သက်သေ
Vol. 41 Ch. 642
မြို့ဂိတ်တံခါးတွင် ချပ်ကာအနက်ရောင်နှင့် နှာခေါင်းပွပွရှိသော မုတ်ဆိတ်မဲ လူပုက ဒိုင်းကာစစ်သည်များကို လာရောက်ကြိုဆိုသည်။ မီးတုတ်အလင်းရောင်အောက်၌ မုတ်ဆိတ် အစွန်နားတွင် ကျစ်ဆံမြီးကျစ်ထားသည်ကို မြင်နိုင်ပေသည်။
[ သရုပ်ခွဲမျက်လုံး ] ထဲ၌ ထိုလူပု၏ စွမ်းအားအကဲဖြတ်မှုက A- အဆင့်ဖြစ်ပြီး ဆမ်မြူရယ်ကို ယှဉ်၍ရသည်။ စွမ်းအားဂုဏ်သတ္တိလည်း A- အဆင့် ရှိ၏။
“ဒါတွေက လူသားတွေလား။” မုတ်ဆိတ်မဲနှင့် လူပုက အသံကျယ်ကျယ်နှင့် မေးသည်။ “ဘိုရော့။ မင်းက ဒီရွံစရာကောင်းတဲ့ သူခိုးဓားပြတွေကို ခဏလေးနဲ့ ဖမ်းမိနိုင်ခဲ့တာပဲ။ သိပ်ကောင်းတယ်။”
“သိပ်တော့ မသေချာဘူး။” ဘိုရော့က ခေါင်းခါပြီး သူ့ကို ထူးထူးဆန်းဆန်း ကြည့်သည်။ “လူသားတစ်ယောက်က မင်းရဲ့ မိတ်ဆွေလို့ ပြောနေတယ်။”
“ငါ့ရဲ့မိတ်ဆွေ ဟုတ်လား။”
အီနာ၏အသံကို ကြားလိုက်သောအခါ မုတ်ဆိတ်မဲနှင့်လူပုက အံ့အားသင့်သွားသည်။ “ဦးလေး တက်ခ်လင်း။ ကျွန်မကို မှတ်မိလား။ အန်ရယ်စပန်ရဲ့ သမီး အီနာ ပါ။”
“အန်ရယ်စပန်လား။” တက်ခ်လင်းက ခဏစဉ်းစားလိုက်သည်။ ထို့နောက် ရှေ့ဆက်ပြီး အီနာကို ခဏလောက် ကြည့်လိုက်ကာ ဇဝေဇဝါဖြစ်နေသော အမူအရာ ပြသလိုက်သည်။ “အဲဒီလူရဲ့ သမီးလား။ မင်းတို့ဘာလို့ မတူတာလဲ။”
အီနာက နောက်ဆုံးစကားကို လျစ်လျူရှုထားလိုက်သည်။ “အဖြစ်အပျက်တစ်ခုအကြောင်း အဖေပြောဖူးတယ်။ ဦးလေးနဲ့သူက ယန်ရှောင်မြို့တော်မှာ ညဘက် ဝိုင်အရက် သောက်ခဲ့ဖူးတယ်။ ဦးလေးက မူးပြီးတော့ သီချင်းတွေ အော်ဆိုလို့ ကင်းလှည့်နေတဲ့ အစောင့်တွေ သတိထားမိသွားတယ်။ နောက်တော့ ဦးလေး ပြေးနေတုန်း မုတ်ဆိတ် တစ်ပိုင်းက မီးလောင်ခဲ့တယ်တဲ့.....”
အနီးအနားရှိ လူပုများက ရှက်စရာ အဖြစ်အပျက်အကြောင်း ကြားသောအခါ တိုးတိုးလေး ရယ်လိုက်ကြသည်။ ဘိုရော့က အသံကျယ်ကျယ်နှင့် ရယ်လိုက်သည်။ “တက်ခ်လင်း။ လက်စသတ်တော့ အဲဒီတုန်းက မင်းရဲ့မုတ်ဆိတ် မီးလောင်သွားတာ အဲဒါကြောင့်ကိုး။ မင်းငါ့ကို သံသွန်းနေတုန်း မီးပွင့်မှန်ပြီး လောင်သွားတာလို့ ပြောခဲ့တယ်နော်။”
“ဘယ်သူပြောတာလဲ။ သံသွန်းရင်းနဲ့ မတော်တဆ တကယ်ဖြစ်သွားတာပါ။ ဒီအကြောင်း ထပ်မပြောနဲ့တော့။ အဓိကအကြောင်း ဆက်ကြတာပေါ့။” တက်ခ်လင်း၏ နှာခေါင်းပွပွက နီရဲသွားပြီး ရှက်နေသော အမူအရာ ပြသလိုက်သည်။ သို့သော်လည်း အီနာအပေါ် သူ၏ အကြည့်က အတော်လေး ပိုမိုညင်သာသွားသည်။ “တကယ် မင်းပဲကိုး။ အီနာလေး။ မင်းက အရွယ်ရောက်လာပြီပဲ။ ငါထက်တောင် အရပ်ပိုမြင့်သွားပြီ...”
အီနာက နောက်ဆုံးစကားကို လျစ်လျူရှုထားလိုက်ပြန်ပြီး ရှင်းပြသည်။ “ဦးလေး တက်ခ်လင်း။ ကျွန်မက သံမဏိဒိုင်း ကြေးစားအဖွဲ့ရဲ့ ခေါင်းဆောင်ပါ။ သူတို့က ကျွန်မရဲ့ အပေါင်းအဖော်တွေ။ ကျွန်မတို့က ဒီတစ်ခေါက် သင်းအုပ်ဆရာတစ်ယောက်ကို ဥယျာဉ်မြို့တော်ဆီ သွားပို့ရမှာပါ။ အချိန်မြန်အောင်လို့ ဖြတ်လမ်းကို ရွေးချယ်ပြီးတော့ ကျောက်နက်တောင်ကို လာခဲ့တယ်။ ကျွန်မတို့ ရောက်လာတာ သိပ်ပြီးတော့ မကြာသေးပါဘူး။ ပြီးတော့ သူခိုးဓားပြတွေ အကြောင်းကိုလည်း ဘာမှ မသိဘူး။”
“တက်ခ်လင်း။” ဘိုရော့က ရယ်မနေတော့ပေ။ “သူတို့က ခိုးယူမှုနဲ့ ဘာမှ မဆိုင်တာကို အာမခံနိုင်ရင် သူတို့ကို ငါ လွှတ်ပေးမယ်။”
“ဒီခိုးယူမှုက အတော်လေးကို လေးနက်တယ်။ ပြီးတော့လည်း အရင်တုန်းက အီနာနဲ့ငါ အဆက်အသွယ် မရှိခဲ့ဘူး။” တက်ခ်လင်းက သေချာတွေးလိုက်ပြီး ခေါင်းခါသည်။ “အဲဒါကြောင့် အစောင့်တစ်ယောက်အနေနဲ့ ငါ အာမမခံနိုင်ဘူး။ အထူးသဖြင့် အီနာရဲ့အဖေ အန်ရယ်ကလည်း သူခိုးဓားပြတစ်ယောက် ဖြစ်နေလို့ပဲ။”
ထိုနောက်ဆုံးစကားကို ကြားသောအခါ မူလက အေးဆေးဖြစ်နေခဲ့သော အခြေအနေက ချက်ချင်းပင် တင်းမာသွားပြန်သည်။
“ဒီလိုဆိုရင် သူတို့ကို အရင်ချုပ်ထားပြီးတော့ အရှင်မင်းကြီး အိုဗ်ဂီ ကိုင်တွယ်ဖို့ ထာားထားလိုက်မယ်။” ဘိုရော့က လက်ဝှေ့ရမ်းလိုက်ပြီး ဒိုင်းကာစစ်သည်များအား အားလုံးကို ခေါ်ဆောင်သွားရန် ပြောလိုက်သည်။
ထိုရင်းနှီးမှုကြောင့် သံသယ ပိုမိုဖြစ်သွားလိမ့်မည်ဟု အီနာ မထင်ထားခဲ့ပေ။ သူက ခပ်မြန်မြန် ပြောလိုက်သည်။ “ခဏနေပါဦး။ ဦးလေး တက်ခ်လင်း။ ဒီခိုးယူမှုက ဘာအကြောင်းလဲ ဆိုတာ သိချင်တယ်။ ကျွန်မ အပြစ်ကင်းတယ်ဆိုတာကို သက်သေပြလို့ ရနိုင်လောက်ပါတယ်။”
တက်ခ်လင်းက ဘိုရော့အား စောင့်ခိုင်းလိုက်ပြီးနောက် ကိစ္စကို အကျဉ်းချုံး ရှင်းပြသည်။
ယမန်နေ့သည် လူပုများ၏ ဂျုံဝိုင်အရက်ပွဲတော် ဖြစ်သည်။ မူလက ဂျုံဝိုင်အရက် သောက်ရန် ပွဲတော်နေ့ ဖြစ်သော်လည်း နေ့လယ်တွင် မြေထူရဲတိုက်ရှိ နေရာအများအပြားက တစ်ချိန်တည်းမှာပင် မီးလောင်ကုန်သည်။ မီးငြိမ်းပြီးနောက် ၎င်းမှာ အာရုံလွှဲခြင်းဖြစ်ကြောင်း လူပုများ သိလိုက်ကြသည်။ တစ်ဖက်လူ၏ တကယ့်ပစ်မှတ်မှာ ရဲတိုက်ဂိုဒေါင် ဖြစ်နေသည်။ သူတို့က အဆင်တန်ဆာ တစ်သုတ်နှင့် အရေးပါသော ပုံကြမ်းတစ်ခုကို ခိုးယူခဲ့ကြသည်။
ထိုအဆင်တန်ဆာတစ်သုတ်က အထောက်အပံ့အတွက် လူသားများနှင့် လဲလှယ်ရမည့် လက်နက်နှင့် ချပ်ကာများ ဖြစ်ကြသည်။ ၎င်းတို့က အရည်အသွေးမြင့်သော ထူးကဲအဆင့်များ ဖြစ်ကြပြီး တန်ဖိုးကြီးမားကြသော်လည်း အရေးအကြီးဆုံးမှာ ၎င်းတို့ထက် ပိုမိုအဖိုးတန်သော ပုံကြမ်းတစ်ခုပင် ဖြစ်လေသည်။
ပွဲတော် ပျက်စီးသွားသော လူပုများက အလွန် ဒေါသထွက်သွားကြပြီး ချက်ချင်းပင် စစ်သည်တော်များ စေလွှတ်ကာ ကျူးကျော်သူ သူခိုးဓားပြများကို ရှာဖွေတော့သည်။
ပုံမှန်အားဖြင့် အီနာနှင့် တက်ခ်လင်းတို့၏ ဆက်ဆံရေးအရဆိုင်လျှင် ကျောက်နက်တောင်ကို ဖြတ်သွားရန် မခက်ခဲလောက်ပေ။ သို့သော်လည်း သူတို့က ထိုကဲ့သို့ အရေးကြီးသော အခိုက်အတန့်၌ ခိုးယက်မှုနှင့် တိုက်ဆိုင်သွားခဲ့သည်။ ချန်လွေ့၏ စိတ်ထဲ၌ စကားလုံးတစ်လုံး ပေါ်ထွက်လာ၏။ ကိုယ့်တပ်ကိုယ်ပြန်နင်းတာပဲ။
“ဟုတ်ပြီ။ သူတို့ကို ဆက်ပြောဖို့ မလိုတော့ဘူး။” ဘိုရော့က စိတ်မရှည်ဘဲ ပြောသည်။ “လူသားတွေက ယုံကြည်လို့ မရဘူး။ ဒီလူသားတွေက ကျောက်နက်တောင်မှာ ပေါ်လာကတည်းက သံသယဝင်စရာ ကောင်းနေပြီ။ သူတို့က အကျဉ်းထောင်ထဲမှာ သုံးလေးရောက်လောက် အငတ်ထားပြီး ချုပ်ထားလိုက်မယ်။ ဒါဆိုရင် အမှန်ကို ပြောလိမ့်မယ်။”
ထိုစကားကြောင့် ဆမ်မြူရယ် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် အနီးအနားသို့ သတ်ဖြတ်ချင်စိတ် အရှိန်အဝါ ရေးရေးလေး ပျံ့နှံ့သွားသည်။ လူပုများက ၎င်းကို ရုတ်တရက် အာရုံခံမိလိုက်သည်။ သူတို့က လက်ထဲမှ လက်နက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သတိရှိသာ အမူအရာများ ပြသနေကြသည်။ တက်ခ်လင်းကလည်း ရှေ့တက်ပြီး ဘိုရော့ အရှေ့၌ ကာကာ အရပ်ပုပုမှ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်လာလေသည်။ သူက ဆမ်မြူရယ်နှင့်အတူ ခဏကြာမျှ ရပ်တန့်နေလေသည်။
“ဆမ်မြူရယ်..” အီနာ အော်ပြောလိုက်သည်။ “စိတ်လိုက်မာန်ပါ မလုပ်နဲ့။”
“ဒီလိုနေရာမျိုးမှာ အချိန်ကုန် မခံနိုင်ဘူး။” ဆမ်မြူရယ်က ဘိုရော့ကို ကြည့်လိုက်ပြီး တိုက်ခိုက်ချင်စိတ် လောင်ကျွမ်းသွားသည်။ “တရားမျှတမှုမရှိဘဲနဲ့ အချုပ်ချခံရမယ်ဆိုရင် တိုက်ခိုက်ဖို့ပဲ ရွေးချယ်မယ်။”
တက်ခ်လင်း၏ လက်ထဲ၌ အနက်ရောင် ဧရာမပုဆိန်တစ်လက် ပေါ်ထွက်လာသည်။ “ရွံစရာကောင်းတဲ့လူသား။ မြေထူရဲတိုက်က မင်း သောင်းကြမ်းလို့ရတဲ့နေရာမျိုး မဟုတ်ဘူး။”
ထို့နောက် နှစ်ဖက်အကြားမှ တင်းမာမှုက အလွန်အမင်း ပြင်းထန်လာသည်။ ပေါက်ကွဲ ထွက်တော့မည့် အချိန်၌ ချန်လွေ့က ပြောသည်။ “အာ..ဆာ-လက်ထောင်ခေါင်းဆောင်။ ခင်ဗျားရဲ့ တာဝန်က ကျုပ်တို့ကို လိုက်ပို့ဖို့ဆိုတာ မမေ့ပါနဲ့။ အားလုံးက အပြစ်မရှိဘူးဆိုတော့ လူပုတွေရဲ့ဘုရင်ကို တွေ့ပြီးတော့ သေသေချာချာ ရှင်းပြတာက ပိုကောင်းမယ်လို့ထင်တယ်။”
အရှင်မင်းသား ပြောလိုက်သည်နှင့် ဆမ်မြူရယ်၏ ခက်ထန်သော အမူအရာက ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူက တက်ခ်လင်းကို စိုက်ကြည့်လိူက်သည်။ “ကျုပ်တို့ကို ခင်ဗျားရဲ့ ဘုရင်ဆီ အခုချက်ချင်း ခေါ်သွားပေး။ မဟုတ်လို့ကတော့ ကျုပ်တို့ ဖမ်းချုပ်နိုင်မယ်၊ သတ်နိုင်မယ် ဆိုရင်တောင် လူပုတွေက အများကြီး ပေးဆပ်ရလိမ့်မယ်။”
ဆမ်မြူရယ်၏စွမ်းအားက တက်ခ်လင်းနှင့် ဆင်တူသည်။ တိုက်ပွဲစသည်နှင့် ကျန်ရှိသော မျိုးနွယ်စုများကို ထိခိုက်မည်မှာ သေချာပေသည်။ သို့သော်လည်း လူပုများ၏ ခေါင်းမာသော စရိုက်က ၎င်းကို ဂရုမစိုက်ပေ။ တက်ခ်လင်းက တိုက်ခိုက်သော အနေအထားကို ပြသလိုက်၏။ “လာလေ။ ငကြောက်ကောင် သင်္ကြန်အမြောက်။ ငါ မင်းကို အခုပဲ ပုဆိန်နဲ့ ခေါင်းဖြတ်ပေးမယ်။”
ထိုအချိန်၌ အသံတစ်သံ ပေါ်ထွက်လာသည်။ “တော်တော့။ တက်ခ်လင်း။ သူတို့ကို အရှင်မင်းကြီး အိုဗ်ဂီဆီ ခေါ်သွားလိုက်။”
ထိုသူမှာ ဆံပင်ဖြူနှင့် မုတ်ဆိတ်ဖြူရှိသော လူပုတစ်ယောက် ဖြစ်သည်။ သူ၏ မြူဆိုင်းနေသော မျက်လုံးထဲ၌ ရှားပါးသော အကြည့်တစ်ခု လက်ခနဲ ဖြစ်နေသည်။ [ သရုပ်ခွဲမျက်လုံး ] ၌ သူ၏စွမ်းအားကို Bအဆင့်ဟု ပြသထားသည်။
“အကြီးအကဲ အက်စ်ကာရီ။” တက်ခ်လင်းနှင့် ဘိုရော့ကဲ့သို့ လူပုများကပင် တရိုတသေနှင့် ဦးညွှတ်ကြရသည်။ ထိုမုတ်ဆိတ်ဖြူနှင့် လူပုက သိပ်ပြီး အစွမ်းမထက်သော်လည်း ရာထူးနှင့် ဂုဏ်သြဇာတို့က အတော်လေး မြင့်မားပုံရသည်။
“ဟုတ်တယ်။ အရှင်မင်းကြီး အိုဗ်ဂီက တောင်နေလူပုမျိုးနွယ်စုရဲ့ အစွမ်းအထက်ဆုံး အစောင့်အရှောက်ပဲ။ ဒီလူသားတွေက သူခိုးဓားပြတွေဆိုတာ သေချာရင် အရှင်မင်းကြီး အိုဗ်ဂီရဲ့ ဟန့်တားမှုအောက်မှာ ရုန်းကန်လို့ရမှာ မဟုတ်ဘူး။” တက်ခ်လင်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ “ဟုတ်တယ်။ သူတို့ကို သေချာစောင့်ကြည့်ရမယ်။ လမ်းမှာ မထွက်ပြေးသွားစေနဲ့။”
နောက်ဆုံးစကားကြောင့် အကြီးအကဲ အက်စ်ကာရီက မျက်လုံးလည်လိုက်သည်။ အခု မင်းက အားလုံးပြောလိုက်ပြီ။ ဒါက သူတို့ကို ထွက်ပြေးဖို့ သတိပေးနေတာ မဟုတ်လား။
ကံကောင်းစွာပင် အန္တရာယ်ရှိသူ အပါအဝင် ထိုလူသားများက ဘာမှမလုပ်ဘဲ ဒိုင်းကာ စစ်သည်များအား ရဲတိုက်ထဲသို့ ခေါ်သွားစေလိုက်သည်။
ရဲတိုက်ထဲသို့ နေအိမ်များက မီးထွန်းလေ့မရှိပေ။ လမ်းတစ်လျှောက် စခန်းချထားသော လူပုစစ်သည် အတန်းလိုက်ကို ကြည့်ခြင်းအားဖြင့် ခိုးယက်မှုက ကိစ္စအသေးလေး မဟုတ်ကြောင်း ထင်ရှားနေသည်။ ပုံကြမ်းက ထင်ထားသည်ထက် ပိုမိုအဖိုးတန်နေနိုင်သည်။
အဖွဲ့က လမ်းအဆုံး၌ ရိုးရှင်းပြီး ခမ်းနားသော နေရာတစ်ခုသို့ ရောက်လာသည်။
နန်းတော်က တောက်ပနေ၏။ အသေးစိတ် အများအပြားက လူပုများ၏ ထူခြားသော လက်ရာများကို ထင်ဟပ်နေစေသော်လည်း လူတိုင်းက ၎င်းတို့ကို ရှုစားရန် စိတ်မပါကြပေ။ အားလုံးက လူပုမျိုးနွယ်နှင့် မစိမ်းကြပေ။ အများအပြားက လူပုများနှင့် ထိတွေ့ဖူးကြသည်။ သို့သော်လည်း လူပုပိုင်နက်ထဲသို့ အကျဉ်းသားများအဖြစ် ပထမဦးဆုံး ရောက်ဖူးကြခြင်း ဖြစ်သည်။ မကြောက်လန့်နေရန် မဖြစ်နိုင်ပေ။
အလယ်ရှိ ပလ္လင်ပေါ်တွင် သံရဖူနှင့် သိုးမွေးကုတ်အင်္ကျီ ဝတ်ဆင်ထားသော လူပုတစ်ယောက် ရှိနေသည်။ သူက မုတ်ဆိတ်မဲရှိပြီး အတော်လေး ငယ်ရွယ်ပုံရသည်။ သူ၏ မျက်လုံးများက ပြတ်သားသော အကြည့်တစ်ခု ပေါ်ထွက်နေသည်။ သူက ရဲတိုက်ကို အုပ်ချုပ်ရသော တောင်နေလူပုများ၏ဘုရင် အိုဗ်ဂီပင် ဖြစ်လေသည်။
ဘိုရော့ သတင်းပို့သည်ကို နားထောင်ပြီးနောက် အိုဗ်ဂီက မျက်မှောင်ကြုတ်လိုက်သည်။ “ဒီခိုးယက်မှုကို လူသားတွေ လုပ်တာ ဖြစ်ရမယ်။ ပြီးတော့ မင်းက ဒီလူသားတွေကို ကျောက်နက်တောင် အပြင်ဘက်မှ တွေ့ခဲ့တယ် ဟုတ်လား။ လူသားအများစုက ရွံစရာ ကောင်းပြီးတော့ အရှက်မရှိတဲ့သူတွေပဲ။ ဒီလူတွေက မြေထူရဲတိုက်ကို ခိုးယူဖို့ တိုက်ရိုက် မဝင်ရင်တောင် သူခိုးဓားပြတွေနဲ့ ဘာမှမဆိုင်ဘူးလို့ ပြောလို့မရဘူး....”
အိုဗ်ဂီက ဘုံသုံးစကားကို မပြောဘဲ လူပုစကားနှင့် ပြောနေခြင်း ဖြစ်သည်။ အီနာက ထိုစကားကို အနည်းငယ်သာ နားလည်သော်လည်း [ သရုပ်ခွဲမျက်လုံး ] ရှိသော ချန်လွေ့အတွက် ပြဿနာ မဟုတ်ပေ။ အိုဗ်ဂီ၏ လေသံကို ကြည့်ခြင်းအားဖြင့် လူသားကို မုန်းတီးနေသော တောင်နေလူပုဘုရင်က သံမဏိဒိုင်း ကြေးစားအဖွဲ့သည် မြေထူရဲတိုက်ကို ခိုးယက်မှုနှင့် သေချာပေါက် ဆက်နွှယ်နေကြောင်း ယုံကြည်နေပုံရသည်။
အကြီးအကဲ အက်စ်ကာရီက ခေါင်းညိတ်သည်။ “အရှင်မင်းကြီးက သူတို့ဆီကနေ သူခိုးဓားပြတွေအကြောင်း သဲလွန်စ ရှာစေချင်နေတာပဲ။”
“ဟုတ်တယ်။ ငါ့မှာ ယန်ရှောင်ဘုရင်နဲ့ သဘောတူညီမှုတစ်ခု ရှိတယ်။ လူသားတွေက မြေထူရဲတိုက်ကို ကျူးကျော်ဖို့ ဘာနဲ့မှ ဆင်ခြေပေးလို့မရဘူး။ ကျူးကျော်တဲ့သူရှိရင် လူပုတွေက အပြင်းထန်ဆုံး အပြစ်ဒဏ်တွေနဲ့ ကိုင်တွယ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။ ယန်ရှောင် အင်ပါယာက နှောင့်ယှက်ရဲရင် သူတို့နဲ့ အရောင်းအဝယ် ဖြတ်တောက်မယ်။ အရင်ဆုံး သူတို့ကို အကျဉ်းချထားလိုက်။ ဒီကိစ္စ မရှင်းမချင်း သူတို့ကို မလွှတ်ပေးနဲ့။”
အိုဗ်ဂီက ဆမ်မြူရယ်ကို ကြည့်ပြီး ထပ်ပြောသည်။ “ခုခံတာရှိရင် သတ်ပစ်လိုက်။”
ဆမ်မြူရယ်က အိုဗ်ဂီ ပြောသည်ကို နားမလည်သော်လည်း တောင်နေလူပုဘုရင်၏ စူးရှသောအကြည့်မှ ပြင်းထန်သော ရန်လိုမှုကို ခံစားရသည်။ ထို့အပြင် သူ၏မျက်လုံးကလည်း ကြောက်မက်ဖွယ်ရာ အားတစ်ခုကို ထုတ်လွှတ်နေပြီး ဆမ်မြူရယ်အား ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ပင် တုန်လှုပ်သွားစေသည်။
မျိုးနွယ် - လူပု
စွမ်းအားအကဲဖြတ်မှု - S
ခန္ဓာအမျိုးအစား - S
စွမ်းအား - S
စိတ်ဝိညာဉ် - A-
အမြန်နှုန်း - S-
[ ဂုဏ်သတ္တိ ] - မြေဂုဏ်သတ္တိ။ မှော်-ဆန့်ကျင်၊ အဆိပ်-ဆန့်ကျင် အစွမ်းရှိ။ စွမ်းအားသုံး စစ်သည်။
တောင်နေလူပုဘုရင်က နတ်ဆိုးအရှင်သခင်အဆင့်ဖြစ်ကြောင်း သိရသောအခါ ချန်လွေ့ အံ့အားသင့်သွားသည်။ ဒါကြောင့် သူ့ကို အစွမ်းအထက်ဆုံး အစောင့်အရှောက်လို့ ခေါ်တာကိုး။ ကျောက်နက်တောင်က လူသားတွေရဲ့တက်မက်တဲ့ မျက်လုံးတွေကြားထဲမှာ မတ်မတ် ရပ်နေနိုင်တယ်။ ဒါပေမဲ့ ငါ့ရဲ့အချိန်ကလည်း ဆမ်မြူရယ် လိုမျိုးပဲ အဖိုးတန်တယ်။ ဒီမှာ သေချာပေါက် နေလို့ မရဘူး။
“အရှင်မင်းကြီး အိုဗ်ဂီ။ ခဏစောင့်ပါဦး။” ချန်လွေ့က ရှေ့သို ခြေ၂လှမ်း လှမ်းလိုက်သည်။ သူက [ သရုပ်ခွဲမျက်လုံး ] ဖြင့် တောင်နေလူပုဘာသာစကား ပြောလိုက်ခြင်း ဖြစ်သည်။
စကားလုံးမသုံးဘဲ ထိုကဲ့သို့ ဆက်သွယ်ပြောဆိုခြင်းက တမင်တကာ ဖြစ်သည်။ အိုဗ်ဂီက အနည်းငယ် အံ့အားသင့်သွားသည်။ သူက ချန်လွေ့ကို တစ်ချက်ကြည့်ကာ မေးသည်။ “ဝိညာဉ်ဘာသာစကားလား။ မင်းက နတ်သူငယ် မျိုးနွယ်ကလား။ မဟုတ်ဘူး။ မင်းရဲ့ပုံစံက.. မင်းက နတ်သူငယ်-တစ်ပိုင်းလား။”
“နတ်သူငယ်-တစ်ပိုင်းလား။” တက်ခ်လင်းက ချန်လွေ့ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ “ဒီလောက်ရုပ်ဆိုးတဲ့ နတ်သူငယ်-တစ်ပိုင်းမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး။”
နတ်သူငယ်မျိုးနွယ်စုများအားလုံးက ချောမောလှပကြသည်။ နတ်သူငယ်-တစ်ပိုင်း သည်ပင် သာမန်လူသားများထက် ပိုမိုသာလွန်ကြသည်။ ၎င်းတို့က ချန်လွေ့၏ သာမန်မျက်နှာနှင့် မကိုက်ညီပေ။
အီနာကဲ့သို့ပင် ချန်လွေ့လည်း တက်ခ်လင်း၏ နောက်ဆုံးစကားကို လှစ်လျူရှုထား၏။ သူက စိတ်ထဲ၌ သိချင်နေခဲ့သည်။ လူသားလောကရဲ့ နတ်သူငယ်မျိုးနွယ်တွေမှာ [ သရုပ်ခွဲမျက်လုံး ] နဲ့ ဆင်တူတဲ့ အစွမ်းမျိုး ရှိတာလား။ ဝိညာဉ်ဘာသာစကားက ဘာကြီးလဲ။
“ကျုပ်က လူသားတစ်ယောက်ပါ။ ကျုပ်တို့က အဲဒီသူခိုးဓားပြတွေ ဘာမှ မဆိုင်ဘူးဆိုတဲ့ သက်သေ လုံလုံလောက်လောက် ရှိပါတယ်။”