ယုံကြည်မှု ခိုးယူခြင်း၊ [ကိုယ်ပွားခြင်း] ၏ စွမ်းရည်များ
Vol. 41 Ch. 635
ကျောင်းတော်ခန်းမထဲ၌ ကြေးစားအဖွဲ့တစ်ဖွဲ့ စောင့်နေကြသည်။ ခေါင်းဆောင်က သန့်ပြန့်သော အသွင်အပြင်ရှိပြီး ဆံပင်တိုတို၊ မုတ်ဆိတ်မရှိသော သက်လတ်ပိုင်း တစ်ယောက် ဖြစ်သည်။ သူက ငွေချိန်းကြိုးချပ်ကာကို ဝတ်ဆင်ထားပြီး နောက်ဘက်၌ ခရမ်းရောင် ဝတ်ရုံ ရှိသည်။ သူ၏မျက်လုံးများက အရောင်လက်နေ၏။ ထိုသူမှာ သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့ ခေါင်းဆောင်ဖြစ်သော ဒါဇ်ဝင် ဖြစ်လေသည်။
လူစီအိုက ဒါဇ်ဝင်နောက်ရှိ ကြေးစားတစ်ဦး၏ လက်ထဲ၌ ရှိနေသည်။ သူက အဖမ်းခံထားရသည်မှာ အသေအချာပင်။ ကျောင်းတော်နယ်မြေ ဖြစ်သည့်အတွက် ယခုအချိန်တွင် လှံသမားက ကြီးကြီးမားမား မခံစားခဲ့ရပေ။
“ဂိုဏ်းထောက်ဘုန်းတော်ကြီး မာတီရာ။” ဒါဇ်ဝင်က ရှေ့မှ ကျောင်းတော် ဂိုဏ်းထောက် ဘုန်းတော်ကြီးကို ပြောသည်။ “ဒီတစ်ခေါက် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးပါ။ ကျုပ် အနှောင့်အယှက် ဖြစ်စေခဲ့မိရင် ခွင့်လွှတ်ပေးစေချင်ပါတယ်။ နောက်ကျ ဗာနီလာ အရက်ဆိုင်မှာ ကောင်းကောင်းတိုက်ပါ့မယ်။”
မာတီရာ ပြုံးလိုက်သည်။ “ကိစ္စ မရှိပါဘူး။ ခေါင်းဆောင် ဒါဇ်ဝင်က ကျောင်းတော်နဲ့ အချိန်အကြာကြီး အဆက်အသွယ် ရှိခဲ့တာပဲ။ အားနာနေစရာ မလိုပါဘူး။”
ဒါဇ်ဝင် ခေါင်းညိတ်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ လူစီအိုကို ကြည့်လိုက်သည်။ သံမဏိဗုံးပျားဘုရင်မ ပုံဆောင်ခဲ လုယူခံခဲ့ရကြောင်း သတင်းရသောအခါ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ဒေါသ ဖြစ်သည်။ ထို့နောက် ထိုသတ္တိရှိသောသူက အမှိုက်ဟု ပျက်ရယ်ခံရသော လူစီအို ဖြစ်နေကြောင်း ကြားသည့်အခါ သူ အံ့အားသင့်သွားခဲ့သည်။
သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့က ဂူဒန်မြို့၌ အဆင့်မြင့်ဆုံးအဖွဲ့ ဖြစ်သည်။ ယခုတွင် သူတော်က တာဝန်ပစ္စည်း လုယက်ခံရပြီး လုယက်သူက ကြေးစားသမ္မဂထံ ပြောင်ပြောင် တင်းတင်းပင် တာဝန်ကို ပေးအပ်ခဲ့လေသည်။ ၎င်းမှာ သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့အား လူပုံအလယ်၌ ပါးရိုက်လိုက်ခြင်းပင် ဖြစ်လေသည်။
တာဝန်ကို လူစီအို အပ်လိုက်စဉ် ကြေးစားအများအပြား ရှိနေခဲ့သည်။ ထို့ကြောင့် ထိုကိစ္စက အလျင်အမြန် သတင်းပြန့်သွားခြင်း ဖြစ်သည်။
လူစီအိုက အဖွဲ့ဝင်နှစ်ယောက်ကို အရင်ကယ်ပြီး ပျားဘုရင်မ ပုံဆောင်ခဲကို လုယူခဲ့သော်လည်း မည်သို့ပင် ဆိုစေကာမူ သူတို့၏ ဂုဏ်သတင်းကို ပြန်အဖတ်ဆယ်ရပေမည်။ သူက ထိုအခွင့်အရေးကို အသုးချပြီး လူစီအိုကို အပြင်းအထန် ပညာပေးကာ အခြား ယှဉ်ပြိုင်သူများအားလည်း ဟန့်တားချင်နေသည်။ ထို့ကြောင့် လူစီအိုနှင့် အပေါင်းအပါတို့က မြို့ထဲရှိ သိဒ္ဓိကျောင်းတော်သို့ ဦးတည်နေကြောင်း ကြားသည့်အခါ သူ့လူများနှင့်အတူ ချက်ချင်း လိုက်သွားခဲ့လေသည်။
ဒါဇ်ဝင်က ဂိုဏ်းထောက်ဘုန်းတော်ကြီး မာတီရာ၏ မိတ်ဆွေ တစ်ယောက် ဖြစ်သည်။ သူက ကျောင်းတော် ဝန်ထမ်းများအား လိုက်ပို့ခဲ့ဖူးသည်။ ထို့ကြောင့် သူက သင်းအုပ်ဆရာ မာနာနှင့်လည်း ရင်းနှီးသည်။ အဆင့်အမြင့်ဆုံး ကြေးစားအဖွဲ့ ဖြစ်သည့်အလျောက် ယခုတွင် သူ ကိုယ်တိုင် ရောက်လာသည့်အတွက် သင်းအုပ်ဆရာ မာနာက သူ့ကို မျက်နှာသာပေးလိမ့်မည်ဟု ထင်ထားသည်။
ဒါဇ်ဝင်အား ဇဝေဇဝါ ဖြစ်သွားစေသည်မှာ သူ့ကို လူစီအို တွေ့သောအခါ အနည်းငယ်သာ အံ့အားသင့်သွားခြင်းပင်။ ထို့ကြောင့် လူစီအိုက မခုခံဘဲ အဖမ်းခံလိုက်သည်။ သူ၏ မျက်နှာ၌ ဂရုမစိုက်သော လှောင်ပြုံးတစ်ခု အမြဲပင် ရှိနေသည်။ သူ၏ပုံမှန် ယိုယွင်းသော အသွင်အပြင်နှင့် ယှဉ်လျှင် သူက လုံးဝ ပြောင်းလဲသွားဟန်တူသည်။
ထိုအချိန်၌ အတွင်းအခန်းထဲမှ ဒေါသထွက်နေသော အသံတစ်သံ ထွက်လာသည်။ “ဘယ်သူလဲ။ မင်းက ဒီလိုမျိုး ယုံကြည်မှု အထွတ်အမြတ်နေရာမှာ ပြဿနာ ရှာရဲတယ်လား။”
အကောင်ကြီးကြီး ပုံရိပ်တစ်ခုက အားလုံးအရှေ့၌ ပေါ်ထွက်လာသည်။ ထိူသူမှာ ဂူဒန်မြို့ သိဒ္ဓိကျောင်းတော်ကို တာဝန်ယူထားသော သင်းအုပ်ဆရာ မာနာ ဖြစ်လေသည်။
“ဆာ-သင်းအုပ်ဆရာ။” ဒါဇ်ဝင်က အနည်းငယ် ဦးညွှတ်လိုက်သည်။ “ကျုပ် ရိုင်းပြမိခဲ့ရင် ခွင့်လွှတ်ပေးပါ...”
သူ စကားပြောမပြီးသေးခင်မှာပင် မာနာ၏ အေးစက်စက် စကားများက ကြားဖြတ် ပြောလိုက်သည်။ “ဒါဇ်ဝင်။ မင်းက အတော်လေး အတင့်ရဲတာပဲ။ မင်းက အမြင့်မြတ်ဆုံး အလင်း ယုံကြည်မှုကို ပုတ်ခတ်ပြောဆိုရဲတယ်။”
သင်းအုပ်ဆရာ မာနာက ရောက်လာချင်းချင်း မိမိကို ထိုသို့ စွတ်စွဲလိမ့်မည်ဟု ဒါဇ်ဝင် မထင်ထားခဲ့ပေ။ သူက ချက်ချင်းပင် အနက်ရောင်အိတ်လေးတစ်လုံးကို ထုတ်လိုက်သည်။ “ကျုပ်တို့ ကြေးစားတွေက မသန့်စင်တဲ့ သူတွေပဲ။ ဆာ့ကို အာခံမိခဲ့ရင် ခွင့်ခွှတ်ပေးပါ။ ပျက်စီးခဲ့တာတွေအတွက် လျော်ကြေးအနည်းငယ်လေးကို လက်ခံပေးပါ။ ဆာ။”
အမှန်တကယ်၌ ကျောင်းတော်ရှိ မည်သည့်အရာကမှ မပျက်စီးသွားပေ။ ဝတုတ်၏ ပုံမှန် စိတ်အနေအထားအရဆိုရင် ထို “လျော်ကြေး”မှာ အကျိုးအမြတ်ထက် မပိုပေ။ ၎င်းမှာ ဝတုတ်ကို မျက်နှာသာပေးနေခြင်း ဖြစ်သည်။ ဟန်ဆောင်ချင်လျှင်ပင် အတိုင်းအတား ရှိသင့်ပေသည်။
မမျှော်လင့်ဘဲနှင့် ဝတုတ်က ထိုအိတ်ကိုပင် မကြည့်ဘဲ မျက်နှာက အရုပ်ဆိုးသွားခဲ့သည်။ “ဘာသဘောလဲ။ မင်းက တစ်သက်လုံး အလင်းယုံကြည်မှုကို မြှုပ်နှံထားတဲ့ ကျက်သရေဆောင် သင်းအုပ်ဆရာကို လာဘ်ထိုးချင်တာလား။ ငါမင်းကို ၁၀မိနစ် အချိန်ပေးမယ်။ ဒါကို ချက်ချင်း ပြန်ယူသွားပြီးနောက် လူစီအိုကို လွှတ်လိုက်၊ ပြီးရင် ဒီနေရာကနေ ထွက်သွား။ မဟုတ်လို့ကတော့ သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့ရဲ့ လုပ်ရပ်တွေက ကျောင်းတော်ကို တိုက်ခိုက်နေတယ်လို့ သတ်မှတ်ရလိမ့်မယ်။”
ဝတုတ်က အပြုအမူက ခက်ထန်လိမ့်မည်ဟု ဒါဇ်ဝင် မထင်ထားခဲ့ပေ။ သူက ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။ “ဆာ။ လူစီအိုနဲ့ သူ့အပေါင်းအပါက ကျုပ်ရဲ့ အဖွဲ့ဝင်တွေကို လုယက်ပြီးတော့ လိမ်ညာဟန်ဆောင်ပြီး တာဝန်အပ်ခဲ့တယ်။ ဒါက ကျုပ်အဖွဲ့ကို ကြီးကြီးမားမား ဆုံးရှုံးသွားစေတယ်။ ကျုပ် အခုပဲ သူနဲ့ အပေါင်းအပါကို ခေါ်သွားပြီးတော့...”
“မဟုတ်တာတွေ...” ဝတုတ်က သရော်ပြုံးပြုံးလိုက်သည်။ “ဘုန်းတော်ကြီး တစ်ပါးက မင်းတို့ အဖွဲ့ဝင်တွေကို လုယက်မှာလား။”
ထိုစကားများ ထွက်ပေါ်လာသောအခါ သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့နှင့် ဂိုဏ်းထောက် ဘုန်းတော်ကြီး မာတီရာသာမက လူစီအို ကိုယ်တိုင်ပင် ကြက်သေသေသွားခဲ့သည်။ ငါက ဘုန်းတော်ကြီးလား။
လှံသမား၏ တုံ့ပြန်မှု အမြန်နှုန်းက အတော်လေး ကောင်းမွန်လှသည်။ သူက ပါးနပ်စွာဖြင့် တိတ်ဆိတ်နေခဲ့သည်။ သခင်ကို မတွေ့ပေမဲ့ မာနာရဲ့ ခက်ထန်တဲ့ အပြုအမူကို မြင်ရတာတော့ သခင့်ရဲ့အကြံ အောင်မြင်သွားတဲ့ပုံပဲ။ သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့က သခင့်လို အဆင့်အထက် ပုရွက်ဆိတ်တွေပဲ။ ဒီဝတုတ်ကို ငါ လွှဲထားလိုက်တော့မယ်။
“ဆာ-မာနာ။ အားလုံး သိထားတဲ့အတိုင်း လူစီအိုက သာမန် ကြေးစား တစ်ယောက်ပါပဲ။ သူက ဘယ်တုန်းက ဘုန်းတော်ကြီး ဖြစ်သွားတာလဲ။” ဒါဇ်ဝင်က အံ့အားသင့်နေသော ဂိုဏ်းထောက် ဘုန်းတော်ကြီးကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “ဂိုဏ်းထောက် ဘုန်းတော်ကြီး မာတီရာ။ ဒီအကြောင်း သိလား။”
မာတီရာက ငတုံးတစ်ယောက် မဟုတ်ပေ။ သူက မာနာ၏ မူမမှန်သော အပြုအမူမှ သဲလွန်စများကို မြင်လိုက်ပြီး မျက်လုံးကစားကာ ပြောလိုက်သည်။ “ဝန်ထမ်း ခန့်အပ်တာကို ပုံမှန်ဆိုရင် ဆာ-သင်းအုပ်ဆရာ ကိုယ်တိုင်ပဲ လုပ်တာ။ ငါ့ကို ဂိုဏ်းထောက် ဘုန်းတော်ကြီး ကနေတစ်ဆင့် သွားဖို့ မလိုဘူး။”
မာနာ ခေါင်းညိတ်လိုက်ပြီး မာတီရာ၏ တုံ့ပြန်မှုကို ကျေနပ်နေသည်။ “လူစီအိုကို အလင်းက အမြဲတမ်း လှုံ့ဆော်ပေးနေခဲ့တာ။ သူက ဟိုးကတည်းက ကျောင်းတော်ကို လျို့ဝှက် ဝင်ရောက်ပြီးတော့ စုံစမ်းဖို့နဲ့ လုံခြုံရေးတွေအတွက် တာဝန်ယူထားတာ။ အခု သူက အလင်း မြင်းတပ်အလောင်းအလျာရဲ့ နောက်လိုက်တစ်ယောက်ဖြစ်လာလို့ ကံပိုကောင်းနေပြီ။ သူ့ရဲ့ နေရာက နိမ့်ပေမဲ့ အလင်းကို ကိုးကယ်တဲ့ တော်ဝင်မြင်စီးစစ်သည်တော်တစ်ယောက်ရဲ့ နောက်လိုက်က လုယက်ဖို့ မဖြစ်နိုင်ဘူး။ ဘုန်းတော်ကြီးကို မှားယွင်းစွပ်စွဲတာက ဘယ်လို ပြစ်မှုလဲဆိုတာကို ခေါင်းဆောင် ဒါဇ်ဝင်လည်း သိမယ်ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ဘုန်းတော်ကြီးက အပြစ်လုပ်ထားမယ်ဆိုရင်တောင် ကျောင်းတော်ကပဲ အပြစ်ပေးမယ်။ မင်းတို့ ကြေးစားတွေ မပြောနဲ့၊ အင်ပါယာက ဥပဒေတွေတောင် သူ့ကို ပြစ်ဒဏ်သတ်မှတ်လို့ မရဘူး။”
ထိုစကားများက ကြေးစားများအကြား၌ အုတ်အော်သောင်းသင်း ဖြစ်သွားစေသည်။ လူ အများအပြားများက ဒေါသထွက်နေကြသည်။ ဝတုတ်ဘေးမှ လေကျားသစ်ကလည်း ကြမ်းတမ်းသော စရိုက်လက္ခဏာ ရှိသည်။ ၎င်းက အခြေအနေကို မြင်သောအခါ ချက်ချင်းပင် ဟိန်းဟောက်လိုက်သည်။ ၎င်း၏ အမွှေးများ ထောင်သွား၏။ အမိန့်ပေးလိုက်လျှင် ၎င်းက ရှေ့သို့ ဝင်အုပ်မည် ဖြစ်သည်။ ၎င်းက ချန်လွေ့အရှေ့မှ ကြောင်တစ်ကောင်ကဲ့သို့ မဟုတ်တော့ပေ။
“ဒါဇ်ဝင်။ ငါ မေးချင်တယ်။ ကျောင်းတော်ကို မင်း ဓါးနဲ့ ချိန်ဖို့ မဆုံးဖြတ်ခင်က အကျိုးဆက်တွေ အားလုံးကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်ပြီလား။” မာနာက စစ်သည်တော် အဆင့်သို့ ရောက်ရုံသာရှိပြီး ကြေးစားအဖွဲ့၏ တိုက်ခိုက်ရေးစွမ်းအားကို အမှန်တကယ် ကြောက်ရွံ့သည်။ သို့သော်လည်း သူ၏အပြုအမူက တင်းမာနေသေးသည်။
“အားလုံး စိတ်လျှော့ကြ။” ဒါဇ်ဝင်က တင်းမာနေသော အခြေအနေကို ဖိနှိပ်ရန်အတွက် ကြောက်မက်ဖွယ်ရာဖိအားကို ထုတ်လွှတ်လိုက်သည်။ လေကျားသစ်က ချက်ချင်းပင် ဖိအားကို ခံစားလိုက်ရပြီး ပြင်းထန်သော သတိနှင့် ရန်လိုမှုကို ပြသနေသည်။
ဒါဇ်ဝင်က ပင့်သက်ရှိုက်ပြီး လူစီအိုကိုကြည့်ကာ ပြောလိုက်သည်။ “လူစီအိုက ကျောင်းတော်ကလူ ဆိုတော့ ဒီနေ့ ဖြစ်သွားတဲ့အထဲမှာ အထင်လွဲသွားတာ တစ်ခုခု ရှိရမယ်။ သတင်းမှားပို့ပြီးတော့ အနှောင့်အယှက်ဖြစ်စေတဲ့ အဖွဲ့ဝင်တွေကို ထိန်းသိမ်းထားလိုက်ပါ့မယ်။ ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ဆာ-သင်းအုပ်ဆရာ။”
ကျောင်းတော်ကို တိုက်ခိုက်ခြင်းက အလွန်ပင် ဆိုးဝါးသော ပြစ်မှုတစ်ခုဖြစ်သည်။ အချေအတင် ဖြစ်ပွားသည်နှင့် လူစီအိုနှင့်အပေါင်းအပါကို ယနေ့ သူတို့ ဖမ်းနိုင်သည့်တင် အလင်းစစ်သည်တော်များ လိုက်ဖမ်းခြင်းကို ခံရပေမည်။ ထိုသို့ဆိုလျှင် ကြေးစားအဖွဲ့သာမက သူတို့၏ မိသားစုများပင် အန္တရာယ် ကျရောက်ပေလိမ့်မည် ဖြစ်သည်။
သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့၏ အင်အားက သိဒ္ဓိကျောင်းတော်အရှေ့၌ ပမွှားမျှသာ ဖြစ်သည်။ အလွယ်တကူ ရှင်းထုတ်ပစ်နိုင်၏။
သူတို့က လူစီအို၏ ကိစ္စကို အပြစ်ရှာနေခြင်းသာ ဖြစ်သည်။ သေရေးရှင်ရေး ကိစ္စနှင့် ရင်ဆိုင်လာရသောအခါ အခြားသူများကို သတိပေးခြင်းနှင့် ဂုဏ်သိက္ခာတို့ကို ဘေးဖယ်ထားရမည် ဖြစ်သည်။ သူတို့က ထိုစွန့်စားမှုကို မလုပ်နိုင်ပေ။
ဒါဇ်ဝင် အမိန့်ပေးလိုက်ရာ လူစီအို လွတ်သွားသည်။ လှံသမား၏ အသွင်အပြင်က အလွန်ပင် တည်ငြိမ်နေပြီး ‘မင်းတို့ ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ အမှတ်များများ ရအောင် ငါ တိတ်တိတ်လေး တိုက်ခိုက်နေတာ’ ဟူသော အမူအကျင့် ရှိနေသည်။
ဒါဇ်ဝင်က အနည်းငယ် အံ့အားသင့်သွားသည်။ ဒီလို ယိုယွင်းနေတဲ့ “အမှိုက်လှံ”က ဘာဖြစ်သွားလဲတော့ မသိဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူက အရင်လို လူစီအို မဟုတ်တော့ဘူး။
သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့က ကျောင်းတော်မှ ဒေါသတကြီး ထွက်သွားသည်။ လူစီအိုက မာနာအား အလျင်အမြန် ကျေးဇူးတင်လိုက်ပြီး မာနာကလည်း လှံသမားကို အားပေးသည့်သဘောဖြင့် ပုခုံးကို ပုတ်လိုက်ကာ စိတ်ထဲ၌ တွေးနေသည်။ ဒီရလာဒ်က ငါ့ လုပ်ဖော်ကိုင်ဖက်ကို ကျေနပ်စေလောက်တယ်။ ရစ်ချက်ရဲ့ စိတ်ဝိညာဉ်စွမ်းအား ဘယ်လောက် ပြန်ပြည့်သွားပြီလဲ မသိဘူး။
မာနာက သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့ကို ရင်ဆိုင်နေစဉ် ချန်လွေ့က ဆုတောင်းခန်းမ၌ မယုံနိုင်စရာ ပြောင်းလဲမှုတစ်ခု ဖြစ်နေသည်ကို မသိခဲ့ပေ။
ချန်လွေ့ အရှေ့၌ ရှိနေသည်မှာ သူ့ကို ပြဿနာရှာနေခဲ့သော ရန်သူတော်ဟောင်း အသူရာ ဖြစ်ပြီး ယခုတွင် အသူရာက ထူးဆန်းသော တည်ရှိမှု [ ကိုယ်ပွား ] ဖြစ်သွားလေပြီ။
ဓူဝံကြယ်ဧကရာဇ်သို့ ဆင့်ကဲပြောင်းလဲပြီးနောက် ချန်လွေ့က ယခုမှ [ ကိုယ်ပွားခြင်း ] ကို အသုံးပြုဖူးခြင်း ဖြစ်သည်။ ၎င်းက စူပါစနစ်ကြောင့် မဟုတ်သည့်အတွက် စူပါစနစ်က “အမည်မသိ” ဟူ၍သာ အချက်ပြသည်။
အသက်သွင်းပြီးနောက် ချန်လွေ့၏စိတ်ထဲ၌ ကိုယ်ပွား၏ ဝိသေသလက္ခဏာများ ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုကိုယ်ပွားက မူလခန္ဓာ၏ မိတ္တူဖြစ်ပြီး သီးသန့် အသိစိတ် ရှိနိုင်သည်။ သို့သော်လည်း သူ့ကို မူလခန္ဓာက လုံးဝ ထိန်းချုပ်ပြီး လွတ်လွတ်လပ်လပ် ပယ်ဖျက်၍ ရနိုင်သည်။ အကယ်၍ ကိုယ်ပွားက မတော်တဆ သေသွားခဲ့လျှင် သက်ဆိုင်ရာ အချိန်နှင့် ယုံကြည်မှုစွမ်းအား အသုံးပြုပြီးနောက် ပြန်လည်မွေးဖွားလာနိုင်မည် ဖြစ်သည်။
ကိုယ်ပွား၏ ခွန်အားနှင့် ဂုဏ်သတ္တိများက ချန်လွေ့နှင့် အတူတူပင် ဖြစ်သည်။ အားလုံးက S+ အဆင့်ဖြစ်ကာ စိတ်ဝိညာဉ်စွမ်းအားက S++ ဖြစ်သော်လည်း အသူရာကဲ့သို့ စူပါစနစ်၏ အစွမ်းအားလုံး ရှိမနေပေ။ ကိုယ်ပွားတွင် အသူရာ၏ သီးသန့်စွမ်းအားများ ဖြစ်သော [ စူပါနိုဗာပေါက်ကွဲခြင်း ] ၊ အစွမ်းတန်ပြန်ခြင်း၊ ဝါးမျိုခြင်းစွမ်းအား၊ တံလျှပ်မှော်စွမ်းအား၊ မသေမျိုးစွမ်းအား စသဖြင့် ရှိသည်။ ထို့အပြင် ချန်လွေ့အတွက် အထူးခြားဆုံးသော နောက်ထပ် စွမ်းအားတစ်မျိုးဖြစ်သည့် ဟဲရာဘီးလည်း ရှိနေသည်။
ယခုတွင် ဟဲရာဘီး၏ နိမိတ်ပုံရိပ်များက အလင်းနတ်ဘုရား ရုပ်ထုပတ်ပတ်လည်၌ ပေါ်ထွက်လာသည်။ အောက်တွင် ရှေးကျသည့် ပုံစံကွက်များ အပြည့်ရှိသော အပြားတစ်ခု ရှိနေ၏။ အပြားပေါ်၌ အမြင့်အမျိုးမျိုးရှိသော တိုင်လုံးများ ရှိနေသည်။ နေရာလွတ် တစ်ခုလုံးက ဆန်းကြယ်သော အားစက်ကွင်းများ ပြည့်နေတော့သည်။
အသူရာက ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး သွေးအလင်းရောင်အဖြစ် ပြောင်းလဲသွားကာ အလင်းနတ်ဘုရားရုပ်ထုကို ရစ်ပတ်သည်။
အလင်းနတ်ဘုရားရုပ်ထုထံ သွေးအလင်းရောင် စတင်စိမ့်ဝင်နေစဉ် ပြင်းထန်သော တွန်းကန်အားတစ်ခုနှင့် ရုတ်တရက် ရင်ဆိုင်ရသည်။ လှိုင်းတွန့်များက သွေးအလင်းရောင်မှ ပေါ်ထွက်လာသည်။ ထိုအချိန်၌ ဟဲရာဘီး၏ တိုင်လုံးများပေါ်၌ မှော်စာများ ပေါ်ထွက်လာသည်။ အောက်ဘက်မှ အပြားကလည်း စတင်လည်ပတ်လာသည်။ ၎င်း လှည့်ပတ်သွားတိုင်း သွေး အလင်းရောင်က အနည်းငယ် ပို၍ ဖောက်ဝင်သွားသည်။
တဖြည်းဖြည်းနှင့် အလင်းနတ်ဘုရားရုပ်ထု ထုတ်လွှတ်သော တွန်းအားကို သွေး အလင်းရောင်က လက်ခံနိုင်လာသည်။ အလင်းနတ်ဘုရား၏ မူလက ဝေဝါးဝါး မျက်နှာသွင်ပြင် ပေါ်၌လည်း နိမိတ်ပုံရိပ်အလွှာတစ်ခု ရှိနေသည်။ နိမိတ်ပုံရိပ်က တွန့်ရှုံ့သွားပြီး တဖြည်းဖြည်းနှင့် ချန်လွေ့၏ အသွင်အပြင်လည်းဖြစ်သော အသူရာ၏ မျက်နှာ ဖြစ်လာသည်။
ထို့နောက် ချန်လွေ့က ဟဲရာဘီးထံမှ အသူရာ၏ခန္ဓာကိုယ်ထဲ စီးဆင်းလာသော သန့်စင်သည့် စွမ်းအားကို ခံစားမိလိုက်သည်။ ဒါက ..... ယုံကြည်မှုစွမ်းအားပဲ။
ထိုယုံကြည်မှုစွမ်းအားမှာ စူပါစနစ်ထဲပ ချန်လွေ့ ခံစားခဲ့ရေသာ ယုံကြည်မှုနှင့် ကွဲပြားသည်။ ၎င်းကို တိုက်ရိုက် စုပ်ယူ၍ မရလောက်ပေ။ သို့သော်လည်း ထိုအချိန်၌ မယုံနိုင်စရာ အရာတစ်ခု ဖြစ်သွားသည်။ အသူရာ၏ သွေးအလင်းရောင် လက်ခနဲ ဖြစ်လာပြီး အလင်းနတ်ဘုရား၏ ယုံကြည်မှုစွမ်းအားက ပြိုကွဲကာ ချန်လွေ့၏ခန္ဓာကိုယ်ထဲ ပြောင်းလဲ ရောက်ရှိလာသည်။ စူပါစနစ်ထဲရှိ ယုံကြည်မှုသလင်းကျောက် အမြန်နှုန်းက ရုတ်တရက် နှစ်ဆတိုးသွား၏။
အသူရာက အလင်းနတ်ဘုရားထဲ၌ သိုလှောင်ထားသော ယုံကြည်မှုကို ပြောင်းလဲပေးသော အရာနှင့် ညီမျှပေသည်။ သူက ၎င်းကို အမြုတေအဖြစ် သန့်စင်သည်။ ထို့နောက် ၎င်းကို ချန်လွေ့ စုပ်ယူ၍ ရနိုင်ငသည့် ယုံကြည်မှုစွမ်းအားအဖြစ် ပြောင်းလဲကာ စူပါစနစ်ထံ ပြောင်းလဲပို့ဆောင်ပေးသည်။
အလင်းနတ်ဘုရား၏ ယုံကြည်မှုစွမ်းအားကို အသူရာ စုပ်ယူသော အမြန်နှုန်းနှင့် အရည်အသွေးကိုယှဉ်လျှင် ပြောင်းလဲသွားပြီးနောက် စုပ်ယူနှုန်းက အတော်လေး နှေးကွေးသော်လည်း ၎င်းက ချန်လွေ့ကို အလွန်ပျော်ရွှင်ရန် လုံလောက်သည်။
အသူရာက တကယ်ပဲ ယုံကြည်မှုစွမ်းအားကို ခိုးယူပြီးတော့ ပြောင်းလဲနိုင်တယ်။
ဒီလိုဆိုရင် ယုံကြည်မှုသလင်းကျောက် ၁၀သိန်းရဖို့က မဖြစ်နိုင်တာကနေ ဖြစ်နိုင်တာ ဖြစ်သွားပြီ။