ပြန်လည်ဆုံတွေ့ခြင်း
Vol. 41 Ch. 639
လူနှစ်ယောက်အရှေ့၌ အလွန်ကြီးမားသော အလင်းရောင် အမှတ်အသား တစ်ခုက မှော်စက်ဝိုင်းများ ထပ်နေသကဲ့သို့ပင် ပေါ်ထွက်လာသည်။ ထိုမှော်စက်ဝိုင်းထဲရှိ မရေမတွက်နိုင်သော လင်းလက်နေသည့် အစက်များ လွင့်ပျံနေ၏။ ထိုအလင်းစက်များက အလျင်အမြန်ပင် လျို့ဝှက်ဆန်းကြယ်သော နည်းလမ်းတစ်ခုဖြင့် တစ်ခုနှင့်တစ်ခု ဆက်သွားပြီး အလင်းရောင် အမှတ်အသား ပတ်ပတ်လည်၌ အင်အားကောင်းသော ဖျက်ဆီးခြင်း စွမ်းအားတစ်ခု ဖြစ်လာစေကာ ပတ်ပတ်လည်သို့ ချက်ချင်း ပျံ့နှံ့သွားတော့သည်။
ပြင်းထန်သော အလင်းရောင်က တောအုပ်ကို လွှမ်းခြုံထားသော မြူကိုဖြတ်ကာ တောက်ပနေသည်။ ထိုနှစ်ယောက်က အော်ချိန်ပင်မရဘဲ တလက်လက် အလင်းရောင်ထဲ၌ ပြာအတိ ပြောင်းသွားခဲ့သည်။
ထိန်းချုပ်မှု မရှိတော့သော ထိုအမှောင်မှော်စက်ဝိုင်းများက တဖြည်းဖြည်းနှင့် သက်ရောက်မှု မရှိတော့ပေ။ တစ်ချိန်တည်းမှာပင် အားလုံးကို ချုပ်တည်းထားသော ထူးဆန်းသည့် စွမ်းအားကလည်း ကွယ်ပျောက်သွားသည်။
တောအုပ်ထဲ၌ ထိုအသံ ထွက်ပေါ်လာသောအခါ သံမဏိဒိုင်းကာ ကြေးစားအဖွဲ့ဝင် အားလုံးက တညီတညာတည်း စိတ်လှုပ်ရှားသော အမူအရာများ ပြသလိုက်ကြသည်။
တောအုပ်ထဲ၌ ချန်လွေ့က ပြတ်သားသော အပြုံးတစ်ခု ပြသလိုက်သည်။ စိတ်ဝိညာဉ် ကွင်းဆက်၏ အာရုံခံ မပါဘဲနှင့်ပင် ထိုသူကို [ မိုးသောက်ကွယ်ပျောက် ] တည်းဖြင့် မည်သူမှန်း ချန်လွေ့ သိနိုင်ပေသည်။
ဒီအကွက်ကို တစ်နေရာရာမှာ ငါတွေ့ဖူးတယ်။ အတိအကျ ပြောရရင်တော့ ငါကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်။
အဲဒီနေရာက...လိပ်ပြာနီနယ်မြေက မိုလင်မြို့မှာပဲ။
အမှောင်မှော်ပညာရှင် နှစ်ယောက်ကို ချေမှုန်းလိုက်သူက ပိန်ပိန်ပါးပါး ဖြစ်သည်။ သူက ဆံပင်အညိုရောင်ရှိပြီး အဖြူရောင်ချပ်ကာ ဝတ်ဆင်ထားကာ မျက်လုံးအပြာရှိသည်။ လက်ထဲ၌ ဓားရှည်တစ်လက်လည်း ကိုင်ထား၏။ ထိုသူက ရှေ့ဆက်ရန်ပြင်လိုက်စဉ် သူ့ရှေ့၌ နောက်ကျောခိုင်းထားသော လူတစ်ယောက် တိတ်တိတ်လေး ရောက်နေသည်ကို မြင်လိုက်ရာ မျက်မှောင်ကြုတ်သွားခဲ့သည်။
ဒီလူ ဘယ်တုန်းက ရောက်လာတာလဲ။ ငါ ဘာမှ သတိမထားမိခဲ့ဘူး။ သူ့နောက်ဘက်က ထုတ်လွှတ်နေတဲ့ အငွေ့အသက်က အနိမ့်ဆုံး စစ်သည်တော်အဆင့် ဖြစ်ပေမဲ့ သူ့စွမ်းအားက ငါ့ရဲ့ [ အစစ်အမှန်မျက်လုံး ] ထဲမှာ ပြိုင်စံရှားပဲ။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌ ပြင်းပြသော စိုးရိမ်စိတ်တစ်ခု လှိမ့်တက်လာသည်။ သူ့ရဲ့ စွမ်းအားက ဧကန္တ....
သူက လက်ထဲမှ ဓားရှည်ကို တင်းတင်းကြပ်ကြပ်ကိုင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအားကို အသက်သွင်းရန် ပြင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျောခိုင်းထားသူက ခေါင်းလှည့်လိုက်ရာ ထိုသူနှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။
ဓားကိုင်ထားသူက အပြင်းအထန် တုန်လှုပ်သွား၏။ သူ၏ ရန်လိုမှု လုံးဝ ပျောက်ကွယ်သွားပြီး မယုံနိုင်စရာလူကို မြင်နေရသကဲ့သို့ပင် မှုန်ဝါးဝါး အလင်းရောင်များက အစားထိုးသွားသည်။
“မတွေ့ရတာ ကြာပြီနောက်။ ဆမ်မြူရယ်။” ချန်လွေ့က ပြုံးရင်း ပြောကာ ခေါင်းညိတ်လိုက်သည်။ “လိပ်ပြာနီမြို့မှာ လေ့ကျင့်တာက အတော်လေး အောင်မြင်ခဲ့တဲ့ပုံပဲ။ မင်းရဲ့စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့်ကိုတောင် ရောက်နေပြီ။ အမ်..ဒီမှာတော့ သူတော်စင်အဆင့်လို့ ခေါ်မယ်ထင်တယ်။ သက်လုံ မလုံလောက်တဲ့ အားနည်းချက်ကိုလည်း ဖြည့်တင်းပြီးသွားတဲ့ပုံပဲ။ သိပ်ကောင်းတယ်။”
ထိုသူက နတ်ဆိုးဘုံ၌ ချန်လွေ့ ပထမဆုံး တွေ့ခဲ့ရသော လူသားဖြစ်ပြီး သူ့ထံ သစ္စာဆိုထားသော နဂါးလင်းလက် အင်ပါယာမှ ငွေစစ်သည်တော် ဆမ်မြူရယ်ခမ့်လော့ ဖြစ်ပေသည်။
ဆမ်မြူရယ်က ဇနီးလောင်းကို ပြန်လည်ရရှိရန်အတွက် ပိုမိုအစွမ်းထက်လာရန် နတ်ဆိုးဘုံသို့ သွားခဲ့ခြင်း ဖြစ်ပြီး သူက အကြောင်းတိုင်ဆိုင်စွာ ချန်လွေ့နှင့် တွေ့ခဲ့ရသည်။ ထို့နောက် ချန်လွေ့က မိမိ၏ [ ကောင်းချီးအလင်းခန္ဓာ ] နှင့် မင်းသားဂုဏ်ပုဒ်ကို သိရှိခဲ့သည်။ ရံပုံငွေ အလိမ်ပညာ ပြုလုပ်နေစဉ်က ဆမ်မြူရယ်က ကနဦးအခြေအနေ၌ အဓိကနေရာ ပါဝင်ခဲ့သည်။ ချန်လွေ့က ဆမ်မြူရယ်၏ “အစ်ကို” ချာလီစ်ဟူသော လူသားသရုပ်ကို အသုံးပြုကာ အိုဆိုင်ဒန်၊ ဂျို့ရှ် နှင့် အခြားသူများကို လိမ်ညာခဲ့သည်။
နောက်ဆုံး၌ ဆမ်မြူရယ်က လိပ်ပြာနီနယ်မြေ၏ လော့ဒ်-ဂျို့ရှ် လက်အောက်၌ မဟာနတ်ဆိုးဘုရင်အဆင့်မှ နတ်ဆိုးဧကရာဇ်အဆင့်သို့ အောင်အောင်မြင်မြင် ရောက်ရှိသွားခဲ့သည်။ ထို့နောက် သူက နေရာလွတ်မျိုးစေ့ကို အသက်သွင်းကာ နတ်ဆိုးဘုံမှ ထွက်သွားခဲ့သည်။ လူသားလောကသို့ ရောက်လာပြီးနောက် ချန်လွေ့က ဆမ်မြူရယ်နှင့် အဆက်အသွယ် ရရှိရန် တွေးကြည့်ခဲ့သော်လည်း ယခုလောက်မြန်မြန် တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ချန်လွေ့နှင့် ဆမ်မြူရယ်လို့ ပထမဆုံးအကြိမ် တွေ့သောအခါ သူက ထိုမြေကမ္ဘာမှ အိုတာခုမျက်နှာကို အသုံးပြုခဲ့သော်လည်း မျက်နှာဆင်တူသူ များစွာ ရှိသည်။ ဆမ်မြူရယ်က အစပိုင်း၌ မယုံကြည်ရဲပေ။ သို့သော်လည်း ထိုစကားများ ထွက်လာသည်နှင့် သံသရ လုံးဝ မရှိတော့ပေ။ သူက စိတ်လှုပ်ရှားလျက် ဒူးတစ်ဖက် ထောက်လိုက်သည်။ “အလင်းနတ်ဘုရား။ တကယ် အရှင်မင်သား အာသာပဲ။ အရှင်မင်းသား နောက်ဆုံးတော့ ပြန်ရောက်လာပြီ။”
ထိုစဉ်က အရှင်မင်းသာ အလေးအနက် ပြောခဲ့သော စကားများက ဆမ်မြူရယ်နားထဲ၌ ပဲ့တင်ထင်နေဟန်တူသည်။ “အခု ငါက ကိုယ့်ကံကြမ္မာကို ထိန်းချုပ်နိုင်တဲ့အထိ လုံလုံလောက်လောက် အစွမ်းအထက်သေးဘူး။ ငါ့ရဲ့စွမ်းအား လုံလောက်တဲ့အခါ အဲဒီရန်သူတွေ အရှေ့မှာ အထက်စီးကနေပြီးတော့ ပေါ်ထွက်လာမယ်။ သူတို့ရဲ့ ကြောက်လန့်နေတဲ့ အကြည့်အောက်မှာ ငါပိုင်ဆိုင်တဲ့ အရာအားလုံးကို ပြန်ယူမယ်။ မင်းရောပဲ။ သဘောပေါက်လား။”
ထိုစကားများက ဆမ်မြူရယ်က လုံးဝ စိတ်အားတက်ကြွစေခဲ့သည်။ သူ အဆင့်တက်ခဲ့သော အန္တရာယ်အများဆုံး အခြေအနေမှာပင် သူ၏မသိစိတ်ထဲ၌ ထိုစကားများ ပေါ်ထွက်လာခဲ့သည်။ ၎င်းက သူ့ကို ဆရာသခင်အဆင့် အတားအဆီးအား ကျော်လွန်စေနိုင်ခဲ့ပြီး သူတော်စင်အဆင့်သို့ တစ်ခါတည်း ရောက်ရှိသွားစေခဲ့သည်။
“အရှင်မင်းအားက အန္တရာယ်များတဲ့ နတ်ဆိုးဘုံမှာ မတုံ့မဆိုင်းဘဲ နေခဲ့ပြီးတော့ ကိုယ့်ကိုယ်ကိုယ် စွမ်းအားတိုးတက်ဖို့အတွက် တိုက်ပွဲတွေ၊ ဗျူဟာတွေ အသုံးပြုခဲ့တယ်။ အခု လူသားလောကဆီ ပြန်လာပြီးဆိုတော့ ပိုင်ဆိုင်တဲ့ အရာအားလုံးကို ပြန်ယူတော့မှာလား။”
ငွေမြင်စီးစစ်သည်တော်၏ မီးတောက်နေသော မျက်လုံးများကို မြင်သည့်အခါ ချန်လွေ့က ပြောစရာ မဲ့သွားခဲ့သည်။ သူက ယခုတစ်ခေါက် ပြန်လာခြင်းမှာ မတော်တဆဖြစ်ပြီး နတ်ဆိုးဘုံသို့ ပြန်သွားရမည်ကြောင်း ပြော၍ မရနိုင်ပေ။ ခဏကြာ ပြောစရာမဲ့နေပြီးနောက် သူက ခေါင်းခါသည်။ “ဒီအကြောင်း ခဏ ဘေးဖယ်ထားဦး။ မင်း ငါ့ကို ရစ်ချက်လို့ ခေါ်သင့်တယ်...”
သစ်တောထဲ၌ အမှောင်ထုကို ချေမှုန်းလိုက်သော တလက်လက် အလင်းရောင်က တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ နွေးထွေးသော နေရောင်က ပေါင်းမိုးအက်ကြောင်းမှ လင်းလာပြီး အလင်းရောင်ခြည်တစ်ခု ဖြစ်သွားသည်။
အားလုံးအရှေံ၌ အလင်းရောင်ခြည် လွှမ်းမိုးနေသော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
သံမဏိဒိုင်းကာ ကြေးစားအဖွဲ့ဝင်များက စိတ်လှုပ်ရှားစွာဖြင့် စုစည်လိုက်ပြီး သြဘာ ပေးလိုက်ကြသည်။
“လက်ထောက်ခေါင်းဆောင်...”
“အဲဒီအကွက်က တကယ် အစွမ်းထက်တယ်။ အမှောင်စွမ်းအားတွေ မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားတာ။”
“လက်ထောင်ခေါင်းဆောင်နဲ့ဆိုရင် ရန်သူက ဘယ်လောက်ပဲ အစွမ်းထက်ထက်၊ မကြောက်တော့ဘူး။”
ဆမ်မြူရယ်က အားလုံးကို တစ်ယောက်ချင်း နှုတ်ဆက်လိုက်သည်။ သူက ခေါင်းလှည့်ပြီး အီနာနှင့် အကြည့်ချင်း ဆုံသွားသောအခါ ပြုံးပြသည်။ “ကျုပ် ပြန်ရောက်ပါပြီ။ ခေါင်းဆောင်။”
အီနာ၏မျက်လုံးထဲ၌ ထူးဆန်းသော အကြည့်တစ်ခု ပေါ်ထွက်လာပြီး ပြန်ပြုံးပြသည်။ “လက်ထောက်ခေါင်းဆောင်က ကျွန်မထက် ပိုပြီးတော့ ရေပန်းစားတဲ့ပုံပဲ။ ရှင် ခေါင်းဆောင် လုပ်လိုက်တာ ပိုကောင်းမယ်။”
“ကျုပ်က ယာယီ လက်ထောက်ခေါင်းဆောင်ပါပဲ။” ဆမ်မြူရယ်က ခေါင်းခါသည်။ “ကျုပ်တို့ အစက သဘောတူထားသလိုပဲလေ။ ဒါနဲ့ ဘယ်လို ရန်သူမျိုးနဲ့ တွေ့တာလဲ။ လမ်းမှာ အကူအညီတောင်းတဲ့ အမှတ်အသားကို တွေ့လို့ ချက်ချင်း အပြေးလာခဲ့တာ။”
“ယာယီ”ဟူသော စကားကို ကြားသည့်အခါ အီနာ၏ အမူအရာက သုန်မှုန်သွားသည်။ သို့သော်လည်း ခဏအကြာ သူက မူလအတိုင်း ပြန်ဖြစ်သွားပြီး ဓားမြှောင်ညီအစ်ကိုအဖွဲ့ အကြောင်း ပြောပြသည်။
ဆမ်မြူရယ်က သင်းအုပ်ဆရာကို ကြည့်လိုက်သည်။ “သူတို့က ဒီတစ်ခေါက် လိုက်ပို့ဆောင်ရမယ့် သူတွေလား။”
“ဟုတ်တယ်။ သင်းအုပ်ဆရာ မာနာကိုတော့ ရှင်သိမှာပါ။ ပြီးတော့ အဲဒီ....” အီနာ ခေါင်းညိတ်သည်။ သူက သင်းအုပ်ဆရာ အနားမှ ချန်လွေ့ကို ရုတ်တရက် မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ “ရစ်ချက်။ ရှင် ဘယ်သွားတာလဲ။”
“ငါက မင်းတို့အားလုံးနဲ့ တစ်ချိန်လုံး ရှိနေတာလေ။” ချန်လွေ့ ပုခုံးတွန့်လိုက်သည်။ “ခုနက အမှောင်အငွေ့အသက်က တကယ် ကြောက်စရာကောင်းတယ်။ ငါ့ရဲ့ စွမ်းအားအကုန်လုံး ကုန်ခမ်းလုနီးပါး ဖြစ်ခဲ့တယ်။ ကံကောင်းချင်တော့ အဲဒီ ..အဲ...မင်းတို့ရဲ့ လက်ထောက်ခေါင်းဆောင် ရောက်လာခဲ့တယ်။ မဟုတ်ရင် ငါတို့အားလုံး သေသွားလောက်ပြီ။”
“တကယ်ပဲလား။” အီနာက မယုံကြည်သော အမူအရာ ပြသလိုက်သည်။ “ကျွန်မ ရှင့်ကို ဘာလို့ မတွေ့တာလဲ။”
“ငါက သာမန်လိုပဲဆိုတော့ ပျောက်နေတာနေမယ်။ ပြီးတော့လည်း ငါက သူနဲံ နောက်မှာပဲ နေနေတာ။” ထိုသို့ပြောပြီးနောက် ချန်လွေ့က လေကျားသစ်ကို ခေါင်းပုတ်လိုက်သည်။ ကြောက်မက်ဖွယ်ရာ လေကျားသစ်က ယဉ်ပါးသော ကြောင်တစ်ကောင်ကဲ့သို့ပင် ချန်လွေ့၏ ခြေထောက်ကို ပွတ်သပ်နေ၏။
အီနာက ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ ခုနက “ရစ်ချက်”ကြောင့်သာ မဟုတ်လျှင် သူတို့အားလုံးက မြွေပွေးများ တိုက်ခိုက်မှုကြောင့် ကျသွားပြီ ဖြစ်သည်။ ထိုသူ မည်သို့နေရာ ရောက်နေကြောင်းက အနည်းငယ် ထူးဆန်းနေသော်လည်း မည်သို့ပင်ဆိုစေကာမူ သူက အလုပ်ရှင်တစ်ယောက် ဖြစ်သည်။ လူတိုင်းတွင် လျို့ဝှက်ချက်များ ရှိသည့်အတွက် အီနာက ဆက်မမေးတော့ပေ။
တစ်ဖက်မှ မာနာက ဆမ်မြူရယ်၏ စွမ်းအားကြောင့် အံ့အားသင့်သွားသည်။ သံမဏိဒိုင်းကာ ကြေးစားအဖွဲ့က လက်ထောက်ခေါင်းဆောင်က အသစ်ခန့်ထားတဲ့ပုံပဲ။ သူက အမြဲတမ်း သိုသိုသိပ်သိပ်နေတယ်။ သူက ဒီလိုမျိုး တိုက်ခိုက်ရေးစွမ်းအား ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူက သိဒ္ဓိငှက်တောင် ကြေးစားအဖွဲ့က ဒါဇ်ဝင်ကိုတောင် ယှဉ်လို့ ရနိုင်တယ်။
သင်းအုပ်ဆရာက ခုနက တောအုပ်ထဲမှ ကြောက်မက်ဖွယ်ရာ ခံစားချက်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ သူက အိပ်မက်ဆိုးများ နောက်တစ်ကြိမ် ပြန်မဖြစ်ရန်အတွက် ခရီးပန်းတိုင်သို့ အမြန်ရောက်ချင်နေသည်။ သူက အမြန်ပြောလိုက်သည်။ “ငါတို့မှာ အခု စီးစရာရော၊ လှည်းရော မရှိတော့ဘူး။ အဲဒါကြောင့် ခရီးက နှောင့်နှေးမှာ အသေအချာပဲ။ ငါတို့ ဘာလုပ်ကြမလဲ။”
လူသားလောကမှ လူသားအများစုက အလင်းနတ်ဘုရားကို ယုံကြည်ကြသော်လည်း နေရှိသော နေရာတိုင်း လရှိနေမည် ဖြစ်သည်။ ထို့ပြင် နေ့နှင့်ညလည်း ရှိနေပေမည်။ သိဒ္ဓိကျောင်းတော်သည်ပင် “အမှောင်ထု”တည်ရှိမှုကို လုံးဝ မငြင်းပယ်နိုင်ပေ။ အထူးသဖြင့် လုပ်ကြံသူများနှင့် သူခိုးဓားပြကဲ့သို့ အလုပ်များက အမှောင်ဒြပ်စင်စွမ်းအားများဖြင့် ဆက်နွှယ်နေမည်မှာ အသေအချာပင်။ သိဒ္ဓိကျောင်းတော်က ၎င်းကို မျက်ကွယ်ပြုထား၏။ သူတို့က အမှောင်ထုကို သေးသိမ်အောင် ပြုလုပ်ပြီး အလင်းကို ထောက်ခံကာ အမှောင်ထုအား ခုခံရပြီး ရွံရှာရသော အရှက်မရှိ၊ နိမ့်ကျသောအရာဖြစ်အောင် ပြုလုပ်ကြသည်။
သိဒ္ဓိကျောင်းတော်၌ အခြေခံ စည်မျဉ်းတစ်ခုသာရှိပြီး ၎င်းမှာ အမှောင်ကျောင်းတော် ကိုးကွယ်မှု ကဲ့သို့သော အမှောင်ထုနှင့် ဆက်နွှယ်နေသော ယုံကြည်မှုများကို တားမြစ်ရန် ဖြစ်သည်။ တွေ့ရှိသည့်နှင့် အလင်းကို ပုတ်ခတ်သော အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။ နောက်လိုက်များက သမာဓိခုံအဖွဲ့၏ မီးတောက်နှိပ်စက်စင်တွင် ကွက်မျက်ခံရပေမည်။
ထို့ကြောင့် ဓားမြှောင်ညီနောင် အဖွဲ့က အမှောင်စွမ်းအားကို အသုံးပြုသည့်တိုင် ကန့်သတ်ချက် မကျော်လွန်သည်အထိ သင်းအုပ်ဆရာက လက်တုံ့ပြန်၍ မရနိုင်ပေ။ ထို့ပြင် သူကလည်း ဓားမြှောင်ညီနောက်အဖွဲ့ကို ဖြေရှင်းချင်စိတ် မရှိပေ။ သူက အသက်သာ ရှင်ချင်၏။
အီနာက မြေပုံကိုထုတ်ပြီး ခဏစဉ်းစားကာ ပြောသည်။ “မြင်းတွေနဲ့ စီးစရာတွေကို ပြန်ယူလို့ မရနိုင်တော့ဘူး။ တကယ်လို့ အဓိကလမ်းအတိုင်း လမ်းလျှောက်သွားမယ်ဆို အနားယူတဲ့အချိန်အပါအဝင် ဥယျာဉ်မြို့တော်ကို ရောက်ဖို့အတွက် ၄ ရက် ၅ ရက်လောက် ကြာနိုင်တယ်။ ကျောက်နက်တောင် လမ်းကြောင်းကနေ ဥယျာဉ်မြို့တော်ကို တစ်ခါတည်း သွားတာက ပိုကောင်းမယ်။ အားလုံး အဆင်ပြေမယ်ဆိုရင် ဥယျာဉ်မြို့တော်ကို အလွန်ဆုံး ၃ရက်အတွင်း ရောက်နိုင်လောက်တယ်။”
“ကျောက်နက်တောင်လား။” သင်းအုပ်ဆရာက အနည်းငယ် တုံ့ဆိုင်နေသည်။ “အဲဒါက တောင်လူပုတွေရဲ့ နယ်မြေ မဟုတ်လား။ သမိုင်းကြောင်း အရဆိုရင် လူပုတွေက လူသားတွေ အပေါ်ကို ရင်းရင်းနှီးနှီး ဆက်ဆံတဲ့ပုံ မပေါ်ဘူး။”
အီနာက ပြောသည်။ “ဟုတ်တယ်။ အဲဒါကြောင့်ပဲ ကျောက်နက်တောင်မှာ ဓားမြှောင် ညီနောက်အဖွဲ့ လှုပ်ရှားနိုင်ချေက အတော်လေး နည်းသွားမယ်။ ဒါက ဘေးအကင်းဆုံးနဲ့ အမြန်ဆုံး လမ်းကြောင်းဖြစ်မယ်လို့ ကျွန်မ ထင်တယ်။”
ဆမ်မြူရယ်နှင့် သံမဏိဒိုင်းကာ ကြေးစားအဖွဲ့ဝင်များအားလုံး သဘောတူကြသည်။
သင်းအုပ်ဆရာက ချန်လွေ့ကို ကြည့်လိုက်သည်။ ချန်လွေ့က ကိစ္စမရှိကြောင်း ပုခုံးတွန့်ပြသည်။ ထို့နောက် သင်းအုပ်ဆရာက ဆမ်မြူရယ်ကို တစ်ချက်ကြည့်လိုက်ပြန်ပြီး ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။ ခေါင်းဆောင် အီနာပြောတဲ့အတိုင်း လုပ်ကြတာပေါ့။”
အားလုံးက ချက်ချင်းပင် လမ်းကြောင်းပြောင်းလိုက်ကြပြီး သစ်တောကိုဖြတ်ကာ တောင်တန်းများထဲသို့ လမ်းလျှောက်သွားသည်။ ထိုည၌ အဖွဲ့က တောင်တစ်တောင်ပေါ်၌ စခန်းချကြသည်။
ညလယ်ခေါင်၌ ဒုတိယ ညတစ်ဝက်ကို တာဝန်ကျသော ဆမ်မြူရယ်က ပထမ တစ်ဝက်ကို တာဝန်ယူသော မုတ်ဆိတ်နှင့်လူနေရာကို အစားထိုးလိုက်သည်။ ထိုအချိန်တွင် သူ၏နားထဲ၌ ချန်လွေ့၏အသံ ထွက်ပေါ်လာသည်။ “ငါနဲ့လိုက်ခဲ့။”
ဆမ်မြူရယ် သဘောပေါက်လိုက်ပြီး ချန်လွေ့၏ ပုံရိပ်နောက်သို့ တိတ်တိတ်လေး လိုက်သွားသည်။
သူတို့နှစ်ယောက်က အလွန်မြန်လှဿည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့က အခြားတစ်ဖက်ရှိ တောင်ဝမ်းဗိုက်ဘက်သို့ ရောက်လာကြသည်။
ချန်လွေ့ ရပ်လိုက်၏။ “စခန်းရဲ့ တခြားတစ်ဖက်ကို စိတ်မပူနဲ့။ ငါ သေသေချာချာ ပြင်ဆင်ထားပြီးပြီ။”
ချန်လွေ့က ကိုယ်ပွားကို အမှီပြုနေခြင်း ဖြစ်သည်။ သူက စခန်းထဲပ အသူရာအား ထားရစ်ခဲ့သည်။ လုပ်ကြံသူတစ်ယောက် ရှိလျှင်ပင် သူက အလွယ်တကူ ဖြေရှင်းနိုင်၏။
ဆမ်မြူရယ် ခေါင်းညိတ်ပြီး ချန်လွေ့က ပြုံးရင်း ပြောလိုက်သည်။ “အခုက အချိန် သိပ်မရှိလို့ ငါမင်းနဲ့ စကားတွေ အများကြီး မပြောခဲ့ရဘူး။ အခု ပြောလို့ရပြီ။ ဒါနဲ့ မင်းက ဘယ်လိုလုပ် သံမဏိဒိုင်း ကြေးစားအဖွဲ့ထဲ ရောက်သွားတာလဲ။”
“လူသားလောကဆီ ပြန်ရောက်တော့ နဂါးလင်းလက်အင်ပါယာကို ချက်ချင်း ပြန်သွားချင်ခဲ့တယ်။ ဒါပေမဲ့ ပေါလ်က ဓားသမားလေး ဖရက်ကို အနိုင်ယူခဲ့တဲ့ သတင်းကို ကုျပ် ကြားခဲ့တယ်။ တကယ်တော့ ဖရက်၊ ပေါလ်နဲ့ ကျုပ်တို့အားလုံးက နတ်ဆိုးဘုံမှာဆိုရင် နတ်ဆိုးဧကရာဇ်အဆင့်ဖြစ်တဲ့ သူတော်စင်-ယောင် အဆင့်တွေပဲ။ ပေါလ်က ဖရက်ကို အနိုင်ယူခဲ့တယ်ဆိုတော့ သူ့အစွမ်းက ထင်ရှားနေပြီ။ ကြည့်ရတာ အရင်တစ်ခေါက် ကျုပ်တို့ ပြိုင်တုန်းက သူ အစွမ်းတွေ ထိမ်ချန်ထားတဲ့ပုံပဲ။ ကျုပ်က နတ်ဆိုးဘုံမှာ သူတော်စင်-ယောင် အဆင့် ရောက်သွားတာတောင် သူ့ပြိုင်ဘက် မဟုတ်လောက်သေးဘူး။ အဲဒါကြောင့် ဆက်ပြီး လေ့ကျင့်ဖို့ ဆုံးဖြတ်ခဲ့တာ။”
“သံမဏိဒိုင်းကြေးစားအဖွဲ့ကတော့...” ဆမ်မြူရယ်က စကားစဖြတ်လိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ကျုပ် လေ့ကျင့်ရင်းနဲ့ ဒဏ်ရာ အပြင်းအထန် ရပြီးတော့ သတိလစ်သွားခဲ့တယ်။ အီနာက ကျုပ်ကို ကယ်တင်ပေးခဲ့တာ။ အပြန်အလှန်အနေနဲ့ သံမဏိဒိုင်း ကြေးစားအဖွဲ့မှာ နေပေးခဲ့တယ်။ ဒါပေမဲ့ အချိန်အများစုကို လေ့ကျင့်နေခဲ့ပြီးတော့ တာဝန်တွေမှာလည်း သိပ်ပြီးတော့ မပါဝင်ခဲ့ဘူး။ ဒါပေမဲ့ သိပ်မကြာခင်က သတင်းဆိုးတွေ ကြားခဲ့ရတယ်။ ပေါလ်က နတ်ဘုရားကျောင်းတော် စစ်သည်တော် ရွေးချယ်ပွဲမှာ ပါဝင်ဖို့ ကမ်းပါးဖြူကို သွားနေပြီးတော့ ဂျိုအန်နာကို ၂လအတွင်း လက်ထပ်ဖို့ တောင်းဆိုခဲ့တယ်။ အဲဒါက ဂျိုအန်နာရဲ့ ဖခင်ကလည်း လက်ခံခဲ့ပြီးပြီ။”
“ဒါဆို မင်းက ပေါလ်ကို နှစ်လအတွင်း အနိုင်ယူရမှာပါ့။” ချန်လွေ့က သဘောပေါက်သော အမူအရာ ပြသလိုက်သည်။ ဂျိုအန်နာက ဆမ်မြူရယ်ရဲ့ ချစ်သူပဲ။ ငွေစစ်သည်တော်က သူ့အတွက်နဲ့ အန္တရာယ်ကို စွန့်စားပြီးတော့ နတ်ဆိုးဘုံမှာ သွားလေ့ကျင့်ခဲ့တယ်။
ဆမ်မြူရယ်က ခေါင်းညိတ်လိုက်သည်။ “ဒီတစ်ခေါက် ဂျိုအန်နာက သူ့ရဲ့ ရင်းနှီးတဲ့မိတ်ဆွေ မစ်-အယ်လီဇာနဲ့ ဥယျာဉ်မြို့တော်ဆီ သွားလည်ဖို့ လက်ခံခဲ့တယ်။ တကယ်တော့ သူက ဒီအခွင့်အရေးကို အသုံးချပြီးတော့ အရာအားလုံးကို လက်လျှော့ပြီး ကျုပ်နဲ့ ခိုးရာလိုက်ပြေးချင်နေတာ။”
“ခိုးရာလိုက်ပြေးဖို့လား။” ချန်လွေ့ ကြက်သေသေသွား၏။ ကြည့်ရတာ မစ်-ဂျိုအန်နာက ဆမ်မြူရယ်ကို အလေးအနက် ထားတဲ့ပုံပဲ။ ဒါနဲ့ ဂျိုအန်နာရဲ့မိတ်ဆွေ မစ်-အယ်လီဇာက သင်းအုပ်ဆရာရဲ့ အကြံအစည်က ပစ်မှတ်ပဲ။ တိုက်ဆိုင်လိုက်တာ။
ထိုသို့ပြောပြီးနောက် ငွေစစ်သည်တော်က ဒူးတစ်ဖက် ထောက်လိုက်ပြန်သည်။ “အရှင်မင်းသား။ ကျုပ်ရဲ့ မရင့်ကျက်မှုနဲ့ တကိုယ်ကောင်းဆန်မှုကို ခွင့်လွှတ်ပေးပါ။ အရှင်မင်းသားအတွက် လမ်းပေါ်မှ ခလုတ် ဆူးငြှောင့်တွေကို ဖယ်ရှားပေးဖို့ ကူညီပေးမယ်လို့ ကျုပ် သွေးသစ္စာ ဆိုခဲ့တယ်။ ဒါပေမဲ့ ဂျိုအန်နာရဲ့ ဆုံးဖြတ်ချက်က ကျုပ်ကို တကယ် ဆွဲဆောင်ခဲ့တယ်။”
ချန်လွေ့က ဆမ်မြူရယ်အား ၎င်းမှာ တကိုယ်ကောင်းဆန်ခြင်း မဟုတ်ကြောင်း အမှန်တကယ် ပြောပြချင်သည်။ အဲဒီ ဆူးငြှောင့်တွေအကြောင်း မေ့ထားလိုက်။ မင်း မစ်-ဂျိုအန်နာနဲ့ အတူအိပ်လို့ရတယ်။ အရှင်မင်းသားက ဒီမှာ လုံးဝ မနေချင်ဘူး...
သို့သော်လည်း ချန်လွေ့ မပြောခင်မှာပင် ငွေစစ်သည်တော်က လက်သီးဆုပ်လိုက်သည်။ “အရှင်မင်းသား စိတ်ချပါ။ ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာကြောင့် အရှင်မင်းသားကို သစ္စာခံထားတာ လုံးဝ ဖောက်ဖျက်မှာ မဟုတ်ပါဘူး။ အရှင်မင်းသားရဲ့ ဂုဏ်ကျက်သရေကို ကာကွယ်ပေးဖို့အတွက် ကျုပ်ရဲ့အသက်နဲ့ ရင်းပေးမှာပဲ။ ပြီးတော့လည်း ဂျိုအန်နာကို သိက္ခာမကျစေချင်ဘူး။ သူသိပ်ချစ်ရတဲ့ အမေနဲ့ ညီအစ်မတွေကိုလည်း မထားခဲ့စေချင်ဘူး။ ကျုပ် ပေါလ်ကို အတိအလင်း အနိုင်ယူပြီးတော့ သူ့အဖေကို စိတ်ပြောင်းအောင် လုပ်မယ်။”
“ငါ သဘောပေါက်ပြီ။ အရင်ဆုံး ထလိုက်ပါ။” ချန်လွေ့က တိုက်ခိုက်ရေးစိတ်အင်အားများ ထုတ်လွှတ်နေသော ငွေစစ်သည်တော်ကို ကြည့်လိုက်သည်။ ရုတ်တရက် သူက မိမိ၏မိန်းမနှင့် အစ်ဇဘယ်လာကို အချိန်အကန့်အသတ်အတွင်း ကယ်တင်ရန်အတွက် အမြန်ပြန်ရမည် ဖြစ်ကြောင်း တွေးမိလိုက်သည်။ သူ၏စိတ်ထဲ၌ ပြင်းထန်သော လက်ခံစိတ် လှိမ့်တက်လာ၏။
“ဒါနဲ့ မင်းရဲ့ ဟိုရာဒရစ် ရတနာကုဗတုံး ..အဲ...အဲဒီ နေရာလွတ် စစ်မြေပြင် ရှိသေးလား။ ရှိရင် အထဲဝင်ရအောင်။”
ဟိုရာဒရစ် နေရာလွတ် စစ်မြေပြင်က ဆမ်မြူရယ်၏ ဆရာဖြစ်သူ ဓားဆရာသခင် ဂျွန်ဆန်က တပည့်ဖြစ်သူထံ ချန်ထားရစ်ခဲ့သော အဆောင်ပစ္စည်းတစ်ခု ဖြစ်သည်။ ၎င်းမှာ စူပါစနစ်၏ လေ့ကျင့်ရေးကွင်းကဲ့သို့ပင် စစ်မြေပြင်ပတ်ဝန်းကျင်အဖြစ် အသွင်ပြောင်းနိုင်သော အထူးနေရာလွတ်ပစ္စည်းတစ်ခု ဖြစ်သည်။
ဆမ်မြူရယ်က လည်ပင်းမှ လက်ဆွဲကို ချွတ်လိုက်သည်။ ၎င်းကို အထူးစွမ်းအားဖြင့် အသက်သွင်းပြီးနောက် လည်ဆွဲက ကုဗတုံးအဖြစ် အသွင်ပြောင်းသွားသည်။ ထို့နောက် အရောင်တောက်လာကာ အလင်းဂိတ်တံခါးတစ်ခု ပေါ်ထွက်လာသည်။
“သွားရအောင်။” သူတို့နှစ်ယောက် ဝင်သွားပြီးသောအခါ အလင်းတံခါး ပျောက်ကွယ်သွား၏။
ဆမ်မြူရယ်က ချန်လွေ့နှင့်အတူ နေရာလွတ် စစ်မြေပြင်သို့ လိုက်သွားသည်။ ချန်လွေ့က ခြေထောက်အောက်မှ မြေပြန့်ကို ကြည့်လိုက်သည်။ “ဒီနေရာလွတ် စစ်မြေပြင်က စွမ်းအား ဘယ်လောက်ကို ခံနိုင်လဲ။”
“ဟိုရာဒရစ် နေရာလွတ် စစ်မြေပြင်က နတ်ဆိုးဧကရာဇ်အဆင့်ဖြစ်တဲ့ သူတော်စင်-ယောင် အဆင့်ရဲ့ ဘယ်စွမ်းအားကိုမဆို ခုခံနိုင်တယ်။ ပြောရမယ်ဆိုရင် တကယ့်သူတော်စင် အဆင့်ရဲ့ တိုက်ခိုက်မှုတစ်ခုကိုတောင် ခံနိုင်လောက်တယ်။ ဒီနေရာလွတ်ကို ဖျက်ဆီးချင်မယ်ဆိုရင် သူတော်စင်အဆင့် ထိပ်သီးပိုင်း ဖြစ်ရမယ်လို့ ဆရာ ပြောခဲ့ဖူးတယ်။”
“ပြောရမယ်ဆိုရင် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းစွမ်းအားကို မခံနိုင်ဘူးပေါ့။” ချန်လွေ့ ခေါင်းညိတ်ပြီး ဆမ်မြူရယ်ကို ပြောလိုက်သည်။ “မင်းက ပေါလ်ကို နှစ်လအတွင်း အနိုင်ယူဖို့ ကြိုးစားနေတယ် မဟုတ်လား။ ဒါဆိုရင် အခု မင်းရဲ့ အစွမ်းအထက်ဆုံး အကွက်ကိုပြ။ သေချာနားထောင်။ အစွမ်းအထက်ဆုံးနော်။”
ငွေစစ်သည်တော်က ကြက်သေသေသွား၏။ “အစွမ်းအထက်ဆုံးလား။ အရှင်မင်းသား...”
ချန်လွေ့က လက်ညှိုးထောင်လိုက်သည်။ “ငါမင်းကို အမိန့်ပေးတယ်။”