နည်းပေးလမ်းညွှန်ခြင်း
Vol. 41 Ch. 640
ဟိုရာဒရစ် နေရာလွတ် စစ်မြေပြင်၌ ဖြစ်သည်။
တလက်လက် အလင်းရောင်များ လက်ခနဲ ဖြစ်နေပြီး အင်အားကြီးသော လေစီးကြောင်းလှိုင်းများက တလှိမ့်လှိမ့် ဖြစ်နေသည်။ သူတို့နှစ်ယောက် အပြင်၌ ရှိနေလျှင် တောင်တန်းနေရာတစ်ခုလုံးကပင် ပြိုလဲသွားမည်မှာ ကြာခဲ့လေပြီ။ သို့သော်လည်း ဟိုရာဒရစ် ကုဗတုံးက နတ်ဆိုးဧကရာဇ်အဆင့်၏ မည်သည့်တိုက်ခိုက်မှုမဆိုကို အလွယ်တကူ ခံနိုင်သည် ဖြစ်ရာ ဆမ်မြူရယ်၏ တိုက်ခိုက်မှုက မယုံနိုင်စရာကောင်းသော်လည်း နေရာလွတ်က အကောင်းအတိုင်း ရှိနေခြင်း ဖြစ်သည်။
“ဝုန်း....” အလွန်ကြီးမားသော ပေါက်ကွဲမှုကြောင့် ဆမ်မြူရယ်က မီတာ ၁၀၊ ၂၀ခန့် နောက်သို့ ဆုတ်သွားရသည်။ နောက်ဆုံး၌ သူက ဟန်ချက်ပျက်သွားကာ မြေပေါ်သို့ လဲကျ သွားတော့သည်။
“အရှင်မင်းသား အာသာ” အမိန့်ပေးသည့်အတိုင် ငွေစစ်သည်တော်က စွမ်းအား ထိမ်မချန်ဘဲ တိုက်ခိုက်ခဲ့သော်လည်း “အရှင်မင်းသား”၏ လက်တစ်ချောင်းတည်းဖြင့် ကြိမ်များစွာ ပစ်လဲနေရလေသည်။
ဆမ်မြူရယ်က မျက်လုံးများကိုပင် မယုံနိုင်တော့ပေ။ လိပ်ပြာနီနယ်မြေ၌ အရှင်မင်းသား အာသာကို သူ ပထမဆုံး မြင်တွေ့ခဲ့ရစဉ်က သူတို့၏စွမ်းအားမှာ အဆင့်တူ စစ်သည်တော် ထိပ်သီးပိုင်းအဆင့် ဖြစ်ကြသည်။ နောက်ပိုင်းတွင် “အရှင်မင်းသား အာသာ”က သူတော်စင် အဆင့်သို့ အရင်ဦးစွာ ရောက်ရှိသွားသည်။ ထို့နောက် ဆမ်မြူရယ်ကလည်း ဂျို့ရှ်၏ အကူအညီနှင့်အတူ တစ်ဆို့မှုကို ချိုးဖောက်ကာ သူတော်စင်အဆင့်သို့ ရောက်ရှိသွားလေသည်။
နတ်ဆိုးဘုံမှ ထွက်ခွာပြီး လူသားလောကသို့ ပြန်ရောက်လာပြီးနောက် ဆမ်မြူရယ်က ခဏတာမျှ စိတ်အေးလက်အေး မနေခဲ့ပေ။ သူက အပြင်းအထန် လေ့ကျင့်နေခဲ့ပြီး သက်လုံ အားနည်းမှုကိုလည်း ကျော်လွှားနိုင်ခဲ့သည်။ သူက တဖြည်းဖြည်းနှင့် သူတော်စင်-ယောင် အဆင့်တွင် တည်ငြိမ်လာသည်။ နောက်တစ်ဆင့်မှာ အလတ်ပိုင်းနှင့် ထိပ်သီးပိုင်းတို့ဖြစ်ပြီး ထို့နောက်တွင် တကယ့် သူတော်စင်အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။
သို့သော်လည်း ယခုတစ်ခေါက် သူတို့ ပြန်တွေ့ကြသောအခါ “အရှင်မင်းသား” ပြသသော စွမ်းအားက စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေ၏။ လက်တစ်ချောင်းတည်းနဲ့ သူက ငါ့လို အစွမ်းထက်တဲ့ သူတော်စင်အဆင့်ကို အနိုင်ယူနိုင်တယ်။
ဆရာ ဂျွန်ဆန်တောင် ဒီလိုမျိုး မလုပ်နိုင်ဘူး။ သူက အားနည်းတဲ့ တတိယမြောက် အရှင်မင်းသား ဟုတ်သေးရဲ့လား။
“အရှင်မင်းသား”ရဲ့ စွမ်းအားက ဘယ်အဆင့်ထိတောင် ရောက်နေပြီလဲ။
“မလိုအပ်တဲ့ လှုပ်ရှားမှုတွေ များတယ်။ နောက်ဆက်တွဲ တိုက်ခိုက်မှုတွေက နှေးလွန်းတယ်။” ချန်လွေ့၏စကားသံက ငွေစစ်သည်တော်အား ထိတ်လန့်နေရာမှ နိုးလာစေသည်။ “ထပြီး ပြန်လာခဲ့။”
ဆမ်မြူရယ် လှိမ့်လာပြီး ခုန်အုပ်လိုက်ပြန်သည်။ သူက လက်ထဲမှ ဓားရှည်ကို ဝှေ့ရမ်းလိုက်ရာ လေထဲ၌ မရေမတွက်နိုင်သော အလင်းစက်များ ပေါ်ထွက်လာပြီးနောက် ထက်မြက်လှသော ချီစွမ်းအင်တစ်ခုက ငွေစစ်သည်တော်ထဲမှ ပျံ့နှံ့သွားလေသည်။
ချက်ချင်းမှာပင် ကြယ်ကဲ့သို့ အလင်းစက်များက ကြက်ခြေခတ်ပုံစံ ထက်မြက်သော ချီစွမ်းအင်တစ်ခုအဖြစ် ချိတ်ဆက်သွားကာ ဓားသွားဖြင့် ရေးဆွဲသော ရွှေရောင် မျဉ်းကွေးများ ဖြစ်ပေါ်လာသည်။ ၎င်းက ကျက်သရေရှိပြီး တလက်လက် ဖြစ်နေ၏။ ချန်လွေ့၏ ပြင်းထန်သော ဖိအားကို ရင်ဆိုင်ရသောအခါ ဆမ်မြူရယ်က အစွမ်းအထက်ဆုံး ပိုင်နက်စွမ်းအားက မတုံ့ဆိုင်းဘဲ အသုံးပြုလိုက်သည်။
[အက်ကြောင်းထောင်ချီ အရုဏ်ဦး] ။ ဆမ်မြူရယ်၏ ခန္ဓာကိုယ်က အော်သံကြားထဲ၌ မြောက်မြားလှစွာသော မျဉ်းကွေးများအဖြစ်သို့ ပျောက်ကွယ်သွားသည်။ လူသတ်စိတ် အရှိန်အဝါနှင့် ထက်မြက်သော ချီစွမ်းအင်တို့က ချန်လွေ့ထံ နေရာပေါင်းစုံမှ ရောက်ရှိလာသည်။ ထိုအကွက်က စူပါစနစ်၏ [ အစစ်အမှန် ဖျက်ဆီးခြင်းအရှိန်အဝါ တိုက်ကွက် ] နှင့် အနည်းငယ် ဆင်တူပြီး ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ချန်လွေ့က ၎င်းကို ရှောင်တိမ်းရန် မလိုအပ်ပေ။ သူက လက်နှစ်ချောင်းကို ဆန့်ထုတ်ပြီး အသာလေး ဝှေ့ရမ်းလိုက်ရာ ကောင်းကင်ရှိ မျဉ်းကွေးအလင်းအားလုံး ရုတ်တရက် ရပ်တန့်သွားသည်။ ချန်လွေ့၏ လက်နှစ်ချောင်းကြား၌ ဓားရှည်တစ်လက် ပေါ်ထွက်လာသည်။ အင်အားကြီး ပိုင်နက်စွမ်းအားရှိသော ထိုဓားရှည်က တဇက်ဇက် အသံများ ထွက်နေသော်လည်း လက်နှစ်ချောင်းဖြင့် ညှပ်ခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ပေ။
“ချွမ်း....” လက်ချောင်းများကို လှုပ်ရှားလိုက်သောအခါ ဓားရှည်က နှစ်ပိုင်း ပြတ်သွားတော့သည်။
ထို့နောက် ရပ်တန့်နေသော မျဉ်းကွေးများအားလုံးက အစအနမကျန် ချက်ချင်းပင် ပြိုလဲသွားကုန်သည်။ ဆမ်မြူရယ်လည်း နောက်သို့ လွင့်ထွက်သွားပြီး ပိုင်နက်၏ တန်ပြန်အားကြောင့် အပြင်းအထန် လဲကျသွားသည်။ သူ အတော်လေး မောပန်းနေ၏။ ခန္ဓာကိုယ်ရှိ အရိုးများလည်း ပြုတ်ထွက်မတတ်ဖြစ်နေကာ ခဏလောက် မထနိုင်တော့ပေ။
“သူတော်စင်-ယောင်အဆင့်ရဲ့ ပိုင်နက်က တကယ့်ပိုင်နက် မဟုတ်ဘူး။ အဲဒါကို ပိုင်နက်-ယောင် လို့ပဲ ခေါ်လို့ရတယ်။ အဲဒါက မူရင်းခန္ဓာကိုယ်ကစွမ်းအားက ပိုင်နက်အနေနဲ့ အတုခိုးတာပဲ။” ချန်လွေ့၏ပုံရိပ်က ချန်လွေ့အရှေ့၌ ပေါ်ထွက်လာသည်။ “ဒါပေမဲ့ အဲဒါက ပိုင်နက်-ယောင် ဆိုရင်တောင် မင်းရဲ့နားလည်မှုက အပေါ်ယံပဲ ရှိသေးတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒါက အမြင်လှရုံပဲရှိတာ။ လက်တွေ့အသုံးမကျဘူး။ တိုက်ပွဲမှာ အဓိက ပန်းတိုင်က ပြိုင်ဘက်ကို အလဲထိုးဖို့ပဲ။ အဲဒါအပြင် တခြားဘာကိုမှ မလိုဘူး။ ပိုင်နက်တင် မဟုတ်ဘူး။ မင်းရဲ့ ပုံမှန်လှုပ်ရှားမှုတွေ၊ တိုက်ခိုက်မှုတွေ၊ နောက်ဆက်တွဲ တိုက်ခိုက်မှုတွေမှာ ဒီအားနည်းချက် ရှိနေတယ်။ ဒါတွေကို မင်း နားလည်ပြီးတော့ တိုးတက်အောင် လုပ်နိုင်ခဲ့ရင် တိုက်ခိုက်ရေးစွမ်းအား တဟုန်ထိုး တိုးတက်လာမှာ။”
ဆမ်မြူရယ်က ပင်ပန်းနေသော်လည်း မျက်လုံးများ တောက်ပနေ၏။ အပြင်းအထန် လေ့ကျင့်ခြင်းက “တံခါးပိတ်ကာ မျက်လုံးမှိတ် အလုပ်လုပ်ခြင်း”ကဲ့သို့ ဖြစ်နေသည်။ သူက လမ်းညွှန်ပေးနိုင်သည့် သူတစ်ယောက် အမှန်တကယ် လိုအပ်နေခဲ့သည်။ ချန်လွေ့၏ စွမ်းအားက သူ့ကို ယုံကြည်သွားစေပြီ ဖြစ်သည်။ ထိုလမ်းညွှန်မှုများကလည်း သူ့ကို ဉာဏ်အလင်းရစေသော ခံစားချက်တစ်မျိုး ပေးစွမ်းနေလေသည်။
“အရှင်မင်းသား။ အတင့်ရဲစွာနဲ့ မေးချင်ပါတယ်။ တကယ့်ပိုင်နက်ဆိုတာက ဘာပါလဲ။” ထိုစကားကို မေးသည့်အခါ ဆမ်မြူရယ်က ချန်လွေ့၏အဆင့်အား မော့ကြည့်ရန်လိုအပ်သော အမြင့်တစ်နေရာနှင့် တန်းတူထားလိုက်ကြောင်း ပြောပြနေပေသည်။
အမှန်တကယ်၌ ထိုအမြင့်က သူထင်ထားသည်ထက် ပိုမြင့်နေလေ၏.....
“နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားရှိတဲ့ ငါ့ရဲ့မိတ်ဆွေ နဂါးတစ်ကောင်က ပြောဖူးတယ်။ တကယ့်ပိုင်နက်က တစ်ကိုယ်တော်အစွမ်းမဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ကြားခံအနေနဲ့ သုံးပြီးတော့ ကောင်းကင်နဲ့ မြေကြီးကြားက အကြီးမားဆုံး သဘာဝစွမ်းအားက အသက်ဝင်စေပြီး ရွှေ့ပြောင်းတာပဲ။ တကယ်လို့ မင်း ဒါကို နားမလည်နိုင်ဘူးဆိုရင် မင်းရဲ့စွမ်းအားက သူတော်စင် အဆင့်ကို ရောက်ရင်တောင် တကယ့်စစ်မှန်တဲ့ သူတော်စင်အဆင့် ဖြစ်မှာ မဟုတ်ဘူး။”
နတ်ဆိုးအရှင်သခင်အဆင့် နဂါးတဲ့လား။ ဆမ်မြူရယ်၏ မျက်လုံးများ ပိုမို တောက်ပသွားသည်။ နဂါးများသည် အနည်းဆုံး တိုက်ခိုက်ရေး အတွေ့အကြုံ နှစ်ပေါင်းသောင်းချီ ရှိကြသည်။ သူတော်စင်-ယောင် အဆင့် လေ့ကျင့်သူ တစ်ယောက်အနေဖြင့် ထိုခံစားချက်က အလွန်အမင်း အဖိုးတန်သည်ဟူ၍ပင် ဖော်ပြ၍ ရနိုင်ပေသည်။
ထိုသို့ ပြောပြီးနောက် ချန်လွေ့က ခဏစဉ်းစားလိုက်သည်။ “ပြီးတော့ အခု ငါ့ရဲ့ နားလည်မှု အရဆိုရင် ဒါက နည်းနည်းတော့ ကွဲပြားတယ်။ အဲဒါက ငါ့စွမ်းအားကို ကြားခံအနေနဲ့ အသုံးပြုတာ မဟုတ်ဘဲနဲ့ ငါကိုယ်တိုင်က လောကငယ်တစ်ခု ဖြစ်နေပြီးတော့ ကောင်းကင်၊ မြေကြီးနဲ့ သဘာဝရဲ့ တကယ့်စွမ်းအားနဲ့ ပေါင်းစပ်နေသလိုပဲ။ ဒီအတိုင်းပဲ အမြဲတမ်း သံသရာ လည်နေတာ....”
ချန်လွေ့၏ခန္ဓာကိုယ်က ရေးရေးလေး အေးစက်သော အငွေ့အသက်တစ်ခု တောက်ပလာသည်။ ထိုအေးစက်သော အငွေ့အသက်က သဘာဝ လေပြည် တိုက်ခတ် သလိုမျိုးပဲ ထူးထူးခြားခြား ဖိအားမျိုး ရှိမနေပေ။ သို့သော်လည်း နောက်ထပ်တစ်ခါ ထို လေပြည်အေး တိုက်ခတ်လိုက်သည်နှင့် ဆမ်မြူရယ်က မိမိ၏ သွေး၊ အသက်ရှူခြင်း၊ စွမ်းအား၊ ခန္ဓာကိုယ်တစ်ခုလုံးနှင့် ပတ်ဝန်းကျင်သည်မှာပင် ရပ်တန့်သွားကြောင်း ခံစားလိုက်ရသည်။ ကောင်းကင်မှ နေသည်ပင် ထိုနည်းအတိုင်း ဖြစ်သည်။
အတိအကျ ပြောရလျှင် လောကတစ်ခုလုံးက ထိုအေးစက်မှုကြောင့် အေးခဲသွားပြီး အေးခဲမှုမှာ ထိုနေရာလွတ် စစ်မြေပြင်၏ပုံစံမျိုး ဖြစ်နေလေသည်။
မြေပြင်ပေါ်၌ အေးခဲနေသော ဆမ်မြူရယ်က ထိုရေခဲလောက၌ တစ်ဖက်လူက သူ့ကို အတွေးတစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ကြောင်း ခံစားမိသည်။ သူတော်စင်အဆင့်သို့ ခြေချနိုင်ပြီ ဖြစ်သောသူက ထိုကဲ့သို့ ထူးထူးခြားခြားမဟုတ်သော စွမ်းအားကို ရင်ဆိုင်ရသည့်အခါ၌ ခုခံနိုင်မှု လုံးဝ ရှိမနေပေ။
ထိုအချိန်၌ ဟိုရာဒရစ် နေရာလွတ်က စတင် တုန်ခါလာသည်။ ၎င်းက ထိုရေခဲလောက၌ ပါရှိသော ကြောက်မက်ဖွယ်ရာ စွမ်းအားကို မခံနိုင်တော့ပုံရသည်။ ပြိုလဲတော့မည့် လက္ခဏာများ ပြသလာ၏။
ဆမ်မြူရယ် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သူ့စွမ်းအားက ဟိုရာဒရစ် နေရာလွတ်ကိုတောင် ပြိုလဲစေနိုင်တယ်။ ဧကန္တ...
ငွေစစ်သည်တော် လုံးဝ ထိတ်လန့်သွား၏။ ထို့နောက် သူတို့နှစ်ယောက်ကြားတွင် စွမ်းအား မည်မျှ ကွာခြားနေပြီဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။ ထို့ကြောင့်ပင် သူ၏ အစွမ်းအထက်ဆုံးပိုင်နက်ကို လက်နှစ်ချောင်းတည်းဖြင့် အနိုင်ယူသွားခဲ့ခြင်း ဖြစ်သည်။
အေးခဲသောအငွေ့အသက်က အလျင်အမြန် ပျောက်ကွယ်သွားသည်။ ဟိုရာဒရစ် နေရာလွတ် တုန်ခါမှုကလည်း တဖြည်းဖြည်း ရပ်တန့်သွားပြီးနောက် အေးစက်မှုက တုန်ခါနေသော နောက်ထပ် အငွေ့အသက်တစ်ခုက အစားထိုးသွားသည်။ ထိုလတ်ဆတ်ပြီး သက်တောင့်သက်သာရှိသော အငွေ့အသက်အောက်၌ ဆမ်မြူရယ်က စွမ်းအားများ ပြန်လည် ပြည့်လာပြီး ဒဏ်ရာများ ပြန်ကောင်းလာသည်ကို ခံစားလိုက်ရသည်။
“ငါပြောချင်တာကတော့ တခြားသူတွေရဲ့ အတွေ့အကြုံတွေက တန်ဖိုးရှိပေမဲ့ လူတိုင်းရဲ့ စွမ်းအားနဲ့ ကြုံတွေ့ရတာတွေက မတူညီကြဘူး။ အဲဒါတွေကို တိုက်ရိုက် ကူးယူဖို့ အကြံမပေးဘူး။ မင်းကိုယ်တိုင် လမ်းကြောင်းကို နားလည်အောင် လုပ်ရမယ်။ ကိုယ်ကိုယ်တိုင် ဖြစ်ဖို့က တခြားတစ်ယောက် ဖြစ်ဖို့ထက် အများကြီး ပိုကောင်းတယ်။ သူက တကယ့် အစွမ်းထက်တဲ့သူရဲ့ လမ်းစဉ်ပဲ။” ချန်လွေ့၏အသံ ပေါ်ထွက်လာသည်။ “သိပ်မကြာခင် အနာဂတ်မှာ မင်းကို တကယ့် ပိုင်နက်က ဘာလဲဆိုတာ ငါမေးတဲ့အခါ ကျေနပ်စရာ အကောင်းဆုံး အဖြေမျိုးပေးရမယ်။”
ချန်လွေ့၏ မှတ်ချက်များက ဆမ်မြူရယ်များ လမ်းညွှန်မှု ပေးရန်အတွက်ဖြစ်ရုံသာမက ဓူဝံကြယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက် နားလည်မှုအသစ်၊ အတွေးအမင်း အသစ်များလည်း ဖြစ်ပေသည်။
ကိုယ့်ကိုယ်ကိုယ် လောကငယ်တစ်ခုအဖြစ် သတ်မှတ်ပြီး လောကနှင့် စကြဝဠာနှင့် ပေါင်းစပ်ခြင်း။ အမှန်တကယ်၍ ထိုကဲ့သို့ နားလည်သဘောပေါက်မှုမျိုးက ပါ့ဂ်လီအိုထက် သာလွန်နေပြီ ဖြစ်သည်။ တစ်နည်းပြောရလျှင် “ပိုင်နက်”အဆင့် မဟုတ်တော့ဘဲ တိုင်းပြည် အဆင့် ဖြစ်နေလေပြီ။
[ နွေဦးပိုင်နက် ] ဖြင့် စွမ်းအား ပြန်ပြည့်လာပြီးနောက် ဆမ်မြူရယ် ဖြည်းဖြည်းချင်း ထလာသည်။ ထိုအချိန်၌ ငွေစစ်သည်တော်၏ မျက်လုံးများက ပြင်းပြသော လေးစားအားကျမှုများ ပြည့်နှက်နေလေသည်။ နတ်ဆိုးဘုံမှာ အရှင်မင်းသား ဘာတွေ ကြုံတွေ့ခဲ့ရတာလဲဆိုတာ ငါ မသိပေမဲ့ ငါသစ္စာခံခဲ့တဲ့ သခင်က မော့ကြည့်ဖို့လိုအပ်တဲ့ တည်ရှိမှုတစ်ခု ဖြစ်နေပြီဆိုတာတော့ အသေအချာပဲ။
အနာဂတ်မှာ သူက အင်ပါယာတစ်ခုလုံးနဲ့ လူသားလောက တစ်ခုလုံးကပါ မော့ကြည့်ရမယ့် တည်ရှိမှုတစ်ခု ဖြစ်လာနိုင်တယ်။
“အိုး။ မင်းရဲ့ဓားကို ချိုးလိုက်မိတာ စိတ်မကောင်းပါဘူး။ ငါမင်းကို ပိုကောင်းတာတစ်ခု ပြန်ပေးပါ့မယ်။”
“ရပါတယ်။ အရှင်မင်းသား။” ဆမ်မြူရယ်က သေချာတွေးပြီး ခေါင်းခါလိုက်သည်။ “ဒီဓားကျိုးက ဒီနေ့ အရှင်မင်းသား လမ်းညွှန်ပေးခဲ့သလိုမျိုး ကျုပ်ကို အဖိုးတန်တဲ့ အတွေးအမြင်တွေ၊ ဉာဏ်အလင်းတွေ ပေးနိုင်မှာပါ။”
ချန်လွေ့က အသာလေး ခေါင်းညိတ်ပြီး ဆေးရည်ပုလင်းတစ်လုံး ပစ်ပေးလိုက်သည်။ “သိပ်ကောင်းတယ်။ ကြည့်ရတာ ဒီနေ့ မင်းရခဲ့တာတွေက အတော်လေး များတဲ့ပုံပဲ။ ဒီဖြည့်တင်း ဆေးရည်ကို သောက်လိုက်။ မနက်ဖြန် အားမယ်ဆိုရင် ဆက်လေ့ကျင့်ကြမယ်။ မင်း ခံနိုင်မယ် ဆိုရင်ပေါ့....”
“ငွေစစ်သည်တော်ရဲ့စွမ်းရည်ကို အထင်မသေးပါနဲ့။” ဆမ်မြူရယ်က အသာလေး ဦးညွှတ်ပြီး ထပ်ပြောလိုက်သည်။ “အထူးသဖြင့် အရိုက်ခံနိုင်တဲ့ စွမ်းရည်ကိုပေါ့။”
ထို့နောက် သူတို့နှစ်ယောက် အချင်းချင်းကြည့်ပြီး ပြုံးလိုက်ကြသည်။
အမှန်တကယ်၍ ချန်လွေ့က မိမိ၏စွမ်းအားများကို စမ်းသပ်ရန်အတွက် ဆမ်မြူရယ်ကို အသုံးချနေခြင်း ဖြစ်သည်။ ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည်မှာ သနားစရာ ငွေစစ်သည်တော်က အရိုက်ခံရသည်ကို ကျေးဇူးတင်နေခြင်းပင်။
တစ်ည ကုန်ဆုံးသွား၏။ နောက်တစ်နေ့၌ အမျိုးသမီးခေါင်းဆောင်က အတော်လေး ပင်ပန်းနေပုံပေါ်သော ဆမ်မြူရယ်ကို တွေ့လိုက်ရပြီး စိုးရိမ်လျက် မေးလိုက်သည်။ “အဆင်ပြေရဲ့လား။ မနေ့က ကျွန်မတို့ကို ကယ်ဖို့အတွက် အပြေးလာလိုက်ရတဲ့ အင်အားအများကြီး ကုန်သွားတာလား။ ဒီနေ့ည ကျွန်မ ကင်းစောင့်ပေးမယ်။ ကောင်းကောင်း အနားယူလိုက်ပါ။”
“ရပါတယ်။ ဒုတိယ ညတစ်ဝက်ကိုပဲ စောင့်ဖို့ လိုတာပါ။” ဆမ်မြူရယ်က ခေါင်းခါသည်။ သူတော်စင်အဆင့် ထိပ်သီးပိုင်းတစ်ယောက်ရဲ့ လမ်းညွှန်မှု ရရှိဖို့က ရှားတယ်။ ပြီးတော့လည်း ပေါလ်က နှစ်လနေရင် ဂျိုအန်နာကို လက်ထပ်တော့မှာ။ အချိန်သိပ်မကျန်တော့ဘူး။ ဒီအချိန်ကို အသုံးချပြီးတော့ ပေါလ်ကို အတိအလင်း အနိုင်ယူပြီး ဂျိုအန်နာကို ပြန်ရယူဖို့အတွက် တိုးတက်အောင် လုပ်ရမယ်။
“ကောင်းပြီလေ။” ဆမ်မြူရယ်၏ ခေါင်းမာမှုကို မြင်သည့်အခါ အန်နာက ခေါင်းညိတ်ပြီး အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ “အားလုံး သေချာနားထောင်ကြ။ ငါတို့တွေ အနီးဆုံး ဖြတ်လမ်းကို သွားကြမယ်။ ခရီးစဉ်အရဆိုရင် ငါတို့က နေဝင်ချိန်မှာ တောင်လူပုတွေရဲ့ ပိုင်နက်ဖြစ်တဲ့ ကျောက်နက်တောင်ကို ဝင်ရမယ်။ စိတ်ရှည်ပြီး သတိထားကြ။ လူပုတွေနဲ့ ငါတို့ ပြဿနာတက်လို့ မဖြစ်ဘူး။ တစ်ခုခုဖြစ်ရင် ငါ ညှိနှိုင်းပေးမယ်။”
အားလုံး ခေါင်းညိတ်ကြသည်။ လူပုမျိုးနွယ်အကြောင်း မနေ့ညက ဆမ်မြူရယ် ပြောသည်ကို ချန်လွေ့ ကြားခဲ့ရသည်။ လူသားလောက၌ လူသားများသာ ရှိကြသည် မဟုတ်။ လူပု၊ နတ်သူငယ်၊ ဘီလူး အစရှိသော အခြားမျိုးနွယ်စုများလည်း ရှိကြပေသည်။
လူပုများက အတော်လေး ထူးခြားသော မျိုးနွယ်တစ်ခု ဖြစ်သည်။ သူတို့က အရပ်ပုကြသော်လည်း အံ့သြစရာ ကောင်းလောက်အောင် အစွမ်းထက်ကြသည်။ သူတို့က တူနှင့် ပုဆိန်လက်နက်များ၌ ကျွမ်းကျင်ကြသည်။ ခန္ဓာကိုယ်က အဆိပ်နှင့် မှော်ပညာကို အတော်လေး ခုခံနိုင်ကြသည်။ သက်တမ်းကလည်း နှစ်၅၀၀ခန့်ရှိပြီး သာမန်လူသားများထက် အသက်ပိုရှည်သည်။ လူပုများကို ပန်းပဲစွမ်းရည်ဖြင့် လူသိများကြပေသည်။
လူသားအရေအတွက်က အသာစီးရရှိသော လူသားလောက၌ပင် လူပုပြုလုပ်သော အဆင်တန်ဆာများက အတော်လေး အဆင့်အတန်း မြင့်မားလှသည်။ သူတို့၏ လွန်စွာ ကောင်းမွန်သော ပန်းပဲစွမ်းရည်နှင့် ထူးခြားသော မှော်စာလက်ရာတို့က လူသား ယန္တရား ဆရာသခင်များအား လက်မြှောက်အရှုံးပေးရစေသည်။
လူပုများကို တောင်နေလူပု၊ လိုဏ်ဂူနေလူပုနှင့် သစ်တောနေလူပုဟူ၍ နေထိုင်ရာကို မူတည်ကာ သုံးမျိုး ခွဲခြားထားသည်။ တစ်မျိုးစီက ဝိသေသလက္ခဏာ တစ်မျိုးစီ ရှိကြသည်။ တောင်နေလူပုများက ပန်းပဲပညာရပ်များ၌ အကောင်းဆုံး ဖြစ်သည်။ လိုဏ်ဂူနေလူပုများက ဓာတ်သတ္တုတူးဖော်ခြင်းနှင့် သန့်စင်ခြင်းတို့၌ အတော်ဆုံးဖြစ်ပြီး သစ်တောနေလူပုများက နတ်သူငယ်များနှင့် အတော်လေး နီးစပ်ကြသည်။ သူတို့က ထူးခြားသော မှော်စာလက်ရာများ ရှိကြသည်။
တောင်နေလူပုများက ချန်လွေ့နှင့် အခြားသူများ သွားကြမည့် ကျောက်နက်တောင်ထဲ၌ နေထိုင်ကြလေသည်။