ရပ်ဆိုင်းရန်ပယ်ဖျက်ရန် တာဝန်
Vol. 41 Ch. 632
မန်တီကိုးများကို ဖြေရှင်းပြီးနောက် ချန်လွေ့က အသစ်ရရှိထားသော နောက်လိုက် လူစီအိုနှင့်အတူ မဟာအဆိပ်နယ်မြေမှ ထွက်လာသည်။
လက်ထဲ၌ မန်တီကိုးဥ ရှိနေပြီဖြစ်ရာ လူစီအို၏ မူလအကြံအစည်မှာ ကြေးစားသမ္မဂကို ကျော်လွန်ပြီး သင်းအုပ်ဆရာမာနာထံ တစ်ခါတည်းသွားရန် ဖြစ်သည်။ သို့သော်လည်း သူတို့က မာနာထံ ချဉ်းကပ်နိုင်သည့်တိုင် ချန်လွေ့ကဲ့သို့ “ဇစ်မြစ်မသိသူများ”က ကြေးစားတံဆိပ်ပြား ကဲ့သို့သော သက်သေခံအထောက်အထား တစ်ခုခု လိုအပ်နေသေးသည်။ သို့မဟုတ်ပါက နောက်ပိုင်း အကြံအစည်များ၌ ပြဿနာများ ကြုံရနိုင်ပေသည်။
ချန်လွေ့၏ အကြံအစည်မှာ တံဆိပ်ပြားကို အရင်ဆုံး ရယူရန် ဖြစ်သည်။ သင်းအုပ်ဆရာ မာနာက မန်တီကိုးဥ တစ်လုံးအတွက်သာ ဆုလာဒ် သတ်မှတ်ထားခဲ့သည်။ သို့သော်လည်း ယခုတစ်ခေါက်တွင် သူက သုံးလုံး ရရှိခဲ့သည်။ ၎င်းမှာ သလင်းကျောက်နက်အဆင့် တာဝန်ကို ပြီးမြောက်ရန် လုံးဝဖြစ်နိုင်ပြီး လူစီအို၏ အသင်းလုပ်ပိုင်ခွင့်ကိုလည်း ပြန်လည်ရရှိစေနိုင်မည် ဖြစ်သည်။ ၎င်းက အုတ်အော်သောင်းတင်း ဖြစ်သွားစေနိုင်သော်လည်း လက်ရှိ သူ၏အစွမ်းဖြင့် အချိန်သက်သာပြီး အကြံအစည်ကို မထိခိုက်စေပါက ထိုကိစ္စများကို ဂရုမစိုက်ပေ။
ယခု သူတို့နှစ်ယောက် အနည်းငယ် ဗိုက်ဆာလာကြသည်။ ချန်လွေ့က လူစီအိုအား သိုလှောင်ဂိုဒေါင်ထဲမှ စားစရာအချို့ ပေးလိုက်သည်။ လူစီအိုက ရုတ်တရက် ထွက်ပေါ်လာသော လတ်လတ်ဆတ်ဆတ်နှင့် အရသာရှိသည့် စားစရာအကြောင်း သိချင်နေသော်လည်း မမေးရဲပေ။ သူတို့နှစ်ယောက် စားရင်း သွားနေကြ၏။ ၃နာရီကြာပြီးနောက် သူတို့ ကုန်းဆင်းသွားနေစဉ် ချန်လွေ့က ရုတ်တရက် ပြောလိုက်သည်။ “ခဏနေဦး။”
လူစီအိုက အလျင်အမြန် ရပ်တန့်လိုက်သည်။ ထို့နောက် ချန်လွေ့က ဘယ်ဖက်မှ တောင်ကုန်းကို ကြည့်သည်။ “အကူအညီတောင်းနေတဲ့ အသံတစ်သံ ဟိုဘက်ကနေ ကြားနေရသလိုပဲ။”
“သခင်...အဲ..ခေါင်းဆောင်။” လူစီအိုက အခေါ်အဝေါ်ကို အချိန်မီပြောင်းလိုက်ပြီး တောင်ကုန်းဘက်သို့ ကြည့်လိုက်သည်။ “အဲဒီဖက်က သံမဏိဗုံးပျား စားကျက်ပဲ။ သံမဏိဗုံးပျားရဲ့ ပျားဘုရင်မ ပုံဆောင်ခဲက အရသာရှိသလို မှော်စွမ်းအား ပြန်ပြည့်တာကိုလည်း အရှိန်မြန်တယ်။ အဲဒါက အတော်လေး အဖိုးတန်တယ်။. ဒါပေမဲ့ သံမဏိဗုံးပျားတွေက အုပ်စုလိုက် နေကြတယ်။ သူတို့က ရန်လိုပြီးတော့ အဆိပ်ကလည်း ထူးခြားတယ်။ လူတွေကို ချက်ချင်း မသေစေနိုင်ဘူး။ ဒါပေမဲ့ နာကျင်မှုကတော့ အတော်လေး ကြောက်စရာကောင်းတယ်။ သံမဏိဗုံးပျား တိုက်ခိုက်ခံရတဲ့ သူတွေက အဆိပ်မိပြီး မသေကြဘူး။ နာကျင်ပြီးတော့ပဲ သေသွားကြတာ။”
ပြောနေရင်းနှင့် လူစီအို သိမ့်သိမ့်တုန်လာသည်။ ရုတ်တရက် သူက တစ်ခုခုကို စဉ်းစားမိသွားဟန်တူသည်။ “သမ္မဂမှာ တစ်ခါတည်း လက်ခံလို့ရတဲ့ ပျားရည်စုဆောင်းတဲ့ အလွတ်တန်း ရေရှည်တာဝန်တစ်ခု ရှိတယ်။ အဲဒါက ခရမ်းသလင်းကျောက် အဆင့်၃ပဲ။ ဒါပေမဲ့ ဒါတွေကို သိဒ္ဓိငှက်တောင်အဖွဲ့ ခြယ်လှယ်နေခဲ့တာ။ ဧကန္တ......”
ချန်လွေ့၏မျက်လုံးများ အရောင်လက်သွား၏။ “သွားကြည့်ရအောင်။”
လူစီအိုက ချန်လွေ့အား ဘယ်ဖက်ရှိ တောင်ကုန်းအောက်မှ တောအုပ်တစ်ခုသို့ ဦးဆောင် ခေါ်သွားသည်။ အဝေးမှကြည့်လျှင် လူနှစ်ယောက်က မြေပေါ်လဲကျနေပြီး နာကျင်စွဖြင့် အော်ဟစ်ကာ “အကူအညီ” အော်တောင်းနေကြသည်ကို မြင်နိုင်ပေသည်။ တောအုပ်အရှေ့၌ တိမ်တိုက်ငယ်ကဲ့သို့ ပျားအုပ်က တဖြည်းဖြည်းနှင့် နောက်ပြန်ဆုတ်နေသည်။
ချန်လွေ့နှင့် လူစီအိုတို့က သူတို့နှစ်ယောက်ထံ ချဉ်းကပ်လာသည်။ မြေပေါ်ရှိ ယောက်ျားနှစ်ယောက်က အကာအကွယ် ပိတ်ကျဲများ ဝတ်ထားသော်လည်း ၎င်းတို့က သံမဏိဗုံးပျားများ၏ အသည်းအသန် တိုက်ခိုက်မှုကို လုံးဝ မခုခံနိုင်ပေ။ သကြားစေ့အရွယ် အနီရောင် ရောင်ကိုင်းများကို ပိတ်ကျဲအောက်ရှိ ခန္ဓာကိုယ်ပေါ်၌ မြင်နိုင်သည်။ ၎င်းမှာ အတော်လေး အံ့သြဖွယ်ရာပင် ဖြစ်သည်။
ပျားအဆိပ်က ပြင်းထန်ပြီး ထူးခြားလှသည်။ သူတို့နှစ်ယောက်က သနားစရာ ကောင်းလောက်အောင် အော်ဟစ်နေကြပြီး ခန္ဓာကိုယ် လှုပ်ရှား၍ မရကြပေ။ သူတို့၏ ကြွက်သားများက ထိန်းချုပ်၍မရဘဲ တွန့်နေ၏။ အမူအရာမှတစ်ဆင့် သူတို့က အလွန်အမင်း ပြင်းထန်လှသော နာကျင်မှုမျိုးကို ခံစားနေကြရဟန်တူသည်။
“ခေါင်းဆောင်။ သတိထား။ သံမဏိဗုံးပျားအဆိပ်က ကူးတတ်တယ်။ အဆိပ်ပြေဖို့အတွက် နဂါးမုတ်ဆိတ်မြက်နဲ့ စမုန်နက်ရေကို သုံးရတာ။” လူစီအိုက သတိပေးလိုက်သည်။ “ကျုပ် တာဝန်ထားလိုက်ပါ။ ကျုပ်မှာ နဂါးမုန်ဆိတ်မြက် နည်းနည်း ရှိတယ်။ စမုန်နက်ရေတော့ မရှိဘူး။ ဒါက ကြာချိန်ကို ပယ်ဖျက်နိုင်လောက်ပါတယ်။”
ချန်လွေ့က မည်သည့်အဆိပ်ကိုမျှ မကြောက်ပေ။ လူစီအိုက ဦးဆောင်လာသည့်အတွက် ချန်လွေ့က ခေါင်းညိတ်ပြီး သားရေလက်အိပ်တစ်စုံ ပစ်ပေးလိုက်သည်။ ထို့နောက် စကားတစ်ခွန်း ပြောလိုက်သည်။ “ဒီလက်အိပ်တွေနဲ့ဆို မင်းရဲ့လက်တွေက အဆိပ်မှန်သမျှ ပြီးမယ်။ ဒါနဲ့ ဒါက တိုက်ခိုက်နှုန်းကိုလည်း ၃၅% တိုးစေနိုင်တယ်။”
ချန်လွေ့က သလင်းကျောက် အလင်းရောင် တောက်နေသော အညိုရောင် လက်အိပ် တစ်စုံကို အံ့အားသင့်လျက် ကြည့်လိုက်သည်။ အသေးစိတ်အဆင့်ကို မသိသော်လည်း အသေးစိတ်ပြီး ဆက်ရာကင်းသော ကုန်ကြမ်းများကို ကြည့်ချင်းအားဖြင့် ပြီးပြည့်စုံလုနီးပါး ဖြစ်နေသည်ကို မြင်နိုင်ပေသည်။
လက်အိပ်ကို ဝတ်ပြီးနောက် ၎င်းကို အသင့်တော်ဆုံး အရွယ်အစားသို့ အလိုအလျောက် ပြောင်းသွားသည်။ ထိတွေ့မှုက မည်သည့် အတားအဆီးမှ မရှိဘဲ မိမိ၏ အရေပြားဖြင့် ထိနေရသကဲ့သို့ပင် ဖြစ်နေသည်။
အံ့အားသင့်စရာ အကောင်းဆုံးမှာ ချန်လွေ့၏ စကားများ ဖြစ်သည်။ အဆိပ် “အားလုံး”ကို ပြီးနိုင်တယ်။ ပြီးတော့ တိုက်ခိုက်နှုန်းကိုလည်း ၃၅% တိုးစေနိုင်တယ်တဲ့လား။
ဒါ..ဒါက ဘယ်လို အဆင်တန်ဆာမျိုးလဲ။
“ကျေးဇူးပါပဲ ခေါင်းဆောင်။ ပြီးရင် ပြန်ပေးပါ့မယ်။” လူစီအိုက ထိုလက်အိပ်၏ တန်ဖိုးကို သဘောပေါက်ပြီး မထိခိုက်စေရန်အတွက် သေသေချာချာ ကိုင်ထားနေလိုက်သည်။
လူစီအို၏ အပြုအမူက ချန်လွေ့ကို စိတ်ဝင်စားသွားစေသည်။ “ပြန်ပေးဖို့ မလိုပါဘူး။ ဒါက ဒဏ္ဍာရီလာ-ယောင် အဆင့်ပါပဲ။ အခုကစပြီးတော့ ဒါက မင်းအပိုင်ပဲ။”
ဒဏ္ဍာရီလာ-ယောင် အဆင့်။ ပြီးတော့ ဒါကို ငါ ပိုင်သွားပြီ။ လူစီအို၏ မျက်လုံးများ ပြူးကျယ်သွား၏။ ထို့ကြောင့် သူက အလွန်ပျော်ရွှင်သော အမူအရာ ပြသလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ခေါင်းဆောင်။”
ထိုလက်အိပ်၏ အဓိကကုန်ကြမ်းမှာ ယာကော့ဘ်၏ ကြေးခွံများ ဖြစ်သည်။ ချန်လွေ့တွင် အများအပြား ရှိနေသေး၏။ ထို့ပြင် ဒဏ္ဍာရီလာ-ယောင်အဆင့် လက်အိပ်များက အမှန်တကယ်ပင် ပိုင်ဆိုင်မှုနှင့် စည်းစိမ်များကို တွက်ဆ၍ မရနိုင်တော့သော သူဌေးချန် နှင့် ဆရာသခင်ချန်အတွက် ဘာမျှမဟုတ်ပေ။ သို့သော်လည်း နှစ်ပေါင်းများစွာ အဆင့်နိမ့် ဖြစ်နေခဲ့သော လှံသမားက ဒဏ္ဍာရီလာ-ယောင်အဆင့် ကို မပြောနှင့်၊ ထူးကဲအဆင့် အဆင်တန်ဆာကိုပင် မတတ်နိုင်ပေ။
လူစီအို ဒူးထောက်ပြီး ပိတ်ကျဲသွားပြီး လက်အိပ်ဖြင့် ဖွင့်ကာ ထိုလူနှစ်ယောက်ထံမှ ရှာဖွေသည်။ သူတို့နှစ်ယောက်က ပျားအဆိပ်ကြောင့် မလှုပ်ရှားနိုင်ကြဘဲ အော်ရုံသာ အော်နိုင်ကြသည်။ သူတို့က ချန်လွေ့နှင့် လူစီအိုတို့ကို ခုခံဖို့မပြောနှင့်၊ စကားပြောနေသည်ကိုပင် မကြားနိုင်ကြပေ။
“လက်စသတ်တော့ သူတို့နှစ်ယောက်က စမုန်နက်ရေပဲ ရှိပြီးတော့ နဂါးမုတ်ဆိတ်မြက် ကုန်သွားတာကိုး။ ဒီတစ်ခေါက် စုဆောင်းမှုက ပျားဘုရင်မကို သတိထားမိအောင် လုပ်မိသွားတာ ဖြစ်ရမယ်။ အဲဒါကြောင့် သူတို့က ဒီလိုဆိုးဝါးတဲ့ အခြေအနေကို ရောက်သွားရတာ။ ဟမ်... ဒါက ဘာလဲ။” လူစီအိုက လူတစ်ယောက်၏ ခါးပိတ်အိတ်မှ သလင်းကျောက်ပုလင်းတစ်လုံးကို မြင်လိုက်သည်။ သူက ဖွင့်ကြည့်ပြီး အနံခံကာ အံ့အားသင့်သော အမူအရာ ပြသလိုက်သည်။ “သံမဏိဗုံးပျားဘုရင်မရဲ့ ပျားပုံဆောင်ခဲပဲ။ ကြည့်ရတာ လဝက်ဝေစုက ဒါထင်တယ်။ နည်းနည်းတော့ နည်းနေပေမဲ့ ခရမ်းသလင်းကျောက် အဆင့်၁ ရဖို့ ပြဿနာ မရှိဘူး။ ဒါကို တာဝန်ရပ်ဆိုင်းထားတာ ပြန်ဖြေဖို့ သုံးလို့ရနိုင်တယ်။”
ကိစ္စများက အဆင်ပြေပြေ ဖြစ်နေလေသည်။ ချန်လွေ့ လန်းဆန်းသွား၏။ ကံဆိုးတဲ့ လှံသမားက ကံတွေပြောင်းနေတယ်။ ဒါက ဇာတ်လိုက်ရဲ့ ရောင်လျှံ ကူးစက်ခံလိုက်ရလို့လား။
“သူတို့နှစ်ယောက်က အတော်လေး ကူညီပေးခဲ့တယ်လို ပြောရမယ်။ သူတို့ကို ကယ်ပေး ကြတာပေါ့။”
လူစီအိုက နဂါးမုတ်ဆိတ်မြက်ကို အမြန်ထုတ်ပြီး ထိုသူနှစ်ယောက်ထံမှ စမုန်နက်ရေနှင့် ရောလိုက်သည်။ သူတို့ကြိတ်ကာ တိုက်လိုက်သည်။ ဖြေဆေးက အမှန်တကယ် အလုပ်ဖြစ်သည်။ ထိုသူနှစ်ယောက်၏ တွန့်လှုပ်များများ တဖြည်းဖြည်း လျော့ကျသွား၏။ နာကျင်မှုက အသေအချာပင် လျော့ပါးလာနေသည်။
“ဟေး။ မင်းတို့နှစ်ယောက်ကို ငါ ကယ်ခဲ့တယ်။ အဲဒါကြောင့် ပျားဘုရင်မ ပုံဆောင်ခဲက ငါ့အပိုင်ပဲ။” လူစီအိုက လက်ထဲမှ ပုလင်းကို မြှောက်ပြီး မတ်တပ်ရပ်လိုက်သည်။
“ခဏနေဦး....” အသိစိတ် ဝင်ရုံသာ ရှိသေးသော ယောက်ျားက အားနည်းစွာဖြင့် ပြောလိုက်သည်။ “မင်း ပျားဘုရင်မ ပုံဆောင်ခဲကို ယူသွားလို့ မရဘူး။ ငါတို့က သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့ကပဲ။”
ယခင်ကဆိုလျှင် လူစီအို ကြောက်ရွံ့မည်မှာ သေချာပြီး သူတို့ကို သတ်ပစ်ရန်အထိ ရွေးချယ်မိမည် ဖြစ်သည်။ သို့ရာတွင် သူ့နောက်၌ “သူတော်စင်အဆင့်” ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူက သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့ကို မကြောက်ပေ။ သူက ရွံရှာလျက် ပြောလိုက်သည်။ “သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့ ဖြစ်တော့ကော ဘာဖြစ်လဲ။ မင်းတို့ကို ကယ်ခဲ့တာ ငါဆိုတာ မမေ့နဲ့။ မဟုတ်ရင် မင်းတို့ သေသွားပြီ။ အဲဒီအချိန် ပျားဘုရင်မ ပုံဆောင်ခဲကို ငါယူလို့ ရသေးတယ်။”
ထိုသို့ ပြောပြီးနောက် လူစီအိုက သူတို့နှစ်ယောက်တို့ကို အာရုံမစိုက်တော့ဘဲ မတ်တပ်ရပ်ကာ လှည့်ထွက်သွားလိုက်သည်။ အဆိပ်ကြောင်း သူတို့က အချိန်တိုအတွင်း မလှုပ်ရှားနိုင်ကြသေးပေ။ ထို့ကြောင့် သူတို့က လူစီအိုနှင့် ချန်လွေ့တို့ လမ်းလျှောက်ထွက် သွားသည်ကို ကြည့်နေကြရသည်။
“သောက်ခွေးကောင်။ သူတို့က အခြေအနေကို အခွင့်ကောင်းယူပြီးတော့ ငါတို့ကို လုယက်သွားတာပဲ။ အခု ပျားဘုရင်မ ပုံဆောင်ခဲ အလုခံလိုက်ရပြီ။ တစ်လလုံး ကြိုးစားခဲ့တာ အလကား ဖြစ်ကုန်ပြီ။ ခေါင်းဆောင်တော့ ငါတို့ကို သေချာပေါက် အပြစ်ပေးမှာ။ ဂျိုဆန်။ ငါတို့ ဘာလုပ်သင့်လဲ။”
“ပျားအုပ် အလိုက်ခံရတုန်းက အကူအညီတောင်းဖို့ မှော်ပေးစာတွေ ပို့ထားတယ်။ အဖွဲ့ထဲက လူတွေ အစောဆုံး နောက်သုံးလေးနာရီမှာ ရောက်လာလိမ့်မယ်။” ဂျိုဆန်က အံကြိတ်လိုက်သည်။ “ပြီးတော့ အဲဒီလူကို ငါသိတယ်။ သူက လောင်ကျွမ်းလှံရဲ့ အမှိုက်ပဲ။ သူက ငါတို့လို သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့ကနေ လုရဲတယ်ပေါ့။ ငါတို့ အဆိပ်တွေ ပြယ်သွားရင် သူ့ကို လုံးဝ အလွတ်မပေးဘူး။”
ချန်လွေ့နှင့် လူစီအိုတို့က လမ်းတစ်လျှောက်၌ မရပ်ကြဘဲ မြို့သို့ ပြန်လာပြီးနောက် ကြေးစားသမ္မဂထံ ချက်ချင်း ရောက်လာကြသည်။
“ပျားဘုရင်မ ပုံဆောင်ခဲလား။” ဆန်ဒီက လူစီအို ကမ်းပေးသော ပုံဆောင်ခဲပုလင်းကို ကြည့်လိုက်သည်။ သူက ထပ်ကာထပ်ကာ သေသေချာချာ အတည်ပြုနေသည်။ နောက်ဆုံး၌ သူက အံ့အားသင့်သော အမူအရာ ပြသလိုက်သည်။ “ဒါက တကယ့်ကို သံမဏိဗုံး ပျားဘုရင်မ ပုံဆောင်ခဲပဲ။”
“မစ်-ဆန်ဒီ။ ဒါက အလွတ်တန်း တာဝန်ပဲ။ ဒါက ပါဝင်သူတွေကို မကန့်သတ်ထားဘူး။ ထိုပျားဘုရင်မ ပုံဆောင်ခဲတွေက အလေးချိန် မလုံလောက်ပေမေဲ့ ခရမ်းသလင်းကျောက် အဆင့်၁တော့ ဖြစ်လောက်တယ် မလား။ ငါ့ရဲ့ ကြေးစားအဖွဲ့ကို ရပ်ဆိုင်းမှုပယ်ဖျက်ဖို့ ဖြစ်နိုင်လား။”
ဆန်ဒီက အလုပ်သဘောအရကြောင့် ပျားဘုရင်မ ပုံဆောင်ခဲအား မည်သို့ရခဲ့ကြောင်း မမေးခဲ့ပေ။ သူက ခေါင်းညိတ်သည်။ “ဖြစ်နိုင်ပါတယ်။ ဒီလိုသန့်စင်မှုနဲ့ အလေးချိန်က ခရမ်းသလင်းကျောက် အဆင့်၂လို့ သတ်မှတ်လို့ရတယ်။ သမ္မဂရဲ့ စည်းကမ်းအရဆိုရင် လောင်ကျွမ်းလှံအဖွဲ့က ရပ်ဆိုင်းမှု ပယ်ဖျက်ပြီးတော့ သာမန်အခြေအနေ ပြန်ဖြစ်သွားပါပြီ။ ဒီမှာ ဆုလာဒ်ဖြစ်တဲ့ သလင်းကျောက်နက်ဒင်္ဂါး ၁၀ပြားပါ။ လက်ခံပေးပါ။”
လူစီအိုက ချန်လွေ့၏ အချက်ပြမှုအောက်၌ ပိုက်ဆံအိတ်ကို ယူပြီး လက်မောင်းထဲသို့ ထည့်လိုက်ကာ ပြောသည်။ “ဒါဆို ငါ့ရဲ့ အဖွဲ့ဝင်လည်း တရားဝင် ကြေးစားတစ်ယောက်ဖြစ်ပြီ မဟုတ်လား။”
“ဒါပေါ့။” ဆန်ဒီက ချန်လွေ့ ယခင်က စာရင်းသွင်းခဲ့သော ပုံစံကို ထုတ်လိုက်သည်။ “ဒီမှာ နာမည်ကို လက်မှတ်ထိုးပြီးတော့ လက်ဗွေရာနှိပ်ပေးပါ။ ရစ်ချက်။ ဒီလက်ဗွေရာက ရှင့်ရဲ့ ကြေးစားတံဆိပ်ပြားမှာ မှတ်ထားမှာပါ။”
ချန်လွေ့က အားလုံးကို ဖြည့်လိုက်သည်။ ခဏအကြာ “ရစ်ချက်”က အင်ပါယာအားလုံးကို ဖြတ်သွားနိုင်သော တရားဝင်အထောက်အထားပိုင်ဆိုင်သည့် တရားဝင် ကြေးစားတစ်ယောက် ဖြစ်လာတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ကြသော ကြေးစားများက တီးတိုးပြောလာကြသည်။ “ထူးဆန်းတယ်။ အဲဒီ လှံအမှိုက်က ဘယ်လိုလုပ်ပြီးတော့ သံမဏိဗုံးပျားဘုရင်မ ပုံဆောင်ခဲကို ရလာတာလဲ။”
“အဲဒီအမှိုက်ကောင်က ခုနကပဲ ထွက်သွားတယ်။ ဘာဖြစ်ခဲ့တာလဲ။”
“မဟုတ်သေးဘူး။ ဒီတာဝန်ကို သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့က ခြယ်လှယ်နေခဲ့တာ မဟုတ်လား။”
“လူစီအိုက သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့ကနေ လုခဲ့တာများလား။ သူ သေချင်နေတာလား။ သူက ဘယ်လိုလုပ်ပြီးတော့ ဒါဇ်ဝင်း ပန်းကန်ထဲက အစာကို လုရဲတာလဲ။”
“မဖြစ်နိုင်ဘူး။ အရင်ကတောင် သူ့မှာ ဒီလိုအရည်အချင်း မရှိခဲ့ဘူး။ အခုဆို ပြောမနေနဲ့....” ချန်လွေ့ကို လူစီအိုမှ ကြေးစားသမ္မဂမှ ခေါ်ထုတ်သွားပြီးနောက် သူက သင်းအုပ်ဆရာ မာနာကို ရှာဖွေရန်အတွက် မြို့ထဲမှ သိဒ္ဓိကျောင်းတော်သို့ ချက်ချင်းသွားသည်။
သင်းအုပ်ဆရာ မာနာက ကျောင်းတော်၏ ခေါင်းဆောင်ငယ်လေးသာ ဖြစ်သော်လည်း သူ့ကို တွေ့ဆုံရန် မလွယ်ကူပေ။ လူစီအိုက လျို့ဝှက်ကိစ္စကြောင့် မာနာနှင့် လူကိုယ်တိုင် တွေ့ရမည်ဖြစ်ကြောင်း ပြောဆိုပြီး သလင်းကျောက်နက်ဒင်္ဂါး ၁၀ပြား ကြိုပေးထားလိုက်သည်။ သူတို့ ဆုတောင်းခန်းထဲ၌ တရားထိုင်နေသော ဆာ-သင်းအုပ်ဆရာကို တွေ့နိုင်မည် ဖြစ်သည်။
သို့သော်လည်း ခုနက တံခါးမှ အလောတကြီး ထွက်သွားသော သီလရှင်များကို ကြည့်ရလျှင် ဆာ-သင်းအုပ်ဆရာက “တရားထိုင်”ရာ၌ အကူအညီပေးရန် လက်ထောက် တစ်ယောက်ကို တွေ့နေဟန်တူသည်။
သင်းအုပ်ဆရာ မာနာက အရပ်ပုပုနှင့် ဝတုတ်တုတ် သက်လတ်ပိုင်းဖြစ်ပြီး ထိပ်ပြောင်ကာ တြိဂံပုံစံမျက်လုံးနှင့် နှုတ်ခမ်းမွှေးလည်း ရှိသည်။ ရုတ်တရက်ကြည့်လျှင် လူဆိုးနှင့် တူနေ၏။ သူ ဘယ်လိုလုပ် “အလင်း” ကျောင်းတော်ကို ဝင်နိုင်သွားတာလဲ။
ဝတုတ် သင်းအုပ်ဆရာ၏ မျက်လုံးများက ကိစ္စကောင်းကို နှောင့်ယှက်ခံလိုက်ရသကဲ့သို့ပင် စိတ်ရှုပ်နေပုံရသည်။ “မင်းက တန်နီဗယ်ရဲ့သား လူစီအိုဆိုတာ ငါသိတယ်။ မိတ်ဆွေဟောင်းကြောင့် ငါမင်းနဲ့ တွေ့ဖို့အတွက် အရေးအပါဆုံး တရားထိုင်တာကို ရပ်တန့်ခဲ့တယ်။ မင်းရဲ့ လျို့ဝှက်ကိစ္စက ငါ့ကို မကျေနပ်စေနိုင်ဘူးဆိုရင် မင်းက တန်နီဗယ် ချန်ထားတဲ့ တစ်ဦးတည်းသော သွေးမျိုးဆက် ဆိုရင်တောင် ကျောင်းတော်ရဲ့ တရားမျှတမှုနဲ့ ငါမင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်။”
လူစီအိုက ချန်လွေ့က ဖျပ်ခနဲ ကြည့်လိုက်ပြီး ယုံကြည်ချက်ရှိကြောင်း ပြသလိုက်သည်။ “စိတ်မပူပါနဲ့။ ကျုပ်ရဲ့အဖြေက ဆာ့ကို သေချာပေါက် ကျေနပ်စေမှာပါ။ တကယ်တော့ ဆာ တော်တော့်ကို ကျေနပ်သွားမှာပါ။”