← Chapters

မရဏနက် နောက်လိုက်နှင့် ကြားမှဒဏ်သင့်သူ

Vol. 42 Ch. 665

မရဏနက် နောက်လိုက်နှင့် ကြားမှဒဏ်သင့်သူ

Vol. 42 Ch. 665

၃ရက်ကြာပြီးနောက် ချန်လွေ့နှင့် ပေါလ်တို့က နဂါးလင်းလက်အင်ပါယာ ရယ်ရိုဒီရှာ မြို့တော်မှ ထွက်သွားလိုက်ကြသည်။

ခမ်းခမ်းနားနား ရောက်လာခြင်းနှင့် ဆန့်ကျင်ဘက်ပင် ယခုတစ်ခေါက် ထွက်သွားခြင်းက သိုသိုသိပ်သိပ်ဟု ဖော်ပြ၍ ရနိုင်ပေသည်။ သူတို့နှစ်ယောက်က ညပိုင်းတွင် ထွက်သွားခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရယ်ရိုဒီရှာ မြို့တော်၏ ညပိုင်းဘဝက အတော်လေး စည်ကားလှသည်။ ပေါလ်ကို တွေ့ခဲ့သူ အများအပြား ရှိနေသည်ဖြစ်ရာ ဆွေးနွေးမှုများ ရှိလာမည်မှာတော့ မလွဲမသွေပင် ဖြစ်လေသည်။

ဆွေးနွေးနေကြသော အသံများက တိုးတိုးလေးဖြစ်ပြီး နှစ်‌ယောက်သား၏ မြင်းအရှိန်က မြန်သော်လည်း ပေါလ်၏ အကြားစွမ်းရည်ဖြင့် သေသေချာချာ ကြားနေရသေးသည်။ သူက ပို၍ပင် မှုန်ကုတ်သွားခဲ့ပြီး လက်ထဲမှ မြင်းဇက်ကြိုးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။

သူတို့က မြို့တွင်းနှင့် မြို့ပြင် စစ်ဆေးရေးကို ဖြတ်ကျော်လာခဲ့သည်။ မြို့တော်မှ ထွက်လာပြီးနောက် ပေါလ်က ဒေါသဖြေဖျောက် သကဲ့သို့ပင် မြင်းကို အသည်းအသန်မောင်းပြီး လမ်းတစ်လျှောက်လုံး အမြန်သွားနေခဲ့သည်။ ဆင်ခြေဖုံးသို့ ရောက်မှသာ အရှိန်ကို တဖြည်းဖြည်း လျှော့လိုက်၏။

“ဆာ-ပေါလ်...” ချန်လွေ့က အားသွန်ခွန်စိုက် အမူအရာတစ်ခု ပြုလုပ်လိုက်ပြီး နောက်မှ လိုက်လာလေသည်။

ပေါလ်၏အသက်ရှူသံက အနည်းငယ် လေးလံနေပြီး သူ၏ လက်ဆစ်များက အဖြူရောင် ပြောင်းနေ၏။ “ရစ်ချက်။ ငါက အရှုံးသမားလား။”

“ဘဝကြီးက အမြဲတမ်း မချောမွေ့နေပါဘူး။ အရှုံးသမားတွေ၊ အမျိုးမျိုးသော ထိုးနှက်ချက်တွေ၊ အခက်အဲတွေက ကျုပ်တို့ရဲ့ဘဝမှာ တစ်စိတ်တစ်ပိုင်း ဖြစ်လာတာပဲ။ ဒါပေမဲ့ မျှော်လင့်ချက်ကို လက်မလျှော့သရွေ့‌တော့ ဘယ်ထိုးနှက်ချက်ကိုမဆို အနိုင်ယူနိုင်လိမ့်မယ်။ တကယ့် အောင်နိုင်သူတွေက မရေမတွက်နိုင်သော ထိုးနှက်ချက်တွေ၊ ကျရှုံးမှုတွေကနေ ထမြောက်လာခဲ့ကြတဲ့သူတွေပဲ။ ထနိုင်နေတာကိုက အနည်းဆုံး အောင်မြင်မှုတစ်ဝက်ကို ရောက်နေပါပြီ။ အခု လက်လျှော့လိုက်မယ်ဆိုရင် ဘယ်တော့မှ အောင်မြင်တော့မှာ မဟုတ်ဘူး။”

ချန်လွေ့က ပေါလ်ဘေးနားမှသွားရန် မြင်းကိုမောင်းလိုက်ပြီး ပြုံးပြသည်။ “အနည်းဆုံးတော့ ဆာက တစ်ဝက် အောင်မြင်နေပါပြီ။”

ပေါလ်က အသက်ရှူသံကို ပြန်ထိန်းလိုက်ပြီး တိုက်ခိုက်ရေး စိတ်ဝိညာဉ် ပြန်လည် လောင်ကျွမ်းလာကြောင်း ခံစားလိုက်ရသည်။ သူက ခေါင်းညိတ်လိုက်၏။ “မင်းလို ဆရာတစ်ယောက်နဲ့ အကူအညီရတဲ့ မိတ်ဆွေတစ်ယောက်လိုမျိုး လက်အောက်ခံတစ်‌ယောက် ရထားတာ ငါ့အတွက် ကံကောင်းတာပဲ။ မင်း အရင်တုန်းက အကြံပေးခဲ့တာကို နားမထောင်မိခဲ့တာ နောင်တရမိတယ်။ စိတ်မပူပါနဲ့။ ဒီတစ်ခေါက် နတ်ဘုရားကျောင်း စစ်သည်တော် ဖြစ်လာဖို့အတွက် ငါတကယ် မတ်မတ်ရပ်နေမှာပါ။ အဲဒီအချိန် ငါတို့တွေ ရယ်ရိုဒီရှာမြို့တော်ကို ခါးကော့ပြီး ပြန်သွားကြမယ်။ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ငါ ကူညီပေးမယ်။”

“စိတ်အေးသွားပါပြီ။” ချန်လွေ့က ပြောသည်။ “ဆာက ကျုပ်ကို စိတ်မပျက်စေဘူး ဆိုတာ ယုံကြည်ပါတယ်။”

ပေါလ်က ထိုစကား၏ တကယ့်ဆိုလိုရင်းကို မသိပေ။ သူက ဆက်လက်၍ မြင်းစီး နေခဲ့သည်။ ယခုတစ်ခေါက် သူက ပုံမှန်အမြန်နှုန်းအတိုင်း စီးနေခြင်း ဖြစ်သည်။ ချန်လွေ့က နောက်မှ တလက်လက်တောက်ပနေသော “ကျောက်မျက်”ကိုကြည့်လိုက်မိပြီး စိတ်ထဲ၌ ရှင်းပြ၍မရသော ဝမ်းနည်းမှုတစ်ခုကို ဖိနှိပ်ထားလိုက်သည်။ ဒီတစ်ခေါက် ထွက်သွားပြီးရင် ပြန်မလာလောက်တော့ဘူး။

“အိမ်”ဖြစ်ဖြစ်၊ “အဖေ”ဖြစ်ဖြစ်၊ အဲဒီမျက်လုံးပြာတွေပဲဖြစ်ဖြစ်၊ ငါက ဖြတ်သွားဖြတ်လာ တစ်ယောက်ပါပဲ။ ချန်လွေ့က ချန်လွေ့။ ဒီနေရာနဲ့ မဆိုင်ဘူး။

“သွားတော့။” ချန်လွေ့က ခေါင်းကိုလှည့်လိုက်ပြီး ဇက်ကြိုးကိုဆွဲကာ ပေါလ်နောက်သို့ လိုက်သွားတော့သည်။

သူတို့နှစ်ယောက်က လာရာလမ်းအတိုင်း နဂါးစွယ်မြို့တော်သို့ ပြန်လာခဲ့ကြသည်။ အကြောင်းမှာ နဂါးစွယ်မြို့တော်ရှိ အလင်းခန်းမ၌ ကမ်းပါးဖြူသို့ တစ်ခါတည်းသွားနိုင်သည့် တစ်လမ်းသွား [ တယ်လီပို့လမ်းကြောင်း ] တစ်ခု ရှိနေ၍ပင်။

[ တယ်လီပို့လမ်းကြောင်း ] က [ တယ်လီပို့အခင်းအကျင်း ] နှင့် ဆင်တူပြီး နှစ်ခုလုံးက ရေဒြပ်စင်မှော်ပညာကို အသုံးပြုပြီး ပြောင်းရွှေ့သော အရေအတွက်က မှော်စွမ်းအား ၊ မှော်စွမ်းအင်နှင့် သက်ရောက်မှုရှိကာ သက်ဆိုင်ရာ အကန့်အသတ်များလည်း ရှိကြသည်။ ထို တစ်လမ်းသွား [ တယ်လီပို့လမ်းကြောင်း ] က ဝင်၍သာရပြီး ထွက်၍မရပေ။ ထို့ပြင် လူတိုင်းလည်း ဝင်၍မရပေ။ အထူးခွင့်ပြုချက်ဖြင့်သာ အသုံးပြု၍ ရနိုင်၏။

နဂါးစွယ်မြို့တော်က နဂါးလင်းလက်အင်ပါယာ နယ်စပ်တွင် ရှိနေသော်လည်း ဥယျာဉ်မြို့တော်ထက် ယန်ရှောင်မြို့တော်ထက်ပင် များစွာ ကြီးမားသည်။ ယုံကြည်မှုစွမ်းအားက အလွန်အမင်း အားကောင်းလှသည်။ အမှန်တကယ်၌ နဂါးလင်းလက်မြို့တော်တွင် အလင်းခန်းမ တစ်ခုမျှ ရှိမနေပေ။ စီးချင်းတိုက်ပွဲအတွင်း မဟာလက်ဇ်၏ ပြန်လည်ဖွဲ့စည်းရေးမှ ချန်လွေ့ အနည်းငယ် ခန့်မှန်းမိပြီးသား ဖြစ်သည်။

“ဘုရင်များ၏ အန္တိမလုပ်ပိုင်ခွင့်”က လူသားအုပ်ချုပ်ရေးစနစ်၏ ကိုးကွယ်ရေးအတွက် စကြဝဠာသုံး နည်းလမ်းတစ်ခု ဖြစ်သည်။ ဘုရင်ကို တင်မြှောက်သော စွမ်းအားကို နတ်ဘုရားက ပေးစွမ်းခြင်းဖြစ်ပြီး သဘာဝ အကျိုးအကြောင်းများ ရှိလေသည်။ မည်သည့် မနာခံမှုနှင့် ပုန်ကန်မှုမဆိုက ဘုရားသခင်ကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။ သို့သော်လည်း အလင်းနတ်ဘုရားကျောင်းက အမြင့်မားဆုံး ကိုးကွယ်မှုကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတစ်ခု ဖြစ်၏။ အုပ်ချုပ်ရေး နှင့် ကိုးကွယ်ရေးတို့က ဖြေရှင်း၍ မရနိုင်သော ပြဿနာတစ်ခု ဖြစ်နေသည်မှာ အမြဲပင်။

ထိုပြဿနာက သိဒ္ဓိအင်ပါယာနှစ်ခုတွင် အဓိကအားဖြင့် သိသာလှသည်။ နဂါးလင်းလက် အင်ပါယာ၌ဖြစ်စေ၊ ကျက်သရေပြာအင်ပါယာ၌ဖြစ်စေ၊ အင်အားကိုပေါင်းစည်းပြီး အုပ်ချုပ်မှုကို ခိုင်မာစေရန်အတွက် နတ်ဘုရားနာမည်ကို လိုအပ်သည်။ အခြားတစ်ဖက်၌ ထိုအရာက အုပ်ချုပ်မှုစနစ်တစ်ခုကို‌ ထောက်ပံ့နိုင်သလို မြေလှန်ပစ်၍လည်း ရသည်။ တစ်ချိန်တည်းမှာပင် ဘုရင်များက အုပ်ချုပ်ရေးစနစ်ကို ပြန်ပြင်ရေးနိုင်သော ကိုးကွယ်မှုကိုလည်း နက်နက်ရှိုင်းရှိုင်း ကြောက်ရွံ့ရပြီး အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုဟူ၍ပင် သတ်မှတ်ထားကြသည်။ သူတို့က ပြောင်ပြောင်တင်းတင်းဖြစ်စေ၊ တိတ်တိတ်လေးဖြစ်စေ၊ ၎င်းကို ဖိနှိပ်ရန် ကြိုးစားကြသည်။

ထိုအချေအတင်များ ကြားထဲ၌ လူသားသမိုင်းကြောင်းက တစ်ခန်းပြီးတစ်ခန်း ပြီးမြောက်သွားခဲ့သည်။ အလင်းနတ်ဘုရားကျောင်း ပေါ်ထွက်လာသည့် အချိန်အတိအကျကိုပင် မသိနိုင်တော့ပေ။ မှတ်သားစရာက အင်ပါယာများ ဦးမော့လာသည် ဖြစ်စေ၊ နိမ့်ကျလာသည် ဖြစ်စေ၊ နတ်ဘုရားကျောင်းက အမြဲ မတ်မတ် ရပ်နေခဲ့ခြင်းပင်။

နဂါးစွယ်မြို့‌တော်မှ သင်းအုပ်ဆရာ အဒိုလာက ပေါလ်၏ အသိအကျွမ်း ဖြစ်သည်။ ပေါလ် ‌ရောက်လာကြောင်း သတင်းရပြီးနောက် သူက ဂိတ်တံခါး၌ ကိုယ်တိုင် လာရောက်ကြိုဆိုသည်။

“ဆာ-အဒိုလာ။” ပေါလ်က အလင်းခန်းမကို ကြည့်လိုက်ရာ ယခင်ကထက် ၁၀ဆခန့် အစောင့်ပိုမိုတင်းကြပ်ကြောင်း တွေးလိုက်ရသည်။ “ညတောင်ရောက်နေပြီ။ ဒီလို အခြေအနေမျိုး ဖြစ်နေသေးတယ်။ ကိစ္စကြီးတစ်ခုခု ဖြစ်သွားခဲ့တာလား။”

အဒိုလာ ခေါင်းညိတ်လိုက်ပြီး ချန်လွေ့ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ ပေါလ်က ပြုံးသည်။ “ဆာ-အဒိုလာ။ ကျုပ်ရဲ့ သစ္စာအရှိဆုံး လက်အောက်ခံနဲ့ အယုံကြည်ရတဲ့ မိတ်ဆွေဖြစ်တဲ့ အရန် အလင်းစစ်သည်တော် ရစ်ချက်နဲ့ မိတ်ဆက်ပေးပါရစေ။ သူက နတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်ပွဲမှာ ပါဝင်ဖို့အတွက် ကျုပ်နောက်ကို လိုက်ခဲ့မှာ။ ဘာမှဖြစ်နေစရာ မလိုပါဘူး။ ပြောပြလို့ ရပါတယ်။”

ချန်လွေ့က မျက်လုံးထဲ၌ ရင်ထဲထိသော အမူအရာမျိုး ပြသလိုက်သည်။ သို့သော်လည်း သူက လူအများကို သိမ်းသွင်းသောနည်းလမ်းအား အလွန်ပင် ရွံရှာနေလေသည်။ အကျိုးအမြတ်အတွက် ချစ်ရတဲ့မိန်းမကို သတ်ပစ်နိုင်တဲ့ ရက်စက်တဲ့သူတစ်ယောက်က သူ့ကိုယ်သူကလွဲပြီးတော့ တခြားသူတွေကို ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ။ ရစ်ချက်ရဲ့ ကြွယ်ဝမှုနဲ့ အဆင့်အတန်းက ပေါလ်ရဲ့ အနာဂတ် အစီအစဉ်တွေအထက် တန်ဖိုးရှိတယ်။ အဲဒါကြောင့် သူက အခု သေချာ အာရုံစိုက်ထားရမယ်။ ရစ်ချက်ရဲ့ တန်ဖိုးက ကုန်သွားရင်၊ ဒါမှမဟုတ် ပိုကောင်းတဲ့ အကျိုးအမြတ်တွေ ရှိလာခဲ့ရင် ပေါလ်က သေချာပေါက် ငါ့ကို ချက်ချင်း စွန့်ပစ်သွားမှာပဲ။

အဒိုလာက ချန်လွေ့က ကြည့်လိုက်မိသည်။ သူက ခေါင်းညိတ်ပြီး တိုးတိုးလေး ပြောပြသည်။ “မရဏနက် နောက်လိုက်တစ်ယောက်‌ ပေါ်လာပြီးနောက် သောင်းကြမ်းနေတယ်။ သူတို့ရဲ့ လက်မည်းကြီးက ယန်ရှောင်အင်ပါယာ မြို့တော်ကို ရောက်နေပြီ။ ဒီလိုမျိုး နတ်ဘုရားကျောင်းစစ်သည်တော် ရွေးချယ်တဲ့အချိန်ဆိုတော့ လျို့ဝှက်ကြံစည်မှုကြီးတစ်ခုခု ရှိရမယ်။ အခုလက်ရှိ ကမ်းပါးဖြူက အရေးပေါ် တုံ့ပြန်မှုတွေကို စတင် လုပ်ဆောင်ထားတယ်။ အလင်းစစ်သည်တော်တွေ အများကြီးကိုလည်း စေလွှတ်ထားတယ်။ ပြီးတော့ ဆာ-တရားသူကြီးချုပ် ကိုယ်တိုင်ကလည်း ယန်ရှောင်မြို့တော်ကို ကိုယ်တောင် စစ်ဆေးပြီးတော့ မရဏနက်နောက်လိုက်ကို ချေမှုန်းဖို့ သွားနေပြီ။ အနီးအနားမှာရှိတဲ့ အင်ပါယာတွေက အလင်းခန်းမတွေကလည်း အပြည့်အဝ တပ်လှန့်ထားကြတယ်။ နဂါးစွယ်မြို့တော်နဲ့ ယန်ရှောင်အင်ပါယာက သိပ်ပြီး မဝေးဘူး။ အဲဒါကြောင့် ကျုပ်တို့က ဒီမှာ အပြည့်အဝ တပ်လှန့်ထားကြတာ။”

မရဏနက် နောက်လိုက်လား။ ချန်လွေ့က ထိုကဲ့သို့ မရင်းနှီးသော နာမည်ကြောင့် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။အဒိုလာရဲ့ အမူအရာနဲ့ စကားလုံးတွေကို ကြည့်ရမယ်ဆိုရင် မရဏနက် နောက်လိုက်က သိဒ္ဓိကျောင်းတော်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတစ်ခုပဲ။ ပြီးတော့ သူတို့ရဲ့ တည်နေရာကိုလည်း ကွယ်ဝှက်ထားပြီးတော့ သာမန်လူတွေက သူတို့ကို မသိကြဘူး။ သူတို့ကို ကျောင်းတော်က မဟာရန်သူအဖြစ် မြင်နေကြတယ်။

လူသားလောကမှာ လူသားတွေအားလုံးနီးပါးရဲ့ ယုံကြည်မှုကို လွှမ်းမိုးထားနိုင်တဲ့ သိဒ္ဓိကျောင်း‌တော်မှာ ဒီလိုပြိုင်ဘက်မျိုး ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။

“အားနည်းတဲ့ယုံကြည်မှုဖြစ်စဉ်ကို ယန်ရှောင်မြို့တော်မှာ ရှာတွေ့ခဲ့တယ်။ တကယ့် အရင်းအမြစ်က ဂူဒန်မြို့ကနေ ဥယျာဉ်မြို့တော်၊ အဲဒီကနေ ယန်ရှောင်မြို့တော်ကို ရောက်လာတာ ဖြစ်နိုင်တယ်လို့ တရားသူကြီးတွေက တွေ့ခဲ့တယ်။” မရဏနက်နောက်လိုက် အကြောင်းပြောနေသည့်အချိန် အဒိုလာက ပြုံးမနေတော့ပေ။ သူက လေးနက်သော အမူအရာ တစ်ခု ပြသလိုက်သည်။ “ဒါနဲ့ ရှင်နဲ့ မစ်-အယ်လီဇာက ဥယျာဉ်မြို့တော်မှာ လုပ်ကြံခံခဲ့ရတာ မဟုတ်လား။ ဂူဒန်မြို့က သင်းအုပ်ဆရာ မာနာတောင် လုပ်ကြံမှုမှာ သေသွားခဲ့တယ်။ ဓားမြှောင်ညီနောင်အဖွဲ့က မရဏနက်နောက်လိုက်နဲ့ နီးနီးကပ်ကပ် ဆက်နွှယ်နေရမယ်။ ဆာ-စီးရက်စ်က ဓားမြှောင်ညီနောက်အဖွဲ့ကို သုတ်သင်ဖို့ အမိန့်ပေးပြီးသွားပြီ။ ဓားမြှောင်ညီနောက် အဖွဲ့ကို မြေလှန်ပစ်ဖို့က သိပ်မလိုတော့ဘူး။ အခု နောက်ကျနေပြီပဲ။ ဒီမှာ တစ်ညလောက် အနားယူလိုက်ပါ။ မနက်ဖြန် မနက်ကျရင် [ တယ်လီပို့လမ်းကြောင်း ] ကို ပို့ပေးပါ့မယ်။”

ပေါလ်က ခေါင်းညိတ်လိုက်သည်။ “ဒါဆိုလည်း ဆာ-အဒိုလာကို ဒုက္ခပေးရပါဦးမယ်။”

ချန်လွေ့နှင့် ပေါလ်တို့ကို ဧည့်ခန်းတွင် အနားယူရန် စီစဉ်ပေးလိုက်သည်။ အဒိုလာက ပေါလ်ကို လက်ဆောင်အများကြီး ပေးခဲ့သည်။ အမှန်တကယ်၌ ဆာ-အဒိုလာက မြို့‌တော်တိုက်ပွဲ၌ ပေါလ် ရှုံးနိမ့်သွားခဲ့သော သတင်းကို ကြားခဲ့ရသော်လည်း ဆိတ်ဆိတ်နေကာ အလွန်ပင် ယဉ်ကျေး နေခဲ့သည်။ ပေါလ်က သိဒ္ဓိအလင်းကျောင်းတော်မှ နတ်ဘုရားကျောင်း စစ်သည်တော် ဖြစ်သွားသည်နှင့် သူ၏အဆင့်ကလည်း မြို့တော်အဆင့် ကျောင်းတော်ကို တာဝန်ယူရသည်ထက် ပိုမြင့်သွားဦးမည် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ကြိုတင်၍ ဆက်ဆံရေး ကောင်းမွန်အောင် ပြုလုပ်ခြင်းက သေချာပေါက် မှန်ကန်ပေ၏။

အဒိုလာ ထွက်သွားပြီးနောက် ချန်လွေ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ဆာ-ပေါလ်။ မရဏနက်နောက်လိုက်ဆိုတာ တကယ်တမ်း ဘာများလဲ။”

“မရဏနက်နောက်လိုက်ဆိုတာ လျို့ဝှက်ကျောင်းတော်တစ်ခုက ယုံကြည်သူတွေပဲ။ ဒီကျောင်းတော်က အမှောင်ထုနဲ့ အဖျက်တရားကို ထောက်ခံကြတယ်။ ယုံကြည်သူတွေက အ‌တော်လေး ရူးသွပ်ကြတယ်။ သူတို့က လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သောင်းတုန်းက မိစ္ဆာဘုရားသခင်အတွက် ယစ်ပူဇော်ဖို့အတွက် မြို့တော်၁၀ခုမှာ အသက်‌ပေါင်းများစွာကို အစုလိုက်အပုံလိုက် သတ်ပစ်ခဲ့ကြတယ်။ အဲဒါက လူသားလောက တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်။ သူတို့ကို သိဒ္ဓိကျောင်း‌တော်နဲ့ အင်ပါယာတွေပေါင်းပြီး နှိမ်နင်းခဲ့ပေမဲ့ လုံးဝ မပျောက်ကွယ်သွားခဲ့ဘူး။ အဲဒီအစား သူတို့က အမှောင်ဘက်ကို ရောက်သွားပြီးတော့ ပိုပြီးတော့ တိတ်တဆိတ် လှုပ်ရှားလာကြတယ်။ သူတို့က ကျောင်းတော်ရဲ့ အကြောက်ရဆုံး ရန်သူတွေထဲက တစ်ခု ဖြစ်ပြီးနောက် ချေမှုန်းပစ်ရမယ်။ ဒါပေမဲ့ ဒီကျောင်းတော်က မသိရတဲ့ အကြောင်းရင်းကြောင့် သိပ်မကြာခင်နှစ်တွေက ပျောက်ကွယ်သွားခဲ့တယ်။”

အစုလိုက်အပုံလိုက် သတ်ပစ်တာလား။ ချန်လွေ့က ရင်းနှီးသော ခံစားချက်တစ်ခု ရရှိခဲ့ပြီး အကြံတစ်ခုရသွားကာ မေးလိုက်သည်။ “ဒီလျို့ဝှက်ကျောင်းတော်က ပျောက်ကွယ်သွားမှတော့ သူတို့ရဲ့ ယုံကြည်သူတွေက ဘယ်လိုရှိလဲဆိုတာ ပြောနိုင်မှာလဲ။ အမှောင်မှော်ပညာလား။ သင်းအုပ်ဆရာ မာနာနဲ့ ကျုပ်က သစ်တောမှာတုန်းက အမှောင်မှော်သုံးတဲ့ လုပ်ကြံသူတွေ အလစ်တိုက်ခိုက်တာကို ခံခဲ့ရတယ်။”

“အမှောင်မှော်ပညာ မဟုတ်ဘူး။” ပေါလ်က ခဏစဉ်းစားပြီး တီးတိုးပြောလိုက်သည်။ “ဒါက ကျောင်းတော်ရဲ့ အတွင်းရေး လျို့ဝှက်ချက်ပဲ။ ငါမင်းကို ပြောပြလို့ ရတယ်။ ဒါပေမဲ့ မင်း လျိူ့ဝှက်ထားရမယ်။ မရဏနက်နောက်လိုက်တွေက ဘာလို့ သိဒ္ဓိကျောင်းတော်ရဲ့ အကြောက်ရဆုံး ရန်သူဖြစ်လာတာလဲဆိုတော့ သူတို့မှာ ယုံကြည်မှုအလင်းရောင်ကို ဖျက်ဆီးခြင်းနဲ့ ဆိုးယုတ်တဲ့စွမ်းအားတွေအဖြစ် အသွင်ပြောင်းနိုင်တဲ့ နှစ်ခြင်းယုံကြည်မှုစွမ်းအား ရှိနေလို့ပဲ။”

ချန်လွေ့ နှလုံးခုန်မြန်သွားခဲ့သည်။ သူက မရဏနက်နောက်လိုက်၏ “ဂူဒန်မြို့မှ ဥယျာဉ်မြို့၊ ပြီးတော့ ယန်ရှောင်မြို့တော်”ဟူသော လမ်းကြောင်းကို အဒိုလာ ပြောပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိခဲ့ပြီး ဖြစ်သည်။ နောက်ဆုံး ယခုမှသာ သူ သေချာ သွားခဲ့သည်။ “တရားခံ”က မရဏနက်နောက်လိုက် မဟုတ်ဘဲ အသူရာ ဖြစ်နေ၏။

ထိုအရာက ချန်လွေ့ နောက်မှရလာသော အကြံဖြစ်သည်။ [ ကိုယ်ပွားခြင်း ] တွင် မူလ ခန္ဓာကိုယ်နှင့် မယုံနိုင်စရာ ချိတ်ဆက်မှုတစ်ခု ရှိနေသည့်အတွက် အဝေးသို့ ရောက်နေသည့်တိုင် သူက ယုံကြည်မှုသလင်းကျောက်များကို အသွင်ပြောင်းနိုင်နေသေးသည်။ ချန်လွေ့က ပေါလ်နှင့်အတူ ယန်ရှောင်မြို့တော်သို့ ထွက်သွားစဉ် ကိုယ်ပွားအသူရာကို ချန်ထားခဲ့သည်။ ရည်ရွယ်ချက်မှာ အလင်းခန်းမမှ ယုံကြည်မှုစွမ်းအားများပင်။ သုံးလေးရက်ကြာပြီး အသူရာ ဗိုက်ပြည့်ပြီးနောက် ချန်လွေ့ကို သူ့ကို ပြန်ခေါ်ခဲ့သည်။

ကျောင်း‌တော်က ထိုမျှမြန်မြန် သတိထားမိသွားမည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။ ကံကောင်းစွာပင် အသူရာက ချန်လွေ့နောက်သို့ တစ်ချိန်လုံး မလိုက်နေခဲ့ခြင်းပင်။ သူက ယန်ရှောင်မြို့တော်၌ တစ်သီးတစ်ခြား လှုပ်ရှားနေသည်။ သို့မဟုတ်ပါက ယုံကြည်မှု ခိုးယူသော လမ်းကြောင်းက ရစ်ချက်၏ လမ်းကြောင်းနှင့် အတူတူ ဖြစ်နေပြီး သူက သေချာပေါက် သံသယ ဝင်ခံရမည်မှာ သေချာနေသည်။ ကံကောင်းသည်က လူသားလောက၌ မရဏနက်နောက်လိုက် အမှန်တကယ် တည်ရှိနေခြင်းပင်။ ထိုအရာက အသူရာနှင့် ရစ်ချက်တို့အတွက် ကြားမှ ဒဏ်သင့်သူ ဖြစ်သွားခဲ့ရလေသည်။

အခု ယုံကြည်မှုစွမ်းအား မူမမှန်ဖြစ်နေတာကို ကျောင်းတော်က သတိထားမိသွားပြီ။ စုံစမ်းမှုတွေလည်း လုပ်ဆောင်နေပြီ။ ပြီးတော့ ငါက သိဒ္ဓိကျောင်းတော် စခန်းထဲကို ဝင်သွားတော့မှာ။ အခုအချိန်အတောအတွင်း အသူရာကို ပေါ်မလာဖို့ ထိန်းထားရမယ်။

မနက်ဖြန် ငါ ကမ်းပါးဖြူကို သွားမယ်။ ချန်လွေ့က လက်သီးကို တိတ်တဆိတ် ကျစ်ကျစ် ဆုပ်လိုက်သည်။ ဒီခရီးမှာ နှင်းဒဲလက်ပန်းကို ငါ သေချာပေါက် ရစေရမယ်။

All Chapters