ဝိညာဉ်သုတ်သင်သူ
Vol. 41 Ch. 644
သံမဏိသစ်ပင်မီးပွင့်အိမ်၌ ဖြစ်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် ယုတ်စွအဆုံး မည်သည့် တောင်နေလူပုကမှ အချိန်ကို တွက်ချက်ကြမည် မဟုတ်၊ အကြောင်းမှာ သူတို့၏စိတ်က တူထုနေသောသူအပေါ်၌ အာရုံနှစ်ထားကြ၍ပင်။ တောင်နေလူပုများ၏ ဘုရင်သည်ပင် အပါအဝင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ တောင်နေလူပုများ၏ ပထမဆုံး သင်ခန်းစာက ပန်းပဲပညာရပ်ပင် ဖြစ်လေသည်။
ဓားတစ်လက်ကို ပန်းပဲဖိုပေါ်၌ အသာလေး ချထားလိုက်၏။
အဓိကုန်ကြမ်းပေါ်၌ အရောင်တောက်နေခြင်း မရှိပေ။ ထူးခြားသော ပုံစံနှင့် ပုံစံကွက်များလည်း မရှိ။ ၎င်းမှာ အသွင်အပြင် ထူးထူးခြားခြား မရှိသော အနက်ရောင် ဓားပြားတစ်လက်နှင့် တူနေ၏။ လူပုများမပြောနှင့်၊ ပန်းပဲဆိုင်မှ ကြုံရာလူသားတစ်ယောက်ပင် ၎င်းကို ပြုလုပ်နိုင်လေသည်။
ထို့ပြင် အရွယ်အစားကလည်း အနည်းငယ် သေးငယ်နေပုံရသည်။ သို့သော် ထို “သေးငယ်” နေခြင်းမှာ လူသားစံပုစံအရ ဖြစ်၏။
ချန်လွေ့၏မျက်နှာ၌ ပင်ပန်းမှု အရိပ်ယောင်တစ်ခု ပေါ်ထွက်လာသည်။ ထိုဓားပေါ်၌ အသုံးပြုထားသော စွမ်းအင်က သူထင်ထားသည်ထက် ကျော်လွန်နေကာ သာမန်အဆင်တန်ဆာများထက် များစွာ သာလွန်နေသော်လည်း ထိုအချိန်၌ သူ၏ခံစားချက် ဖော်ပြ၍မရအောင် စိတ်လှုပ်ရှားနေခဲ့လေသည်။
သုံးသွယ်-အထူးပြု ယန္တရားဆရာသခင် ဖြစ်သည့်အလျောက် (စူပါစနစ်၏ အချိန် စည်းမျဉ်းဖြင့် ချိန်ဆက်ထားသော သန့်စင်ခြင်းအခန်းအပါအဝင်) လေ့ကျင့်ရေး အမျိုးမျိုးနှင့် ထယ်တင်းနစ်၏ သင်ကြားပေးခြင်းကို ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ သူ၏ ယန္တရားပညာလည်း တစ်ဆို့မှုအခြေအနေသို့ ရောက်ရှိလာခဲ့သည်။ သူက ယနေ့တွင် တောင်နေလူပုများ၏ မြေအောက်လောက၌ အဆင့်တက်နိုင်မည့် အတွေးအမြင်သစ်တစ်ခု ရရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထိုဓားက ရိုးရှင်းသော်လည်း ချန်လွေ့၏ ယခင်လက်ရာများ၌ ရှာမတွေ့နိုင်သော အယူဝါဒ တစ်မျိုးကို ရေးရေးလေး ပြသနေ၏။ ထိုကဲ့သို့ ထူးခြားသော အယူဝါဒတွင် အထူးပတ်ဝန်းကျင်နှင့် အခိုက်အတန့်၌ ဖန်တီးပြုလုပ်သူ၏ ထူးခြားသော အမြင်နှင့် ခံစားချက်တို့ ပါဝင်နေလေသည်။
၎င်းက ထိုဓား၏ ထူးခြားမှုကိုလည်း ဆုံးဖြတ်ပေးနေသည်။ ချန်လွေ့က ထိုဓားနှင့် တစ်ပုံစံတည်းကို အောင်အောင်မြင်မြင် ပြန်လည် သွန်းလုပ်နိုင်သည့်တိုင် ဂုဏ်သတ္တိချင်း တူညီတော့မည် မဟုတ်ပေ။
အရေးကြီးဆုံးမှာ အရည်အသွေးမြင့် လက်နက်က သာမန် ဒဏ္ဍာရီလာအဆင့် မဟုတ်တော့ခြင်းပင်။
“အရှင်မင်းကြီး အိုဗ်ဂီ။ တောင်နေလူပုတွေရဲ့ ကြီးမြတ်တဲ့ ဆရာာသခင်။ ဒီဝိညာဉ်သုတ်သင်သူက ကျုပ် သက်သေပြချင်တာကို သက်သေပြနိုင်ရဲ့လား။” ချန်လွေ့က ဓားကိုကိုင်ပြီး ပန်းပဲဖိုမှ လမ်းလျှောက်ထွက်လာသည်။ အကြီးအကဲ အက်စ်ကာရီက ရှေ့သို့ တက်လာပြီး လက်နှစ်ဖက်ဖြင့် သေသေချာချာ လက်ခံလိုက်သည်။ သူက ချန်လွေ့ကို ဦးညွှတ်ပြီး အထူးတလည် အရိုအသေပြုလိုက်၏။
ထိုဓား၏ အသေးစိတ် ဂုဏ်သတ္တိများကို မကြည့်ဘဲဖြင့်ပင် အကြီးတန်း ပန်းပဲပညာ ဆရာသခင် တစ်ယောက် ဖြစ်သည့်အလျောက် အကြီးအကဲ အက်စ်ကာရီက အမူအကျင့်က အားလုံးကို ရှင်းပြနေပြီးဖြစ်သည်။ လူပု ပန်းပဲသမားများကလည်း ဦးညွှတ်လိုက်ကြသည်။ သူတို့က အက်စ်ကာရီ၏လက်ထဲမှ ဓားကို စိတ်အားထက်သန်စွာဖြင့် စိုက်ကြည့်နေ၏။
“အရှင်မင်းကြီး...” အက်စ်ကာရီက လူပုဘုရင်အရှေ့၌ “ဝိညာဉ်သုတ်သင်သူ”ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသည်။ “တောင်နေလူပုတစ်ယောက်အနေနဲ့၊ ပန်းပဲသမား တစ်ယောက် အနေနဲ့ မှော်ကွန်းတင်အဆင့် ပစ္စည်းတစ်ခု ဖန်တီးတာကို မျက်မြင်ကိုယ်တွေ့ ဖြစ်ရတာ ဂုဏ်ယူမိပါတယ်။”
ဝိညာဉ်သုတ်သင်သူ - အဓိကအားဖြင့် မာကြောသည်။ စွမ်းအားတိုးစေပြီး သွေးထွက်မှုကို နှစ်ဆတိုးစေနိုင်သည်။ ထိခိုက်မှု နှစ်ဆတိုးစေနိုင်သည့် အခွင့်အရေးတစ်ခု ရှိသည်။
“ယုံကြည်မှု” ထပ်တိုးဂုဏ်သတ္တိ - ကိုင်ဆောင်သူ၏ စိတ်စွမ်းအား ပိုမိုအစွမ်းထက်လေလေ၊ စွမ်းအားပိုကြီးလေလေ ဖြစ်သည်။ ရန်သူ၏ ဝိညာဉ်ကို ထပ်ပါင်းထိခိုက်မှု ဖြစ်စေနိုင်သည်။
အသေအချာပင် ဝိညာဉ်သုတ်သင်သူ၏ အရည်အသွေးက ဒဏ္ဍာရီလာအဆင့်ကို ကျော်လွန်သွားပြီး အဆောင်ပစ္စည်း-ယောင် သို့မဟုတ် အဆောင်ပစ္စည်းအဖြစ် သတ်မှတ်၍ ရနိုင်ပြီ ဖြစ်သည်။ ၎င်းက ပြုလုပ်သူသည် ဆရာသခင်အဆင့်ကို ကျော်လွန်သွားပြီဟု ညွှန်ပြနေခြင်းလည်း ဖြစ်ပေသည်။
ထိုဓားက စူပါစနစ်က ထုတ်လုပ်သော မြောက်အဏ္ဏဝါဓားနှင့် မိုးခြိမ်းသံတို့ကို မယှဉ်နိုင်သော်လည်း ချန်လွေ့ကိုယ်တိုင် သန့်စင်ခြင်းအခန်း၊ အချိန်စည်းမျဉ်းနှင့် အခြားအရာများ အသုံးမချဘဲ တစ်ယောက်တည်း အစအဆုံး လုံးဝ သွန်းလုပ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ အတော်လေး အရေးပါလှပေသည်။
“မှော်ကွန်းတင်အဆင့်....ဒါက ကျုပ်အတွက်လည်း ဂုဏ်ယူစရာပါ။” လူပုဘုရင်က သာမန်ဓားကဲ့သို့ ထင်ရသော ဓားပြားကို လေးလေးနက်နက်နှင့် ကြည့်လိုက်သည်။ သူက ချန်လွေ့ကို အသာလေး ဦးညွှတ်လိုက်သည်။ “တကယ့် တန်ဖိုးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အဲဒီအဆင်တန်ဆာတွေနဲ့ ပုံကြမ်းတွေက ဒီမှော်ကွန်းတင်အဆင့်လောက် တန်ဖိုးမရှိဘူး။ အရေးကြီးဆုံးကတော့ အနည်းဆုံး မဟာဆရာသခင်-ယောင် ဖြစ်နေနိုင်တဲ့ ပန်းပဲဆရာသခင် တစ်ယောက်ကို ကျုပ် မေးခွန်းမထုတ်သင့်တာပဲ။ ကျုပ်ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ။ ဆာ...”
ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ “ရပါတယ်။ ဒီကိစ္စက အထင်လွဲတာပါပဲ။ ကျုပ်ရဲ့ တကယ့်နာမည်က ချန်လွေ့ပါ။ မဟာဆရာသခင်-ယောင် မဟုတ်သေးပါဘူး။ ကျုပ်က သံမဏိသစ်ပင်မီးပွင့်အိမ်ကနေ ဉာဏ်အလင်းရလာပြီးတော့ ခုနကပဲ ဒီဓားကို လုပ်ခဲ့တာပါ။ ပြောရမယ်ဆိုရင် ဆရာသခင် အဆင့်ကနေ ဖောက်ထွက်နိုင်မယ့် ခံစားချက် ရေးရေးလေးကို တွေ့ခဲ့တယ်။ အရှင်မင်းကြီး အိုဗ်ဂီက ကျုပ်ဆီကနေ ဒီ မိတ်ဖြစ်ဆွေဖြစ် လက်ဆောင်ကို လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်။”
ချန်လွေ့၏နာမည်အရင်းကို လူသားလောက၌ မသိကြသေးပေ။ ထို့ကြောင့် သူက မဖုံးကွယ်ထားခဲ့ပေ။ သူ၏လေသံကလည်း ပို၍ပင် ပွင့်လင်းနေခဲ့သည်။
အိုဗ်ဂီ၏မျက်လုံးများ အရောင်တောက်သွားပြီးနောက် “ဝိညာဉ်သုတ်သင်သူ”ကို မြတ်မြတ်နိုးနိုး ပွတ်သပ်ပြီး ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “မင်းရဲ့စေတနာနဲ့ လက်ဆောင်ကို ငါ လက်ခံတယ်။ တစ်ချိန်တည်းမှာပဲ တောင်နေလူပုတွေရဲ့ လူသားမိတ်ဆွေတွေကို ဖျော်ဖြေဖို့အတွက် သုံးရက်လောက် ပွဲတော်တည်ပေးမယ်။”
ချန်လွေ့က ခေါင်းခါသည်။ “အရှင်မင်းကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ကျုပ်မှာ ဥယျာဉ်မြို့တော်ကို အရေးတကြီး သွားစရာ ရှိတဲ့အတွက် ကျောက်နက်တောင်ကို ဖြတ်လမ်းအနေနဲ့ ရွေးချယ်ခဲ့တာပါ။ ခရီးပန်းတိုင်ကို အမြန်ဆုံး ရောက်နိုင်ဖို့အတွက် ဒီကနေဖြတ်သွားဖို့ အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်ရဖို့ပဲ မျှော်လင့်ပါတယ်။ ကျုပ်ရဲ့အလုပ်ကိစ္စ ပြီးသွားတာနဲ့ အကောင်းဆုံး ဝိုင်အရက်တွေနဲ့ ပြန်လာပြီးတော့ တောင်နေလူပု မိတ်ဆွေတွေနဲ့ လာပျော်မှာပါ။”
လူပုဘုရင်က လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်သည်။ သူက သဘောတူတော့မည့် အချိန်၌ အကြီးအကဲ အက်စ်ကာရီက ရှေ့ထွက်လာပြီး စကားအနည်းငယ် တီးတိုးပြောလိုက်သည်။
အိုဗ်ဂီက မျက်မှောင်ကြုတ်လိုက်ပြီး တုံ့ဆိုင်းနေဟန်တူသည်။ သို့သော်လည်း သူက နောက်ဆုံး၌ ပြောလိုက်သည်။ “တောင်နေလူပုတွေရဲ့ လူသားမိတ်ဆွေ။ ငါမင်းဆီကနေ ခိုးယက်မှုနဲ့ ပတ်သက်ပြီးတော့ အကူအညီ တောင်းစရာတစ်ခု ရှိတယ်။ တကယ်တော့ အခိုးခံရပြီး အဆင်တန်ဆာတွေက ဘာမှ မဟုတ်ဘူး။ ဒါပေမဲ့ ပုံကြမ်းကတော့ အသေးအဖွဲ မဟုတ်ဘူး။ အဲဒါက ကွယ်လွန်သွားပြီဖြစ်တဲ့ တောင်နေလူပုတွေရဲ့ မဟာဆရာသခင် ဆာ-ရစ်ရဲ့ အမွေအနှစ်ပဲ။ ဒါက လူပုတွေအတွက် အတော်လေး အရေးပါတယ်။ လူသားလောကမှာ သက်ဆိုင်တဲ့ သဲလွန်စတွေကို သတိထားပေးဖို့ ဆာ့ကို အကူအညီ တောင်းချင်လို့ပါ။”
ချန်လွေ့က အနည်းငယ် စဉ်းစားပြီး သဘောတူလိုက်သည်။ “ကောင်းပြီလေ။ ပုံကြမ်းရဲ့ ဝိသေသလက္ခဏာတွေကို ပြောပြပေးပါ။ ဒီကစ္စကို ကျုပ် သေချာ စုံစမ်းပေးမှာပါ။ ပြီးတော့ မူလပိုင်ရှင်ဆီ အမြန်ဆုံး ပြန်ပေးပါ့မယ်။”
အိုဗ်ဂီက ခေါင်းညိတ်သည်။ သူက တံဆိပ်ပြားတစ်ခုကို ထုတ်ပြီး ချန်လွေ့ကို ပေးလိုက်သည်။ “ပုံကြမ်းက တကယ်တော့ မဟာဆရာသခင် ရစ်နဲ့ ကျောက်စိမ်း သစ်တောပင်လယ်က နတ်သူငယ် မဟာဆရာသခင် ဖီနိုအီယာတို့ရဲ့ နှစ်ယောက်ပေါင်း သုတေသနရလာဒ်ပဲ။ အဲဒါက ဒီဇိုင်းတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ပုံပဲ။ ပထမဆုံးဘုရင် ပလ္လင်တက်တော့ နတ်သူငယ် သံတမန်က ဒီအကြောင်းပြောပြီးတော့ ပုံကြမ်းကို ယူချင်ခဲ့တယ်။ ငါတို့ရဲ့ အရင်ဘုရင်က သေသေချာချာ စဉ်းစားပြီးတော့ အဲဒီတုန်းက သဘောမတူခဲ့ဘူး။ ဒါကြောင့်ပဲ တောင်နေလူပုတွေနဲ့ နတ်သူငယ်မျိုးနွယ်စုကြား ရင်းနှီးမှုက အထိအခိုက် ဖြစ်သွားခဲ့တယ်။ မင်း ပုံကြမ်းကို ရခဲ့ရင် တောင်နေလူပုတွေဆီ ပြန်ပေးစရာ မလိုဘူး။ ဒီတံဆိပ်ပြားစိမ်းကို ကျောက်စိမ်းသစ်တောပင်လယ်ဆီ ယူသွားပြီးတော့ မဟာဆရာသခင် ဖီနိုအီယာကို ပေးလိုက်ပါ။ ပြီးတော့ ငါ့အတွက်လည်း တောင်နေလူပုတွေရဲ့ ရင်းနှီးမှုကိုလည်း ပြောခဲ့ပေးပါ။ မဟာဆရာသခင် ဖီနိုအီယာဆီကနေ အပိုဆုလာဒ်တွေ ရလိမ့်မယ်ဆိုတာ ယုံကြည်တယ်။”
ပုံကြမ်း ပြန်ရဖို့အပြင်ကို ငါက အချိန်ပိုင်း သံတမန် လုပ်ရဦးမှာလား။ လူပုဘုရင်က လုံးဝကို မယဉ်ကျေးဘူးပဲ။ သို့သော်လည်း ဆရာ ထယ်တင်းနစ်က တစ်နှစ်မပြည့်ခင်၌ မဟာဆရာသခင် ပြိုင်ဘက်နှင့် သူသေကိုယ်သေ ယှဉ်ပြိုင်ရတော့မည် ဖြစ်သည့်အတွက် ချန်လွေ့က နတ်သူငယ် မဟာဆရာသခင်ကို အနည်းငယ် စိတ်ဝင်စားနေခဲ့သည်။ အကယ်၍ ချန်လွေ့က မဟာဆရာသခင်ထံမှ လမ်းပြမှုကို ရရှိနိုင်ပြီး ထယ်တင်းနစ်ထံ လွှဲပြောင်းပေးနိုင်ခဲ့လျှင် ဆရာဖြစ်သူ၏ အသက်ရှင်နိုင်ချေကို ကြီးကြီးမားမား တိုးမြင့်သွားစေလိမ့်မည်။ အကယ်၍ အခြေအနေပေးလျှင် သူက ကျောက်စိမ်းသစ်တောပင်လယ်သို့ သွားမည်ဖြစ်သည်။ သို့သော်လည်း ပုံကြမ်းကို အရင်ရှာရန် လိုအပ်ပေသည်။
“ကောင်းပြီလေ။ ကျုပ် စိတ်ထဲမှာ မှတ်ထားပါ့မယ်။” ချန်လွေ့က သဘာဝ အငွေ့အသက်တစ်ခု ထွက်နေသော သစ်ရွက်ပုံစံ တံဆိပ်ပြားကို ယူလိုက်သည်။ “ဒါနဲ့ အပြင်က ကြေးစားတွေက ကျုပ်ရဲ့ နာမည်အရင်းနဲ့ အစွမ်းတွေကို မသိကြဘူး။ အရှင်မင်းကြီးက ဒါတွေကို လျို့ဝှက်ထားပေးပါ။”
အိုဗ်ဂီက မစဉ်းစားဘဲ သဘောတူလိုက်သည်။ “စိတ်မပူပါနဲ့။ တောင်နေလူပုတွေက လူသားမိတ်ဆွေ ချန်လွေ့နဲ့ ပတ်သက်တဲ့ ဘယ်လျို့ဝှက်ချက်ကိုမှ ထုတ်ပြောမှာ မဟုတ်ပါဘူး။ မင်းကို ကျောက်နက်တောင်ကနေ ကျုပ်ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ်။ ပြီးတော့လည်း မိတ်ဆွေနဲ့ ပြန်တွေ့ပြီး သောက်နိုင်မယ့်နေကို မျှော်နေပါပြီ။”
နောက်ဆုံး၌ တောင်နေလူပုများ၏ အနှောင့်အယှက်များ လျော့ပါးသွားခဲ့သည်။ သင်းအုပ်ဆရာနှင့် အခြားသူများ သံသယ မဝင်ရန်အတွက် ချန်လွေ့က အိုဗ်ဂီကိုယ်တိုင် လိုက်ပို့မည်ကို ငြင်းပယ်ခဲ့သည်။ ခဏနားပြီးနောက် သူက အားလုံးနှင့်အတူ ခရီးစထွက်သည်။ ပန်းပဲထုပြီးနောက်တွင် မြေထူရဲတိုက်မှ သူတို့ ထွက်သွားသောအချိန်၌ နောက်တစ်နေ့ နေ့လယ်သို့ ရောက်နေပြီ ဖြစ်သည်။
လူပုဘုရင်က ကိုယ်တိုင် လိုက်မပို့ခဲ့သော်လည်း ဒိုင်းကာစစ်သည်တော် တစ်တပ်ကို စောင့်ကြည့်ရန်အတွက် စေလွှတ်ခဲ့သည်။ တစ်နေ့နှင့် တစ်ညပြီးနောက် သူတို့က ကျောက်နက်တောင် နယ်မြေမှ ထွက်လာနိုင်လေသည်။
မြူဖုံးနေသော နံနက်ခင်းနေမှတစ်ဆင့် တောင်နံဘေးမှ ငုံ့ကြည့်လျှင် သူတို့က ဥယျာဉ်မြို့တော်သို့ ဦးတည်နေသော လမ်းကြောင်းကို မြင်နေရပြီဖြစ်သည်။ လူများနှင့် မြင်းများ၏ မြင်ကွင်း ရေးရေးလေးကိုလည်း မြင်နေရသည်။ ချန်လွေ့အပါအဝင် အားလုံးက ပျော်ရွှင်နေကြသည်။
သူက ယခုတွင် ကျောက်နက်တောင်ကို ဘေးကင်းကင်းနှင့် ဖြတ်သွားနိုင်ရုံသာမက ယန္တရားပညာအဆင့်ကလည်း အဆင့်အသစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ ၎င်းမှာ မမျှော်လင့်ထားသော အကျိုးဆက်တစ်ခုဟု ပြော၍ ရနိုင်ပေသည်။
အကယ်၍ တောင်နေလူပုများ၏စွမ်းအားက အပေါ်ယံအတိုင်းသာဆိုလျှင် ချန်လွေ့က အင်အားသုံးပြီး မြေထူရဲတိုက်မှ ဖောက်ထွက်သွား၍ ရနိုင်သည်။ သို့သော်လည်း ယခုတစ်ခေါက် ဥယျာဉ်မြို့တော်ကို သွားရခြင်းမှာ မာနာ၏အကြံအစည်ကို အသုံးချပြီး ယုံကြည်မှုစွမ်းအား ခိုးယူကာ သိဒ္ဓိကျောင်းတော်ရှိ ကမ်းပါးဖြူထဲ ဝင်ရောရင်း နှင်းဒဲလက်ပန်းကို အရယူရန် ဖြစ်သည်။ ကိစ္စအသေးလေးကိုတောင် ငါ မထိန်းနိုင်ရင် ပိုကြီးတဲ့ အကြံအစည်တွေမှာ ဒုက္ခ ရောက်နိုင်တယ်။ အစ်ဇဘယ်လာကို ကယ်တင်ဖို့အတွက် ငါ့ရဲ့စွမ်းအားကို ထုတ်ပြလို့ မဖြစ်ဘူး။
အိုဗ်ဂီ ပေးလိုက်သော အစိမ်းရောင် တံဆိပ်ပြားကလည်း ချန်လွေ့အား “ခရီးသွားစရိတ်” ယုံကြည်မှုသလင်းကျောက် ၁၀သိန်း မရှာနိုင်ခဲ့လျှင် နတ်ဆိုးဘုံသို့သွားရန် ဆမ်မြူရယ် သုံးခဲ့သော နည်းလမ်းကို အသုံးပြု၍ရကြောင်း သတိပေးနေသည်။ နတ်သူငယ် ဆရာသခင် တစ်ယောက်ကို ရှာပြီးတော့ ကြီးကြီးမားမား ပေးဆပ်ပြီး နေရာလွတ် ဖွင့်ခိုင်းရမယ်။ ပြီးတော့ နတ်ဆိုးဘုံ တစ်နေရာမှာ ပေါ်လာပြီးတော့ [ ကြယ်ဂိတ် ] ကနေတစ်ဆင့် အစ်ဇဘယ်လာဆီ ပြန်မယ်။
ဒါပေမဲ့ ဒီနည်းလမ်းက အတော်လေး အန္တရာယ်များတယ်။ နေရာလွတ် မတည်ငြိမ်မှုထဲ ရောက်သွားတာနဲ့ ငါ အပိုင်းပိုင်း ဖြစ်သွားမှာပဲ။ ဒါက ငါ့ရဲ့ နောက်ဆုံး အခြေအနေမှ လုပ်ရမှာ။ ပိုပြီး အရေးကြီးတာက ရေအောက်မှာရှိတဲ့ ဖျက်ဆီးခြင်းမျှော်စင်ထဲမှာ အမှောင်ဒြပ်စင်ဘုရင် ပိတ်မိနေတုန်းပဲ။ အချိန်အရတော့ ဟီဂယ်ဆီ သွားပြီးတော့ အစ်ဇဘယ်လာကို ကယ်တင်ဖို့ မဖြစ်နိုင်တော့ဘူး။ အဲဒါကြောင့် နေရာလွတ်ကို ဖွင့်ပြီးတော့ နတ်ဆိုးဘုံကို အရဲစွန့် ပြန်ရင်တောင် အရင်ဆုံး နှင်းဒဲလက်ပန်းကိုရအောင် သိဒ္ဓိအလင်းတောင်ဆီ အရင်သွားရဦးမယ်။
“နောက်ဆုံးတော့ လူပုစစ်တပ် စောင့်ကြည့်ခံနေရတာကနေ လွတ်သွားပြီ။ အဲဒီ ကြမ်းတမ်းတဲ့ လူပုတွေကြောင့် ငါ အများကြီး မပြောရဲခဲ့ဘူး။ နောက်ဆုံးတော့ အသက်ရှူ ချောင်သွားပြီ။ မိတ်ဆွေ ရစ်ချက်။ အဲဒီခေါင်းမာတဲ့ လူပုတွေကို မင်း ဘယ်လိုလုပ်ပြီးတော့ ဖျောင်းဖြခဲ့တာလဲ။” သင်းအုပ်ဆရာ၏ စကားက ချန်လွေ့၏ အတွေးများကို နှောင့်ယှက်လိုက်သည်။ အားလုံးက ယခုတွင် အဓိကလမ်းမပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အီနာ ပြောသည့်အတိုင်းဆိုလျှင် သူတို့က ၂နာရီအတွင်း ဥယျာဉ်မြို့တော်သို့ ရောက်ရှိပေလိမ့်မည်။
ချန်လွေ့က မိမိကို သိချင်စိတ်ဖြင့် ကြည့်နေကြသော ကြေးစားများကို ကြည့်လိုက်သည်။ သူက အသာလေး ပြုံးပြသည်။ “ဖြစ်သွားတာ ဒီလို။ ငါက လျို့ဝှက်အစွမ်းတွေ သုံးပြီးတော့ မှော်ကွန်းတင်အဆင့် လက်နက်ကို သွင်းလုပ်ပြီးတော့ လူပုဘုရင်ကို ယုံကြည်အောင် လုပ်ခဲ့တာ။ အဲဒါကြောင့် သူက ငါတို့ကို သွားခွင့်ပေးပြီးတော့ လိုက်ပို့ဖို့ လူတွေ လွှတ်ခဲ့တာ။”
ထိုစကားများ ထွက်လာသည်နှင့် အထင်သေးသော အကြည့်များက သူ့ထံသို့ ရောက်လာသည်။ သူ၏ သစ္စာခံ နောက်လိုက် ဆမ်မြူရယ်ကပင် မယုံကြည်နိုင်သော အကြည့်မျိုး ပြသနေသည်။ ချန်လွေ့ သက်ပြင်းချလိုက်၏။ ဘာလို့ အမြဲတမ်း အမှန်တရားက အသိအမှတ် မပြုခံရတာလဲ။
“ဟုတ်ပါပြီ။ ရိုးရိုးလေးပါ။ အဖိုးတန်ပစ္စည်း ဆုံးရှုံးသွားတဲ့ပိုင်ရှင်ထက် ပိုချမ်းသာတဲ့သူက သူခိုးဖြစ်နိုင်မလား။” ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “ငါက ငါ့ရဲ့ အထောက်အထားနဲ့ ကြွယ်ဝမှုကို သက်သေပြဖို့အတွက် ပစ္စည်းအချို့ကို ထုတ်ပြခဲ့တာ။ ပြီးတော့ လူပုတွေကို ကျေနပ်စေဖို့အတွက် အများကြီး ပေးဆပ်ခဲ့ရတယ်။ အဲဒါကြောင့် ကျောက်နက်တောင်ကနေ ငါတို့ ထွက်လာနိုင်တာ။ ဒါပေမဲ့ လိုရမည်ရ လူပုဘုရင်က ငါတို့အားလုံးကို စောင့်ကြည့်ဖို့ လမ်းတစ်လျှောက်လုံး စစ်တပ်တစ်တပ် စေလွှတ်ခဲ့တာ...”
“ရှင့်ရဲ့ အထောက်အထားနဲ့ ကြွယ်ဝမှုလား။” အီနာက သံသယဖြင့်ကြည့်လိုက်သည်။ “ရှင်က ဒီခိုးယက်မှုနဲ့ ဘာမှ မဆိုင်ဘူးဆိုတာ သေချာလား။ ရှင်က ဘယ်သူလဲ။”
ချန်လွေ့၏လေသံ ပြောင်းလဲသွားပြီး အေးစက်စက်နှင့် ပြောလိုက်သည်။ “မိန်းမတွေရဲ့ သံသယကို ဒီလိုနေရာမျိုးမှာ မထားသင့်ဘူး။ ပြီးတော့လည်း ကျောက်နက်တောင်ကို သွားဖို့ ပြောတာက မင်းရဲ့အကြံ မဟုတ်လား။ မုတ်ဆိတ်နက် လူပုကလည်း မင်းရဲ့အဖေက သူခိုးဓားပြလို့ ပြောခဲ့တယ်။ ငါက မင်းတို့လို အားနည်းပြီးတော့ မပြည့်ဝတဲ့သူတွေကိုတောင် သံသယ မဝင်ရသေးဘူး။”
ထိုစကားက ကြေးစားများကို ချက်ချင်းပင် ဒေါသထွက်သွားစေသည်။ အထူးသဖြင့် ဆမ်မြူရယ်ကို ဖြစ်သည်။ သူက သတ်ဖြတ်ချင်စိတ်များ ပြည့်နေ၏။ “ပြန်ပြောစမ်း။ ဘယ်သူက အားနည်းပြီးတော့ မပြည့်ဝတာလဲ။ အီနာကို ချက်ချင်း တောင်းပန်။”
“ငါပြောတာ မှားလို့လား။” ချန်လွေ့က သရော်ပြုံးပြုံးလိုက်ပြီး ဆမ်မြူရယ်ကို တည့်တည့် ကြည့်လိုက်သည်။ “အလုပ်ရှင်တစ်ယောက်အနေနဲ့ ငါ့မှာ မင်းတို့ကို ပြောပြစရာ မရှိဘူး။ တောင်းပန်ဖို့ မပြောနဲ့။ အခု ငါမင်းတို့ သံမဏိဒိုင်း ကြေးစားအဖွဲ့ကို မေးချင်တယ်။ ငါမင်းတို့ကို မြွေပွေးကိစ္စအပါအဝင် နှစ်ယောက် ကယ်တင်ခဲ့ပြီးပြီ။ မင်းတို့က ငါ့ကို ကာကွယ်နေတာလား။ ငါက မင်းတို့ကို ကာကွယ်နေရတာလား။ ငါ့မိတ်ဆွေ မာနာက မင်းတို့ကို အခကြေးငွေ အပိုနဲ့ လျော်ကြေးတွေ ပေးစရာမလိုဘူးလို့ ထင်တယ်။”
ဆမ်မြူရယ်၏မျက်လုံးများက ပို၍ပင် ကြမ်းတမ်းလာသည်။ သူက ဒေါသူပုန် ထတော့မည့် အချိန်၌ အီနာက တားလိုက်သည်။ အမျိုးသမီးခေါင်းဆောင်က ဒေါသကို ထိန်းထားသည်မှာ သေချာပြီး သူက ချန်လွေ့ကို ပြောလိုက်သည်။ “ဂုဏ်သိက္ခာရှိတဲ့ ကြေးစားအဖွဲ့အနေနဲ့ ကျွန်မတို့က အန္တရာယ်အများဆုံး အခြေအနေမှာတောင် ကာကွယ်ဖို့ကို လက်မလျှော့ခဲ့ဘူး။ ကျွန်မတို့ဘက်မှာ အသေအကြေတွေတောင် ရှိခဲ့တယ်။ အခကြေးငွေကတော့ ဆာ-မာနာ ကိုယ်တိုင် ပြောခဲ့တာပဲ။ အခု ကျွန်မတို့က ဥယျာဉ်မြို့တော်ကို ဘေးကင်းကင်းနဲ့ ရောက်တော့မယ်။ ဘယ်လိုလုပ်ပြီးတော့ နောက်ဆုံးအချိန်မှ ကတိဖျက်လို့ရမှာလဲ။”
သင်းအုပ်ဆရာက ပိုက်ဆံ ချွေတာချင်နေသည့်အတွက် ချက်ချင်းပင် ခုန်ထွက်လာကာ ပြောလိုက်သည်။ “အခကြေးငွေ ၁၀ဆနဲ့ အပျက်အစီးအတွက် လျော်ကြေးပေးမယ်လို့ ငါ သတိပေးခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ရစ်ချက်ပြောတာလည်း မှန်တယ်။ ငါတို့က သူ့ကြောင့် ကျောက်နက်တောင်ကနေ ထွက်လာနိုင်ခဲ့တာ။ သူ ဘယ်လောက်တောင် ဘဏ္ဍာရေးတွေ ဆုံးရှုံးသွားလဲဆိုတာ မသိဘူး။ အလုပ်ရှင်ကို ကာကွယ်ရတဲ့ ကြေးစားအနေနဲ့ အခကြေးငွေ ၁၀ဆနဲ့ လျော်ကြေးကို တောင်းရဲသေးတာလား။ ဒီကိစ္စက ကြေးစားသမ္မဂဆီ ရောက်သွားရင်တောင် ငါ ဖြေရှင်းနိုင်တယ်။”
ကြေးစားများအားလုံး ဒေါသထွက်သွားကြပြီး ရန်လိုတော့မည့်အချိန်၌ ပါးနပ်သော သင်းအုပ်ဆရာက ဓားမြှောင်ညီနောင် အဖွဲ့ နောက်တစ်ခေါက် လုပ်ကြံနိုင်ဦးမည် ဖြစ်ကြောင်း တွေးလိုက်မိပြီး အီနာအား အလုပ်အခကြေးငွေ နှစ်ဆနှင့် လျော်ကြေးပမာဏတစ်ခု ပေးမည့်အကြောင်း ပြောလိုက်ရာ အားလုံး ပြေလည်သွားခဲ့၏။
ရှေ့တွင် လျှောက်သွားသော ချန်လွေ့၏ ကျောဘက်ကိုကြည့်ရင်း ဆမ်မြူရယ်၏ ကျစ်ကျစ်ဆုပ်ထားသော လက်သီးများ အနည်းငယ် တုန်ခါသွားသည်။ အီနာက စကား အနည်းငယ် ပြောကာ နှစ်သိမ့်ပေးလိုက်သည်။ သူ၏တင်းမာမှုများ ပြေလျော့သွားကြောင်း မြင်သည့်အရာမှသာ အီနာ ရပ်တန့်လိုက်၏။
အမှန်တကယ်၌ အမျိုးသမီးခေါင်းဆောင်က ဆမ်မြူရယ်၏ဒေါသနှင့် တင်းမာမှုအတွက် တကယ့်အကြောင်းရင်းကို မသိခဲ့ပေ။
ခုနက ပြဿနာမှာ သူက “အရှင်မင်းသား”နှင့် ဇာတ်တိုက်ထားခဲ့ခြင်းသာ ဖြစ်သည်။
“အရှင်မင်းသား”က သေသေချာချာ မရှင်းပြခဲ့သော်လည်း အမိန့်ပေးသောလေသံအရ “အရှင်မင်းသား”သည် အလွန်အန္တရာယ်များသော အရာတစ်ခုကို တစ်ယောက်တည်း လုပ်တော့မည်ဖြစ်ကြောင်း ခန့်မှန်းမိနိုင်သည်။ ထို့ကြောင့် သူ မဝင်ပါရန်အတွက် သူနှင့် ပတ်သက်မှုကို ရှင်းလင်းအောင် ပြုလုပ်ရလေသည်။
သစ္စာခံနောက်လိုက်တစ်ယောက် ဖြစ်သည့်အလျောက် သူက ကြည့်ရုံသာ ကြည့်နေနိုင်သည်။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အခြေအနေမှ ဘေးဖယ်နေပြီး ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်သာ ဖြစ်ပေသည်။
ငါ အမြန်ဆုံး ပိုအစွမ်းထက်လာရမယ်။ ဂျိုအန်နာအတွက်။ အရုဏ်တက်ချိန်မှာ တစ်ကိုယ်တည်း လျှောက်နေတဲ့ ကျောခိုင်းထားတဲ့ လူတစ်ယောက်အတွက်။
ငွေစစ်သည်တော်က ပင့်သက်ရှိုက်လိုက်ပြီး သူ၏အကြည့်က ပို၍ပင် လေးနက်သွားခဲ့၏။