← Chapters

နောက်ဆုံးတိုက်ပွဲ

Vol. 41 Ch. 626

နောက်ဆုံးတိုက်ပွဲ

Vol. 41 Ch. 626

ရိုဒရီဂူးဇ်၏ပုံရိပ် ဖျပ်ခနဲ ပျောက်ကွယ်သွားပြီးနောက် နေရာပြောင်း ပညာရပ်ကို အသုံးပြုလိုက်ပြန်သည်။ နေရာလွတ်အက်ကြောင်းများက သူ့နောက်သို့ အလျင်အမြန် လိုက်သွားကြသည်။ သူတို့က ရိုဒရီဂူးဇ်အား လွတ်မြောက်ရန် အခွင့်အရေး မပေးဘဲ ဆက်လက် ဝိုင်းရံနေကြသည်။

သို့သော်လည်း ယခုတစ်ခေါက် ရိုဒရီဂူးဇ် နေရာပြောင်းခြင်းမှာ ထွက်ပြေးရန်အတွက် မဟုတ်ခဲ့ပေ။ သူက အဖြူရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အနီးအနားရှိ ဒိုဒိုထံသို့ ပျံသန်းသွားလေ၏။

ထိုအချိန်၌ ဆရာသခင်ဒိုဒိုက လျို့ဝှက်ဆန်းကြယ်သော အခြေအနေနီးပါး တစ်ခုသို့ ရောက်ရှိနေခဲ့သည်။ အတိအကျပြောရလျှင် သူက စားချင်သမျှ အကုန်စားနေရသော အခြေအနေတစ်ခုသို့ ရောက်နေခြင်း ဖြစ်သည်။ အလင်းဒြပ်စင် ဇစ်မြစ်အပိုင်းအစ၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ချွဲကျိကောင်က ချေဖျက်လုနီးပါး ဖြစ်နေလေပြီ။ ပေါက်ကွဲမှုကြောင့် ပျောက်ကွယ်သွားသော်လည်း အများစုမှာ ဒိုဒို၏ ရှားပါးသော အသည်းအသန် စားသောက်မှုအောက်တွင် ဝါးမျိုခံလိုက်ရခြင်းပင်။

ထင်ထားသည့်အတိုင်းပင် ဒိုဒိုက ရိုဒရီဂူးဇ် အသွင်ပြောင်းထားသော အဖြူရောင်အလင်းကိုလည်း ဝါးမျိုလိုက်သည်။ အဖြူရောင်အလင်း အများကြီး မကျန်တော့သည့်အချိန်၌ ချွဲကျိကောင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူ၏ မျက်လုံးများက တဖြည်းဖြည်းနှင့် ရွှေရောင်‌ငွေရောင် ပြောင်းလဲလာသည်။

“လွယ်လွန်းတယ်။” ရိုဒရီဂူးဇ်၏ရယ်သံက ဒိုဒိုထံမှ ထွက်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ် တုန်လှုပ်သွားပြီး အလင်းသစ်ရွက်များကလည်း ဘယ်မျက်လုံးထဲသို့ တဖြည်းဖြည်း စုပ်ယူခံလိုက်ရသည်။ ၎င်း၏ခန္ဓာကိုယ်က ခဏကြာ တွန့်လိမ်ပြီးနောက် လူသားအသွင်သို့ ပြောင်းလဲသွားသည်။ “ဒီခန္ဓာကိုယ်ရဲ့ စိတ်စွမ်းအားက စက္ကူလိုမျိုးပဲ အားနည်းတယ်။ အလွယ်လေးနဲ့ သိမ်းပိုက်နိုင်ခဲ့တာပဲ။”

“စွမ်းအားလည်း နည်းတာပါပဲ။” အသူရာ၏အသံက ကောင်းကင်မှ ပေါ်ထွက်လာ၏။ ရိုဒရီဂူးဇ်၏ရယ်သံ ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူ၏ အရှေ့တွင် လက်သီးတစ်လုံး ပေါ်ထွက်လာကာ ခန္ဓာကိုယ် တစ်ခုလုံးလည်း ပေါက်ကွဲထွက် သွားတော့သည်။

အပိုင်းပိုင်း ဖြစ်သွားသော ခန္ဓာကိုယ်က နောက်ဆုံးတွင် ပြန်လည် စုစည်းသွားသည်။ နောက်ထပ် လက်သီးတစ်ချက် ပစ်ဝင်လာကာ ပေါက်ကွဲထွက်သွားပြီး သံသရာ လည်နေတော့သည်....

“ချီးထုပ်...” မိမိဝိညာဉ်အား အမြန်ဆုံး မဝါးမျိုခံရရန်အတွက် ရိုဒရီဂူးဇ်က ဝိညာဉ်ကို ဖိနှိပ်ပြီး ခန္ဓာကိုယ်ကို ဝင်စီးရန် နည်းလမ်းကို အသုံးပြုခဲ့သည်။ အလွန်ဆုံး သူက ခန္ဓာကိုယ်၏ စွမ်းအားကိုသာ အသုံးပြုနိုင်သည်။ အမြဲပင် ပျင်းရိနေခဲ့သော ချွဲကျိကောင်က နတ်ဆိုးဘုရင်အဆင့်တွင်သာ ရှိနေခဲ့သည်။ သူက အစွမ်းသတ္တိ အပြည့်အဝ ထုတ်သည့်တိုင် နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းသို့သာ ရောက်ဦးမည်ဖြစ်ကာ မဟာနတ်ဆိုးဘုရင်အဆင့်နှင့် ဝေးကွာနေသေးသည်။

[ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ၏ အနက်ရောင်ချပ်ကာကို ဝတ်ဆင်ထားသော အသူရာ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အနည်းဆုံး နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဖြစ်သည်။ ရိုဒရီဂူးဇ်က လုံးဝ ပြန်မတိုက်ခိုက် နိုင်ပေ။

ရိုဒရီဂူးဇ်က မသေနိုင်သော ခန္ဓာကိုယ်ကို ပြန်ရှင်သန်ရန် အသည်းအသန် အသုံးချပြီး ချပ်ကာကို ဝတ်ဆင်လိုက်သည်။ သို့သော်လည်း စွမ်းအားခြားနားမှုကြောင့် သူ အသုံးပြုနိုင်သော [ ဖျက်ဆီးခြင်းတိုင်းပြည် ] သည် အသူရာအပေါ်၌ လုံးဝ သက်ရောက်မှု ရှိမနေပေ။ ထို့ကြောင့် လုံးဝ နှိပ်စက်ခံနေရသော အခြေအနေကို မပြောင်းလဲနိုင်ပေ။

“မသေနိုင်သောခန္ဓာကိုယ်”မှာ အဆုံးမဲ့ မဟုတ်ပေ။ စွမ်းအားကုန်ဆုံးသွားသည်နှင့် ပြန်လည် မရှင်သန်နိုင်တော့ဘဲ သေဆုံးသွားမည် ဖြစ်သည်။ ခန္ဓာကိုယ်သည်ပင် သုတ်သင် ခံလိုက်ရပေမည်။ ယခုအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ရိုဒရီဂူးဇ်က ယခင်အတိုင်း ဆက်ဖြစ်နေလိမ့်မည် ဖြစ်ပေသည်။

“တကယ်တော့ မင်းက သူ့ရဲ့ဝိညာဉ်နဲ့ ပေါင်းစည်းဖို့ ကြိုးစားမယ်ဆိုရင် တိုက်ခိုက်ရေး စွမ်းအား ကြီးကြီးမားမား တိုးတက်လာနိုင်တယ်။ ကံကောင်းရင် ထွက်ပြေးနိုင်ဦးမယ်....” အသူရာ ထူးထူးဆန်းဆန်း ရယ်လိုက်ပြီး ခန္ဓာကိုယ်ကို ပြန်လည်စုစည်းရန် ကြိုးစားနေသော ချွဲကျိကောင်ကို ကြည့်နေလေသည်။

ရိုဒရီဂူးဇ်က အေးစက်စက်နှင့် သရော်ပြုံးပြုံးသည်။ “ဒီခန္ဓာကိုယ်နဲ့ မင်းနဲ့ကြားမှာရှိတဲ့ စာချုပ်က ညီတူမျှတူ စာချုပ် မဟုတ်တာ ငါ ခံစားမိတယ်။ မင်း ဘယ်လိုတွေ ကြံစည်းနေလဲ ငါ မသိပေမဲ့ အလှည့်စားခံမှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ အသိစိတ်ကို ငါ ဖယ်ရှားချင်တယ်။ အဲဒါကြောင့် လျို့ဝှက်နည်းလမ်းနဲ့ ဒီဝိညာဉ်ကို ဖယ်ရှားပြီးတော့ စာချုပ်အပိုင်းကို စွန့်ပယ်၊ ပြီးရင် ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်မယ်။ ငါ့ရဲ့စွမ်းအားလည်း တစ်ဆင့်ချင်း တိုးလာမယ်။ ပြောရမယ်ဆိုရင် ဒီခန္ဓာကိုယ်က နဂါး မဟုတ်ပေမဲ့ မသေနိုင်တာနဲ့ ဝါးမျိုခြင်းက အတော်လေးကောင်းမွန်တဲ့ ပါရမီတွေပဲ။”

“မင်းပြောတဲ့ နည်းလမ်းတွေက ကောင်းသားပဲ။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ အချိန်ရမယ် ထင်လား။” အသူရာ၏ သွေးရောင်မျက်လုံးထဲ၌ သတ်ဖြတ်ချင်သော အငွေ့အသက်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ “ငါ နောက်ထပ် သုံးလေးခေါက် တိုက်ခိုက်တာနဲ့ မင်းက လုံးဝ သုတ်သင်ခံရမှာပဲ။ မင်း အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ဒီဝိညာဉ်နဲ့ ပေါင်းစပ်ပြီးတော့ ငါ့ရဲ့ ယုံကြည်သူနဲ့ အစေခံ ဖြစ်လာဖို့ပဲ။ တကယ့် ဖျက်ဆီးခြင်းနဂါး ဖြစ်လာဖို့အတွက် ငါမင်းကို အစွမ်းအထက်ဆုံး ဖျက်ဆီးခြင်းစွမ်းအားကို ပေးမယ်။”

ရိုဒရီဂူးဇ်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူက တမင်တကာပင် စမ်းသပ်ချက် သုံးခု ချထားခဲ့ပြီး အကောင်းဆုံးခန္ဓာကိုယ်ကို ဝင်စီးကာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရန် နှစ်ပေါင်း မ‌ရေမတွက်နိုင်အောင် စောင့်ဆိုင်းနေခဲ့သည်။

သူ၏ အစီအစဉ်များ သဲထဲရေသွန် ဖြစ်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ အမှန်တကယ် ရောက်လာသောသူမှာ ကြောက်မက်ဖွယ်ရာကောင်းသော ဝိပါက်တစ်ယောက် ဖြစ်နေ၏။ လက်ရှိအခြေအနေအရတော့ ဒီလိုနိမ့်ကျတဲ့ ချွဲကျိကောင်ထဲမှာ ငါ့ဝိညာဉ် ဝင်နေရတယ်။ နတ်ဆိုးအရှင်သခင်အဆင့် ပုရွက်ဆိတ်ကောင်က ငါ့လို နတ်ဘုရား-ယောင် အဆင့် ပုဂ္ဂိုလ်ကို တကယ်ကြီး အညံ့ခံစေချင်တာလား။

ရှက်စရာ၊ တကယ့်ကို အရှက်ရစရာပဲ။

“အိပ်မက်မက်မနေနဲ့။ မသိနားမလည်တဲ့ ပုရွက်ဆိတ်။ အားလုံးက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ မထင်နေနဲ့။” ရိုဒရီဂူးဇ်၏ မျက်လုံးနှစ်လုံးစလုံး တစ်ပြိုင်နက်တည်း တလက်လက် အရောင်တောက်လာကြကာ လေထဲသို့ မြောက်တက်သွားကြသည်။ ၎င်းတို့က တိုင်းပြည် တစ်ခုလုံးကို နေနှင့်လသဖွယ် ထွန်းလင်းသွားစေသည်။ အသူရာ၏ ထူးဆန်းသော စွမ်းအားဖြင့်ပင် ထိုအလင်းရောင်အောက်၌ တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

“နေ”နှင့် “လ” တဖြည်းဖြည်း ပေါင်းစပ်သွားသောအခါ အသူရာ ထိန်းချုပ်ထားသော နေရာလွတ်အက်ကြောင်းများက အလိုအလျောက် ပြန်ပိတ်သွားသည်။ နေရာလွတ်ထထဲ၌ မရေမတွက်နိုင်သော ထွင်းစာများလည်း ပေါ်ထွက်လာသည်။ အသူရာ၏ခန္ဓာကိုယ်က တဖြည်းဖြည်း အေးခဲသွားပြီး မလှုပ်ရှားနိုင်တော့ပေ။ အသူရာသာမက အမှောင်ဒြပ်စင်ဘုရင်နှင့် ရိုဒရီဂူးဇ်၏ခန္ဓာကိုယ် (ဒိုဒို၏ ခန္ဓာကိုယ်)တို့ပင် ထွင်းစာအောက်၌ စတင် အေးခဲလာလေသည်။

ဖျက်ဆီးခြင်းမျှော်စင်က တောက်ပသော အလင်းရောင်နှစ်ခု လင်းလက်လာသည်။ ၎င်း ထွန်းလင်းသွားသောနေရာတိုင်း အငြိုးဝိညာဉ်၊ နာဂါနှင့် ဒြပ်စင်ကောင်အားလုံးက အသက် မရှိတော့သော ဖယောင်းရုပ်များသဖွယ် အေးခဲသွားကြသည်။ အမုန်းတရားနယ်မြေတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

“စိတ်မကောင်းစရာပဲ။” အခြေအနေကို ပြောင်းလဲခဲ့သော ရိုဒရီဂူးဇ်က နောင်တရသော အကြည့်မျိုး ပြသလိုက်သည်။ “အမှောင်ဒြပ်စင်ဇစ်မြစ်စွမ်းအားကို နောက်ထပ် နားလည် သဘောပေါက်အောင် လုပ်ဖို့အတွက် နောက်ကျသွားပြီ။ ဒီလှောင်အိမ်ရဲ့စွမ်းအားလည်း စွမ်းအား ကြီးကြီးမားမား လျော့နေတယ်။ မင်းကို လုံးဝ သုတ်သင်နိုင်မှာ မဟုတ်ဘူး။ ငါ့ရဲ့ နောက်ဆုံး ဝိညာဉ်စွမ်းအားကို သုံးပြီး ဒါကို အသက်သွင်းလိုက်တာဆိုတော့ ဒီခန္ဓာကိုယ်မှာပဲ ပြန်မွေးဖွားလာလို့ ရတော့မယ်။”

အသူရာ ကြောက်မနေဘဲ အသာလေး မေးလိုက်သည်။ “ဒီစွမ်းအားမျိုးနဲ့ ငါ့ကို တစ်သက်လုံး အကျဉ်းချထားနိုင်မယ်လို့ ထင်တာလား။”

“ဒီလှောင်အိမ်က အနည်းဆုံး နှစ်၁၀၀၀၀အထိ ခံနိုင်တယ်။ ဒါက ဒီခန္ဓာကိုယ်ကို လုံးဝထိန်းချုပ်နိုင်ဖို့အတွက် လုံလောက်တယ်။ အရေးအကြီးဆုံးက ငါနိုးလာတာနဲ့ စွမ်းအား အများစု ပြန်ရလာမှာပဲ။ မင်းကတော့....” ရိုဒရီဂူးဇ်က သရော်ပြုံးပြုံးလိုက်သည်။ “မင်းက လူသား တစ်ယောက်ပဲ။ မင်းမှာ [ ကျက်သရေအလင်းခန္ဓာ ] ရှိပြီးတော့ နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအား ရှိရင်တောင် မင်းရဲ့သက်တမ်းက နှစ်တစ်ထောင်လောက်ပဲ ရှိမယ်။ အဲဒီအချိန်ကျရင် မင်းရဲ့အလောင်းကို ကဖျက်ယဖျက် လုပ်ပြီးတော့ပဲ ဒေါသပြေအောင်လုပ်ရမှာ စိတ်မကောင်းစရာပဲ။”

“နှစ်၁၀၀၀၀လား။” အသူရာက သရော်ပြုံး ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့။ ငါ့အသက်က အနည်းဆုံး နှစ်တစ်သိန်းကျော်တဲ့အထိ နေနိုင်တယ်။ သိပ်မကြာခင် ငါတို့ ပြန်တွေ့ရမှာပါ။ ငါ သတိပေးလိုက်မယ်။ မင်းအိပ်ပျော်သွားပြီးတော့ နှစ်၁၀၀လောက်မှာ နိုးလာရင် သိပ်ပြီးတော့ မအံ့သြသွားနဲ့။ အဲဒီအချိန် ငါက မင်း မော့ကြည့်လို့ပဲရတဲ့ အမြင့်ကို ရောက်နေလောက်ပြီ။ ဒီနေ့လိုမျိုး မင်းရဲ့ အလျှော့မပေးတဲ့ လုပ်ဆောင်ချက်တွေအရတော့ အဲဒီအချိန် ငါမင်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးမှာပါ။”

ရိုဒရီဂူးဇ်က စကား မပြောပေ။ ရွှေငွေမျက်လုံးများကို ဆုံးရှုံးသွားပြီးနောက် သူ၏မျက်လုံးများကို ပိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကလည်း ကြက်သွန်နီအသွင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားကာ အိပ်မောကျသွားတော့သည်။

အသူရာကလည်း ထူးထူးဆန်းဆန်း ပြုံးလိုက်ပြီး တဖြည်းဖြည်း မျက်လုံးမှိတ်လိုက်သည်။ သူက အိပ်မပျော်သွားဘဲ အသိစိတ် နေရာလွတ်ထဲသို့ ဝင်ရောက်သွားခြင်း ဖြစ်သည်။

စူပါစနစ်ထဲ၌ ဖြစ်သည်။

လှပသော [ ကြယ်စင်စုပိုင်နက် ] ထဲ၌ ချန်လွေ့က လေထဲ၌ လွင့်မျောနေသည်။

အသူရာ ရောက်လာသောအခါ ချန်လွေ့က ပိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်သည်..

“မင်း ရောက်လာပြီပဲ။”

“ငါ ရောက်လာပြီ။” အသူရာ၏ သွေးဆာနေသော မျက်လုံးကို ကျဉ်းသွား၏။ “မင်း နောက်ထပ်ပြောမှာက မင်းဒီမှာ ရှိမနေသင့်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါက ဒီမှာရောက်နေတယ် မဟုတ်လား လို့လား။ မင်းရဲ့ မှတ်ဉာဏ်တွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ မြင်ကွင်းတွေ ရှိတယ်။”

ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ “ဟုတ်လား။ အဲဒီလောကမှာ မှတ်မိဖို့ ထိုက်တန်ဖို့ အရာနဲ့လူတွေ အများကြီး ရှိတာပဲ။”

“အချိန်ကို ကောင်းကောင်း အသုံးချပြီးတော့ ဒီမှာရှိတဲ့ အရာအားလုံးကို မှတ်ထား။” အသူရာက လက်ညှိုးထောင်လိုက်သည်။ “ဒါက မင်းရဲ့ နောက်ဆုံး အခိုက်အတန့်ပဲ။ မင်းက ခန္ဓာကိုယ် ထိန်းချုပ်မှုကို တမင်လက်လျှော့ပြီးတော့ ငါ့စွမ်းအားတွေ ကုန်ဆုံးအောင် သိဒ္ဓိနဂါးနဲ့ တိုက်ခိုက်ခိုင်းခဲ့တယ်။ ကံဆိုးချင်တော့ မင်းရဲ့အစီအစဉ်က အလုပ်မဖြစ်ခဲ့ဘူး။ ငါက ဘာမှ ထိခိုက်မှု မရခဲ့ဘူး။ အခု မင်းကို လုံးဝ အဆုံးသတ်ဖို့ အချိန်ရောက်ပြီ။ ဒါက မင်းရဲ့ နောက်ဆုံး တိုက်ပွဲပဲ။”

ချန်လွေ့က ခေါင်းညိတ်သည်။ “ဟုတ်တယ်။ ဒါကို တကယ် အဆုံးသတ်သင့်ပြီ။”

“မင်းက အတော်လေးကို တည်ငြိမ်နေတဲ့ပုံပဲ။ မင်း တကယ်ပဲ သေဖို့ ပြင်ဆင်ပြီးပြီလား။” အသူရာ မျက်မှောင်ကြုတ်လိုက်သည်။ “ဒါက ငါထင်ထားသလို ကြောက်လန့်ပြီးတော့ မခံမရပ်နိုင် ဖြစ်နေတာမျိုး မဟုတ်နေဘူး။ မင်းမှာ ဝှက်ဖဲတွေ ရှိနေသေးလို့လား။ မင်းက အစကတည်းက ငါ့ထက် နိမ့်ကျတယ်။ အခု မင်းက [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို မသုံးနိုင်တော့ဘူး။ မင်းမှာ အနိုင်ရဖို့ အခွင့်အရေး လုံးဝ မရှိဘူး။”

“[ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] က စူပါစနစ် တစ်ခုလုံးလို အသုံးချဖို့ပစ္စည်း တစ်ခုပဲ။ တကယ့်အကြီးမားဆုံး အားထားစရာက ဒါမဟုတ်ဘူး။ မူလစိတ်ပဲ။” ချန်လွေ့ ခေါင်းခါသည်။ “ဒီအချိန်အတောအတွင်း ငါ အများကြီး စဉ်းစားခဲ့တယ်။ မင်းက အတွင်းနတ်ဆိုး မဟုတ်ဘူး။ တစ်နည်း ပြောရမယ်ဆိုရင် [ စိတ်သန့်စင်ခြင်း ] ပြီးသွားတာနဲ့ မင်းက အတွင်းနတ်ဆိုး မဟုတ်တော့ဘူး။ နောက်ထပ် ငါတစ်ယောက်ပဲ။ မင်းရဲ့စွမ်းအားက ငါ့ရဲ့စိတ်ကနေ လာတယ်။ အဲဒါကြောင့် ငါ့ရဲ့စိတ် ရှိနေသရွေ့ မင်း ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ မင်းကို တိုက်ခိုက်ရတာက ငါ့ရဲ့စိတ်ကို တိုက်ခိုက်နေသလိုပဲ။ ငါ့အတွက် မင်းက ခြိမ်းခြောက်မှုလည်း ဟုတ်တယ်။ ငါ့ကိုယ်ငါ တကယ် ရှာ‌တွေ့နိုင်မယ့်၊ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် ထိန်းချုပ်နိုင်မယ့်၊ အဆင့်တက်နိုင်မယ့် အခွင့်အရေးလည်း ဟုတ်တယ်။”

“မင်း တစ်ခုခုကို သဘောပေါက်သွားတဲ့ပုံပဲ။ ကံဆိုးချင်တော့ ဒါက မင်းကို ငါ အစားထိုးမယ် ဆိုတဲ့အချက်ကို မပြောင်းလဲနိုင်ဘူး။” အသူရာ၏ သွေးရောင်မျက်လုံးမှ သတ်ဖြတ်ချင်စိတ် အရှိန်အဝါ ပြင်းထန်သွားပြန်သည်။ “ငါက မင်းဆိုတာ သဘော‌‌ပေါက်ပြီ ဆိုတော့ ဒီပတ်ဝန်းကျင်က မင်းအတွက် အိမ်ကွင်း မဟုတ်တော့ဘူး။ အခု သေပေတော့။”

ချန်လွေ့ ချက်ချင်းပင် တယ်လီပို့ခုန်ပြီး အဝေးတစ်နေရာ၌ ပေါ်ထွက်လာသည်။ ထို့နောက် ဖျက်ဆီးခြင့် စွမ်းအားများရှိသော [ အရုဏ်ဦးပစ်ချက် ] များကို ပစ်လွှတ်သည်။ အသူရာက လက်ကို ဓားပုံစံ ပြောင်းလိုက်ပြီး အလွယ်တကူပင် ပိုင်းဖြတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ရှိ ဖျက်ဆီးခြင်းစွမ်းအားက မိုးထိအောင် ထိုးတက်သွားသည်။ “စူပါစနစ်ရဲ့ အစွမ်းတွေက ငါ့အပေါ်မှာ အသုံးမဝင်ဘူး။ ပြီးတော့ မင်းရဲ့ လက်ရှိအခြေအနေက အားနည်းလွန်းတယ်။ တကယ့် ဖျက်ဆီးခြင်းစွမ်းအားကို ကြည့်လိုက်။”

သူ့ဘေးမှာ ဥက္ကာခဲတစ်ခုက ရုတ်တရက် လောင်ကျွမ်းကာ နေကဲ့သို့ တောက်ပသွား၏။ ထို့နောက် ကြယ်များက အပြင်းအထန် ပေါက်ကွဲထွက်သွားကြသည်။ ပြင်းထန်သော ပေါက်ကွဲမှုက [ ကြယ်စင်စုပိုင်နက် ] တစ်ခုလုံးကိုပင် ထွန်းလင်းလုနီးပါး ဖြစ်သွားခဲ့သည်။ လူသားများရှိသော ထိုဂြိုလ်များက စူပါနိုဗာ၏ ကျက်သရေရှိသော အလင်းရောင်ကို မျက်မြင်ကိုယ်တွေ့ ဖြစ်နိုင်ကြလေသည်။

ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော အသွင်အပြင်အောက်တွင် ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းက ဗဟိုချက်အနေဖြင့် ရှိနေလေသည်။ ပစ္စည်းများအားလုံးက အရှိန်မြန်စွာဖြင့် လွင့်ထွက်သွားကြသည်။ အလွန်အမင်း စွမ်းအားကြီးလွန်းလှသော အပူရှိန်နှင့် စွမ်းအားက ချန်လွေ့ကို လွင့်ထွက်သွားစေသည်။ စူပါစနစ်ထဲ၌သာ မဟုတ်လျှင် ထိုတိုက်ခိုက်မှု တစ်ခုတည်းက ချန်လွေ့က ချက်ချင်းပင် အမှုန့်ဖြစ်သွားစေနိုင်သည်။

“စူပါစနစ်က မင်းရဲ့လက်ထဲမှာဆိုရင် ဖုန်တက်နေသော ကျောက်မျက်တစ်ခုလိုပဲ။ ကံကောင်းချင်တော့ ငါက သိပ်မကြာခင်မှာ တကယ့်ပိုင်ရှင် ဖြစ်လာတော့မယ်။” အသူရာ၏ ပုံရိပ်က သရဲကဲ့သို့ပင် ချန်လွေ့နောက်၌ ပေါ်ထွက်လာသည်။ ချန်လွေ့က နောက်ဆုံး အစွမ်းသတ္တိကို ထုတ်လွှတ်လိုက်ဟန်တူသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက အေးစက်သော အရှိန်အဝါများ ထုတ်လွှတ်နေသည်။ အနီးအနားရှိ ကြယ်မှုန်များနှင့် ဥက္ကာခဲများလုံးက အလျင်အမြန်ပင် အေးခဲသွားကြသည်။ “လေးရာသီ ပိုင်နက်လား။ မင်း နောက်ဆုံးတော့ ဒါကို သုံးနိုင်ပြီလား။” အသူရာ၏ ကောက်ကျစ်သော ရယ်သံက ချန်လွေ့နားထဲ၌ ပေါ်ထွက်လာ၏။ “ကံဆိုးချင်တော့ ဒီလို [ ဆောင်းပိုင်နက် ] မျိုးက ငါ့ရဲ့ ဖျက်ဆီးခြင်းပိုင်နက်ကနေ ပြောင်းလဲလာကာ မင်းမေ့နေတဲ့ပုံပဲ။ ဖျက်ဆီးခြင်း အရင်းအမြစ် အရှေ့မှာ ဒါက တကယ် အသုံးဝင်နိုင်မှာလား။”

ချန်လွေ့ တုန်လှုပ်သွားခဲ့သည်။ အသူရာ၏ လက်များက ပွေ့ဖက်သ‌သော အမူအရာတစ်ခု ပြုလုပ်လိုက်သောအခါ နေရာလွတ်ထဲ၌ အလွန်ကြီးမားသော ဖောက်ထွင်းမြင်ရသည့် ဆုံလည်ဘီးတစ်ခု ပေါ်ထွက်လာကာ တွင်းနက်ကဲ့သို့ ဝဲကတော့တစ်ခု ဖြစ်လာသည်။

“ဟဲရာဘီးပဲ။”

ချန်လွေ့ အော်ပြောလိုက်သည်။ ထွက်ပြေးရန် နောက်ကျသွားလေပြီ။ သူ၏ ခန္ဓာကိုယ်က အားကောင်းသော ဝါးမျိုစွမ်းအားကြောင့် စုတ်ပြတ်သွားကုန်ပြီး တဖြည်းဖြည်းနှင့် ဘာမျှ မရှိတော့ပေ။ သူ၏ပုံရိပ်က အသူရာနှင့်ထပ်သွားပြီး ခဏအကြာ နှစ်ယောက်လုံး အတူတူ ပေါင်းစည်းသွား၏။

[ ကြယ်စင်စုပိုင်နက် ] တစ်ခုလုံးကလည်း အသူရာ၏ ဟက်ဟက်ပက်ပက် ရယ်သံနှင့် ပြည့်နေတော့သည်။

All Chapters