← Chapters

အဆင့်တက်ခြင်းနှင့် အသစ်ပြန်စခြင်း

Vol. 41 Ch. 627

အဆင့်တက်ခြင်းနှင့် အသစ်ပြန်စခြင်း

Vol. 41 Ch. 627

“နောက်ဆုံးတော့ ပြီးဆုံးသွားပြီ။” ဟဲရာဘီးပေါ်ရှိ အလွန်ကြီးမားသော ပုံရိပ်က တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသည်။ ချန်လွေ့ကို ဝါးမျိုခြင်း အောင်မြင်သွားခဲ့သော အသူရာက သေချာပေါက် အောင်နိုင်သူ ဖြစ်နေပြီဖြစ်သည်။ သူက ဝင့်ဝါလျက် ရယ်လိုက်သည်။ “နောက်ဆုံး အောင်နိုင်သူက ငါပဲဆိုတာကို အရင်ကတည်းက ပြောခဲ့သားပဲ။”

ထိုသို့ပြောပြီးသည်နှင့် သူ့ပတ်ပတ်လည်မှ အပူအချိန်က တဟုန်ထိုး ကျဆင်းလာ၏။ အေးစက်စက် အငွေ့အသက်တစ်ခု ပေါ်ထွက်လာပြီး နေရာကျယ်ကြီးတစ်ခုလုံး အေးခဲသွားပြန်သည်။

“[ ဆောင်းပိုင်နက် ] ပဲလား။ လေးရာသီပိုင်နက်ထဲက တစ်ခုတည်းသော တိုက်စစ် ပိုင်နက်ကလည်း ဖျက်ဆီးခြင်း စွမ်းအားကနေ ဆင်းသက်လာတာ။” အသူရာက အထင်သေးလျက် ပြုံးလိုက်သည်။ “မင်းရဲ့စွမ်းအားနဲ့စိတ် ဘယ်လောက်ပဲ သန်မာပါစေ၊ ပင်လယ်လိုကျယ်ပြောတဲ့ ဖျက်ဆီးခြင်းဇစ်မြစ်အရှေ့မှာဆိုရင် မပြောပြလောက်တဲ့ မြစ်တွေ၊ ချောင်းတွ သာသာပါပဲ။”

အသူရာက စွမ်းအားကို ပြန်လည် လှည့်ပတ်စေလိုက်သောအခါ [ ဆောင်းပိုင်နက် ] က တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သို့သော်လည်း [ ဆောင်းပိုင်နက် ] ပြန်ပေါ်လာသည်နှင့် အသူရာ၏ခန္ဓာကိုယ်က တောင့်တင်းသွားပြန်သည်။

အသူရာက အေးစက်စက်နှင့် သရော်ပြုံးပြုံးလိုက်သည်။ “မင်းက လက်မလျှော့ သေးဘူးလား။ ငါ မင်းကို ပြောပြီးပြီ။ အသုံးမဝင်ပါဘူးလို့။ မင်းဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ အဖြေကတော့ အတူတူပဲ။”

ထိုအတိုင်း အကြိမ်များစွာ ဖြစ်ပွားခဲ့သည်။ [ဆောင်းပိုင်နက်] က အကြိမ်တိုင်း အားကောင်းလာဟန်တူသည်။ အသူရာ၏ သွေးရောင်မျက်လုံးများကလည်း အေးစက်သော အလင်းရောင်တစ်ခုနှင့် ပြည့်လျှံနေသည်။ “သေတဲ့အထိ တိုက်ခိုက်ပြီးတော့ အသက်ပြန်ရှင် ချင်တာလား။ စိတ်မကောင်းစရာပဲ။ မင်းဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ အသုံးဝင်မှာ မဟုတ်ဘူး။ ငါက ရှုံးနှင့်နေပြီ။”

အသူရာ၏ပုံရိပ် ဖျပ်ခနဲ ပျောက်သွားပြီး ခုနက ‘စူပါနိုဗာ’ ပေါက်ကွဲသွားသော နက်ဗျူလာထံ ရောက်ရှိလာသည်။

အတိအကျပြောရလျှင် ၎င်းမှာ “နေအတု”၏ ပေါက်ကွဲမှု တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း တကယ့် စူပါနိုဗာပေါက်ကွဲမှုနှင့် သိပ်ပြီး မကွာခြားလှပေ။ ပြန့်ကျဲနေသော အငွေ့များနှင့် အမှုန်များက တလက်လက်ဖြစ်နေသော နက်ဗျူလာတစ်ခုကို ဖွဲ့စည်းလိုက်ပြီး ဂြိုလ်၏အပေါ်ယံရှိ အရာများက ပေါက်ကွဲမှုကြောင့် လွင့်စင်ကုန်ကာ အတွင်းထဲရှိ အလွန်သိပ်သည်းသော ဗဟိုချက်သာ ကျန်ရှိတော့သည်။

နက်ဗျူလာ တစ်ခုလုံးက ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး အသူရာ၏ လုပ်ရပ်ကြောင့် ထူးဆန်းသော ဝဲကတော့များ ဖြစ်ပေါ်လာကာ သူ့ကို ဝိုင်းရံလိုက်သည်။

“မင်းက သေတဲ့အထိ တိုက်ခိုက်ချင်မှတော့ ငါ မင်းရဲ့ [ ဆောင်းပိုင်နက် ] ကို လက်ခံပြီးတော့ မင်းရဲ့ လက်ကျန်စိတ်စွမ်းအားကို လုံးဝ လက်လျှော့အောင် လုပ်ပေးမယ်။” အသူရာ၏ သွေးရောင်မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးက ဗဟာနိတ္ထိအဖြစ် ကွယ်ပျောက်သွား၏။ [ ဆောင်းပိုင်နက် ] စွမ်းအားကလည်း ရုတ်တရက် သုံးလေးဆ တိုးတက်သွားပြီး အနီးအနားရှိ နက်ဗျူလာပင် အေးခဲလာသည်။ နက်ဗျူလာ အလယ်ဗဟို၌ ထူးဆန်းသော ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာ၏။ တွန့်ရှုံ့နေသော နေရာလွတ်က ပေါက်ကွဲမှုမှ အလင်းရောင်အားလုံးကို စုပ်ယူလိုက်သည်။ အလင်းရောင်သာမက အနီးအနားရှိ အမျိုးမျိုးသော ပစ္စည်းများအားလုံးသည်လည်း ဝါးမျိုခြင်း ခံလိုက်ရသည်။

ဖျက်ဆီးခြင်း စွမ်းအားကြောင့် “စူပါနိုဗာအတု” ပေါက်ကွဲခြင်းက အမှန်တကယ်ပင် တွင်းနက်ကဲ့သို့သော နက္ခတ္တဗေဒအရာတစ်ခုကို ဖြစ်စေနိုင်ခဲ့လေသည်။ ၎င်းမှာ [ ကြယ်ဝါးမျိုခြင်း ] အစွမ်းမဟုတ်ဘဲ တကယ့် တွင်းနက် ဖြစ်ပေသည်။ နောက်ထပ်ဂြိုလ်တစ်ခုနှင့် ညီမျှသော သိပ်သည်းလှသည့် နက္ခတ္တဗေဒအရာတစ်ခုပင်။

အသူရာက တွင်းနက်ထဲသို့ ခုန်ဝင်သွားလိုက်ပြီး ဝါးမျိုခြင်း၏ ဗဟိုချက် ဖြစ်လာသည်။ [ ဆောင်းပိုင်နက် ] က တွင်းနက်နှင့် ပေါင်းစပ်သွားပြီး နောက်ဆုံး၌ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထင်ထားသည့်အတိုင်းပင် ယခင်ကဲ့သို့ ထပ်တလဲလဲ “တိုက်ခိုက်မှု” မရှိတော့ပေ။

“ဖျက်ဆီးခြင်းက အရာအားလုံးရဲ့အထက်မှာရှိတဲ့ စွမ်းအားပဲ။” အသူရာက ယုံကြည်ချက် အပြင်းအထန် ပြသနေသည်။ “မင်းရဲ့ အစွမ်းအထက်ဆုံး အချိန်မှာ ရှိနေရင်တောင် ငါ့ပြိုင်ဘက် မဟုတ်ဘူး။ ပြီးတော့လည်း အခုက မင်းရဲ့ အသိစိတ် အပိုင်းအစပဲ ကျန်တော့တာ။ မင်း မပျောက်ကွယ်သွားချင်သေးဘူးလား။”

“ဖျက်ဆီးခြင်းဆိုတာက စကြဝဠာထဲမှာ မူလအဖြစ်ဆုံး ဥပဒေသဆိုတာ အမှန်ပဲ။ ငါ ဒါကို ရှင်းရှင်းလင်းလင်း ခံစားရတယ်။” ထပ်နေသော ချန်လွေ့နှင့် အသူရာတို့၏အရိပ်များ ပေါ်ထွက်လာသည်။ သူ၏အသံက အလွန်ပင် အားနည်းနေဟန်တူသော်လည်း မျက်လုံးများက ထူးဆန်းသော အလင်းရောင်တစ်ခုဖြင့် လက်ခနဲ ဖြစ်နေသည်။ “သိဒ္ဓိနဂါးရဲ့ တိုင်းပြည်လိုမျိုးပဲ၊ ဘယ်မသေမျိုးမဆို နောက်ဆုံးမှာ ဆွေးမြေ့သွားမှာပဲ။ စကြဝဠာထဲမှာရှိတဲ့ သက်ရှိ၊ ကြယ်၊ ဒြပ် ဘယ်အရာရာမဆို ဖျက်ဆီးခြင်းကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်ကြဘူး။ ဒီအမှန်တရားကို အစောကြီးကတည်းက ငါ သဘောပေါက်ခဲ့ပေမဲ့ [ ဆောင်းပိုင်နက် ] ကို မင်း လက်မခံခင် အချိန်အထိ အမှန်တကယ် သဘောမပေါက်ခဲ့ဘူး။”

“မင်း တကယ် သဘောပေါက်သွားတော့ကော ဘာဖြစ်လဲ။ ဒီအမှန်တရားရဲ့ အနှိုင်းမဲ့စွမ်းအားကို လက်ခံပြီး ပျောက်ကွယ်သွားလိုက်တော့။” အသူရာ၏ သွေးရောင် မျက်လုံးများက ဖျက်ဆီးခြင်း ရောင်ခြည်များဖြင့် အရောင်တောက်နေကာ ချန်လွေ့၏ ဖျော့တော့နေသော ပုံရိပ်ကို လွှမ်းမိုးသွားတော့သည်။

ချန်လွေ့၏ပုံရိပ် ဖြည်းဖြည်းချင်း ပျောက်ကွယ်လာသော်လည်း သူ၏မျက်လုံးထဲရှိ အလင်းရောင်က ပိုမိုတောက်ပလာသည်။ “ဒါဆို ဖျက်ဆီးခြင်းပြီးရင် ဘာလာလဲ။”

ထိုစကားပြောပြီးနောက် ချန်လွေ့က ဖျက်ဆီးခြင်းစွမ်းအားကြောင့် လုံးဝ ဝါးမျိုခံလိုက်ရသည်။ အသူရာ ရုတ်တရက် တုန်ခါသွား၏။ သူက အမှန်တကယ်ပင် အနည်းငယ် တုန်လှုပ်သွားလေသည်။

စူပါနိုဗာ ပေါက်ကွဲသွားပြီးနောက် အလွန်ကြီးမားသော ပြတ်ရွေ့မှုများ ဖြစ်ပေါ်လာသည်။ မူလက မှိန်နေသော အလင်းရောင်လည်း ပြန်လည် တောက်ပလာသည်။ အသူရာ၏ ခန္ဓာကိုယ်လည်း အရောင်လက်လာကာ ရုပ်ဝတ္ထုနှင့် ဗလာနတ္ထိအကြား ခဏခဏ ပြောင်းလဲ နေသည်။ သူ ထိတ်လန့်နေ၏။

“မဖြစ်နိုင်ဘူး။ သူက လုံးဝ ပျောက်ကွယ်သွားတာ သေချာတယ်။” အသူရာ အော်ပြောလိုက်သည်။ မူလက ဝါးမျိုခံလိုက်ရသော [ ဆောင်းပိုင်နက် ] လည်း ဖော်ပြ၍မရသော ပြင်းထန်မှုနှင့်အတူ စတင်ပြန့်နှံ့လာသည်။ [ ကြယ်စင်စုပိုင်နက် ] အနီးအနားရှိ အရာအားလုံးက အေးခဲသွား၏။ တွင်းနက်၏ ဝါးမျိုခြင်းစွမ်းအားသည်ပင် မယုံနိုင်စရာ ကောင်းလောက်အောင် ရပ်တန့်သွားလေသည်။

အေးခဲပြီးနောက် အနက်ရောင်မီးတောက်တစ်ခုက အသူရာ၏ခန္ဓာကိုယ်ပေါ်၌ ပေါ်ထွက်လာကာ နောက်ထပ် အငွေ့အသက်အသစ်တစ်ခု စတင်ပြန့်နှံ့လာသည်။ ထိုအငွေ့အသက်က အသက်ဓာတ်နှင့် မျှော်လင့်ချက် ပြည့်နှက်နေသည်။ အသူရာ၏မျက်နှာက ရှားပါးသော နာကျင်မှု ပြသလိုက်ပြီး ခေါင်းကို ကိုင်ထားလိုက်သည်။ “ဒါက နိဗ္ဗာန်စွမ်းအားလား။ မဟုတ်ဘူး။ ဘယ်လိုစွမ်းအားကြီးလဲ။ ဧကန္တ.....”

“ဖျက်ဆီးခြင်းပြီးရင် ဖန်တီးခြင်း လာတယ်။ သေခြင်းရှင်ခြင်း သံသရာ လည်နေရမယ်။ ဒါက စကြဝဠာရဲ့ အမှန်တရားပဲ။” ချန်လွေ့၏အသံက အသူရာ၏စိတ်ထဲ၌ ထွက်ပေါ်လာသည်။ “အသူရာ။ မင်းပြောတာ မှန်တယ်။ ငါက တကယ်ပဲ သေတဲ့အထိ တိုက်ခိုက်ပြီးတော့ ပြန်ရှင်ဖို့ လုပ်နေတာ။ ဒါပေမဲ့....”

“မင်းရဲ့ တကယ်ပဲ ငါ့ရဲ့ ဖျက်ဆီးခြင်းကို အသုံးချပြီးတော့ ‌ဖန်တီးခြင်းကို နားလည်အောင် လုပ်ခဲ့တာလား။” နောက်ဆုံး၌ အသူရာ သဘောပေါက်သွားသည်။ ထိုအချိန်၌ [ ဆောင်းပိုင်နက် ] က စွမ်းအားပြည့်နေလေပြီ။ ၎င်းကို [ ဆောင်းပိုင်နက် ] ဟု မခေါ်နိုင်တော့ဘဲ [ နွေဦးပိုင်နက် ] ဖြစ်နေပြီ ဖြစ်သည်။

အသူရာ အော်ဟစ်လိုက်ပြီး ခေါင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ သူ၏ ဘေးနားတွင်လည်း ဟဲရာဘီး ပေါ်ထွက်လာသည်။ တံလျှပ်၏ ပုံရိပ်ယောင်စွမ်းအား၊ သေရွာပြန်ဘုရင်၏ မသေမျိုးစွမ်းအားနှင့် အခြားစွမ်းအားများ လက်ခနဲ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။ သို့သော်လည်း ၎င်းတို့က သူ၏ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို မရပ်တန့်နိုင်သေးပေ။ သူ၏မျက်လုံးထဲမှ သွေးနီရောင်လည်း ဖျော့တော့သထက် ဖျော့တော့ကာ အလင်းရောင်များ အဆက်မပြတ် ပြောင်းလဲနေတော့သည်။

“ဒါက ဖန်တီးခြင်း စွမ်းအားလား။” အနက်ရောင်မီးတောက်ထဲ၌ အသူရာ၏ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်။ “ဒါက ဒီလောက် စိတ်ဝိညာဉ်စွမ်းအားအဆင့် ရှိနေတာပဲ။ မဟုတ်ဘူး။ ငါ့ရဲ့ခန္ဓာကိုယ်။ ငါ့ရဲ့စိတ်...”

“မင်းကိုယ်မင်း ဖျက်ဆီးခြင်းဇစ်မြစ်လို့ ခေါ်ပေမဲ့ မင်းမှာရှိတဲ့ ဖျက်ဆီးခြင်း ဥပဒေသက တကယ့် စကြဝဠာအတွက် ပမွှားလေးပဲ။ ငါနားလည်ထားတဲ့ ဖန်တီးခြင်း ဥပဒေသလည်း အတူတူပဲ။ ရှေ့ဆက်ဖို့ အဝေးကြီး ရှိသေးတယ်။”ချန်လွေ့၏ တည်ငြိမ်သော လေသံက ပို၍ပင် ပြတ်သားနေ၏။ “ငါ့တစ်ဘဝလုံး သေခြင်းရှင်းခြင်းရဲ့ တကယ့်လမ်းကြောင်းကို နားလည်ချင်မှ နားလည်မယ်။ ဒါပေမဲ့ ရှေ့ဆက်သွားနေဦးမှာပဲ။ ဒါက ငါ့အတွက်ချည်းပဲ မဟုတ်ဘူး။ ငါ မြတ်နိုးရတဲ့ အရာတိုင်းအတွက်လည်း ဟုတ်တယ်။”

အသူရာ၏ ခြေထောက်အောက်ရှိ တွင်းနက်က ရုတ်တရက် အားကောင်းသော အလင်းရောင်တစ်ခု ထွက်လာသည်။ ၎င်းက အရာအားလုံးကို မဝါးမျိုတော့ဘဲ ရေပန်း တစ်ခုကဲ့သိုပင် အမျိုးမျိုးသော အရာများကို ပန်းထုတ်တော့သည်။

စူပါစနစ်၏ ယုံကြည်မှုမျှော်စင်ကလည်း ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသည်။ ယခင်က ပျောက်ကွယ်သွားခဲ့သော ယုံကြည်မှုစွမ်းအား အများအပြားက အလျင်အမြန် ပြန်ရောက်လာသည်။ ယုံကြည်မှုသလင်းကျောက် အရေအတွက်များလည်း တဟုန်ထိုး တိုးတက်လာခဲ့သည်။

အသူရာ၏ သနားစရာအသံများက နားမလည်နိုင်သည်အထိ ဖြစ်လာသည်။ အနက်ရောင် မီးတောက် ပေါက်ကွဲထွက်သွားပြီးနောက် သူ့တစ်ကိုယ်လုံး ပြာဖြစ်ကုန်ကာ ထိုမျက်လုံးများသာ ကျန်တော့သည်။ အနီရောင်မျက်လုံးများက ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်သွား၏။ တစ်လုံးက နောက်ခံအဖြူရောင်နှင့် သူငယ်အိမ် အနက်ရောင်ဖြစ်ပြီး နောက်တစ်ခုလုံးက နောက်ခံနက်ရောင်ဖြစ်နေကာ သူငယ်အိမ် အဖြူရောင် ဖြစ်နေသည်။

“ပြီးဆုံးသွားပြီ။ ဒါမှမဟုတ် အသစ်ပြန်စတယ်လို့ ပြောရမလား...” ချန်လွေ့၏အသံက မီးတောက်ထဲ၌ ပေါ်ထွက်လာသည်။ ထူးဆန်းသော မျက်လုံးများ တဖြည်းဖြည်း ပိတ်သွားပြီး အိပ်ပျော်သွားဟန်တူသည်။

သိဒ္ဓိနဂါး ရိုဒရီဂူးဇ် တိုင်းပြည်၏ စည်ပင်မှုနှင့် ဖျက်ဆီးခြင်းကို ကြုံတွေ့ခဲ့ရပြီးနောက် သူ၏ စိတ်ထဲ၌ နားလည်သဘောပေါက်မှုက ပိုမိုရှင်းလင်းလာခဲ့သည်။ အသူရာအား ထိန်းချုပ်မှု ပေးလိုက်ရခြင်းမှာ အသက်ရှင်ခြင်းကို သဘောပေါက်ရန်အတွက် သေဆုံးရန် ဆုံးဖြတ်ထားခြင်း ဖြစ်လေသည်။ သူက အသူရာထံမှ ဖျက်ဆီးခြင်းဥပဒေသကို နားလည်ရန်အတွက် [ ဆောင်းပိုင်နက် ] ကို အသုံးပြုခဲ့သည်။ ထို့နောက် သူက ဆန်းကျင်ဘက်ဖြစ်သော “ဖန်တီးခြင်း”၏ လျို့ဝှက်ဆန်းကြယ်မှုကို သဘောပေါက်သွားလေသည်။

အရေးပေါ် အခြေအနေ၌ မဟုတ်လျှင်၊ သေသည်အထိတိုက်ခိုက်ပြီး ပြန်ရှင်ရန် စိတ်မဆုံးဖြတ်ထားခဲ့လျှင်၊ စူပါစနစ်၏ စကြဝဠာ အလေးနှင့် ညီမျှသော [ ကြယ်စင်စုပိုင်နက် ] ကြောင့်သာ မဟုတ်လျှင်၊ ချန်လွေ့အတွက် မူလအကျဆုံး စကြဝဠာဥပဒေတစ်ခု၏ လျို့ဝှက်ဆန်းကြယ်မှုကို အချိန်တိုအတွင်း ထိတွေ့ရန် မဖြစ်နိုင်ပေ....

....၎င်းမှာ အသူရာကို အဆုံးသတ်ရန် အရေးအကြီးဆုံး တိုက်ပွဲသာမက တစ်ဆို့မှုကို ဖောက်ထွက်ပြီး အဆင့်တက်ရန် အခွင့်အ‌ရေးလည်း ဖြစ်ပေသည်။

မီးတောက်နက်များကို ဗဟိုပြုပြီး [ ကြယ်စင်စုပိုင်နက် ] တစ်ခုလုံးသို့ အလွန်ကြီးမားသည့် အသက်ဓာတ်စွမ်းအင် ပြန့်နှံ့သွားသည်။ သက်ရှိများနေထိုင်ကြသော ဂြိုလ်အနည်းငယ်အပြင် အခြား အသက်မဲ့သော ဂြိုလ်များတွင်လည်း ရေအရင်းအမြစ်နှင့် အပင်စိမ်းများ ပေါ်ထွက်လာသည်။ [ ကြယ်စင်စုပိုင်နက် ] တစ်ခုလုံးက မသိမသာ ပြောင်းလဲမှုအချို့ ဖြစ်ပွားလျက် ရှိနေလေသည်။

တစ်ချိန်တည်းမှာပင် အစွန်အဖျားရှိ ဥက္ကာခဲများနှင့် ကြယ်စုများကလည်း တဖြည်းဖြည်းနှင့် ဂြိုလ်အသစ်များအဖြစ် စတင် ဆင့်ကဲပြောင်းလဲလာသည်။ [ ကြယ်စင်စု ပိုင်နက် ] လည်း ပိုမိုကျယ်ပြန့်လာ၏။

မီးတောက်နက်ထဲ၌ မူလပျံသန်းနေသော ပြာမှုန်များ လောင်ကျွမ်းသွားပြန်ပြီး ချန်လွေ့၏ ခန္ဓာကိုယ်အဖြစ်သို့ ပြန်လည်စုစည်းသွားကာ ပျော့ဖတ်သော သက်ရှိကလာပ်စည်း ဗဟိုချက်အရွယ် အရာများ လွင့်ပျံလာသည်။ ထိုအရာက အစိမ်းရောင် ရှိနေ၏။ ချန်လွေ့ အိပ်မပျော်နေလျှင် ၎င်းကို သေချာပေါက် မှတ်မိပေလိမ့်မည်။

မီးတောက်စွမ်းအားအောက်တွင် ထိုအရာက အလျင်အမြန် “အညှောင့်ထွက်”လာပြီး အစိမ်းရောင် အဖူးအဖြစ် ပြောင်းလဲသွားကာ ခမ်းနားသော အရောင်စုံများ လင်းနေတော့သည်။

ဖျက်ဆီးခြင်းမျှော်စင် တိုင်းပြည်ထဲ၌ “အသူရာ”၏ ခန္ဓာကိုယ်က ဇစ်မြစ်အပိုင်းအစနှစ်ခု၏ ရောင်စုံစက်ဝိုင်း လှောင်အိမ်ထဲ၌ အေးခဲနေသည်။ ရေလှိုင်းကဲ့သို့ တွန့်လိမ်မှုများက သူ၏ ခန္ဓာကိုယ်ပေါ်၌ စတင် ပေါ်ထွက်လာသည်။ ထိုယိုယွင်းမှုများက အနီးအနားကို လှုပ်ရှားမှုများ ဖြစ်စေကာ အလွန်ပင် နူးညံ့နေပြီး ကြမ်းကြုတ်မှု လုံးဝ မရှိပေ။

ခဏကြာပြီးနောက် အလင်းများ ပျောက်ကွယ်သွားပြီး နေရာလွတ်ထဲ၌ လှုပ်ရှားမှုများက တဖြည်းဖြည်း လျော့ပါးသွားသည်။ ထိုစဉ် မူလက အကျဉ်းချခံထားရသော ချန်လွေ့က မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ပျောက်ကွယ်သွားခဲ့သည်။

ကြယ်ကြွေတမန်တိုင်းပြည်ရှိ ခြံဝင်းတစ်ခုထဲ၌ ဖြစ်သည်။

အဲလစ်က ညကောင်းကင်ကို ဖောက်ထွင်းသွားသော အလင်းရောင်တန်းကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ “ဟိုမှာကြည့်။ အဲဒါ ဘာလဲ။ ဥက္ကာပျံလား။”

“ဟုတ်တယ်။” ဘေးဖက်မှ အိဗ်က ပြောသည်။ “ဒါက စာအုပ်ထဲမှာ တွေ့ဖူးတယ်။ မျက်လုံးနဲ့ မြင်ဖူးတာတော့ အခုမှ ပထမဆုံးပဲ။”

“တော်တော်လှတဲ့ ဥက္ကာပျံပဲ။” အလျန်၏မျက်လုံးများ ပြူးကျယ်သွား၏။ “ဥက္ကာပျံကို ဆုတောင်းမယ်ဆိုရင် အိပ်မက်တွေ တကယ်ဖြစ်လာမယ်လို့ ဆာ-အက်ဂ်‌ယောပြောတာ ကြားဖူးတယ်။”

“အဲဒီ အက်ဂ်ယော...ပြောဖူးတာလား။” အဲလစ်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်ရင်း ပြုံးလိုက်သည်။ “အစ်ကိုလည်း အဲလိုမျိုး ပြောခဲ့သလိုပဲ။”

“ဘာမှ တွေးမနေနဲ့။ ဥက္ကာပျံအလင်းရောင်တွေ ပျောက်မသွားခင် ဆုတောင်းရအောင်။” အလျန်က ပြောသည်။ ထို့နောက် ကောင်မလေးသုံးယောက် မျက်လုံးမှိတ်ပြီး တိတ်တဆိတ် ဆုတောင်းကြတော့သည်။

ခဏကြာပြီးနောက် သူတို့ မျက်လုံး ဖွင့်လိုက်ကြသည်။

အဲလစ်က စိတ်အားထက်သန်စွာဖြင့် မေးသည်။ “နင်တို့ ဘာဆုတောင်းလဲ။”

အလျန်က အစ်မဖြစ်သူကို ကြည့်လိုက်သည်။ သူက ခေါင်းခါပြီး ပြောပြရန် ငြင်းဆိုသည်။ အိဗ်ကလည်း ဘာမှမပြောဘဲ အသာလေး ပြုံးပြသည်။

“ဟမ့်...” အဲလစ် နှုတ်ခမ်းစူလိုက်သည်။ “နင်တို့ မပြောရင်တောင် ငါ မှန်းလို့ရတယ်။ အဲဒီလူနဲ့ ဆိုင်တယ်လား။ အဲဒီလူက ကောင်းတဲ့သူ မဟုတ်ဘူးလို့ ငါ ပြောတယ်နော်။”

အိဗ်က ခေါင်းခါသည်။ “ဆာ-အက်ဂ်ယောက နင်ပြောသလို မဟုတ်ပါဘူး။”

အလျန်က အဲလစ်နှင့်အတူ ရှိသောအခါ၌ အခြားသူများအ‌ရှေ့မှာလိုမျိုး ကြောက်မနေပေ။ သူက မင်းသမီးလေးအား စပ်စပ်စုစုနှင့် ကြည့်လိုက်သည်။ “အဲလစ်။ နင်ရော ဘာဆုတောင်းလဲ။”

“ငါ...” အဲလစ်၏မျက်နှာ ရုတ်တရက် နီရဲသွားပြီးနောက် ဘေးဖက်မှ စားပွဲကို ကြည့်နေလိုက်သည်။ ရုတ်တရက် သူက အလန့်တကြား ပြောသည်။ “အိုလီဖီးရက်စ်။ ဒိုးနတ်နဲ့ ပူတင်းတွေ အကုန်လုံး နင်ဘာလို့ စားလိုက်တာလဲ။”

“ခုနက နင်တို့တွေ မစားချင်‌တော့ဘူးလို့ ငါထင်ခဲ့တာ။ အဲဒါကြောင့် ငါ မစားချင်စားချင်နဲ့ စားခဲ့ရတာ။” မစ်-နဂါးနက်က ပါးစပ် ပလုတ်ပလောင်းနှင့် ပြောလိုက်သည်။

“ငါတို့က ဥက္ကာပျံကို ဆုတောင်းနေတာ။”

“နင်ကတော်တော် ဉာဏ်များတာပဲ။ အိုလီဖီးရက်စ်။”

“နင်ဘာလို့ ဥက္ကာပျံကို ဆုမတောင်းတာလဲ။”

“ဥက္ကာပျံက ဘာကြီးလဲ။ စားလို့ရလား.....”

All Chapters