလှသည်ဖြစ်ကြောင်းကို လုံလုံလောက်လောက် သက်သေပြနေပြီ ဖြစ်သည်။ ဤဂိုဏ်းသည် အမှန်ပင် အန္တရာယ် များလှ၏။ ထို့ကြောင့် ရင်ဆိုင်ရသည်ဆိုပါက လေးလေးနက်နက်ဖြင့် အားကုန်ထုတ်ကာ တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။
အတိတ်တုန်းက ကျွင်းချောင်ရှောင်းသည် တပည့်များကို ခေါ်ဆောင်ပြီး သိုင်းပြိုင်ပွဲများသို့ ဝင်ရောက်သည့် အချိန်တွင် လှောင်ပြောင်ခြင်းကို ခံခဲ့ရ၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ပွဲပင် မစရသေးချေ။ အားလုံး၏ ကြောက်လန့်စရာ ပြိုင်ဘက်အဖြစ် ရပ်တည်နေခဲ့ပြီဖြစ်၏။
ဟုတ်ပေသည်။ ထိုကဲ့သို့သော အချက်အလက်များကြောင့် ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် အနာဂတ်တွင် ပိုမို လွယ်ကူလာသည့် အကြောင်းအရာများ ဖြစ်တည်လာလိမ့်မည်ဟု မထင်မှတ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် မိုးကောင်းကင်နတ်ဆိုးအင်ပါယာတွင် များပြားလှသော မွေးစားသားများရှိ၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ပြိုင်ပွဲသို့ ရောက်ရှိသည်နှင့်တပြိုင်နက် ပြိုင်စံရှားဂိုဏ်းသားများ အားလုံးကို ပစ်မှတ်ထားကာ တိုက်ခိုက်ကြ တော့မှာ သေချာသည်။
.................
ဘုန်း
ဆန်းကြယ်လွန်းလှသော နန်းတော်ကြီး အတွင်းထဲမှာတော့ လင်းလီသည် အနောက်ဘက်သို့ လွင့်စင်ပြီး နံရံနှင့် တိုက်ကာ ပြုတ်ကျလာခဲ့၏။
“မင်း ပြန်လာရဲသေးတယ် ဟုတ်လား” အေးစက်သည့်အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
“မွေးစားအဖေ”
လင်းလီသည် ခက်ခက်ခဲခဲဖြင့် ဦးခေါင်းကို မော့လိုက်၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ဖြူရော်လို့နေ၏။ “ကျေး... ကျေးဇူးပြုပြီးတော့ နောက်ထပ် အခွင့်အရေးတစ်ခု ပေးပါအုံး”
“မင်း နတ်ဆိုးတောင်ကြားထဲက အသက်ရှင်ရက်ထွက်လာနိုင်တယ်ဆိုမှ နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်” အေးစက်သည့်အသံသည် ထွက်ပေါ်လာခဲ့သည်။
နတ်ဆိုးတောင်ကြားဆိုသည့် စကားကို ကြားရသည့်အချိန်မှာတော့ လင်းလီ၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများ ပြည့်နှက်သွားခဲ့သည်။ သို့ပေမဲ့ သူသည် စိတ်ဆုံးဖြတ်ချက် ချလိုက်သလို လျင်လျင်မြန်မြန်ဖြင့် ပြန်ပြောလိုက်၏။ “ကျေး... ကျေးဇူးတင်ပါတယ် မွေးစားအဖေ”
“မင်းသွားလို့ရပြီ”
လင်းလီသည် မနည်းရုန်းကန်ထပြီးသည့်နောက် နန်းတော်အတွင်းမှ ထွက်လျှောက်သွားခဲ့သည်။
“ဒီလိုရှုံးနိမ့်ခဲ့တဲ့လူက မွေးစားအဖေရဲ့ တန်ဖိုးအထားရဆုံးသား ဟုတ်လား။ ဆိုးရွားလိုက်တာ”
၎င်း အပြင်ဘက်သို့ ထွက်လျှောက်လာသည်နှင့်တပြိုင်နက် နံရံတစ်ခု၏ထောင့်တွင် မတ်တပ်ရပ်လျက် ရှိနေသည့် လူငယ်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“.........”
လင်းလီသည် မည်သည့်စကားကိုမှ မဆိုချေ။ ရှေ့ဆီသို့သာ ခပ်စိုက်စိုက် လျှောက်သွားလိုက်၏။ ဤကဲ့သို့သော မောက်မာမှုမျိုးကို သူသည် မကြုံဖူးခဲ့ချေ။ သူကိုယ်တိုင်က မောက်မာခြင်းကိုသာ ပြုလုပ်ခဲ့သည်။
လက်ရှိအခြေအနေ မှာတော့ လုချင်းချင်း၏ နှိပ်စက်ရိုက်နှက်ခြင်း၊ ဟယ်ဝူတီ၏ တစ်ချက်တည်းသော လက်သီးချက်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းတို့ကြောင့် သူ၏ဂုဏ်သိက္ခာတရားသည် အလုံးစုံ ဖျက်ဆီးခံလိုက်ရပြီဖြစ်၏။ သူသည် အလွန်ပူပြင်း တောက်ပလှ သည့်နေရောင်အောက်တွင် ရရှိထားသည့် ဒဏ်ရာအား လျှာဖြင့်လျက်လျှက်ရှိသည့် ဝံပုလွေပေါက်လေးတစ်ကောင် ကဲ့သို့ပင် ခံစားနေမိ၏။
“ငါ မင်းကို ပြောမယ်”
နောက်ထပ် လူငယ်တစ်ယောက်သည် လှမ်းလျှောက်လာကာဖြင့် ရိသဲ့သဲ့ ပြောလိုက်သည်။ “ဒီကောင့်အနေနဲ့ ဘာတစ်ခုမှ ထပ်ပြီးလုပ်ဖို့ အရည်အချင်းရှိမှာ မဟုတ်တော့ဘူး။
“ငါတို့ထဲက ဘယ်သူကမဆို ဒီကောင်ထက်ပိုပြီး အားကောင်းတယ်ဆိုတာ အချက်အလက်တွေက သက်သေပြ နေတာပဲလေ” အနီးအနားရှိ ခြံစည်းရိုးနားတွင် ထိုင်လျက်ရှိနေသည့်လူက လှမ်းကာ ပြောလိုက်၏။
၎င်းတို့အားလုံးသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားများဖြစ်ကြောင်း သံသယရှိစရာ မလိုချေ။ အဓိကဟောခန်း၏ အပြင်ဘက်သို့ ရောက်ရှိလာပြီး လင်းလီကို လှောင်ပြောင်ရန် ပြင်ဆင်ခဲ့ကြခြင်းပင်။
တခြား နည်းလမ်းလည်း မရှိပေ။ မတူညီသည့် ပတ်ဝန်းကျင်တွင် ခက်ခဲလှသည့် အခြေအနေကို ရင်ဆိုင်ကာ အသက်ရှင်ကြခဲ့သည့် လူများဖြစ်သောကြောင့် ၎င်းတို့ထက်ပိုမိုကာ ဦးစားပေးသည့်လူကို ကြုံရသည့်အချိန် မှာတော့ မနာလိုကြီးစွာဖြင့် တိုက်ခိုက်ကြသည်မှာ သဘာဝပင် ဖြစ်ပေလိမ့်မည်။
တကယ်ဆိုလျှင် မွေးစားအဖေသည် ဤကဲ့သို့ အရည်အချင်း မရှိသည့်လူတစ်ယောက်ကို အဘယ့်ကြောင့် ပိုမိုကာ ချစ်မြတ်နိုးရသနည်း။ သူတို့အားလုံးသည်သာလျှင် အရည်အချင်းရှိသည့်သူများ ဖြစ်သောကြောင့် မွေးစားအဖေ၏ မေတ္တာကို လက်ခံရရှိသင့်သည် မဟုတ်ပါလား။
လင်းလီသည် အစစ်အမှန်တရားမှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ တန်ဖိုးထားရဆုံး မွေးစားသား တစ်ယောက်ဖြစ်ပြီး အကန့်အသတ်မဲ့လှသော အောင်မြင်မှုများကို ပိုင်ဆိုင်သည့်လူတစ်ယောက် ဖြစ်ခဲ့ဖူး၏။ သို့ပေမဲ့ ရှုံးနိမ့်ပြီးသည့်နောက် အရာအားလုံးသည် ပျောက်ကွယ်သွားခဲ့သည်။
.............
ဝါးတောလေးတစ်ခုအတွင်းရှိ ခြံဝန်းလေးအတွင်းမှာတော့ သွယ်လှလျသည့် ခန္ဓာကိုယ်နှင့် အမျိုးသမီး တစ်ယောက် သည် ဆေးပင်များကို ခူးဆွတ်လျက်ရှိ၏။
ကျွီ
ထိုအချိန်မှာပဲ လင်းလီသည် တံခါးကို တွန်းဖွင့်ကာဖြင့် ဝင်ရောက်လာခဲ့၏။ သူ့အနေနှင့် သူ့ကိုယ်သူ မထိန်းသိမ်း နိုင်တော့ဘဲ မြေပေါ်သို့ လဲကျသွားခဲ့သည်။
လုချင်းချင်း၏ နှစ်ကြိမ်တိုင်တိုင် ရိုက်နှက်မှု၊ သူ့မွေးစားအဖေ၏ ရိုက်နှက်မှုများကို ခံရပြီးသည့်နောက် ဒဏ်ရာများသည် အလွန်ပင် ပြင်းထန်လွန်း၏။ သူ့အနေနှင့် အပြင်ဘက် ခြံဝန်းဆီမှ အတွင်းဘက်ခြံဝန်းဆီသို့ လှမ်းလျှောက်သွားရန်ပင် မတတ်နိုင်တော့ချေ။
“လင်းလီ”
သွယ်လျလှသောအမျိုးသမီးသည် သူမ၏လက်ထဲတွင် ရှိနေသောခြင်းအား အောက်သို့အသာချကာဖြင့် စိုးရိမ်ကြီးစွာဖြင့် လှမ်းလျှောက်လာခဲ့သည်။ “ဘာဖြစ်လာတာလဲ”
“ကျုပ်... ကျုပ်အဆင်ပြေပါတယ်” လင်းလီသည် မနည်းဖျစ်ညှစ်ပြုံးလိုက်၏။ ပြီးနောက် သတိလစ်မေ့မျောသွားခဲ့၏။
..........
“ဘယ်သူ့မှ ငါ့အစားအစာကို မယူရဘူး”
မဲမှောင်ပြီး ကြမ်းတမ်းလွန်းလှသည့် ပတ်ဝန်းကျင်ထဲတွင် သစ်သားတုတ် တစ်ချောင်းကို လက်မှကိုင်ပြီး တခြားလက်တစ်ဖက်၌ ရှိနေသည့် အစားအစာတစ်ခုကို ကာကွယ်နေသော ကလေးငယ်တစ်ယောက်သည် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်း၏ သတ်ဖြတ်လိုခြင်းဆန္ဒများသည် ပြည့်နှက်လျက် ရှိသည်။
လှိုဏ်ဂူ၏ အပြင်ဘက်တွင်တော့ များပြားလွန်းလျက်ရှိနေသည့် စုတ်တီးစုတ်ပြတ်နှင့် ကလေးပေါင်း ဒါဇင်ကျော် တို့ တည်ရှိလျက်ရှိနေကြ၏။
“တက်ကြစမ်း” ၎င်းတို့ထဲမှ တစ်ယောက်သည် အော်ဟစ်လိုက်သည်။
အားလုံးသည် အကြောက်အလန့်ကင်းစွာဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်ကြသည်။ ဤကလေးများသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ကလေးဘဝကို ဖြတ်သန်းရမည့် လူများဖြစ်သော်လည်း အသက်ရှင်နိုင်ရန်အတွက် တိုက်ခိုက်လျက် ရှိနေကြ၏။
ဘုတ် ဘုတ်
တစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက် သစ်သားတုတ်ကို ကိုင်ထားသည့် ကလေးသည် အသာလှမ်းလျှောက် ထွက်လာ၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး၌ ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်လျက် ရှိနေသည်ဆိုသော်လည်း လက်ထဲတွင် ရှိနေသည့် အစားအစာကိုတော့ ခပ်တင်းတင်း ဆုပ်ကိုင်ထားသေးသည်။
“မဆိုးဘူးပဲ”
ထိုအချိန်မှာတော့ သူ၏ ရှေ့တွင် ကြီးမားလွန်းလှသော အရိပ်ကြီးဖြစ်တည်လာ၏။ “မင်းက ငါ့ရဲ့ မွေးစားသား ဖြစ်ဖို့အတွက် အရည်အချင်းရှိတယ်။ ကျင်းအာ... သူ့ကိုခေါ်ပြီး ဆေးကုပေးလိုက်”
“ကောင်းပါပြီ သခင်ကြီး”
အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်ခန့်ရှိသော မိန်းကလေးတစ်ယောက်သည် ကလေးကို အသာချီပွေ့ကာဖြင့် ဝါးတောထဲရှိ အိမ်ကလေးသို့ ခေါ်ဆောင်ကာ ကုသမှုကိုပေးသည်။ “ငါက မူကျင်း လို့ ခေါ်တယ်။ မင်းကကော”
“အင်း... သခင်ကြီးက မင်းကို နာမည်မပေးရသေးဘူးနဲ့တူတယ်”
“..........”
ကုသမှု ခံယူနေစဉ်အတွင်း ကလေးငယ်သည် တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေ၏။ မူကျင်းသည် သူ့အား အဆက်မပြတ် စကားပြောဆိုလျက် ရှိသည်ဆိုလျှင်တောင်မှ သူသည် တစ်လုံးတစ်ပါဒမှ မဟခဲ့ချေ။
“ဂုဏ်ယူပါတယ်။ မင်းကို သခင်ကြီးက နာမည်တစ်ခုပေးလိုက်ပြီ။ ဒီနေ့ကစပြီး မင်းကို လင်းလီလို့ ခေါ်မယ်။ လီ ဆိုတာ အရမ်းအားကောင်းတဲ့ အဓိပ္ပာယ်ပဲ”
“...........”
လင်းလီသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေတုန်းပင်။ ဒဏ်ရာများ ပြန်လည်ကောင်းမွန်ပြီးနောက် သူသည် ဝါးတောအိမ်လေးထဲမှ ပြန်လည်ကာ ထွက်ခွာပြီး ကြမ်းတမ်းလွန်းလှသည့် သိုင်းကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့ရ၏။ နောက်ပိုင်း ဒဏ်ရာများ ထပ်ကာထပ်ကာ ရရှိပြီး ဤတည်နေရာသို့ ထပ်ကာ ထပ်ကာ ရောက်ရှိလာခဲ့သည်။
“မင်း... ဒဏ်ရာ ရလာပြန်ပြီလား”
“အင်း... ဒီတကြိမ်ကတော့ နည်းနည်း ပြင်းတဲ့ပုံပဲ။ လအနည်းငယ်လောက် ပြန်ပြီးကုသဖို့ လိုလိမ့်မယ်နဲ့တူတယ်”
“ဟေး... အခု ပြန်မကောင်းသေးဘူးလေ။ ဘယ်လိုဖြစ်ပြီး အိပ်ယာပေါ်က ထထိုင်နေတာလဲ”
အတိတ်က မှတ်ဉာဏ်များသည် သူ၏ နှလုံးသားထဲတွင် ဖြစ်တည်လျက် ရှိနေတော့၏။ လင်းလီသည် လက်ရှိ အခြေအနေကို ပြန်လည်ကာ သတိဝင်ပြီးသည့်နောက် သူ၏ဒဏ်ရာများအား ပတ်တီးစည်းပေးလျက် ရှိနေသည့် အမျိုးသမီးကို ကြည့်လိုက်၏။
“တခြားသူတွေဆီကနေ ငါကြားခဲ့ပြီပြီ”
မူကျင်းသည် ဆေးလိမ်းပေးနေရင်းမှ အသာပြောလိုက်၏။ “မင်း.. တိမ်ပြာ စကြာဝဠာပတ်လမ်းရဲ့ ပြိုင်ပွဲကို ဝင်ပြီး ယှဉ်ပြိုင်ခဲ့တယ်။ ဒါပေမဲ့ ဗိုလ်မဆွဲခဲ့ဘူးဆို”
“ဟုတ်တယ်” လင်းလီက ပြောလိုက်သည်။
“မင်း ဒီတစ်ကြိမ် ရှုံးနိုင်တယ်ဆိုပေမဲ့ နောက်တစ်ကြိမ် ပြန်လာနိုင်မှာပဲလေ”
မူကျင်းသည် ပြုံးကာ နှစ်သိမ့် လိုက်၏။ “ဒီလောက်ကြီး ဂရုစိုက်နေစရာ မလိုပါဘူး။”
“ဒါပေမဲ့ မွေးစားအဖေရဲ့ မျက်လုံးထဲမှာတော့ ကျုပ်က နိုင်ခြင်း ဆိုတာပဲ ရှိတယ်။ ရှုံးခြင်းဆိုတာ မရှိဘူး”
လင်းလီက ပြောလိုက်သည်။ “တခြားသူတွေထဲမှာ ကျုပ်က ဂုဏ်သိက္ခာ အကုန်လုံး ကျဆင်းတဲ့လူတစ်ယောက် ဖြစ်ခဲ့ပြီ”
“မင်းက သခင်ကြီး တန်ဖိုးအထားရဆုံး မွေးစားသားတစ်ယောက်ပဲလေ။ သူတို့အားလုံးက မင်းဒီလို ဖြစ်တာကို မျှော်လင့်နေကြတာ သဘာဝပါပဲ” ဆေးလိမ်းပြီးသည့်နောက် မူကျင်းသည် ဆေးပစ္စည်းများကို အသာသိမ်းဆည်း ကာ ပြောလိုက်၏။ “မင်းရဲ့ ခန္ဓာကိုယ်က အားကောင်းနေပါပြီ။ ခဏလောက် နားပြီးရင် ပြန်ကောင်းသွားလိမ့်မယ်”
“ဘယ်လောက်ကြာမှာလဲ”
“လဝက်လောက်ပေါ့”
“နတ်ဆိုးတောင်ကြားထဲကို သွားဖို့ရှိသေးတယ်”
ဆေးပုလင်းအဖုံးကို ပိတ်လျက်ရှိနေသည့် မူကျင်း၏လက်သည် ရုတ်တရက် တန့်သွား၏။ သူမသည် အသာ လှမ်းကြည့်ကာဖြင့် အံ့အားတသင့် မေးလိုက်သည်။ “မင်း နတ်ဆိုးတောင်ကြားထဲကို သွားမလို့လား”
“အင်း” လင်းလီက ခေါင်းညိတ်လိုက်၏။
“မင်းရူးနေပြီလား” မူကျင်းက လှမ်းကာ အော်ဟစ်လိုက်သည်။
“ဒါက မွေးစားအဖေရဲ့ အမိန့်ပဲလေ”
လင်းလီက ပြောလိုက်သည်။ “ကျုပ် ဗိုလ်မစွဲခဲ့ဘူး။ ဒီတော့ နတ်ဆိုး တောင်ကြားထဲကို သွားပြီးတော့ အသက်ရှင်အောင် ကြိုးစားရမယ်။ ဒါမှ ကျုပ်ရဲ့အရည်အချင်းကို ထပ်ပြီး ပြသဖို့ အခွင့်အရေး ရမှာ”
“မဟုတ်ဘူး”
မူကျင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ပြောလိုက်၏။ “ငါ သွားပြီးတော့ သခင်ကြီးကို တောင်းပန်မယ်”
လင်းလီသည် သူမလက်ကို လှမ်းဆွဲကာဖြင့် ပြောလိုက်သည်။ “မွေးစားအဖေရဲ့ ဒေါသကို မသိဘူးလား”
“...........”
မူကျင်းသည် တည်နေရာတွင် မတ်တပ်ရပ်ကာ အော်ဟစ်ငိုယိုလျက်ရှိ၏။ “မင်းအဲကိုသွားရင် သေသွားမှာပေါ့”
သူမ၏ ငိုသံကို ကြားသည့်အချိန်မှာတော့ လင်းလီ၏ နှလုံးသားများသည် နာကျင်နေသည်။
“ကျုပ်ကိုယုံ၊ ကျုပ် အသက်ရှင်ရက် ပြန်ခဲ့မယ်”
.............
ညရောက်သည့်အချိန်မှာတော့ လင်းလီသည် ဝါးတောထဲရှိ အိမ်ကလေးဆီမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့၏။ ရိုးရှင်းလှသည့်ကုသမှုမျိုးကို ခံယူပြီးသည့်နောက် သူ၏ဒဏ်ရာများသည် ပြန်လည်ကာ ကောင်းမွန်သွားခဲ့၏။ ထို့ကြောင့် နတ်ဆိုးတောင်ကြားထဲသို့ ဖြစ်နိုင်သမျှ အမြန်ဆုံးသွားပြီး မွေးစားအဖေ၏ ခွင့်လွှတ်မှုကို သူလိုချင်မိ၏။
မူကျင်းသည် သူ့အား မတားဆီးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် အိမ်လေးထဲတွင် မရှိသောကြောင့်ပင်။ လက်ရှိအခြေအနေမှာတော့ သူမသည် သခင်ကြီး၏ စာကြည့်ခန်းအပြင်ဘက်တွင် ဒူးထောက်လျက်ရှိ၏။ လင်းလီ အား နတ်ဆိုးတောင်ကြားထဲသို့ မသွားခိုင်းရန် တောင်းပန်နေခြင်းပင်။
“ကျင်းအာ... မင်း လင်းလီကို ကြိုက်နေတာလား”
“သခင်ကြီး... ကျွန်မ”
“သူ နတ်ဆိုးတောင်ကြားထဲကနေ အသက်ရှင်လျက် ပြန်လာမယ်ဆိုရင် ငါကိုယ်တိုင် မင်းတို့နှစ်ယောက်ကို လက်ထပ်ပေးမယ်”
မူကျင်းသည် အံ့အားသင့်သွားမိ၏။ သို့ပေမဲ့ သူမသည် အလောတကြီးဖြင့် ပြောလိုက်၏။ “ကျွန်မ လင်းလီနဲ့ လက်ထပ်ချင်တာ မဟုတ်ဘူး။ နတ်ဆိုးတောင်ကြားဆီ သူ့ကို မသွားစေချင်တာပါ။ တကယ်လို့ ကျွန်မရဲ့အသက်နဲ့ လဲလှယ်လို့ ရမယ်ဆိုရင်တောင်မှ လဲလှယ်ပေးပါ့မယ်”
“မင်း သူ့အတွက် လိုလိုချင်ချင်နဲ့ သေချင်တာလား”
“သူ့အတွက်ဆို သေရမယ်ဆိုလည်း ကိစ္စမရှိပါဘူး။”