ပူးပေါင်းဆောင်ရွက်ခြင်း
Vol. 41 Ch. 634
ချန်လွေ့က ဆောင့်ကြောင့်ထိုင်ပြီး လေကျားသစ်၏ ခေါင်းကို ပုတ်လိုက်သည်။ လေကျားသစ်က လှိမ့်လိုက်ပြီး ဝမ်းဗိုက်၏ အရေးပါသော အစိတ်အပိုင်းများကို ပြသကို အညံ့ခံသော ညည်းသံတစ်ခု ပြုသည်။ ၎င်းတွင် ပုံမှန် ကြောက်စရာ အငွေ့အသက် မရှိနေတော့။
မာနာ၏ စိတ်ထဲမှ တုန်လှုပ်မှုက လုံးဝကို များပြားနေခဲ့သည်။ လေကျားသစ်ရဲ့ သခင် အနေနဲ့ ကျွန်ပြုစာချုပ် စွမ်းအားနဲ့တောင် နတ်ဆိုးသားရဲတွေကို ထိန်းချုပ်လို့ရရုံပဲ ရှိတယ်။ ဒီလိုမျိုး လုံးဝ အညံ့ခံတာမျိုး မရှိဘူး။ ဒီလို သားရဲထိန်းကျောင်းအစွမ်းကို “မယုံနိုင်စရာ” လို့ပဲ ပြောလို့ရမယ်။ သူ့နဲ့ယှဉ်ရင် အဲဒီ သားရဲဆရာသခင်ဆိုတဲ့သူတွေက လူလိမ်တွေလိုပဲ။
အမှန်တရားက ရှေ့မှာပဲ။ “ရစ်ချက်” မလိမ်ခဲ့ဘူး။ သူက သူ့စွမ်းအားနဲ့ပဲ မန်တီကိုးဥကို တကယ်ရခဲ့တာ။
မာနာက ထိတ်လန့်နေရာမှ သတိပြန်ဝင်လာပြီး ချန်လွေ့က လုံးဝကွဲပြားသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူက ပထမဆုံး တွေ့ခဲ့စဉ် မောက်မာခဲ့သော်လည်း မန်တီကိုးဥကို တွေ့ပြီးနောက် စိတ်ပျော့သွားခဲ့သည်။ နတ်ဆိုးကျောက်နီကို တွေ့ပြီးနောက် ကြက်သေသေသွားပြီး ယခုတစ်ခေါက် အရူးအမူး ဖြစ်သွားတော့သည်။
“ဆာ-ရစ်ချက်။ မင်းရဲ့စွမ်းရည်တွေက တကယ့်ကို အံ့အာသင့်စရာပဲ။” မာနာ၏ မျက်နှာက အပြုံးများ ပြည့်နေသည်။ တြိဂံမျက်လုံးများသည်ပင် အဆီကြောင့် ကျုံ့သွား၏။ သူ၏ မျက်လုံး သေသေးထဲ၌ ရှားပါးသော ရတနာတစ်ခု မြင်လိုက်ရသလိုမျိုးပင် အရောင်တောက်နေလေသည်။
“ဒါက လျို့ဝှက်ပညာရပ် အသေးလေးပါ။ ဆာ-မာနာလိုမျိုး ပညာရှင်နဲ့ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး။” ချန်လွေ့က နှိမ့်ချလျက် ခေါင်းခါပြီး အစမ်းသဘော မေးကြည့်သည်။ “ဆာ ခုနက ပြောခဲ့တဲ့ အရန် အလင်းစစ်သည်တော်ဖြစ်ဖို့ လမ်းကြောင်းတစ်ခုက...”
“ဆာ-ရစ်ချက်။ ငါ့ရဲ့ လက်ရှိ အဆင့်အတန်းနဲ့ဆိုရင် မင်းကို အရန် စစ်သည်တော် ဖြစ်ဖို့ လက်ရွေးစင်အနေနဲ့ တစ်ခါတည်း အကြံပြုလို့ မရဘူး။ ဒါပေမဲ့ ငါ့ရဲ့ ကွန်ရက်နဲ့ဆိုရင် လက်ရွေးစင် ဖြစ်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး...” သင်းအုပ်ဆရာ ဝဝက ဆက်မပြောပေ။ သူက မေးစေ့ကိုကိုင်ကာ ပြုံးနေလိုက်သည်။
ချန်လွေ့က ထိုစကားကို နားထောင်ပြီးနောက် ဆိုလိုရင်းကို သဘောပေါက်လိုက်သည်။ သူက ပြုံးသည်။ “ဆာ စိတ်ချပါ။ မိတ်ဆွေတွေကြားက အကူအညီက အပြန်အလှန်ပါပဲ။ ကျုပ် ဆာ့အတွက် အကူအညီ ပေးနိုင်မယ်ဆိုရင် ငြင်းပယ်မှာ မဟုတ်ပါဘူး။ ကျုပ်တို့တွေရဲ့ ရင်းနှီးမှုကို ခိုင်မာအောင် လုပ်ပြီးတော့ အတူတူရှေ့ဆက်၊ အတူတူ နောက်ဆုတ်ရင် ပိုကောင်းမှာပါ။”
“ပါးနပ်တဲ့သူနဲ့ စကားပြောရတာ လွယ်သားပဲ။” သင်းအုပ် မာနာက ဖုံးကွယ်၍မရသော ပျော်ရွှင်မှုမျိုး ပြသလိုက်သည်။ “ငါတို့ရဲ့ ပန်းတိုင်တွေက နှစ်ဖက်လုံး အကျိုးရှိနိုင်မယ့် ပူးပေါင်းဆောင်ရွက်ရေးနဲ့ အတော်လေး ဆက်နွှယ်နေတယ်။ မင်း စိတ်မရှိဘူးဆိုရင် မင်းကို ရစ်ချက်လို့ ခေါ်ခွင့်ပေးပါ။”
“ဒါပေါ့။ မိတ်ဆွေ။ မာနာ။” ချန်လွေ့က လူစီအိုကို ဖျပ်ခနဲကြည့်လိုက်ရာ လူစီအို ချက်ချင်း သဘောပေါက်လိုက်သည်။ သူက ဆင်ခြေတစ်ခုရှာပြီး ခန်းမနေရာမှ ထွက်သွားသည်။
သင်းအုပ်ဆရာမာနာက ချန်လွေ့၏ ဉာဏ်ပညာကို လေးစားသွားပြီး ပြောသည်။ “ရစ်ချက်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် မြို့တော်က ဂိုဏ်းအုပ်နေရာကို ငါ မျက်စိကျနေတာ အတော်ကြာပြီ။ အချိတ်အဆက်တွေလည်း ရှိတယ်။ အဲဒီအကြောင်းကြောင့် ပိုပြီးတော့ ကြွယ်ဝချမ်းသားနဲ့ မြို့တော်တွေမှာ သင်းအုပ်ဆရာအဖြစ် တာဝန်ထမ်းဆောင်မယ့် အခွင့်အရေးတွေကိုတောင် လက်လွှတ်ခဲ့တယ်။ ပုံမှန်ဆိုရင် ဒီတစ်ခေါက် ကမ်းပါးဖြူမှာ နတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်ပြီးနောက် နေရာအသီးသီးက ရာထူးတွေကို ချိန်ညှိတော့မှာ။ ဒါက အရယူရမယ့် ရှားပါး အခွင့်အရေးတစ်ရပ်ပဲ။ ကမ်းပါးဖြူရဲ့ ရေဖျန်းဘုန်းတော်ကြီးက သိပ်မကြာခင် ယန်ရှောင်မြို့တော်ကို လာစစ်ဆေးမယ်။ သမီးအရင်းလို သူ ဂရုစိုက်တဲ့ အယ်လီဇာလို့ခေါ်တဲ့ တူမတစ်ယောက် သူ့မှာ ရှိတယ်။ သူက ခရီးသွားရင် အယ်လီဇာကို ခေါ်သွားတတ်တယ်။ မစ်-အယ်လီဇာက အလင်းဒြပ်စင် မှော်ပညာရှင် ဖြစ်ပြီးတော့ ရှားပါးသားရဲတွေကို စုဆောင်းရတာ နှစ်သက်တဲ့ သားရဲထိန်းကျောင်းသူ တစ်ယောက်ပဲ။ သူ့ရဲ့ အကြိုက်အတိုင်း မန်တီကိုးဥတွေကို ငါ ဆုလာဒ်အဖြစ် ကမ်းလှမ်းမယ်။ ဆာ-ရော်ဂျာ သဘောတူတာနဲ့ ငါလည်း သေချာပေါက် တော်ဝင်မြို့တော်က ဂိုဏ်းအုပ် ဖြစ်လာမှာ။ အနာဂတ်တစ်ချိန် ငါ့မှာ လုံလောက်တဲ့ အရည်အချင်းရှိတဲ့အခါ တော်ဝင်မြို့တော်ရဲ့ ဂိုဏ်းအုပ်အချုပ် ဖြစ်လာဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး။”
ချန်လွေ့က မာနာ မန်တီကိုးဥများ လိုချင်သော အကြောင်းရင်းကို သဘောပေါက်သွား၏။ ယခင် “သားရဲထိန်းကျောင်းပါရမီ” နိမိတ်က မှန်ကန်ခဲ့ပုံရသည်။ ကမ်းပါးဖြူမှ ရေဖျန်းဘုန်းတော်ကြီး ရော်ဂျာက သူ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ၎င်းသည် ကမ်းပါးဖြူသို့ ရောနှောနိုင်မည့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပေသည်။
“ဆာ-ရော်ဂျာက ကျောင်းတော်ရဲ့ လုပ်ပိုင်ခွင့် အတော်လေးမြင့်တဲ့ ရေဖျန်းဘုန်းတော်ကြီး သုံးယောက်ထဲက တစ်ယောက်ပဲ။ မင်းကို အရန် အလင်းစစ်သည်တော်အဖြစ် သတ်မှတ်ပေးဖို့က ပြဿနာ မဟုတ်လောက်ဘူး။ မင်းက တစ်သက်လုံး ဘုန်းတော်ကြီး မလုပ်ချင်ဘဲနဲ့ ကျောင်းတော်ရဲ့စွမ်းအားနဲ့ပဲ မိသားစုကို ထိန်းချုပ်ချင်တာ မဟုတ်လား။ အရန် အလင်းစစ်သည်တော်ရဲ့ တကယ့်တာဝန်က နတ်ဘုရားကျောင်း စစ်သည်တော်ရဲ့ နောက်လိုက်တစ်ယောက် ဖြစ်လာဖို့ပဲ။ မင်းက ဒီအခွင့်အရေးကို အသုံးချပြီးတော့ နတ်ဘုရားကျောင်း စစ်သည်တော်တစ်ယောက်နား ကပ်နိုင်မယ်ဆိုရင် သိပ်မကြာခင် မင်းရဲ့ ပန်းတိုင်ကို ရောက်မယ်ဆိုတာ သေချာပေါက် ငါပြောနိုင်တယ်။”
“နတ်ဘုရားကျောင်း စစ်သည်တော်ရဲ့ နောက်လိုက်တစ်ယောက်လား။” ချန်လွေ့က ခဏ စဉ်းစားလိုက်သည်။ “နတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်တာက အခွင့်အရေးကောင်းလား။”
“ဒါပေါ့။” မာနာက ခေါင်းညိတ်သည်။ “မစ်-အယ်လီဇာက ဆာ-ရော်ဂျာရဲ့ တူမလည်း ဟုတ်တယ်။ ကျောင်းတော်မှာ ကွန်ရက်အကျယ်ကြီးရှိတဲ့ သိဒ္ဓိမိန်းမပျိုအောက်က တပည့်လည်း ဟုတ်တယ်။ မင်းက မစ်-အယ်လီဇာနဲ့ အဆက်အသွယ် လုပ်နိုင်မယ်ဆိုရင် အဲဒီအချိန် မင်းကို အလားအလာရှိတဲ့ လက်ရွေးစင်အနေနဲ့ မိတ်ဆက်ခိုင်းလို့ရတယ်။”
သိဒ္ဓိမိန်းမပျို။ ရေဖျန်းဘုန်းတော်ကြီး ဟုတ်လား။
ချန်လွေ့က သိဒ္ဓိကျောင်းတော်၌ ပုပ်ရဟန်းမင်း၊ ဂိုဏ်းချုပ်၊ ရေဖျန်းဘုန်းတော်ကြီး၃ပါး၊ ဂိုဏ်းအုပ်အချုပ်၊ ဂိုဏ်းအုပ်၊ သင်းအုပ်ဆရာ၊ ဂိုဏ်းထောက်ဘုန်းတော်ကြီး၊ သာမန် ဘုန်းတော်ကြီး သို့မဟုတ် သီလရှင် ဟူ၍ ကြီးစဉ်ငယ်လိုက် အဆင့်ရှိကြောင့် လူစီအိုထံ၌ ကြားခဲ့ရသည်။
လက်ရှိ ကျက်သရေဆောင် ပုပ်ရဟန်းမင်း ဗန်တစ်စ်က လူသားလောက၌ အမြင့်ဆုံး ခေါင်းဆောင်ပင် ဖြစ်လေသည်။
မဟာအင်ပါယာနှစ်ခု သို့မဟုတ် အခြားအင်ပါယာများ ဖြစ်ပါစေ၊ ထိုပုပ်ရဟန်းမင်းအရှေ့၌ အင်ပါယာဘုရင်များက ခေါင်းကို ငုံ့ထားကြရသည်။ နှစ်ပေါင်းများစွာကြာအောင် အင်ပါယာများ၏ အုပ်စိုးမှု ပြောင်းလဲမှုများစွာ ရှိခဲ့သော်လည်း အလင်းနတ်ဘုရားကျောင်းက အမြဲပင် မတ်မတ်ရပ်နေခဲ့သည်။ ကျောင်းတော်၏စွမ်းအားက အင်ပါယာ၏ အဆင့်တိုင်း ထောင့်နေရာတိုင်းသို့ ဝင်ရောက်နေခဲ့ပြီဖြစ်ကာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေ၍ လှုပ်ခါမရသည်အထိ ဖြစ်နေပြီဟု ပြော၍ရနိုင်ပေသည်။
ပုပ်ရဟန်းမင်းအောက်၌ အထူးအာဏာနှင့် အဆင့်အတန်းကို ခံထားရသော ဂိုဏ်းချုပ် ၂ယောက် ရှိသည်။ တစ်ယောက်မှာ နက္ခတ်ဗေဒတွင် ကျွမ်းကျင်သော ပက်စ်မီယာ ဖြစ်ပြီး အခြားတစ်ယောက်က သိဒ္ဓိမိန်းမပျို ယူဒိုရာ ဖြစ်သည်။
ရေဖျန်းဘုန်းတော်ကြီးများကို ပုပ်ရဟန်းမင်း ကိုယ်တိုင်က တိုက်ရိုက် ခန့်အပ်ထားခြင်း ဖြစ်သည်။ စုစုပေါင်း သုံးယောက်ရှိသော်လည်း သူတို့နှင့် အဆင့်အတန်းတူသော လူနှစ်ယောက် ရှိသည်။ တစ်ယောက်မှာ သမာဓိခုံအဖွဲ့မှ တရားသူကြီးချုပ် စီအက်စ်ဖြစ်ပြီး အခြားသူက စစ်သည်တော်ခေါင်းဆောင် ပါဆာလီ ဖြစ်သည်။
သမာဓိခုံအဖွဲ့မှာ ပုပ်ရဟန်းမင်းထံ တိုက်ရိုက်တင်ပြသော သိဒ္ဓိကျောင်းတော်၏ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့မှ တစ်ဖွဲ့ ဖြစ်သည်။ အဓိကအားဖြင့် တိုက်ခိုက်ရေးစွမ်းအား ကောင်းမွန်သော ကျင်ကြံသူများ ပါဝင်၏။ သူတို့၏ တာဝန်မှာ မိစ္ဆာဒိဌိများကို အရေးယူရန်နှင့် အမှောင်စွမ်းအားကို ဖယ်ရှားရန် ဖြစ်သည်။
နောက်ထပ် လက်နက်ကိုင်အဖွဲ့က အလင်းကို စောင့်ကြပ်ပြီး ယုံကြည်မှုကို ကာကွယ်ရသော ကျက်သရေဆောင် စစ်သည်တော်များ ဖြစ်၏။ အင်ပါယာ မြို့တော် တစ်ခုစီတွင် အင်ပါယာ၏ ဥပဒေများက ကန့်သတ်ခြင်း မခံရသော အလင်းစစ်သည်တော် ဗိုလ်ခြေအခွဲတစ်ခု ရှိကြသည်။ ကျက်သရေဆောင် စစ်သည်တော်၏ အမြင့်ဆုံးအဆင့်မှာ သိဒ္ဓိအလင်းတောင်အောက်မှ ရှေးစစ်သည်တော် ဖြစ်ပြီး သူ့နောက်တွင် အင်ပါယာ အခွဲတစ်ခုစီ၌ သို့မဟုတ် သိဒ္ဓိအလင်းတောင်၌ စခန်းချသော နတ်ဘုရားကျောင်း စစ်သည်တော်များ ရှိကာ နောက်ဆုံးတွင် သာမန် အလင်းစစ်သည်တော်များ ရှိကြသည်။
ဂိုဏ်းအုပ်အချုပ်အတွက်လည်း ထိုအတိုင်းပင် ဖြစ်သည်။ သိဒ္ဓိအလင်းတောင်မှ ဂိုဏ်းအုပ်အချုပ်သည် အင်ပါယာတစ်ခုစီမှ ကျောင်းတော်ကိစ္စများကို တာဝန်ယူရသော သာမန် ဂိုဏ်းအုပ်အချုပ်များထက် အဆင့်အတန်း ပိုမြင့်မားသည်။ ဂိုဏ်းအုပ်အချုပ်များအတွက် အလောင်းအလျာများကို ဂိုဏ်းအုပ်များမှ ရွေးချယ်ပြီး ဂိုဏ်းအုပ်များကို သင်းအုပ်ဆရာများထံမှ ရွေးချယ်ကာ ထိုအတိုင်း ဆက်သွားပေသည်။
ချန်လွေ့၏ လက်ရှိပန်းတိုင်မှာ အနိမ့်ဆုံးအဆင့်ဖြစ်သော “အရန် အလင်းစစ်သည်တော်” ဖြစ်သည်။ ပြောရမည်ဆိုလျှင် အဆင့်အနိမ့်ဆုံးသော ဘုန်းတော်ကြီးကလည်း အင်ပါယာထဲ၌ ကြီးမားသော အရှိန်အဝါ ရှိပေသည်။ ထို့ပြင် သင်းအုပ်ဆရာ ဝတုတ်ကလည်း သူ့ကို နတ်ဘုရားကျောင်း စစ်သည်တော်၏ နောက်လိုက်တစ်ယောက် ဖြစ်လာရန် အကြံပေးခဲ့သည်။
သိဒ္ဓိအလင်းတောင်က ပိတ်သွားပြီ။ ရေဖျန်းဘုန်းတော်ကြီးရဲ့ တူမ....နတ်ဘုရားကျောင်း စစ်သည်တော် အလောင်းအလျာ....။ နတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်ပွဲ။ ထိုအဓိကစကားလုံးများက ချန်လွေ့၏စိတ်ထဲ၌ ချာချာလည်နေတော့သည်။ ခဏကြာပြီးနောက် သူ၏စိတ်ထဲ၌ အကြံအစည်း အများအပြား ပေါ်ထွက်လာသည်။ ၎င်းတို့ထဲမှ ရည်ရွယ်ချက် တစ်ခုသာ ရှိပြီး ၎င်းမှာ သိဒ္ဓိအလင်းတောင်သို့ ရောနှောဝင်ရောက်ရန် ဖြစ်ပေသည်။
ချန်လွေ့ ခဏစဉ်းစားပြီး နောက်ဆုံး၌ ဆုံးဖြတ်ချက် ချလိုက်သည်။ “ကောင်းပြီလေ။ နှစ်ဖက်စလုံးရဲ့ စိတ်ရင်းကို သက်သေပြဖို့အတွက် စာချုပ်တစ်ခုချုပ်ဖို့ လိုအပ်မယ်ထင်တယ်။”
“ပြဿနာ မရှိပါဘူး။” မာနက အလွန်ပျော်သွားခဲ့သည်။ ထိုအကြံပြုချက်ကြောင့် ဝတုတ်က လုံးဝ စိတ်သက်သာရာ ရသွားသည်။ လေကျားသစ်နှင့်သူ၏ “စာချုပ်” က စာချုပ် အစစ်အမှန် မဟုတ်ဘဲ ကျွန်ပြုအမှတ်အသား တစ်ခုသာ ဖြစ်သည်။ သူက လိုအပ်လျှင် ၎င်းကို ပယ်ဖျက်ရန်အတွက် သားရဲထိန်းကျောင်းသူတစ်ယောက်အား အထူးနည်းလမ်းတစ်ခုသုံးခိုင်းမည် ဖြစ်သည်။
ထို့နောက် ချန်လွေ့၏ “ကွင်းဆက်” စွမ်းအားနှင့်အတူ နှစ်ဖက်လုံးက တစ်ယောက်စီ၏ ပန်းတိုင်များ မရောက်မချင်း အချင်းချင်း အကူအညီပေးကြရန် ညီတူမျှတူစာချုပ် ချူပ်ဆိုခဲ့သည်။ စာချုပ် အသက်ဝင်ပြီးနောက် လူဝကြီးက ချန်လွေ့ကို ပို၍မြင့်မြင့် တွေးမိသွားသည်။ သူက စာချုပ် ခွင့်ပြုထားသော စည်းမျဉ်းများအတွင်း ရစ်ချက်အား မည်သို့ အပြည့်အဝ အသုံးချရမည်ကို စဉ်းစားနေလေသည်။ လိုအပ်လျှင် သူက တစ်ဖက်လူကို စတေးနိုင်မည် ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ ဖျက်ပစ်၍မရဟု ထင်ရသော စာချုပ်ကို ချန်လွေ့ အလွယ်တကူ ဖျက်ဆီးနိုင်ကြောင်း သူ မသိခဲ့ပေ။ ချန်လွေ့ကလည်း သူ့ကို လှည့်စားနေခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး စိတ်ထဲ၌ အကြံအမျိုးမျိုးနှင့်အတူ တစ်ပြိုင်နက်တည်း ရယ်လိုက်ကြလေသည်။
ထိုအချိန်၌ ဘုန်းတော်ကြီးတစ်ပါးက အပြေးရောက်လာသည်။ “ဆာ-သင်းအုပ်ဆရာ။ သတင်းဆိုးပဲ။ သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့က ကျောင်းတော်ကို ဝင်စီးပြီးတော့ လူစီအိုကို ဖမ်းထားတယ်။ ပြီးတော့ ဒီဧည့်သည်ကို ထုတ်ပေးဖို့ ခြိမ်းခြောက်နေတယ်။ ဂိုဏ်းထောက် ဘုန်းတော်ကြီး မာတီရာက ဆာ့ကို ချက်ချင်း သတင်းပို့ဖို့ လွှတ်လိုက်တာပါ။”
၎င်းက လွန်ခဲ့သော နာရီဝက်က ဖြစ်ခဲ့လျှင် ထိုကဲ့သို့ ပမွှားကိစ္စကို မာနာ လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။ သို့သော်လည်း ယခုတွင် အခြေအနေများက လုံးဝပြောင်းလဲသွားပြီ ဖြစ်သည့်အတွက် မာနက ချက်ချင်းပင် ဒေါသထွက်သော အမူအရာ ပြသလိုက်သည်။ “သောက် ကြေးစားအဖွဲ့။ ကျောင်းတော်မှာ လူတွေကို ဖမ်းရဲတယ်လား။ အဲဒါက ငါ့ရဲ့ ဧည့်သည်။ ငါ သည်းမခံနိုင်ဘူး။ သွားကြည့်ကြမယ်။”
ချန်လွေ့ အမြန်စဉ်းစားလိုက်ရသည်။ သူက နားထင်ကို ဖိပြီးနောက် ပင်ပန်းသော အမူအရာ ပြသသည်။ “မာနာ။ ကျုပ်က ခုနက ပစ္စည်းကို ရဖို့အတွက် စိတ်ဝိညာဉ်အများကြီး သုံးခဲ့ရတယ်။ ပြီးတော့လည်း ခုနကပဲ စာချုပ်စွမ်းအားကို သုံးခဲ့တာ။ ကျုပ် ခဏ နားရမယ်။ မဟုတ်ရင် ကျုပ်ရဲ့ စိတ်ဝိညာဉ်စွမ်းအား ထိခိုက်လိမ့်မယ်။ လူစီအိုက ကျုပ်ရဲ့ အစေခံ အသစ်ပဲ။ ဒီကိစ္စကို ခင်ဗျားဆီ လွှဲထားလိုက်ပြီနော်။”
“စိတ်မပူပါနဲ့။ ဒီလိုကိစ္စလေးတွေကို ငါ ဖြေရှင်းလိုက်မယ်။” မာနာက ရင်ဘတ်ကိုပုတ်ပြီး အာမခံကာ စိုးရိမ်လျက် ပြောလိုက်သည်။ “မင်း အခု ခန်းမကို သွားပြီးတော့ အားပြန်ဖြည့်နေဦး။ မင်းရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ်။”
ယခုတွင် ချန်လွေ့က မာနာ၏ ပူးပေါင်းဆောင်ရွက်သူဖြစ်ပြီး ရေဖျန်းဘုန်းတော်ကြီး ရော်ဂျာနှင့် ဆက်နွှယ်ရမယ့် အရေးပါသူတစ်ယောက် ဖြစ်သည်။ သူက မည်သည့် အန္တရာယ်မှ မဖြစ်သင့်ပေ။ အထူးသဖြင့် သားရဲထိန်းကျောင်းအစွမ်းနှင့် ပတ်သက်သော စိတ်ဝိညာဉ်စွမ်းအား ဖြစ်သည်။ သို့မဟုတ်ပါက အကြံအစည်ကို ထိခိုက်သွားခဲ့လျှင် မာနာ နောင်တရမိမည်ဖြစ်သည်။
“ဒိုရာ။ ငါ့မိတ်တွေကို ခန်းမမှာ အနားယူဖို့ ကူညီပေးလိုက်။”
ဘုန်းတော်ကြီးက ရှေ့တက်မည် ပြင်လိုက်ရာ ချန်လွေ့က ခေါင်းခါသည်။ “ရပါတယ်။ ကျုပ်ဘာသာ သွားလိုက်ပါ့မယ်။ ဒါပေမဲ့ အခုက စပြီးတော့ ကျုပ်ကို မနှောင့်ယှက်ပါနဲ့။”
“ကောင်းပြီလေ။ ဒိုရာ။ ခန်းမနားကို မသွားရဘူးလို့ အားလုံးကို ချက်ချင်း အမိန့်ပေးလိုက်။” မာနာက အမိန့်ပေးလိုက်ပြီးနောက် လေကျားသစ်နှင့်အတူ လျှောက်လမ်းသို့ လမ်းလျှောက် သွားလိုက်သည်။
ဘုန်းတော်ကြီး ဒိုရာက ချန်လွေ့နှင့် သင်းအုပ်ဆရာတို့၏ နီးစပ်သော ရင်းနှီးမှုကို အခေါ်အဝေါ်မှတစ်ဆင့် သတိထားမိသည်။ ထို့ကြောင့် သူ့ကို လျစ်လျူမရှုရဲပေ။ ချန်လွေ့က ခန်းမထဲသို့ ဝင်ပြီးနောက် သူက တံခါးကိုပိတ်ကာ အနှောင့်အယှက်များကို ကာကွယ်ရန်အတွက် အပြင်ဘက် လျှောက်လမ်း၌ စောင့်ကြပ်နေသည်။
ချန်လွေ့က ခန်းမထဲသို့ ဝင်လာပြီးနောက် ပင်ပန်းမှုများ ပျောက်ကွယ်သွားခဲ့သည်။ သူက ရှေ့မှ ယုံကြည်မှုစွမ်းအား ထုတ်လွှတ်နေသော အလင်းနတ်ဘုရားရုပ်ထုကို လေးလေးနက်နက် ကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူ၏ခန္ဓာကိုယ်မှ အငွေ့အသက်က မသိမသာ ပြောင်းလဲသွားသည်။ သူက နည်းလမ်းအားလုံးကို ကြိုးစားကြည့်နေဟန်တူသည်။
ရုတ်တရက် ချန်လွေ့၏ မျက်လုံးများ အရောက်တောက်သွား၏။ သူက စိတ်ကို စေစားလိုက်ရာ သူ့အရှေ့၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ထိုသူ၏ အသွင်အပြင်က ချန်လွေ့နှင့် အတူတူပင်ဖြစ်ပြီး မျက်လုံးများသာ သွေးနီရောင် ဖြစ်နေသည်။