← Chapters

တောင်နေလူပုများ

Vol. 41 Ch. 641

တောင်နေလူပုများ

Vol. 41 Ch. 641

နေရောင်ခြည်များက ကျက်သရေရှိလှသော နေဝင်ချိန်၌ တဖြည်းဖြည်း ‌ပျောက်ကွယ်ကာ ညရောက်လာနှင့်အမျှ လမင်းကလည်း ပျော့ပျောင်း ကြည်လင်စွာ တောက်ပလာ၏။

တစ်နေ့လုံး ခရီးကြမ်း နှင်လာပြီးနောက် အဖွဲ့က နောက်ဆုံးတွင် ကျောက်နက်တောင်သို့ ရောက်ရှိလာကြသည်။ သင်းအုပ်ဆရာက မြေပြင်ပေါ် ထိုင်လိုက်သည်။ သူက အလုပ်သင်ဘဝ၌ ခန္ဓာကိုယ်ကို လေ့ကျင့်ခဲ့သော်လည်း ယခုတွင် အေးအေးဆေးဆေး နေခြင်းနှင့် အသားကျနေပြီ ဖြစ်သည်။ ထိုကဲ့သို့ ပင်ပန်းမှုကို မည်သို့ ခံနိုင်မည်နည်း။

“မရတော့ဘူး။ ငါ လမ်း မလျှောက်နိုင်တော့ဘူး။ ဒီမှာ စခန်းချပြီး နားရအောင်။”

အီနာက အနီးအနား ပတ်ဝန်းကျင်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “မရဘူး။ ကျွန်မတို့ ဒီမှာ စခန်းချလို့ မဖြစ်ဘူး။ အမြန်သွားကြမယ်။”

“ငါ တကယ် လမ်းမလျှောက်နိုင်တော့ဘူး။ ဒီမှာ နားရမယ်။ မင်း ဘာပဲပြောပြော ငါဆုံးဖြတ်ချက်ကို ပြင်လို့ရမှာ မဟုတ်ဘူး။” သင်းအုပ်ဆရာက ကျောခင်းချရင်း မြေကြီးပေကျံမည်ကို လျစ်လျူရှုကာ အပြင်းအထန် အသက်ရှူနေလေသည်။ သူ၏ ဗိုက်ပူပူကြီးက နိမ့်လိုက်မြင့်လိုက် ဖြစ်နေကာ ချန်လွေ့အား ကမ္ဘာမြေမှ ကုန်းနေရေ‌နေ သတ္တဝါ တစ်မျိုးအကြောင်းကို တွေးမိသွားစေသည်။

အီနာက ခေါင်းခါပြီး သင်းအုပ်ဆရာ ပြောသည်များကို လျစ်လျူရှုကာ အဖွဲ့ကို ရှေ့ဆက်စေသည်။ လမ်းလျှောက်နေရင်း သူက အဝေးမှနေ၍ စကားတစ်ခွန်း ပြောလိုက်သည်။ “ဒီလို မြေအနေအထားနဲ့ဆိုရင် ညမှောင်တာကို အကာအကွယ်ယူပြီးတော့ ရန်သူက ကျွန်မတို့ အိပ်နေတုန်း တောင်ပေါ်မှကနေ ကျောက်တုံးတွေ ပစ်ချပြီးတော့ ပိသေအောင် လုပ်လို့ရတယ်။”

သင်းအုပ်ဆရာ ပင့်သက်ရှိုက်လိုက်ပြီး ထိုနေ့က ကြောက်မက်ဖွယ်ရာ တောအုပ်ထဲသို့ မထွက်ပြေးခင် ကျောက်တုံးပစ်ချကာ အလစ်တိုက်ခိုက်သည်ကို တွေးမိသွားပြီး သိမ့်သိမ့်တုန် သွားသည်။ သူက တစ်နည်းနည်းဖြင့် အင်အားစုစည်းပြီး မတ်တပ်ရပ်ကာ အဖွဲ့ကို အမီလိုက်ရန် ပြင်သည်။ သုံးလေးလှမ်း လျှောက်ပြီးနောက် သူက ကျောက်တုံးတစ်ခုကို တိုက်မိသွားသည်။ ဘေးဖက်မှ လူကသာ အချိန်မီ မဆွဲခဲ့လျှင် သူ သေချာပေါက် ဗွက်အိုင်ထဲသို့ ကျသွားမည် ဖြစ်သည်။

သင်းအုပ်ဆရာက ဖမ်းဆွဲထားပေးသော ချန်လွေ့ကို ခေါင်းညိတ်ပြပြီး မောဟိုက်နေကာ ပြောလိုက်သည်။ “ကျေးဇူးပါပဲ။ ရစ်ချက်။”

ချန်လွေ့က ဆေးရည်တစ်ပုလင်း ကမ်းပေးသည်။ “ဒါ သောက်လိုက်။ ခင်ဗျားရဲ့ ခန္ဓာကိုယ် အခြေအနေကို သက်သာစေမှာပါ။”

သင်းအုပ်ဆရာက အဆို့ကို ဖြုတ်ပြီး မော့သောက်လိုက်သည်။ သူ၏ခွန်အား အလျင်အမြန် ပြန်ပြည့်လာနေကြောင်း ခံစားလိုက်ရသည်။ သူ၏ တြိဂံမျက်လုံးလည်း တောက်ပသွား၏။ “ဒါက ဘယ်လို ဖြည့်တင်းဆေးရည်မျိုးလဲ။ တကယ် ထိရောက်မှု ရှိတယ်။ ဆရာသခင်အဆင့် ဆေးရည်လား။”

“ဆရာသခင်အဆင့် နီးပါးပါပဲ။ ဒါကို ကျုပ်ရဲ့ဆရာက ပေးထားတာ။ ကံကောင်းချင်တော့ တစ်ပုလင်းပဲ ရှိတော့တာ။”

ချန်လွေ့က အမှန်အတိုင်းပြောနေခြင်း ဖြစ်သည်။ ထိုပုလင်းက မဟာဆရာသခင်-ယောင် အဆင့် ရောက်နေပြီဖြစ်သော ဆရာဖြစ်သူ ထယ်တင်းနစ် ပေးခဲ့သော ကုသဆေးရည် ဖြစ်သည်။ ၎င်းမှာ နောက်ဆုံးပုလင်း ဖြစ်သည်။ သို့သော်လည်း စူပါစနစ်ထဲရှိ ‌လဲလှယ်ဌာန၌ မကုန်နိုင်သော မဟာဆရာသခင်အဆင့် ကုသဆေးရည်များစွာ ရှိနေလေသည်။

“မိတ်ဆွေ။ မင်းရဲ့ ရင်းနှီးမှုကို ငါ့ကို အရှက်ရစေတယ်။ ငါ သူတို့နဲ့ မမျှဝေရတဲ့ ဂျုံကိတ်မုန့်တွေ နည်းနည်း ဝှက်ထားတယ်ဆိုတာကို ငါ ဝန်ခံရမယ်။ အခု ငါ မင်းနဲ့ မျှဝေပေးမယ်....” သင်းအုပ်ဆရာက ကျေးဇူးတင်သောအကြည့်ဖြင့် ကိတ်မုန့်သုံးလေးခုကို ထုတ်လိုက်သည်။

လှည်းဖျက်ဆီးခံရပြီး စီးစရာများ ပျောက်ဆုံးသွားပြီးနောက် အလျှံပယ်ဖြစ်နေခဲ့သော စားစရာနှင့် အထောက်အပံ့များလည်း ဆုံးရှုံးသွားခဲ့ရသည်။ သင်းအုပ်ဆရာက ပုံမှန်အားဖြင့် ကြေးစားများနှင့်အတူ အေးစက်သော ရိက္ခာခြောက်များကို စားသည်။ အကယ်၍ သူတို့က ကံကောင်းလျှင် သားကောင်အချို့ကို အမဲလိုက်၍ရသည်။ သို့သော်လည်း သင်းအုပ်ဆရာက စားစရာအချို့ကို ကိုယ်တိုင်အတွက် သိမ်းထားသေးလေသည်။

“ခင်ဗျားရဲ့ ပွင့်လင်းမှုကြောင့် ကျုပ် ကျေနပ်မိပါတယ်။ ဒါပေမဲ့ ကျေးဇူးပါပဲ။ ကျုပ် တကယ် မလိုပါဘူး။ လက်မခံပါရစေနဲ့။ ကျုပ်မိတ်ဆွေတွေက ကျုပ်ထက် ဒါကို လိုအပ်တယ်။ ကောင်းပြီ။ အဖွဲ့ကို လိုက်မီအောင် မြန်မြန် သွားကြတာပေါ့။” ချန်လွေ့က ပြုံးပြလိုက်ပြီး သင်းအုပ်ဆရာကို ပုခုံးပုတ်ကာ ရှေ့ဆက်သွားသည်။

အမှန်တကယ်၍ သင်းအုပ်ဆရာက ဂျုံကိတ်မုန့် သုံးလေးခုမက သိုလှောင်ထားကြောင်း ချန်လွေ့ ကောင်းကောင်း သိသည်။ ထို“ပွင့်လင်းမှု”ဆိုသည်မှာ ထိန်ချန်ထားခြင်းပင် ဖြစ်သည်။ မနက်က စားခဲ့တာကို ဘာလို့ မမျှဝေတာလဲ။

အဖွဲ့က စခန်းချရန်အတွက် သင့်‌တော်သော နေရာတစ်ခုကို အီနာ ရှာမတွေ့ခင်အထိ ဆက်လက် ချီတက်ကြသည်။

“မီးမမွှေးနဲ့။ တိတ်တိတ်နေကြ။ အဝေးကြီး ကင်းမလှည့်နဲ့။ တောင်နေလူပုတွေကို မနှောင့်ယှက်မိအောင် ဂရုစိုက်။” အီနာက တာဝန်ခွဲဝေပေးရင်း အမိန့်ပေးကာ အားလုံးကို အနားယူရန် စုစည်းရင်း စောင့်ကြပ်ခိုင်းသည်။

ပင်ပန်းနေသော သင်းအုပ်ဆရာက တဲထဲ၌ ပုန်းနေကာ အနားယူတော့သည်။ အမှန်တကယ် သူက သိုလှောင်လက်ပတ်ထဲ၌ သိုလှောင်ထားသော စားစရာများကို တိတ်တိတ်လေး ဝါးမျိုနေခြင်း ဖြစ်သည်။ ထို့နောက် သူ လှဲချလိုက်သည်။ သုံးလေးမိနစ် ကြာပြီးနောက် တဲထဲမှ ဟောက်သံများ ထွက်လာသည်။

ချန်လွေ့က ကြေးစားများကြားထဲ၌ ထိုင်လိုက်ပြီး လိုဏ်ဂူနေလူပုများအကြောင်း ဇာတ်လမ်း ပြောပြနေသော မုတ်ဆိတ်နှင့် ဆယ်လ်ဗီကို နားထောင်နေလိုက်သည်။

မြေအောက်မိုင်းတူးရာ၌ စိတ်နှစ်မြှုပ်ထားသော လိုဏ်ဂူနေလူပုများနှင့်ယှဉ်လျှင် တောအုပ်နေလူပုများက နတ်သူငယ်များနှင့်သာ အလုပ်လုပ်ချင်ပြီး တောင်နေလူပုများက ပန်းပဲပညာရပ် ကျွမ်းကျင်ကာ လူသားများနှင့် ပိုမိုပတ်သတ်မှု ရှိကြသည်။ လူအသိုက်အဝန်းရှိ လူပုပန်းပဲသမားအများစုမှာ တောင်နေလူပုများ ဖြစ်ကြသည်။

တောင်နေလူပုများက လူသားတို့၏ ဝိုင်အရက်နှင့် အရသာရှိသော စားစရာများကို သဘောကျပြီး လူသားများက လူပုများ သွန်းလုပ်သော အဆင်တန်ဆာ အမျိုးမျိုးကို တပ်မက်သည်။ ပါးနပ်သော စီးပွားရေးသမားများက တောင်နေလူပုများရှိရာသို့ လာရောက်ပြီး အတော်လေး စျေးပေါသော စားစရာများနှင့် ဝိုင်အရက်များကို လူပုများ ပြုလုပ်သော အဆင်တန်ဆာများနှင့် လဲလှယ်ကာ အမြတ်ထုတ်ကြသည်။ အချို့ကမူ လူပုများ၏ မဆင်မခြင်နှင့် စိတ်မရှည်သော စရိုက်တို့ကို အသုံးချပြီး နည်းအမျိုးမျိုးသုံးကာ အမြတ်ထုတ်၏။ အချိန်ကြာလာသည်နှင့်အမျှ လူပုအများအပြားက လူသားလောကထဲ ဝင်ရောက်လာသည်။ လူသားအမျိုးမျိုးနှင့် ဆက်သွယ်ပြီးနောက် သူတို့ ယခင်က ခံစားခဲ့ရသော လိမ်ညာမှုအမျိုးမျိုးမှ နိုးထလာခဲ့ကြသည်။

အကြိမ်ကြိမ် အလိမ်ညာခံရပြီးနောက် လူသားများအပေါ် လူပုများ၏ စိတ်ကောင်းက ရွံရှာမှုအဖြစ် ပြောင်းလဲသွားသည်။ သူတို့က လူသားများနှင့် အဆင်တန်ဆာ တိုက်ရိုက် မကုန်သွယ်တော့ပေ။ သူတို့က အဆင်တန်ဆာများကို ‌ရောင်းချပြီး လူသားလောကမှ အထူး ပြောခွင့်ရ ပုဂ္ဂိုလ်များနှင့် လူပုများထံမှ အထောက်အပံ့များ ဝယ်ယူကြသည်။ လူပုအဖွဲ့အစည်း အများစုကပင် လူသားများက မကြိုဆိုသော အရာများအဖြစ် စာရင်း မှတ်ထားကြသည်။ ဥပမာ ယခု ကျောက်နက်တောင်ရှိ မြေထူရဲတိုက်၌ နေနေကြသော တောင်နေလူပုများ ဖြစ်ကြ၏။

သိပ်မကြာခင်က ကြေးစားအဖွဲ့သို့ ဝင်ရောက်လာသော လူငယ်တစ်ယောက်က မေးသည်။ “ဒီတစ်ခေါက် ကျုပ်တို့က ဖြတ်သွားရုံပဲဆိုတော့ လူပုတွေ ရန်လိုတာကို မခံရလောက်ဘူး မဟုတ်လား။”

မုတ်ဆိတ်နှင့်လူက ခဏစဉ်းစားပြီး ခေါင်းခါသည်။ “မခံရလောက်ပါဘူး။ ဒါပေမဲ့ လောကကြီးက ခန့်မှန်းလို့မရဘူး။ နောက်ကျ ဘာဖြစ်လာမလဲ ဘယ်သူမှ မပြောနိုင်ဘူး။ ငါတို့က ကြေးစားတွေ။ အချိန်မရွေး ဖြစ်လာသမျှကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမယ်။ ဒီည တစ်ခုခု ဖြစ်တော့မယ်လို့ အတိတ်နိမိတ် ငါ ခံစားမိနေတယ်။”

လူငယ်လေး၏ တင်းမာနေသော အမူအရာကို မြင်သည့်အခါ မုတ်ဆိတ်နှင့်လူနှင့် အနီးအနားမှလူများ ရယ်လိုက်ကြသည်။ ဒါက ဘယ်လို အတိတ်နိမိတ်မျိုးလဲ။ ဝါရင့်က လူငယ်လေးကို စနောက်နေတာ အသေအချာပဲ။

ရုတ်တရက် ချန်လွေ့က မျက်ခုံးကိုပင့်ပြီး အဝေးကို ကြည့်လိုက်သည်။

ခဏအကြာ ဆမ်မြူရယ်က သတိထားသော အမူအရာ ပြသလိုက်ပြီး တဖြည်းဖြည်း မတ်တတ်ရပ်လိူက်သည်။ “မင်းပြောတာ မှန်နေတဲ့ပုံပဲ။ ဆယ်လ်ဗာ။ နောက်တစ်ခါ ကြိုမမှန်းဖို့ မမေ့နဲ့။”

အားလုံး ထိတ်လန့်သွားကြသည်။ ဆမ်မြူရယ် ပေါက်ကရပြောမည်မဟုတ်ကြောင်း သိသည့်အတွက် အီနာက အလျင်အမြန်ပင် ဒိုင်းကာကို‌ ကောက်ကိုင်ကာ အမိန့်ပေးသည်။ “အားလုံး တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ။ မှတ်ထား။ လူပုတွေဆိုရင် အရင်ဆုံး မတိုက်ခိုက်နဲ့။”

ကြေးစားများက လက်နက်များ အလျင်အမြန် ကိုင်ထားလိုက်ကြပြီး ခံစစ်အနေအထား အတိုင်း ဖွဲ့စည်းလိုက်သည်။ အိပ်နေသော သင်းအုပ်ဆရာ မန်နာလည်း နိုးလာသည်။

ထိုဘက်သို့ ထူထဲသော အနက်ရောင်ပုံရိပ်များက အမြန်ပြေးလာနေခြင်း ဖြစ်သည်။ သူတို့အားလုံးက မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုတောင်ခါးပန်းကို ဝိုင်းရံပြီးနေလေပြီ။

အယောက် ၄၀၀မှ၅၀၀ခန့်အထိ ရှိကြောင်း လရောင်ဖြင့် မြင်နေရသည်။ ထိုသူများက အတော်လေး အရပ်ပုကြပြီး သတ္တုချပ်ကာ ခေါင်းစွပ်များနှင့် အရပ်နှင့် အမြင့်တူနီးပါး ဖြစ်နေသော ဒိုင်းကာအဝိုင်းများကို ကိုင်ထားကြသည်။ လက်တစ်ဖက်၌ အတော်လေး ကြီးမားသော တူ သို့မဟုတ် တိုက်ပွဲပုဆိန်ကို ကိုင်ထားကြသည်။ ခြေသံများကို ကြည့်ခြင်းအားဖြင့် ထိုချပ်ကာနှင့် လက်နက်များက သာမန်အဆင်တန်ဆာများထက် ပိုလေးနိုင်ပေသည်။ သို့သော်လည်း ထိုသူများက အရှိန်နှင့် ရှေ့ဆက်သွားနေကြသည်။ သူတို့က ၎င်းနှင့် အသားကျနေဟန်တူသည်။

“တောင်နေလူပုတွေရဲ့ မဟာဒိုင်းကာစစ်သည်တွေ။” အီနာ အံ့အားသင့်သွားသည်။ ပြောရမည်ဆိုရင် သူတို့က တောင်နေလူပုနေရာသို့ ရောက်နေသည့်တိုင် သတိပေးရုံမျှသာ ဖြစ်နိုင်ပေလိမ့်မည်။ သာမန်တပ်ဖွဲ့အများအပြားကို စေလွှတ်ရန် မဖြစ်နိုင်ပေ။

“လက်နက်တွေချထား။ ရန်မလိုနဲ့။ ငါ သူတို့နဲ့ ညှိနှိုင်းကြည့်မယ်။” အီနာက အခြေအနေမှာ ထူးဆန်းကြောင်း မြင်လိုက်ပြီး ရင်းနှီးမှုကို ပြသရန်အတွက် လက်နက်ချထားရန် အမြန်ပြောလိုက်သည်။ ဒီမဟာဒိုင်းကာစစ်သည်တွေရဲ့ ကြောက်စရာ တိုက်ခိုက်ရေးစွမ်းအားနဲ့ ဆိုရင် အချေအတင် ဖြစ်တာနဲ့ ဆမ်မြူရယ်က လွဲပြီးတော့ ဘယ်သူမှ လွတ်နိုင်မှာ မဟုတ်ဘူး။

အီနာက ဆမ်မြူရယ်က တကယ့်အစွမ်းကို မသိပေ။ ထို့ပြင် အဖွဲ့ထဲ၌ လက်ထောက်‌ ခေါင်းဆောင်ထက် ပို၍ အစွမ်းထက်သူတစ်ယောက်လည်း ရှိနေလေသည်။ အကယ်၍ ထိုသူ့ကို ထည့်တွက်ခဲ့လျှင် လူပုများကသာ အန္တရာယ်ရှိသော အခြေအနေ ဖြစ်နေ၏။

မဟာဒိုင်းကာစစ်သည်များက ခဏအကြာ တောင်ခါးပန်းကို ဝိုင်းရံလိုက်သည်။ ခေါင်းဆောင် ထွက်လာပြီး အနည်းငယ် ဗလုံးဗထွေးဖြစ်နေသော ဘုံသုံးဘာသာစကားဖြင့် အော်ပြောသည်။ “ရွံစရာကောင်းတဲ့ သူခိုးဓားပြတွေ။ မင်းတို့မပိုင်တဲ့အရာတွေကို ပြန်ပေးဖို့ တစ်မိနစ် အချိန်ပေးမယ်။ မဟုတ်ရင် မင်းတို့ရဲ့ သွေးတွေနဲ့ လူပုတွေရဲ့ ဒေါသကို ‌ဆေးပစ်မယ်။”

သူခိုးဓားပြတွေတဲ့လား။ အားလုံးက အချင်းချင်း ကြည့်လိုက်ကြသည်။ မည်သည့်နေရာ အထင်လွဲနေကြောင်း အီနာ သဘောပေါက်သွားခဲ့သည်။ ထို့နောက် သူက ရှေ့ထွက်ကာ ပြောလိုက်သည်။ “ဒါက အထင်လွဲနေတာပါ။ ကျွန်မတို့က ဖြတ်သွားဖြတ်လာ ကြေးစားတွေပါ။”

“စက္ကန့်၄၀ ကျန်မယ်။” လူပုက အီနာ ရှင်းပြနေသည်ကို မကြားချင်ယောင်ဆောင် ထားသည်။ သူ လက်ဝှေ့ရမ်းလိုက်ရာ နောက်ဘက်မှ လူပုများ၏ အခင်းအကျင်း စတင်ပြောင်းလဲလာပြီး တိုက်စစ်အနေအထား ပြုလုပ်လာသည်။

၎င်းမှာ အလိမ်အညာ မဟုတ်ကြောင်း အီနာ သိသည်။ လူပုများက ခေါင်းခါကြသည်။ ဆုံးဖြတ်လိုက်သည်နှင့် ပြောင်းလဲရန် ခက်ခဲပေသည်။ သူက အလျင်အမြန် အော်ပြောသည်။ “ကျွန်မက မုတ်ဆိတ်မဲ တက်ခ်လင်းရဲ့ မိတ်ဆွေပါ။ ကျွန်မနဲ့ မိတ်ဆွေတွေက ဒီကိစ္စနဲ့ လုံးဝ မသက်ဆိုင်ဘူးဆိုတာကို တက်ခ်လင်းရဲ့ မုတ်ဆိတ်နဲ့ အာမခံနိုင်ပါတယ်။”

လူပုများက မုတ်ဆိတ်ကို တန်ဖိုးအထားဆုံးဖြစ်သည့်အတွက် ထိုအာမခံမှာ ရယ်စရာ မဟုတ်ဘူး။ ထိုစကား ထွက်လာသည်နှင့် ခေါင်းဆောင်က အံ့အားသင့်သွားသည်။ “မင်းက တကယ်ပဲ တက်ခ်လင်းရဲ့ မိတ်ဆွေလား။”

“ဟုတ်ပါတယ်။ ကျွန်မအဖေက သူနဲ့ မိတ်ဆွေ ဖြစ်ခဲ့ဖူးတယ်။ သူက ဝိုင်အရက် သောက်နေရင်း သီချင်းဆိုတတ်တဲ့ အကျင့်ရှိတာ မှတ်မိသေးတယ်....”

“ဟုတ်တယ်။ တက်ခ်လင်းမှာ ဒီလိုအကျင့်ရှိတယ်....” လူပု၏လေသံ အနည်းငယ် ပြေလျော့သွားသည်။ ထို့နောက် တင်းမာသွားပြန်သည်။ “မဟုတ်ဘူး။ မင်းတို့ လူသားတွေက ယုံကြည်လို့မရဘူး။ ဉာဏ်များတယ်။ လူပုတွေရဲ့ ပုဆိတ်နဲ့ တူတွေအောက်မှာ အသားပြား မဖြစ်ချင်ဘူးဆိုရင် မခုခံဘဲနဲ့ မြေထူရဲတိုက်ဆီကို လိုက်ခဲ့ကြ။”

အီနာက အမြန်စဉ်းစားပြီး အဖော်များကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ လက်ရှိ အခြေအနေ အရဆိုရင် တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး။ မဟုတ်ရင် ငါတို့တွေ ကျောက်နက်တောင်ကို မဖြတ်ရဘဲနဲ့ လူပုတွေ လိုက်တိုက်ခိုက်တာကို ခံနေရမယ်။

ထို့နောက် အားလုံးက လက်နက်ချလိုက်ကြသည်။ လူပုများနှင့်အတူ သူတို့က တောင်လမ်းကြောင်းတစ်လျှောက် ဆက်လက်ချီတက်တော့သည်။

ညပိုင်းမြင်နိုင်မှုက သိပ်မမြင့်မားသော်လည်း လူပုများက ပတ်ဝန်းကျင်နှင့် အတော်လေး ရင်းနှီးကြသည်။ မြေအနေအထား ရှုပ်ထွေးသော တောင်လမ်းတစ်လျှောက် လမ်းလျှောက် သွားရသည်မှာ ၃နာရီခန့် ကြာမြင့်ခဲ့ပြီး နောက်ဆုံး၌ တောင်နေလူပုများ နေထိုင်ရာ မြေထူ ရဲတိုက်သို့ ရောက်ရှိလာကြသည်။

လူပုများက အရပ်မြင့်သော ဆယ်လ်ဗာ၏ ခါးသို့သာ ရောက်နိုင်သော်လည်း ဆောက်ထားသော ရဲတိုက်က မီးခိုးဖျော့ရောင် မြို့တံတိုင်းပေါ်ရှိ မရေမတွက်နိုင်သော နွယ်များ ရောယှက်နေကာ ကျက်သရေ ရှိလှသည်။ လရောင်အောက်၌ ရှေးဟောင်း ဧရာမကြီးက အတွေးတစ်ခုဖြင့် ငုံ့ကြည့်နေသလိုပင် ဖြစ်နေသည်။

ညမှောင်နေပြီဖြစ်သော်လည်း ဂိတ်တံခါးကို ဖွင့်ထား၏။ ချပ်ကာဝတ် လူပုများက မီးတုတ်များနှင့် လက်နက်များကိုင်ဆောင်ထားကာ နှစ်တန်းတန်းထားကြသည်။ ရဲတိုက်က အစောင့်တင်းကြပ်လှသည်။ လူပုခေါင်းဆောင် ပြောခဲ့သော “သူခိုးဓားပြများ”နှင့် ပတ်သက်သော တစ်ခုခုက မြေထူရဲတိုက်၌ ဖြစ်သွားခဲ့သည်မှာ သေချာပေသည်။

All Chapters